← Chapters

တုံးတုံးအအဒုတိယသခင်လေး

Vol. 1 Ch. 2

တုံးတုံးအအဒုတိယသခင်လေး

Vol. 1 Ch. 2

ကျယ်ပြန့်သည့်စကြာဝဠာ၊ အဆုံးမရှိသည့်ကြယ်စင်ကောင်းကင်၊ မရေမတွက်နိုင်သော ဗလာနယ်အာကာသ၊ ဂင်္ဂါမြစ်မှာ သဲအရေအတွက်ပမာ ကမ္ဘာပေါင်း (၃၀၀၀) မက ရှိလေသည်။

အဆုံးမရှိသောဗလာနယ်၊ အမည်မသိကမ္ဘာတစ်ခု...။

နက်မှောင်သည့်ဗလာနယ်ထဲတွင် တန်ခိုးစွမ်းအားဝဲဂယက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းပင် ပေပေါင်းများစွာရှည်လျားသွားသည်။ ထို တန်ခိုးစွမ်းအားဝဲဂယက်က ဗလာနယ်စွမ်းအားများဖြင့် လွန်ကဲစွာပြည့်နက်နေပြီး ကြောက်စရာရောင်ဝါများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသည်။

ထိုသို့သော တန်ခိုးစွမ်းအားဝဲဂယက်ကြီးဖြစ်ပေါ်လာရသည်မှာ ဥက္ကာပျံနှစ်ခု မရည်ရွယ်ဘဲတိုက်မိပြီး ဗလာနယ်အက်ကွဲသွားခြင်းသာဖြစ်သည်။ ထိုသို့သောမတည်ငြိမ်သည့် ဗလာနယ်အက်ကွဲကြောင်းအတွင်းကျရောက်သွားသည့် မည်သည့်အရာဝတ္ထုမဆို ချက်ချင်း အစိတ်စိတ်အမွှာမွှာကွဲကြေပြီး မရှိမှုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ရုတ်တရက်...

ဗလာနယ်အာကာသ အက်ကွဲကြောင်းထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် အက်ကွဲကြောင်းမှ ခရမ်းရောင်လျှပ်စီးအလင်းတန်းတစ်ခုက သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဟုန်ဖြင့် ဗလာနယ်ထဲသို့ ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည် …....။

***

ဤအမည်မသိကမ္ဘာတွင် ‘ထျန်းယွမ်’ တိုက်ဟူသော နယ်မြေဒေသတစ်ခု ရှိသည်။

ထျန်းယွမ်ကုန်းမြေက အလွန်တရာကျယ်ပြန့်ပြီး အဆုံးမရှိဟုပင် ဆိုနိုင်သည်။

ထျန်းယွမ်ကုန်းမြေထက်တွင်နေထိုင်ကြသော သက်ရှိလူသားများသည် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ဤကုန်းမြေ၏ အဆုံးသတ်ကို ရှာမတွေ့နိုင်ကြပေ။

ထျန်းယွမ်ကုန်းမြေ၏ အရှေ့ဘက်နှင့် တောင်ဘက် နှစ်ဘက်စလုံးတွင် ပင်လယ်ဖြင့်ဝန်းရန်ထားပြီး သမုဒ္ဒရာရေပြင်၏ကျယ်ပြောမှုက အဆုံးမရှိပေ။

သမုဒ္ဒရာရေပြင်အဆုံးတွင် ထျန်းယွမ်ကုန်းမြေကဲ့သို့ပင် ကြီးမားသော အခြားကုန်းမြေများရှိသည်ဟု ဆိုကြသော်လည်း ဤသည်က ဒဏ္ဍာရီပမာဖြစ်ပြီး အမှန်တကယ်ဟုတ် မဟုတ် မည်သူမှ အတည်ပြုနိုင်ခြင်း မရှိပေ။

ထျန်းယွမ်ကုန်းမြေ၏ မြောက်ဘက်မှာတော့ အဆုံးမရှိသည့် ရေခဲလွင်ပြင်တစ်ခုရှိပြီး ငရဲကိုးထပ်မှ တိုက်ခတ်လာသော လေအေးများပမာ တစ်နှစ်ပတ်လုံး အေးစိမ့်သော လေစိမ်းများတိုက်ခတ်လျှက်ရှိသည်။ ထိုနေရာသို့သွားရောက်သူတိုင်းအား သေခြင်းတရားက စောင့်ကြိုနေပေသည်။

အနောက်ဘက်မှာတော့ မဖွံ့ဖြိုးသေးသည့် တောရိုင်းကမ္ဘာတစ်ခု ရှိသည်။ ထိုနေရာတွင် ရှေးခေတ်သားရဲမျိုးစုံ နေထိုင်ရုံသာမက မရေမတွက်နိုင်သော အန္တရယ်များနှင့်တားအမြစ်နယ်မြေများ ပြန့်ကျဲလျှက် ရှိသည်။ ထို တောရိုင်းကမ္ဘာ၏တစ်ဖက်ခြမ်းတွင် အဘယ်အရာရှိကြောင်း မည်သူမှ မသိနိုင်ပေ။

ထျန်းယွမ်ကုန်းမြေက အလွန်ကျယ်ပြန့်ပြီး သမိုင်းတစ်လျှောက်တွင် တောက်ပသောယဉ်ကျေးမှုများစွာ ထွန်းကားခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က လူသားများက လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို သိမ်းယူလိုက်ကြသည်။

လူသားမျိုးနွယ်များက ထျန်းယွမ်ကုန်းမြေကို ဒေသအလိုက် ပိုင်းခြားအုပ်ချုပ်ကြသည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)ခန့်က ‘မဟာဒေဝါတိုင်းပြည်ကြီး’ ပြိုကွဲသွားပြီးသည့်နောက် ထျန်းယွမ်ကုန်းမြေမှ နယ်မြေများသည်လည်း ညီညွတ်ခြင်း မရှိကြတော့ပေ။

ဒေသများစွာ ၊ တိုင်းပြည် အသေး ၊ တိုင်းပြည်အကြီးများစွာ မရေမတွက်နိုင်အောင် ကွဲပြားသွားကြသည်။

ထျန်းယွမ်ကုန်းမြေ၏ တောင်ဘက်အစွန်းတွင် လျန်ကျိုးပြည်နယ်ရှိပြီး ထိုဒေသတွင် စွမ်းအားအကြီးမားဆုံးတိုင်းပြည်မှာ ‘ချန်နန်တိုင်းပြည်’ ဖြစ်သည်။

ပတ်ဝန်းကျင်မှ တိုင်းပြည်ငယ် (၃)ခု (၄)ခု ခန့်က ချန်နန်တိုင်းပြည်ကို နှစ်စဉ်အခွန်ဘဏ္ဍာဆက်သရသည်။

ယနေ့မှာတော့ ချန်နန်တိုင်းပြည် ၊ အရှေ့တောင်နယ်စပ်တွင်ရှိသော ‘ခွန်းကာ’ မြို့ထဲရှိ မြို့အရှေ့ပိုင်း ဝတ်ကျောင်းတော်ခြံဝန်းထဲတွင် ဆယ်ကျော်သက်လူငယ် (၁၀)ယောက်‌ကျော် စုဝေးနေကြသည်။ ထိုလူငယ်များထဲတွင် အသက်အကြီးဆုံးဆို၍ (၁၆)နှစ်ခန့်ရှိလူငယ်များဖြစ်ပြီး အငယ်ဆုံး (၁၀)နှစ်အထိ ရှိသည်။

ထိုလူငယ်အုပ်စုတွင် မင်းမျိုးမင်းနွယ်တစ်ယောက်ပမာ ဝတ်ဆင်ထားသော အသက် (၁၆)နှစ်အရွယ် ဝဝတုတ်တုတ် လူငယ်တစ်ယောက်ရှိနေသည်။

သူ့ကိုကြည့်ရသည်မှာ လူငယ်အုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူ၏။

သူက တခြားလူငယ်များကိုကြည့်ရင်း ပြုံးလိုက်ပြီး...

“ဒုတိယသခင်လေး ၊ မင်းကိုပြောပြမယ် ၊ ရေခဲနတ်နဂါးလျိုဖုန်းရွှမ်းရဲ့ ရတနာပစ္စည်းက ငါတို့ရှေ့က သစ်ခေါင်းထဲမှာ ရှိနေတယ် ၊ ငါတို့အားလုံးတွေးထားတာက ဒုတိယသခင်လေးကသာ အဲဒီရတနာပစ္စည်းကိုရယူဖို့ အရည်အချင်းရှိတယ် ဆိုတာပဲ ၊ ငါတို့ကတော့ သခင်လေးနောက်လိုက်လုပ်ရတာကိုက သုံးဘဝစာလောက် ကံကောင်းနေပြီလို့ မှတ်ယူပါတယ်”

ဝဝတုတ်တုတ်ကောင်လေး၏စကားအဆုံးတွင် အခြားသောကောင်လေးများကလည်း ထို ‘ရတနာ’ ဆိုသောအရာကို ရယူသင့်သောသူမျာ ဒုတိယသခင်လေးသာဖြစ်ကြောင်း ထောက်ခံပြောဆိုကြသည်။

ဒုတိယသခင်လေးဟု အခေါ်ခံရသူက အသက် (၁၃)နှစ် (၁၄)နှစ်ခန့်သာ ရှိသေးသည်။

သို့သော် သူက အရပ်မြင့်မြင့်နှင့် လူကြီးပုံပေါက်နေပြီး ယခုရောက်ရှိနေသော လူငယ်များအားလုံးတွင် အရပ်အရှည်ဆုံးနှင့် အထွားဆုံး ဖြစ်သည်။

လူငယ်လေးက အရပ်မြင့်ရုံသာမက ရုပ်ရည်သွင်ပြင်လည်း အလွန်ချောမောသည်။

မျက်ခုံးကောင်းကောင်း ၊ လှပသည့်မျက်ဝန်းများ ၊ ‌ဖြောင့်စင်းသည့်နှာတံ ၊ ပိရိသေသပ်သည့်နှုတ်ခမ်းများကို ပိုင်ဆိုင်ထားပြီး ပါးပြင်ပြည့်ပြည့်လေးရှိသော်လည်း မျက်နှာကျကတော့ သွယ်လျသည်။

ပထမတစ်ချက်ကြည့်လိုက်သည်နှင့် သူရဲကောင်းဆန်သည့် လူငယ်လေးတစ်ယောက်ပမာ ထင်မှတ်စေနိုင်သည်။

သို့သော် ဤသို့ အလွန်ချောမောကြည့်ကောင်းပြီး သူရဲကောင်းဆန်ဟန်ရှိသော လူငယ်လေး၏မျက်နှာထက် တုံးတုံးအအ အပြုံးတစ်ပွင့်ရှိနေပြီး ထိုကောင်လေးမှာ ဉာဏ်ရည်ချို့ယွင်းနေသူဖြစ်ကြောင်း မြင်သည်နှင့် သိရှိနိုင်ပေ၏။

အမှန်တော့ ဒုတိယသခင်လေး၏ ဉာဏ်ရည်သည်လည်း အမှန်တကယ်ပင် တစ်ခုခု မှားယွင်းနေခဲ့သည်။

ရေခဲနတ်နဂါးလျိုဖုန်းရွှမ်းဆိုသည်က ဂန္ထဝင်နဂါးသူရဲကောင်းဖြစ်လေရာ သူ၏ရတနာပစ္စည်းက ဤသို့သောသေးငယ်သည့်သစ်ခေါင်းထဲတွင် အဘယ်မှာ ရှိနိုင်ပါမည်နည်း။

ဝတုတ်ကောင်လေးက နောက်ပြောင်နေသည်ကို လူတိုင်း သိနိုင်ကြသည်။

သို့သော် ဒုတိယသခင်လေးကတော့ တုံးအစွာ ပြံးလိုက်ရင်း...

“ကောင်းပြီ.... ကောင်းပြီလေ”

ထို့နောက် ဆယ်ကျော်သက်လူငယ်အုပ်စု၏ အားပေးသံများကြားတွင် ဒုတိယသခင်လေးက ‘ရတနာပစ္စည်း’ ရှိသည်ဆိုသော သစ်ပင်ဆီသို့ တည့်တည့်မတ်မတ် လမ်းလျှောက်သွားခဲ့သည်။

“ရတနာပစ္စည်း” ရှိသည်ဆိုသော သစ်ခေါင်းက ဝတ်ကျောင်းတော် ရင်ပြင်ဘေးရှိ ရာစုနှစ်တစ်ခုခန့်ရှိပြီဖြစ်သော သစ်ပင်အမြစ်နားတွင် တည်ရှိသည်။ သစ်ခေါင်းက ဘောလုံးအရွယ်အစားခန့်ရှိပြီး ပေအနည်းငယ် နက်ရှိုင်းသည်။

ထိုသို့သောသစ်ခေါင်းများထဲတွင် ရတနာပစ္စည်းရှာဖွေခြင်းက အသက် (၃)နှစ် (၄)နှစ် ကလေးငယ်များ ဆော့ကစားကြသော ကစားနည်းဖြစ်၏။

သိုသော် ဒုတိယသခင်လေးဆိုသူ၏ပုံစံက သူ၏ ချောမောလှပသောရုပ်ရည်နှင့်မလိုက်ဖက်စွာ ရတနာရှာဖွေရသည့် ကစားနည်းမျိုးကို သဘောကျနှစ်သက်ဟန်ပင်။

ခဏကြာပြီးနောက် ဒုတိယသခင်လေးက သစ်ခေါင်းဆီသို့ရောက်လာပြီး ပြုံးလျှက်ပင် ငုတ်တုတ်ထိုင်လိုက်ကာ လက်ကိုဆန့်တန်းပြီး သစ်ခေါင်းထဲသို့ နှိုက်လိုက်သည်။

ဝတုတ်ကောင်လေးနှင့်အခြားသူများက ရယ်စရာ ပြကွက်တစ်ခု ကြည့်နေရသည့်ပမာ လှောင်ပြောင်လျှက် ရှိကြသည်။

ဒုတိယသခင်လေးက ဉာဏ်ရည်ဉာဏ်သွေး ပြဿနာရှိနေသူတစ်ယောက်ဖြစ်သည်။ သူက ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေသော်လည်း သူ့အသိဉာဏ်က (၃)နှစ် (၄)နှစ်သားခန့်သာရှိသေးပြီး အခြားသော ဆယ်ကျော်သက်များ စ နောက် စရာ လှောင်ပြောင်စရာ ဖြစ်နေခဲ့သည်။

ယခုလည်း ဝတုတ်ကောင်လေးတို့အုပ်စုက သစ်ခေါင်းထဲတွင် ပျားအုံတစ်ခုရှိနေကြောင်း သိရှိထားပြီး ဒုတိယသခင်လေး ပျားအုံကို ကိုင်မိပါက ဒုက္ခရောက်စေရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဒုတိယသခင်လေး၏လက်က သစ်ခေါင်းထဲရောက်သွားချိန်...

လေထုထဲတွင် ကမ္ဘာမြေတုန်လှုပ်စေသည့် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး နေရောင်အောက်မှာပင် ခရမ်းရောင်လျှပ်စီးတစ်ချက် လင်းလက်သွားကာ သစ်ခေါင်းပေါက်ရှိနေသည့် နှစ်တစ်ရာ နှစ်ချို့သစ်ပင်ကြီးအား မိုးကြိုးပစ်ချလိုက်တော့သည်။

ခရမ်းရောင်လျှပ်စီးကြောင်းမှ ‘ဖောင်း’ ခနဲ အသံထွက်ပေါ်လာပြီး လျှပ်စီးကြောင်းက သစ်ပင်ကြီးတစ်လျှောက် စီးဆင်းသွားပြီး ချက်ချင်းပင် သစ်ခေါင်းထဲသို့နှိုက်နေသည့် ဒုတိယသခင်လေး၏ လက်ဆီသို့ ကူးဆက်စီးဆင်းသွားသည်။

မိုးကြိုးပစ်ချခြင်းက ကမ္ဘမြေတစ်ခုလုံးအား တုန်လှုပ်သွားစေသော်လည်း ဒုတိယသခင်လေးကတော့ တုံးတုံးအအ ပုံစံ ပြုံးနေဆဲဖြစ်သလို ကျယ်လောင်သည့်မိုးကြိုးပစ်သံကိုကာကွယ်ရန် သူ၏နားကို အလျှင်အမြန် ဖုံးကာလိုက်သည်။

သို့သော် ခရမ်းရောင်လျှပ်စီးကြောင်းက သူ့ထံသို့ ကူးစက်စီးဆင်းသွားသည့်အခါမှာတော့ ဒုတိယသခင်လေး၏ခန္ဓာကိုယ် တစ်ချက်တောင့်တင်းသွားပြီး သူ့မျက်နှာထက်မှ တုံးတုံးအအ အပြုံးသည်လည်း အေးခဲသွားရသည်။

ထို့နောက် မြေပြင်ထက်လဲကျသွားပြီး သေလား ရှင်လား မသိရတော့ပေ။

ဝတုတ်ကောင်လေးတို့အုပ်စု မှင်တက်သွားကြသည်။

သူတို့က ဒုတိယသခင်လေးကို လှည့်စားပြီး စ နောက် လိုခြင်းသာဖြစ်လေသည်။ ကောင်းကင်ထက်မှ ရုတ်တရက် မိုးကြိုးပစ်ချလာမည်ဟု မည်သူသိပါမည်နည်း။

ဒုတိယသခင်လေးက ကျပ်မပြည့် ခပ်တုံးတုံးဖြစ်သော်လည်း သူ၏မိသားစုကတော့ ခွန်းကာမြို့တော်တွင် အလွန်တရာ သြဇာကြီးသူများ ဖြစ်ကြသည်။ ဒုတိယသခင်လေးဆိုသူက ထိုသြဇာကြီးမားသောမိသားစုမှ ဒုတိယမြောက်သား ဖြစ်၏။

ဒုတိယသခင်လေး၏ ဉာဏ်ရည်နိမ့်ပါးမှုက တစ်မြို့လုံးအတွက် လှောင်ရယ်စရာဖြစ်နေသော်လည်း သြဇာကြီးမားသော အိမ်တော်တစ်ခုအနေဖြင့် သူတို့၏ ဒုတိယသား သေဆုံးသွားပါက သည်းခံနိုင်မည် မဟုတ်ပေ။

ယခုတော့ စကြ နောက်ကြရင်းဖြင့် ပြဿနာကြီးကြီးမားမား တက်သွားခဲ့ပေပြီ။

ဝတုတ်ကောင်လေးတို့အုပ်စုမှာ ဆယ်ကျော်သက်ကလေးများသာ ဖြစ်ကြသည်။

သူတို့မျက်စိရှေ့တွင် လူတစ်ယောက်သေဆုံးသွားကြောင်း တွေ့ရသည့်အခါ ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် မည်သူက အော်ဟစ်လိုက်မှန်းမသိ အော်ဟစ်သံထွက်ပေါ်လာပြီး သူတို့အားလုံး ချက်ချင်းလူစုခွဲကာ ထွက်ပြေးသွားကြတော့သည်။

ထိုအချိန်...

သနားစရာ ဒုတိယသခင်လေးမှာတော့ တောင့်တင်းသည့်ခန္ဓာကိုယ်ဖြင့် မြေပြင်ထက် လဲကျကျန်ရစ်ခဲ့လေသည်။

သို့သော် ခရမ်းရောင်လျှပ်စီးကြောင်းအလင်းတန်း သူ၏ခန္ဓာကိုယ်ထဲ စီးဆင်းကူးခတ်နေကြောင်း ယောင်ဝါးဝါး တွေ့မြင်နေရလေ၏။

All Chapters