← Chapters

‘ခုန်’ အိမ်တော်

Vol. 1 Ch. 4

‘ခုန်’ အိမ်တော်

Vol. 1 Ch. 4

ခွန်းကာမြို့တောင်ဘက်တွင် အလွန်ကျယ်ဝန်းခမ်းနားသော အိမ်တော်ကြီးတစ်လုံး တည်ရှိသည်။ မြို့တောင်ဘက် မြေတစ်ဝက်နီးပါးက ဤအိမ်တော်ကြီးအတွင်း ပါဝင်သည်ဟု ဆိုနိုင်သည်။

ခွန်းကာမြို့က ချန်နန်တိုင်းပြည်၏ ကျော်ကြားသောမြို့တစ်မြို့လည်းမဟုတ်သလို ဆိပ်ကမ်းမြို့လည်း မဟုတ်ပေ။ သို့သော် ကြီးမားသော ဒေသခံမြို့တစ်မြို့ဖြစ်ပြီး ထိုသို့သော မြို့ကြီးတစ်မြို့တွင် ဤမျှ ကြီးမားသော အိမ်တော်တစ်ဆောင်တည်ရှိရန်မှာ အိမ်တော်ပိုင်ရှင်၏ တန်ခိုးအာဏာကို သရုပ်ဖော်ရန် လုံလောက်ပေသည်။

တကယ်တော့ ခွန်းကာမြို့တွင် ‘ခုန်’ အိမ်တော်ကို မသိသူမရှိဟု ပြော၍ရနိုင်သည်။

‘ခုန်’ အိမ်တော်က ခွန်းကာမြို့ရှိ အဓိကအင်အားစု (၂)စုထဲမှ တစ်ခုဖြစ်သည်။ တစ်မြို့လုံး လူဦးရေ၏ အနည်းဆုံး (၃၀) ရာနှုန်းက အသက်ရှင်ရပ်တည်ရန်အတွက် ‘ခုန်’ အိမ်တော်၏ လုပ်ငန်းများစွာကို မှီခိုအားထားနေကြရသည်။

‘ချန်နန်တိုင်းပြည်’ တွင် ‘ခုန်’ မျိုးနွယ်ဆိုသည်က သာမန် မဟုတ်ပေ။ ချန်နန်တိုင်းပြည်မှ မျိုးနွယ်များက မှူးမတ်မျိုးနွယ်များ ဖြစ်ကြသည်။

ချန်နန်တိုင်းပြည်ကို လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံး တိုင်းပြည်ဧကရာဇ် ‘ဟူရှော့’ က ထက်မြက်ပြီး စစ်ရေးဗျူဟာ ကျွမ်းကျင်သူ ဖြစ်သည်။ သူက ပြည်သူလူထု၏ ထောက်ခံမှုကိုရရှိခဲ့ပြီး နောက်ပိုင်းတွင် ရာနှင့်ချီသောတိုက်ပွဲများကို အောင်နိုင်ကာ တိုင်းပြည်ထူထောင်နိုင်ပြီး လျန်ကျိုးနယ်တွင် ကြီးမားသော အင်ပါယာတစ်ခု ဖန်တီးနိုင်ခဲ့သည်။

ဧကရာဇ် ‘ဟူရှော့’ လောကကိုသိမ်းပိုက်နိုင်ရန်အတွက် သူ့နောက်သို့လိုက်ပါခဲ့သော သူရဲကောင်း (၂)ယောက် ရှိခဲ့သည်။

ချန်နန်တိုင်းပြည်ကို တည်ထောင်ပြီးနောက် ထိုသူရဲကောင်း (၂)ယောက်လုံး မှူးမတ်အရာရရှိခဲ့ပြီး ၎င်းတို့၏ သားစဉ်မြေးဆက် ထိုရာထူးကို မျိုးရိုးအလိုက် အမွေဆက်ခံနိုင်ခဲ့ကြသည်။

ထိုသူရဲကောင်း (၂)ယောက်အနက် တစ်ယောက်က ‘ခုန်’ အိမ်တော်၏ ဘိုးဘေးဖြစ်သည်။

လူအများအတွက်တော့ ‘ခုန်’ အိမ်တော်၏ဘိုးဘေး ခုန်ရှို့ မှာ အလွန်လျှို့ဝှက်ဆန်းကျယ်သူတစ်ယောက် ဖြစ်သည်။ သူ၏ဇာစ်မြစ်ကို မည်သူမှ မသိကြသော်လည်း သူ၏ စွမ်းပကားကတော့ မိုးမြေတစ်ခုလုံးအား တုန်လှုပ်စေသည်ဟု ဆိုနိုင်သည်။

လူအများကြား ကောလဟလများပင် ပြောဆိုကြသည်မှာ -

ခုန်ရှို့က ရေခြားမြေခြား အမည်မသိ ကုန်းမြေတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ထျန်းယွမ်ကုန်းမြေသို့ မတော်တဆ ရောက်ရှိလာကာ ချန်နန်အင်ပါယာထူထောင်ရာတွင် ဟူရှော့အား ကူညီပေးခဲ့သည်။

ရေခြားမြေခြားမှ အမည်မသိ အခြားသော ကုန်းမြေများဆိုသည်က ထျန်းယွမ်ကုန်းမြေတွင် ဒဏ္ဍာရီမျှသာ သိရှိကြသည်။ အမှန်တကယ် ရှိ မရှိ မည်သူမှ အတည်မပြုနိုင်ကြပေ။ သို့ဖြစ်ရာ ‘ခုန်’ မျိုးနွယ်များသည် နှစ်ပေါင်းရာနှင့်ချီပြီး လျှို့ဝှက်ဆန်းကျယ်သော ပဟေဠိတစ်ခုပမာ ဖြစ်နေခဲ့သည်။

အစပိုင်းတွင် ထျန်းယွမ်ကုန်းမြေသို့ ခုန်ရှို့ တစ်ယောက်တည်း ရောက်ရှိလာခြင်းဖြစ်သော်လည်း နှစ်ပေါင်းရာချီကြာမြင့်ပြီးသည့်နောက် ‘ခုန်’ မျိုးနွယ်များ များပြားပျံ့နှံ့လာကာ ‘ခုန်’ အိမ်တော်သည်လည်း ကာလရှည်ကြာ ထွန်းကားခဲ့သည်။

လက်ရှိအချိန်တွင် ‘ခုန်’ မျိုးနွယ်သားစဉ်မြေးဆက်များ ရာနှင့်ချီပြီး ရှိကြသည်။

အနွယ်အပွားမိသားစုဝင်များ ၊ ‘ခုန်’ အိမ်တော်နှင့် ဆက်စပ်ပတ်သက်နေသည့် အဓိကအင်အားကြီးအုပ်စုများကို ထည့်တွက်မည်ဆိုပါက ချန်နန်တိုင်းပြည်တွင် ‘ခုန်’ မျိုးနွယ်များက တကယ့်ကို အင်အားကြီးမားလှသည်။

ဧကရာဇ်မင်းက ‘ခုန်ရှို့’ အား ချီးမြှင့်ထားသော မှူးမတ်ရာထူး အရိုက်အရာကို ‘ခုန်’ အိမ်တော်မှ အကြီးဆုံးသားက အမွေဆက်ခံခွင့်ရှိသည်။

သို့သော်လည်း ရာစုနှစ်များတစ်လျှောက် ‘ခုန်’ အိမ်တော်မှ ထူးချွန်ထက်မြက်သော သားသမီးများစွာ မွေးထုတ်ပေးခဲ့သည်ဖြစ်ရာ ဧကရာဇ်မင်းထံမှ ဘွဲ့ထူးဂုဏ်ထူးများစွာ ၊ ဆုလာဘ်များစွာ ရရှိခဲ့ကြသည်။

ထို့ကြောင့် ‘ခုန်’ မျိုးနွယ်များထဲတွင် ဘွဲ့ထူးဂုဏ်ထူး ရရှိပိုင်ဆိုင်ထားသူများ မရေမတွက်နိုင်အောင် များပြားပေသည်။

သွေးချင်းဆက်နွယ်မှုအရ ခွန်းကာမြို့မှ ‘ခုန်’ အိမ်တော်သည် ‘ခုန်ရှို့’ ၏ တတိယမြောက်သားမှ ဆင်းသက်လာသည့် အဆက်အနွယ် ဖြစ်သည်။

သို့သော် သူတို့က ဘုရင့်နေပြည်တော်မှ ပင်မ ‘ခုန်’ အိမ်တော်နှင့် အတော်လေး ကင်းကွာပြီး ပင်မ ‘ခုန်’ အိမ်တော်၏ အကိုင်းအခက်တစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်။

သို့ရာတွင် ခွန်းကာမြို့ကဲ့သို့ မြို့တစ်မြို့တွင်တော့ ‘ခုန်’ အိမ်တော်က ပင်မ ‘ခုန်’ အိမ်တော်၏ အကပိုင်းအခက်မျှသာ ဖြစ်သည့်တိုင် ဒေသတွင်းအုပ်စိုးရှင်ဖြစ်လာရန် လုံလောက်သော စွမ်းအားစုများထဲမှတစ်ခုအဖြစ် ရှိနေသေးသည်။

ထို့ကြောင့် ‘ခုန်’ အိမ်တော်က ခွန်းကာမြို့တွင် ဤမျှကြီးမားသော အိမ်တော်ကြီးကို ပိုင်ဆိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။

ယခုဆိုလျှင် ကောင်းကင်ထက်မှ ခရမ်းရောင်မိုးကြိုးပစ်ချလိုက်သည့်အချိန်မှ စတင်တွက်ချက်လျှင် (၃)ရက်နှင့် (၃)ညတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကြီးမားသော ‘ခုန်’ အိမ်တော်မြေနေရာဝန်းထဲတွင် ခြံဝင်းတစ်ခု ရှိနေသည်။

ထိုခြံဝင်းထဲမှ အိမ်တော်ငယ်ထဲရှိ အိပ်ခန်းဆောင်တစ်ခုထဲတွင် ချောမောသောလူငယ်လေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသကဲ့သို့ မျက်လုံးများကို မှေးမှိတ်ထားသည့်လူငယ်လေးတစ်ယောက် အိပ်ယာထက် လဲလျောင်းနေသည်။

ထိုလူငယ်လေးမှာ ခရမ်းရောင်လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံခဲ့ရသည့် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးပင် ဖြစ်သည်။

ဤအချိန်အတွင်း ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးမှာ သတိမေ့နေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များကတော့ ပုံမှန်ပင် ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ ‘ခုန်ကျွင်း’ က အတတ်နိုင်ဆုံးကြိုးစားပြီး သတိရအောင် ဆေးကုသခဲ့သော်လည်း လုံးဝ သတိရမလာဘဲ အိပ်ယာထဲတွင်သာ လဲလျောင်းနေခဲ့ရသည်။

‘ခုန်ကျွင်း’ က ခွန်းကာမြို့တွင်ရှိသော ‘ခုန်’ အိမ်တော်၏ အိမ်တော်သခင် ဖြစ်သည်။ သူက ဘိုးဘေးများထံမှ လက်ဆင့်ကမ်းခဲ့သော ဧကရာဇ်မင်းမြတ်နှင်းအပ်သည့် ဘွဲ့ထူးဂုဏ်ထူးကို အမွေဆက်ခံထားသည်။

ထိုဘွဲ့ထူးဂုဏ်ထူးက အဆင့်နိမ့်မှူးမတ်ရာထူးမျှသာဖြစ်သော်လည်း ဘုရင့်နေပြည်တော်နှင့် ဝေးလံခေါင်သီသောနယ်မြေတွင်တည်ရှိသည့် ခွန်းကာမြို့တွင်တော့ အလွန်ထင်ရှားသည့် ရာထူးဂုဏ်ထူး ဖြစ်၏။

ရာထူးအဆင့်အတန်းအရ ပြောရမည်ဆိုလျှင် ခွန်းကာမြို့ တစ်မြို့လုံးတွင် ‘ခုန်’ သခင်ကြီးနှင့် ရာထူးတူညီသူဆို၍ အဆင့်နိမ့်မှူးမတ်တစ်ယောက်ပင်ဖြစ်သော ‘ချန်’ အိမ်တော်သခင် ‘ချန်ရှီး’ မှလွဲပြီး အခြားသူ မရှိပေ။

‘ချန်’ အိမ်တော်ဆိုသည်က ခွန်းကာမြို့တွင် မွေးဖွားကြီးပြင်းလာသည့် ဒေသခံ အိမ်တော်တစ်ခု ဖြစ်သည်။

ခွန်းကာမြို့ကို မြို့အဖြစ် အဆင့်မမြှင့်တင်မီကတည်းကပင် ‘ချန်’ အိမ်တော်မှ ဘိုးဘေးများက ဤနယ်မြေတွင် အမြစ်တွယ်နေခဲ့ကြသည်။

ခွန်းကာမြို့ အား ချန်နန်တိုင်းပြည်က သိမ်းပိုက်သည့်အခါ ‘ချန်’ အိမ်တော်က ဧကရာဇ်မင်းကို လက်နက်ချပြီး ခွန်းကာမြို့ကို အမြန်ဆုံးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် ကူညီပေးခဲ့သည်။

ထို့ကြောင့် ဧကရာဇ်မင်းက သူတို့အား အဆင့်နိမ့်မှူးမတ် ရာထူးဂုဏ်ထူး တရားဝင်ပေးအပ်ခဲ့ပြီး မှူးမတ်မျိုးနွယ်များ ဖြစ်လာကြသည်။

‘ခုန်’ အိမ်‌တော်သာ ထွက်ပေါ်မလာဘူးဆိုလျှင် ‘ချန်’ အိမ်တော်က ခွန်းကာမြို့ရှိ တစ်ခုတည်းသော မှူးမတ်မြိုးနွယ် အာဏာရှိအိမ်တော်တစ်ခု ဖြစ်လာပေမည်။

ပင်မ ‘ခုန်’ အိမ်တော်၏ အကိုင်းအခက်ဖြစ်သော ‘ခုန်ကျွင်း’ ၏ မှူးမတ်ဘွဲ့ထူးဂုဏ်ထူးက ခုန်ကျွင်း၏အဘိုးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဤမှူးမတ်ဘွဲ့ထူးက အဆင့်နိမ့်မှူးမတ်ဘွဲ့ထူးဖြစ်သော်လည်း ခွန်းကာမြို့ကဲ့သို့ ဝေးလံခေါင်သီသောဒေသများတွင် အလွန်သြဇာအာဏာ မြင့်မားသည်ပင်။

‘ခုန်’ အိမ်‌တော် ခွန်းကာမြို့သို့ရောက်လာကတည်းက ‘ချန်’ အိမ်တော်နှင့်ဆက်ဆံရေး အလွန်ပင် သဟဇာတ မဖြစ်ခဲ့ပေ။ အကြောင်းရင်းမှာ တောင်တစ်တောင်တွင်း ကျားနှစ်ကောင်း မအောင်းနိုင်သောကြောင့် ဖြစ်၏။

ခွန်းကာမြို့ကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင် အိမ်တော် (၂)ခု မည်သို့ အတူတူယှဉ်တွဲနေထိုင်နိုင်ပါမည်နည်း။

‘ခုန်’ အိမ်တော်နှင့် ဆန့်ကျင်ဘက်ပင် ‘ချန်’ အိမ်တော်က ခွန်းကာမြို့ မြောက်ပိုင်းနယ်မြေတစ်ဝက်ခန့်တွင် အိမ်တော်တည်ဆောက်ထားသည်။

မြို့‌မြောက်ပိုင်းက မြို့တောင်ပိုင်းလောက် ချမ်းသာကြွယ်ဝခြင်း မရှိပေ။

ပြီးတော့ ‘ချန်’ အိမ်တော်က ခွန်းကာမြို့တွင် နှစ်ပေါင်း (၅၀၀)ကျော် အခြေချနေထိုင်ခဲ့သည့်တိုင် မျိုးဆက် (၄)ဆက်ခန့် သြဇာအာဏာအပြည့်ဖြင့် နေထိုင်ခဲ့သော ‘ခုန်’ အိမ်တော်ထက် လွှမ်းမိုးနိုင်စွမ်း နည်းပါးသည်။

လွန်ခဲ့သည့် (၃)ရက်က ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး လျှပ်စီးမိုးကြိုး ထိမှန်ခံရစဉ် ခုန်ကျွင်းနောက်မှ ရောက်ရှိလာသည့် ရောင်ဆံပင်များပိုင်ရှင် အဘိုးအိုက လက်ရှိ ‘ချန်’ အိမ်တော်သခင် ၊ မှူးမျိုးမတ်နွယ် ‘ချန်ရှီး’ ဖြစ်သည်။

အတိအကျဆိုရသော် ထို အဓိက အိမ်တော်ကြီး (၂)ခုက အမြဲတမ်း ရန်လိုနေကြသည့်အကြောင်းရင်းမှာ ချန်ရှီးနှင့် ခုန်ကျွင်းတို့ တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း သဘောထားကွဲလွဲနေကြသောကြောင့် ဖြစ်၏။ ပေါ့ပေါ့ပါးပါး စကားအနည်းငယ်မျှသည်ပင် သူတို့ (၂)ယောက်အတွက်တော့ ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်။

ချန်ရှီးနှင့်အတူ ရောက်လာသည့် ဝဝဖိုင့်ဖိုင့်ပုဂ္ဂိုလ်က ခွန်းကာမြို့တော်ဝန် ၊ လူကြီးမင်း ‘လောကျန့်’ ဖြစ်သည်။ သူ့ကို ဧကရာဇ်မင်းက တရားဝင်ခန့်အပ်ထားခြင်း ဖြစ်သည်။

သူ့တွင် မည်သည့်ဘွဲ့ထူးဂုဏ်ထူးမှ မရှိသော်လည်း သူ၏အဆင့်အတန်းက ခုန်ကျွင်း ၊ ချန်ရှီးတို့နှင့် တန်းတူရှိသည်ဟု မှတ်ယူနိုင်သည်။

ချောမောလှပသည့်အမျိုးသမီး၏အမည်ကတော့ ‘မေလင်’ ဖြစ်ပြီး သူမက ခွန်းကာမြို့ ၊ ကုန်သွယ်ရေးအသင်းချုပ်၏ ဥက္ကဌဖြစ်လေရာ လူသိများသူတစ်ယောက် ဖြစ်သည်။

သူမလက်ထဲတွင် ကုန်သွယ်မှုနှင့်ပတ်သက်သော အခွင့်အာဏာကို ကိုင်ဆောင်ထားသဖြင့် သူမ၏စကားကလည်း ခွန်းကာမြို့တွင် အတော်လေး အလေးချိန်ရှိသည်။

ပြီးတော့ သူမက ပန်းလေးတစ်ပွင့်ပမာ ချောမောလှပရုံသာမက ပေါင်းသင်းဆက်ဆံရေးလည်း အလွန်ကောင်းသည်ဖြစ်ရာ အဓိကအင်အားစုများကြားတွင် လှုပ်ရှားသွားလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းရေးများတွင် အလွန်ကျွမ်းကျင်သည်။

ခုန်ကျွင်း ၊ ချန်ရှီ ၊ လောကျန့်နှင့် မေလင်တို့က ခွန်းကာမြို့တါင် အထင်ရှားဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။

လွန်ခဲ့သော (၃)ရက်က သူတို့အားလုံး ခရမ်းရောင်လျှပ်စီးကြောင်းကို ခြေရာခံရန်အတွက် ဝတ်ကျောင်းတော်ဆီသို့ တစ်ချိန်တည်းရောက်ရှိလာကြပြီး ဤသည်က သူတို့ (၄)ယောက် ရှားပါးလှစွာ ဆုံစည်းစုဝေးမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထိုနေ့က သူတို့ (၄)ယောက်လုံး အမြန်ရောက်ရှိလာသည့်တိုင် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးအား မိုးကြိုးပစ်ခလိုက်သည့် မြင်ကွင်းကို မည်သူမှ မတွေ့မြင်လိုက်ကြပေ။

‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး သတိလစ်မေ့မျောသွားရသည့်အကြောင်းရင်းမှာ ကောင်းကင်ထက်မှ ဆင်းသက်လာသော ခရမ်းရောင်လျှပ်စီးကြောင်းနှင့် ဆက်စပ်နေမည်ဟုသာ အကြမ်းဖျင်း ဆက်စပ်တွေးတော ခန့်မှန်းနိုင်ခဲ့ကြသည်။

သို့သော်...

ယခုတော့ (၃)ရက်နှင့် (၃)ညတိတိ သတိလစ်မေ့မျောနေခဲ့သော ‘ခုန်’ ဒုတိယသခင်လေးသည် ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လာပြီ ဖြစ်လေသည်။

All Chapters