ပါရမီရှင်လား ၊ ငတုံးလား
Vol. 1 Ch. 5
‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးက ခွန်းကာမြို့တွင် အလွန်လူသိများသည်ဟု ဆိုနိုင်သည်။
‘ခုန်’ အိမ်တော်၏ ဒုတိယသခင်လေးဖြစ်သောကြောင့် ထင်ရှားရုံသာမက သူ့ဘဝ အသက် (၁၄)နှစ်အထိ အချိန်ကာလသည်လည်း အလှည့်အပြောင်းများစွာဖြင့် ပြည့်နက်နေခဲ့သည်။
ငယ်စဉ်အချိန်က ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသည် ပါရမီရှင်တစ်ယောက်အဖြစ် လူသိများခဲ့သည်။ သူ့အသက် (၃)နှစ်တွင် ‘ခုန်’ အိမ်တော်မှဆက်ခံသည့် သိုင်းပညာကို စတင်လေ့ကျင့်နိုင်နေပြီ ဖြစ်သည်။
ထို့နောက် အချိန် (၁)လအကြာတွင် မိုးနှင့်မြေမှ “ဒြပ်စင်စွမ်းအား” ကို စုပ်ယူနိုင်ကာ ကျင့်ကြံခြင်းလမ်းကြောင်းသို့ တရားဝင် စတင်ဝင်ရောက်ခဲ့ပြီး ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်) သို့ ရောက်ရှိခဲ့သည်။
မိုးနှင့်မြေတွင် “ဒြပ်စင်စွမ်းအား” တည်ရှိကြောင်း အာရုံမခံစားနိုင်မီ နှစ်ဝက်မှ တစ်နှစ်အထိ အပြင်းအထန် ကျင့်ကြံကြရသည်ဖြစ်ရာ ၊ သာမန်ကျင့်ကြံသူများနှင့်နှိုင်းယှဉ်ပါက ‘ခုန်’ အိမ်တော်မှ ဒုတိဘသခင်လေးက ရာစုနှစ်ပေါင်းများစွာအတွင်း ရှားပါးသည့်ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း အမှန်တကယ်ပင် သတ်မှတ်ခေါ်ဆိုနိုင်သည်။
ကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်သည်နှင့် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏ ကျင့်ကြံခြင်းအဆင့်တက်ရောက်ခြင်းက အလွန်လျှင်မြန်သည်ဟု ဆိုနိုင်သည်။
အချိန် (၂)နှစ်အတွင်း ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်) (၇)ဆင့်လုံးကို ထိုးဖောက်ဖြတ်ကျော်နိုင်ခဲ့ပြီး အသက် (၅)နှစ်တွင် ကနဦး ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့ ရောက်ရှိလာခဲ့သည်။
သူက ကျင့်ကြံခြင်းတွင် အရှိန်အဟုန်ဖြင့် အောင်မြင်ခဲ့ပြီး ခွန်းကာမြို့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကျင့်ကြံသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ထိုအချိန်မှစတင်ပြီး ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသည် သူ၏ ထိတ်လန့်အံ့သြဖွယ်ရာ ကျင့်ကြံခြင်းအဆင့်တက် လျှင်မြန်မှုကို ထိန်းသိမ်းထားခဲ့သည်။
ကျင့်ကြံခြင်းအဆင့်တစ်ဆင့်သို့တက်ရောက်ရန် အချိန် (၂)နှစ်ပင် မကြာသောအရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့သည်။
သူ့အသက် (၉)နှစ်မပြည့်မီမှာပင် နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ဤသို့သော ကျင့်ကြံခြင်းအဆင့် လျှင်မြန်မှုနှင့်ဆိုလျှင် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသည် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်(ယွမ်ရှစ်အဆင့်) ကို ဖြတ်ကျော်ပြီး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်) သို့ မကြာခင် တက်ရောက်တော့မည် ဖြစ်သည်။
ထျန်းယွမ်ကုန်းမြေတွင် ဤသို့ ကျင့်ကြံခြင်းရုပ်ခန္ဓာပိုင်ဆိုင်သူ လူတစ်သန်းတွင် တစ်ယောက် မရှိပေ။
‘ကျင့်ကြံခြင်းရုပ်ခန္ဓာ’ ဆိုသည်က မိုးနှင့်မြေတွင်တည်ရှိသော ဒြပ်စင်စွမ်းအားများကို လွယ်လွယ်နှင့်အာရုံခံနိုင်စွမ်းရှိသော မွေးရာပါ ရုပ်ခန္ဓာကို ပြောဆိုခြင်း ဖြစ်သည်။
မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားကို စုပ်ယူကျင့်ကြံနိုင်မှသာ များပြားလှစွာသော ဒြပ်စင်စွမ်းအားကျင့်စဉ်များကို ကျင့်ကြံနိုင်မည်ဖြစ်သလို သိုင်းပညာရပ်များစွာကိုလည်းသင်ယူနိုင်ပြီဖြစ်ကာ ကြီးမားသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်လာမည် ဖြစ်သည်။
ကျင့်စဉ်လမ်းဆိုသည်က ဆူးညှောင့်ခလုတ်များနှင့် ပြည့်နက်နေသည်ဖြစ်ရာ ‘ကျင့်ကြံခြင်းရုပ်ခန္ဓာ’ ပိုင်ဆိုင်ထားသူများသည်ပင် အထင်ကြီးလောက်စရာ အောင်မြင်မှုရရှိရန် အလွန်ခက်ခဲသည်။
ကျင့်ကြံသူများအတွက် မိုးနှင့်မြေတွင်တည်ရှိသော ဒြပ်စင်စွမ်းအားကို ခံစားသိရှိနိုင်မှသာ အဆင့်ဝင်သည့် ဒြပ်စင်စွမ်းအားကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပေမည်။
ထို့နောက်တွင်မှ သူတို့၏ပါရမီအလိုက် ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်စွမ်းအားအလိုက် သက်ဆိုင်ရာ ဒြပ်စင်စွမ်းအားကျင့်စဉ်များကို ရွေးချယ်ကျင့်ကြံပြီး ပိုမိုမြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်)တွင် အဆင့် (၇)ဆင့် ရှိသည်။ ထိုအဆင့် (၇)ဆင့်ကို လေးလံကောင်းကင် အဆင့် (၇)ဆင့် ဟု ခေါ်ကြသည်။
လေးလံကောင်းကင် အဆင့် (၇)ဆင့်ကို ဖြတ်ကျော်ပြီးမှသာ ကျင့်ကြံသူတစ်ယောက်သည် သေမျိုးလူသားဘဝ၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပြီး ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့ ရောက်ရှိမည် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့ရောက်ရှိပြီးမှသာ စတင်ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်ပြီး စစ်မှန်သော ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။
ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်) နှင့် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) ဆိုသည်က အဆင့်တစ်ဆင့်သာ ကွာခြားသည်ဆိုသော်လည်း မိုးနှင့်မြေပမာ ကွာခြားသော အဆင့်တစ်ခု ဖြစ်သည်။
အချို့သောကျင့်ကြံသူများဆိုလျှင် ဘဝတစ်လျှောက်လုံးကျင့်ကြံကြသည့်တိုင် ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်)၏ လေးလံကောင်းကင် အဆင့် (၇)ဆင့်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ကြပေ။
ဟုတ်ပေ၏။
သာမန်လူများအမြင်တွင် ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်) ကျင့်ကြံသူများသည်ပင် အတော်လေး စွမ်းအားကြီးမားနေပြီ ဖြစ်သည်။
လေးလံကောင်းကင် ကနဦး အဆင့် (၃)ဆင့် ဖြတ်ကျော်နိုင်လျှင်ပင် ထိုကျင့်ကြံသူ၏တန်ခိုးစွမ်းအားက ရန်သူပေါင်း (၁၀၀)၏အင်အားနှင့် ညီမျှပြီး အတော်လေး စွမ်းအားမြင့်မားနေပြီ ဖြစ်သည်။
ပြောရမည်ဆိုလျှင် ကျင့်ကြံသူများဆိုသည်က သာမန်လူများ၏မျက်လုံးထဲတွင် အမြဲတမ်း အဆင့်လွန်စွမ်းအားရှင်များ ဖြစ်ကြသည်ပင်။
ယေဘူယျအားဖြင့် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့ရောက်ရှိပြီးသူများကိုသာ အစစ်အမှန်ကျင့်ကြံသူများအဖြစ် သတ်မှတ်ကြသော်လည်း ထိုအဆင့်က ယခုမှ ကျင့်စဉ်လမ်းစတင်သည့် အဆင့်မျှသာ ရှိသေးသည်။ ကျင့်ကြံသူတစ်ယောက်အတွက် သူ ကျော်ဖြတ်ရမည့် မရေမတွက်နိုင်သော တောင်ထွတ်ပေါင်းများစွာက စောင့်ဆိုင်းလျှက် ရှိပေသည်။
ကျင့်ကြံသူများအတွက်...
ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) ပြီးလျှင်...
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်) ၊ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် (ယွမ်ကျန်းအဆင့်) ၊ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်အဆင့်) ၊ ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့် (ယွမ်တိအဆင့်) ၊ ဒြပ်စင်စွမ်းအားသူတော်စင်အဆင့် (ယွမ်စန့်အဆင့်) __
အပါအဝင် အခြားသောအဆင့်ပေါင်းများစွာ ရှိနေသေးသည်။
ထိုကျင့်ကြံခြင်းအဆင့်တိုင်းတွင် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့် ဟူ၍ အဆင့် (၃)ဆင့်စီ ရှိသည်။
တူညီသောကျင့်ကြံခြင်းအဆင့်၏ ကနဦး ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့်ဟူသော အဆင့်ငယ်များသည်ပင် အောင်မြင်စွာကျော်ဖြတ်နိုင်ရန် အလွန်ခက်ခဲသည်။
အချို့ကျင့်ကြံသူများဆိုလျှင် တစ်ဘဝလုံး ပြင်းပြင်းထန်ထန် ကျင့်ကြံနေသည့်တိုင် တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ကြပေ။
ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် (ယွမ်ကျယ်အဆင့်) မှ ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) သို့တက်လှမ်းရန် ကျင့်ကြံသူများအတွက် အလွန်ခက်ခဲသကဲ့သို့ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်) မှ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် (ယွမ်ကျန်းအဆင့်) သို့တက်ရောက်ရန်မှာလည်း အလွန်ခက်ခဲလှသည်။
ဒြပ်စင်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) နှင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်) ဆိုသည်မှာ ကျင့်စဉ်လမ်းသို့ တရားဝင်လျှောက်လှမ်းနိုင်ပြီဖြစ်သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများအဖြစ်သာ မှတ်ယူနိုင်သေးသည်။
ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် (ယွမ်ကျန်းအဆင့်) သို့ရောက်ရှိမှသာလျှင် အမှန်တကယ် တန်ခိုးစွမ်းအားမြင့်မားသူဟု သတ်မှတ်နိုင်သည်။
ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် (ယွမ်ကျန်းအဆင့်) ကျင့်ကြံသူတစ်ယောက်အား ချွင်းချက်မရှိ စွမ်းအားကြီးမားသူတစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။
ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်အဆင့်) ရောက်ရှိသွားမည်ဆိုလျှင်တော့ တိုင်းပြည်တိုင်းတွင် ထိပ်တန်းပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ပြီး သေမျိုးလူသားလောက၏ အထွတ်ထိပ်လူသားအဖြစ် ရောက်ရှိပြီဟု ဆိုနိင်သည်။
ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့် (ယွမ်တိအဆင့်) နှင့် ဒြပ်စင်စွမ်းအားသူတော်စင်အဆင့် (ယွမ်စန့်အဆင့်) ဆိုလျှင်တော့ သေမျိုးလူသားလောကကိုကျော်လွန်သွားပြီဟု မှတ်ယူနိုင်သည်။
ထိုကဲ့သို့ ထိပ်တန်းအဆင့် ကျင့်ကြံသူများမှာ သာမန်လူများအမြင်တွင် နတ်ဘုရားများပမာ ဖြစ်လေသည်။
ဒြပ်စင်စွမ်းအားသူတော်စင်အဆင့် (ယွမ်စန့်အဆင့်) အထက်တွင် စွမ်းအားမြင့်မားသော အခြား ကျင့်ကြံခြင်းအဆင့်များ ရှိနေသေးသော်လည်း ဒဏ္ဍာရီမျှသာ ဖြစ်ကြသည်။ ဒြပ်စင်စွမ်းအားသူတော်စင်အဆင့် (ယွမ်စန့်အဆင့်) မှလွဲပြီး ထို့ထက်မြင့်မားသည့်အဆင့်များကို မည်သူမှ ရှင်းရှင်းလင်းလင်း သိရှိကြခြင်း မရှိပေ။
ကျင့်ကြံသူများအလယ်တွင် အဆင့်ကြီးတစ်ဆင့်ချင်းစီ၏ တန်ခိုးစွမ်းအားကွာခြားမှုက ကမ္ဘာတစ်ခုပမာ ဖြစ်သည်။
အဆင့်ကြီးတစ်ခု၏ ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့်များအကြား တန်ခိုးစွမ်းအားကွာဟချက်ကတော့ တစ်ဆင့်နှင့်တစ်ဆင့် (၃)ဆမှ (၄)အထိ ရှိနိုင်သည်။
သို့ဖြစ်ရာ အဆင့်မြင့်ကျင့်ကြံသူများသည် ရှားပါးသူများဖြစ်လာကြပြီး တိုင်းနိုင်ငံအသီးသီးတွင် အဆင့်အတန်းမြင့်မားစွာ ရပ်တည်နိုင်သူများ ဖြစ်လာကြသည်။ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို အင်အားစုများအားလုံးက လိုချင်လွန်းသဖြင့် မကြာခဏ ပစ်မှတ်ထားလေ့ ရှိကြသည်။
သို့ဖြစ်ရာ အသက် (၁၀)နှစ်အရွယ်မှာပင် နှောင်းပိုင်း ယွမ်စွမ်းအားပညာရှင်အဆင့် (ယွမ်ရှစ်အဆင့်) အောင်မြင်ခဲ့သော ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးကဲ့သို့ လူတစ်ယောက်အား အံ့သြဖွယ်ရာ ပါရမီရှင်ဟု အတိအကျ ပြောဆိုနိုင်မည် ဖြစ်သည်။
ယေယူယျဆိုရလျှင် အရွယ်မရောက်သေးဘဲ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်)တက်ရောက်နိုင်သူက အလွန်တရာရှားပါးလေရာ အဖိုးတန်အရည်အချင်းရှိသူများဟု ဆိုနိုင်သည်။
ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်အဆင့်) သို့ရောက်ရှိလျှင်တော့ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်ဖြစ်လာရန် အလွန်ပင် အလားအလာကောင်းရှိနိုင်ပေသည်။
ထျန်းယွမ်ကုန်းမြေတွင် အသက် (၁၆)နှစ်ပြည့်လျှင် အရွယ်ရောက်သူဟု သတ်မှတ်သည်ဖြစ်ရာ ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးအနေဖြင့် အသက် (၁၀)နှစ်အရွယ်တွင် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် (ယွမ်ရှီအဆင့်) သို့တက်ရောက်နိုင်မည်ဆိုလျှင် သူ၏အနာဂတ်က မျှော်လင့်ချက်ပေါင်းများစွာဖြင့် လှပနေပေလိမ့်မည်။
ခွန်းကာမြို့မှ ‘ခုန်’ အိမ်တော်သည် ပင်မ ‘ခုန်’ အိမ်တော်၏ အကိုင်းအခက် အဆက်အနွယ်တစ်ခုမျှသာ ဖြစ်သည်။ သို့ပေသိ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်) အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ထိုသို့သော အကိုင်းအခက် အိမ်တော်တစ်ခုတွင် မွေးဖွားလာမည်ဆိုပါက ပင်မအိမ်တော်က ချက်ချင်းအသိအမှတ်ပြုမည်ဖြစ်ပြီး ခွန်းကာမြို့မှ ‘ခုန်’ အိမ်တော်အနေဖြင့် ပင်မ ‘ခုန်’ အိမ်တော်နှင့် ပြန်လည်ပေါင်းစည်းနိုင်မည် ဖြစ်သည်။
‘ခုန်’ အိမ်တော်၏ ဒုတိယသခင်လေးက ကျင့်ကြံခြင်းတွင် အလွန်ပါရမီထူးခြားသည်ဖြစ်ရာ သူ၏မိသားစုက ငယ်စဉ်ကပင် သူ့အပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သည်ဟု ဆိုနိုင်သည်။
‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်အဆင့်) တန်ခိုးစွမ်းအားရှင် ဖြစ်လာနိုင်လျှင် ပင်မ ‘ခုန်’ အိမ်တော်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် သေချာသွားမည် ဖြစ်သည်။
သို့သော် အရည်အချင်းရှိလွန်းသဖြင့် နတ်ဘုရားများ၏ မနာလိုဖြစ်ခြင်းကို ခံရလေသလားမသိ ၊ ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး အသက် (၉)နှစ်ပြည့်ပြီး မကြာခင်မှာပင် ထူးဆန်းသောရောဂါတစ်ခုခံစားခဲ့ရသည်။ အသက်ကိုကယ်တင်နိုင်ခဲ့သည့်တိုင် ဦးနှောက်ဉာဏ်ရည် ပျက်ဆီးသွားခဲ့သည်။
အချိန်တစ်ညအတွင်းမှာပင် အရည်အချင်းရှိလှပါသည်ဆိုသော ပါရမီရှင်လူငယ်သည် ကောင်းကင်ထက်မှပြုကျပြီး ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် (ယွမ်ရွှိုက်အဆင့်) တန်ခိုးစွမ်းအားရှင်ဖြစ်လာမည့် အလားအလာအိပ်မက်များပျော်ကကွယ်ကာ လူအများလှောင်ရယ်စရာ ငတုံးငအလေးတစ်ယောက် ဖြစ်သွားခဲ့သည်။
‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏ ဉာဏ်ရည်ဉာဏ်သွေးမှာ သာမန် (၃)နှစ်သား ကလေးတစ်ယောက်အဆင့်သို့ ကျဆင်းသွားပြီး သူ့ကိုယ်သူပင် ထိန်းကျောင်းနိုင်စွမ်းမရှိတော့လေရာ မည်သို့ ဆက်လက်ကျင့်ကြံနိုင်ပါတော့မည်နည်း။
အချိန် (၅)နှစ်ခန့်ကြာပြီးသည့်နောက် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသည် ခွန်းကာမြို့တွင် ပိုပြီး နာမည်ကျော်ကြားလာခဲ့သည်။
သို့သော် သူ ပိုပြီး နာမည်ကျော်ကြားလာရခြင်းမှာ သူ၏ အရည်အချင်းကြောင့်မဟုတ်ဘဲ တစ်မြို့လုံးတွင် အတုံးဆုံး အ ‘အ’ ဆုံး လူငယ်လေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ယနေ့မှာတော့...
ပါရမီရှင်အဖြစ်မှ ငတုံးတစ်ယောက်ဘဝပြောင်းလဲသွားသော ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးသည် (၃)ရက်နှင့် (၃)ညတိတိ သတိလစ်မေ့မျောနေရာမှ ရုတ်ချည်းဆိုသလို ပြန်လည်နိုးထ သတိရလာခဲ့ပြီ ဖြစ်လေသည်။