← Chapters

ကြယ်စင်စွမ်းအား

Vol. 1 Ch. 3

ကြယ်စင်စွမ်းအား

Vol. 1 Ch. 3

ပွဲတော်ကျင်းပသည့်ရက်လည်းမဟုတ်သလို စျေးနေ့လည်းမဟုတ်သဖြင့် ဝတ်ကျောင်းတောင်ရင်ပြင်တွင် လူသိပ်မရှိပေ။ ထို့ကြောင့် ရင်ပြင်ထက်မှ လူငယ်အုပ်စု၏မျက်နှာများကို တွေ့ရှိလိုက်သူ တစ်ယောက်မှ မရှိပေ။

သို့သော် ကောင်းကင်ထက်မှ အံ့အားသင့်ဖွယ် ခရမ်းရောင်မိုးကြိုး ရုတ်တရက် ပစ်ချလိုက်ခြင်းက ခွန်းကာမြို့မှလူတိုင်းကို သတိပေးရန် လုံလောက်ပေသည်။

သိပ်မကြာခင်မှာပင်...

အစိမ်းရောင်ချီစွမ်းအားစက်ဝန်းတစ်ခုဖြင့် လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုက ကြယ်စင်စက်ဝန်းတစ်ခုပမာ ပေပေါင်းများစွာ ဝေးကွာသည့် ဝတ်ကျောင်းတော်ရင်ပြင်ထက်သို့ ပျံသန်းရောက်ရှိလာသည်။

အစိမ်းရောင်ချီစွမ်းအားစက်ဝန်းဖြင့် ဝိုင်းပတ်ခံထားရသည့်ပုံရိပ် ရင်ပြင်ထက်သို့မရောက်ခင်တွင် အပြာရောင် ၊ အဝါရောင်နှင့် အနီရောင်ချီစွမ်းအားစက်ဝန်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ် (၃)ခုကလည်း အခြားသော အရပ်မျက်နှာများက ပျံသန်းလာပြီး ဝတ်ကျောင်းတော်ရင်ပြင်ဆီသို့ ရောက်ရှိလာသည်။

နောက်မှရောက်လာသည့် အပြာရောင် ၊ အဝါရောင်နှင့် အနီရောင် ချီစွမ်းအားစက်ဝန်းများက အစောဆုံးရောက်လာသည့် အစိမ်းရောင်ချီစွမ်းအားစက်ဝန်းလောက် တောက်ပခြင်းမရှိဘဲ အနည်းငယ် မှေးမှိန်သည်။

အစိမ်းရောင်ချီစွမ်းအားရောင်ဝါများ လွင့်ပြယ်သွားသည်နှင့် အစိမ်းရောင်စွမ်းအားစက်ဝန်းထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ထိုပုံရိပ်က မုတ်ဆိတ်မွှေးအနည်းငယ်ဖြင့် ချောမောလှပသော ရုပ်ရည်ရှိပြီး အနေတော် ခန္ဓာကိုယ်ရှိသော သက်လတ်ပိုင်း လူရွယ်တစ်ယောက် ဖြစ်၏။

ထိုသူက အသက် (၄၀)ခန့်ရှိပြီး တည်ကြည်မှုနှင့် လွှမ်းမိုးနိုင်စွမ်းရှိမှုကို တွေ့မြင်ရသည်။ ကြည့်လိုက်သည်နှင့် အချိန်ကာလရှည်ကြာစွာ သြဇာအာဏာကို ချုပ်ကိုင်ထားသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

နောက်ပိုင်းရောက်လာသည့် လူ (၃)ယောက်ကတော့ အပြာရောင် ချီစွမ်းအားစက်တန်းထဲမှပုဂ္ဂိုလ်က ငွေရောင်ဆံပင်များပိုင်ရှင် အဘိုးအိုတစ်ယောက်ဖြစ်ပြီး မျက်လုံးများက စူးရှတောက်ပနေသည်။ သူ၏ ပတ်ဝန်းကျင်တွင် အေးစိမ့်သည့်အငွေ့အသက်များထွက်ပေါ်နေပြီး လူအများ သူ့ကို မော်ကြည့်ရန်ပင် မဝံ့မရဲ ခံစားရစေသည်။

အဝါရောင်ချီစွမ်းအားစက်ဝန်းထဲမှပုဂ္ဂိုလ်ကတော့ ခပ်ဝဝ အမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းထားသည်။ ထူးခြားချက်ကတော့ သူ၏ မျက်နှာနှင့် နှာခေါင်းများက သွေးရောင်လွှမ်းကာ နီရဲနေခြင်းပင်။

အနီရောင်ချီစွမ်းအားစက်ဝန်းဖြင့် ရစ်ပတ်ခံထားရသည့် နောက်ဆုံးတစ်ယောက်ကတော့ အသက် (၃၀)ဝန်းကျင် ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမပုံစံက အခိုးအငွေ့များပမာ လွင့်မျောနေပြီး အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။

သက်လတ်ပိုင်းလူရွယ်က ပတ်ဝန်းကျင်ကို စိတ်ရှုတ်ထွေးစွာဖြင့် တစ်ချက်အကဲခတ်လိုက်သည်။

ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ မတွေ့ရှိရတော့မှ သူက ရင်ပြင်ထက်မှဆင်းကာ မြေပြင်ထက်တွင်လဲကျနေသည့် ဒုတိယသခင်လေးအနားသို့ ထွက်ခွာသွားသည်။

သူက လူငယ်၏ ပါးစပ်နှင့်နှာခေါင်းဆီသို့ စမ်းသပ်ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားဟန်ရှိပြီး ထို့နောက်မှာတော့ ဒုတိယသခင်လေး၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ဆီသို့ လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်အဟုန်ဖြင့် (၁၀)ချက်ထက်မနည်း ရိုက်နှက်လိုက်သည်။

ထိုသက်လတ်ပိုင်လူရွယ်က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် (ယွမ်ကျန်းအဆင့်) အောင်မြင်ထားသူဖြစ်သည်။

သူက ဒုတိယသခင်လေး၏ ရင်ဘတ်နှင့်ဝမ်းဗိုက်ကို (၁၀)ချက်ကျော်ရိုက်နှက်လိုက်ခြင်းမှာ လူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ‘ဒြပ်စင်စွမ်းအား’ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဒုတိယသခင်လေး အသက်ရှင်နေသေးပါက ချက်ချင်းသတိရလာနိုင်မည်ပင်။

သို့ပေသိ လူရွယ်က ဒုတိယသခင်လေးခန္ဓာကိုယ်ထဲသို့ ‘ဒြပ်စင်စွမ်းအား’ လွှဲပြောင်းပေးလိုက်သည့်တိုင် ရေထဲတွင် ရွှံ့ရုပ်နွားအရည်ပျော်သွားသည့်ပမာ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ဒုတိယသခင်လေးက သတိလစ်မေ့မျောနေဆဲ ဖြစ်လေသည်။

ထိုခဏတွင် လူရွယ်မှာ မည်သို့မှမတတ်နိုင်စွာ မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။

သူ့နောက်မှရောက်လာသူ (၃)ယောက်က ဘေးနားမှကြည့်နေပြီး လူရွယ်၏ ရိုက်နှက်မျုက သက်ရောက်မှုမရှိကြောင်းတွေ့ရသည့်အခါ အလွန် အံ့သြသွားကြသည်။

သူတို့ထဲမှ ဝဝဖိုင့်ဖိုင့်လူက ရှေ့တိုးလာပြီး...

“’ခုန်’ သခင်ကြီး... သခင်လေး’မင်’ ဘာများဖြစ်သွားတာလဲ”

လူရွယ်က ခေါင်းခါယမ်းရင်း...

“သူ့ခန္ဓာကိုယ် ဘာမှမဖြစ်ပါဘူး... အကောင်းတိုင်းပဲ ၊ ဒါပေမဲ့ ဘာလို့ သတိရမလာတာလဲ မသိဘူး”

ချောမောလှပသော အမျိုးသမီးကလည်း အံ့အားသင့်စွာဖြင့်...

“’ခုန်’ သခင်ကြီးရဲ့ စွမ်းအားနဲ့တောင် ဘာမှ သက်ရောက်မှုမရှိဘူးဆိုတော့... ဘာများဖြစ်သွားတာလဲ ၊ စောစောက ပစ်ချလိုက်တဲ့မိုးကြိုးနဲ့များ ပတ်သက်နေမလား”

“ဟွန်း...”

ဆံပင်ငွေရောင်များရှိသော အဘိုးအိုက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။

“စောစောကပစ်ချလိုက်တဲ့မိုးကြိုးစွမ်းအားကို မင်းရော ကျုပ်ရော အာရုံခံမိတာပဲလေ ၊ ဒဏ္ဍာရီလာကပ်ဘေးမိုးကြိုးလောက် အားမကောင်းဘူး ၊ မဟုတ်လို့ကတော့ ပစ်မှတ်ကိုသာထိမယ်ဆိုရင် အခုချိန် ကျုပ်တို့ရှေ့က ဝတ်ကျောင်းတော်ကြီးတောင် ရှိမှာ မဟုတ်တော့ဘူး ၊ ခုန်အိမ်တော်က ဒုတိယသခင်လေးကို ငါတို့ရှေ့မှာ ဒီလိုမျိုး အသက်ရှင်လျက် တွေ့နိုင်ပါတော့မလား”

ဝဝဖိုင့်ဖိုင့်အမျိုးသားနှင့် ချောမောလှပသောအမျိုးသမီးက သက်လတ်ပိုင်းလူရွယ်ကို လေးလေးစားစားဆက်ဆံကြသော်လည်း ငွေရောင်ဆံပင်များပိုင်ရှင်အဘိုးအိုကတော့ အနည်းငယ် မောက်မာဟန် ရှိသည်။

သက်လတ်ပိုင်းလူရွယ်က နက်ရှိုင်းသည့်လေသံဖြင့် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။

“ပုံမှန်အတိုင်းဆိုရင်တော့ စောစောကပစ်ချလိုက်တဲ့မိုးကြိုးက ဒီ ဝတ်ကျောင်းတော်အပေါ် ပစ်ချတာ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ကျုပ်တို့တွေ ဒီနေရာကို အမြန်ပြေးလာတာတောင်မှ ဘာစွမ်းအားအတက်အကျမှ မခံစားရတော့ဘူး ၊ ဒါက... တကယ်ထူးဆန်းတာပဲ ၊ ‘မင်အာ’ က သတိလစ်နေတော့ ဘာဖြစ်တာလဲဆိုတာ အသေးစိတ်မေးကြည့်လို့မရတာ စိတ်မကောင်းစရာပဲ”

ငွေရောင်ဆံပင်များပိုင်ရှင်အဘိုးအိုက ‘ဟွန့်’ ကနဲ နှာတစ်ချက် မှုတ်ရင်း...

“ဒုတိယသခင်လေး သတိရလာရင်တောင် ဘာမှ မေးလို့မရမှာ စိုးရိမ်မိပါတယ်”

ဒုတိယသခင်လေးက ဉာဏ်ရည်နိမ့်ပါးသူဖြစ်လေရာ သူက ဘာသိနိုင်ပါမည်နည်း။

သက်လတ်ပိုင်းလူရွယ်က ငွေရောင်ဆံပင်များပိုင်ရှင်အဘိုးအိုကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။

သူက ဒေါသအငွေ့အသက်မပြသော်လည်း ပတ်ဝန်းကျင်လေထုတစ်ခုလုံး တင်းကျပ်လာပြီး မမြင်ရသည့်ဖိအားတစ်ခုက ရုတ်တရက် ပျံ့နှံ့လာသည်။

တစ်ချိန်တည်းပင် ငွေရောင်ဆံပင်များပိုင်ရှင် အဘိုးအို၏ မျက်ဝန်းများက ပိုမိုစူးရှတောက်ပလာပြီး သူ့ပတ်ဝန်းကျင်မှလေထုကလည်း ပိုပြီး အေးစိမ့်လာသည်။

ဝဝဖိုင့်ဖိုင့်လူမျက်နှာအနည်းငယ်ပျက်သွားသော်လည်း သူက ရုတ်တရက် ရယ်မောလိုက်ရင်း...

“သခင်ကြီးတို့နှစ်ယောက်... ဒီနေ့ မိုးကြိုးပစ်ချတာက နည်းနည်းတော့ ထူးဆန်းတယ်လို့ မထင်ဘူးလား ၊ ဒီ ထူးဆန်းတဲ့ မိုးကြိုးလျှပ်စီးရဲ့ဇာစ်မြစ်ကို ဘယ်သူမှ မသိနိုင်ဘူးဆိုရင် ဘုရင့်နေပြည်တော်ကို အမြန်ဆုံး အစီရင်ခံချက်ပေးပို့လိုက်တာ အကောင်းဆုံးပဲလို့ ကျုပ်ထင်တယ်”

သက်လတ်ပိုင်းလူရွယ်က ဖြည်းညင်းစွာခေါင်းညိတ်ရင်း ဝဝဖိုင့်ဖိုင်လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“ဒါဖြင့် အဲဒီကိစ္စအတွက် မြို့တော်ဝန်လူကြီးမင်းကိုပဲ ဒုက္ခပေးရတော့မယ်...”

ပြောပြီးသည်နှင့် သက်လတ်ပိုင်းလူရွယ်က မြေပြင်ထက်တွင် တောင့်တင်းစွာလဲကျနေသည့် ဒုတိယသခင်လေးကို ပွေ့ချီလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်အား အစိမ်းရောင်ချီစွမ်းအားအခိုးအငွေ့များဝန်းရံသွားပြီး အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားကာ ပျောက်ကွယ်သွားတော့သည်။

သက်လတ်ပိုင်းလူ ထွက်ခွာသွားသည်နှင့် လေထုထဲမှ ဖိအားများသည်လည်း ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။

ငွေရောင်ဆံပင်များပိုင်ရှင် အဘိုးအိုက နှာတစ်ချက်မှုတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှ အေးစက်သည့်အငွေ့အသက်များသည်လည်း ပျောက်ကွယ်သွားသည်။

ဝဝဖိုင့်ဖိုင်လူနှင့် ချောမောလှပသောအမျိုးသမီးတို့ကတော့ အတွေးနက်နဲသောအကြည့်များဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ခွန်းကာမြို့မှလူများမသိလိုက်သည့်ဖြစ်ရပ်မှာ...

ခရမ်းရောင်မိုးကြိုးပစ်ခတ်လိုက်သည့် အချိန်တစ်ခဏအတွင်း ထျန်းယွမ်ကုန်းမြေရှိ အနည်းဆုံး နေရာပေါင်း (၁၀)ခုကျော်မှ မိုးမြေစွမ်းအားများတွင် ကြီးမားသောပြောင်းလဲမှုများ ရုတ်တရက် ဖြစ်ပေါ်သွားခြင်းပင်။ ထိုပြောင်းလဲမှုကြောင့် များပြားလှစွာသော ထူးဆန်းသည့် မိုးမြေပြောင်းလဲမှု ဖြစ်စဉ်များသည်ပင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော်...

ဤသို့ မိုးမြေစွမ်းအားများ ပြောင်းလဲသွားကြောင်းကို လူအများစု အာရုံခံနိုင်ခြင်း မရှိခဲ့ကြပေ။

***

ယွမ်ကျိုးနယ်ဆိုသည်က ထျန်းယွမ်ကုန်းမြေ၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ထိုနေရာတွင် အလွန်ကျယ်ပြန့်ကြီးမားသော မြို့တော်ကြီးတစ်ခု ရှိလေသည်။ မြို့တော်တံတိုင်းများက မတ်ဆောက်ကြီးမားလှပြီး အဆုံးမရှိဟုထင်ရလောက်အောင် ကျယ်ပြန့်သည်။

မြို့လယ်တွင် မိုးထိတိုင်အောင် ထိုးဖောက်နေသည်ဟု ထင်မှတ်ရအောင် မြင့်မားသော အဖြူရောင်မျှော်စင်ကြီးတစ်ခု ရှိနေသည်။

ထို အဖြူရောင်မျှော်စင်တွင် အလွန်တရာ လျှို့ဝှက်သော အခန်းတစ်ခန်း ရှိနေ၏။ ထို လျှို့ဝှက်ခန်းထဲတွင် ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူများနှင့် မျက်နှာထက်အရေးအကြောင်းများဖုံးလွှမ်းနေသော ဘိုးအိုတစ်ယောက် ရှိနေသည်။ ထိုအဘိုးအို၏အသက် မည်မျှရှိပြီဖြစ်ကြောင်း မည်သူမှ မခန့်မှန်းနိုင်ကြပေ။

ထူးခြားချက်မှာ ထိုအဘိုးအိုက မျက်လုံးတစ်လုံးတည်းသာရှိနေခြင်းပင်။

အဘိုးအိုက သူ့အရှေ့မှ အဖြူရောင်ဓာတ်ဖန်လုံးကို အနီးကပ်စူးစိုက် ကြည့်ရှုနေသည်။

ဓာတ်ဖန်လုံးက အဖြူရောင်ဖြစ်သော်လည်း အတွင်းထဲမှ ပုံရိပ်များကတော့ နက်မှောင်လျှက် ရှိသည်။ ထိုဓာတ်ဖန်လုံးထဲတွင် ပုံမှန်မဟုတ်စွာ တောက်ပနေသော အလင်းတန်းငယ်များ ထွက်ပေါ်နေလေရာ မှောင်မိုက်သောညတွင် ကြယ်တာရာများ တောက်ပနေသည့် ညကောင်းကင်အလား ထင်မှတ်ရသည်။

ထိုအလင်းတန်းငယ်များက “ညကောင်းကင်” အလယ်မှ “ကြယ်စင်များ” ပမာ ထင်မှတ်ရသော်လည်း အလင်းတန်းငယ်ပေါင်း (၁၁)ခုခန့်သာရှိပြီး ထိုကြယ်စင်ကောင်းကင်သည် မည်သည့်ထူးခြားချက်မှမရှိကြောင်း တွေ့မြင်သူတိုင်း ခံစားရစေသည်။

မျက်လုံးတစ်ဖက်သာရှိသော အဘိုးအိုက ဓာတ်ဖန်လုံးကို စိတ်ရှုတ်ထွေးစွာဖြင့် စူးစိုက်ကြည့်နေသည်။

စူးစိုက်ကြည့်နေရင်း သူ၏ တစ်ခုတည်းသောမျက်လုံးမှ အလင်းရောင်များ တဖျပ်ဖျပ်တောက်ပလာလေရာ ထိုအလင်းရောင်များက ဓာတ်ဖန်လုံးထဲ ဝင်ရောက်သွားတော့မည်လားဟုပင် ထင်မှတ်ရသည်။

အဘယ်ကြောင့်ဆိုသော် ဓာတ်ဖန်လုံးထဲမှ အမှောင်ထုထဲတွင် အသစ်သော အလင်းတန်းငယ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို အဘိုးအို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ထိုအလင်းတန်းငယ်က အခြားသော ‘ကြယ်စင်’ များလောက် တောက်ပခြင်း မရှိသော်လည်း ဓာတ်ဖန်လုံးထဲတွင်တော့ ကြယ်တစ်စင်းအဖြစ် ထင်ရှားနေသည်။

အသစ်မွေးဖွားလာသော ‘ကြယ်စင်’ ကိုကြည့်ရင်း မျက်လုံးတစ်ဖက်တည်းရှိသောအဘိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ့စိတ်ထဲ ဘာတွေးနေသည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။

ထို့နောက်မှာတော့ လျှို့ဝှက်ခန်းထဲတွင် စူးရှသော အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ကြယ်စင်တွေရဲ့ စွမ်းအား... ကြယ်စင်တွေရဲ့ စွမ်းအားအသစ်က နောက်ဆုံးတော့ မွေးဖွားလာခဲ့ပြီ...”

“အမြင့်မြတ်ဆုံးသော တန်ခိုးရှင်များ... တန်းခိုးရှင်များက ဒီကုန်းမြေကို စွန့်ပစ်မထားဘူးပဲ...”

All Chapters