← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 6

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 6

ဦးနှောက်ပျက်ဆီးသွားသည့် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးပုံစံက အမြဲတမ်း တုံးတုံးအအ ပုံစံဖြစ်နေပြီး မျက်လုံးများက မည်သည့်အရာကိုမှ မသိနားမလည်သည့် အမူအရာမျိုး ဖြစ်သည်။

သို့သော် (၃)ရက်ကြာသတိမေ့နေသော ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး တစ်ဖန်ပြန်လည်နိုးထလာပြီး မျက်လုံးဖွင့်လိုက်သောအခါ မျက်ဝန်းများထဲတွင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။

ထိုအလင်းတန်းများက အချိန်ကာလစည်းဘောင်များကို ချိုးဖျက်နိုင်စွမ်းရှိပြီး ကမ္ဘာပေါ်ရှိအရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ပညာနှင့်ပြည့်နက်နေဟန် ရှိသည်။

မျက်ဝန်းဆီမှ အလင်းရောင်များနောက်ကွယ်တွင် နက်ရှိုင်းမှုက အောက်ခြေမရှိသည့် တွင်းနက်ကြီးတစ်ခုပမာပင်။

ထိုမျက်ဝန်းများကို စူးစိုက်ကြည့်ဝံ့သူ ရှိခဲ့မည်ဆိုလျှင် ထိုသူ၏ တန်ခိုးစွမ်းအားနှင့် စိတ်ဝိညာဉ်အားလုံးကို ထိုမျက်ဝန်းများက အပြည့်အဝ စုပ်ယူသွားမည့်အလား ခံစားရပေလိမ့်မည်။ ထိုမျက်ဝန်းများထဲတွင် ကိုယ်ကိုယ်တိုင်ပင် ပျောက်ဆုံးသွားတော့မည့်အလား ထင်မှတ်ရပေမည်။

အသက် (၃)နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ ဉာဏ်ရည်မျှသာရှိသော ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏မျက်ဝန်းများမှ ဤသို့သော နက်ရှိုင်းသည့်အလင်းရောင်များ အဘယ့်ကြောင့် ထွက်ပေါ်လာရပါသနည်း။

ခရမ်းရောင်လျှပ်စီးကြောင်းဖြင့် ထိမှန်ပြီးသည့်နောက် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခဲ့ပေသည်။

ထို အပြောင်းအလဲများသည် မည်သူမှ မသိနိုင်သည့် မိုးကောင်းကင်၏ ဆန္ဒတစ်ခုသာလျှင် ဖြစ်ပေသည်။

‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏နာမည်က ‘ခုန်မင်’ ဖြစ်သည်။

တိုက်ဆိုင်စွာပင် ကမ္ဘာမြေရှိ သုံးပြည်ထောင်လောကမှ ဉာဏ်ရည်ဉာဏ်သွေးအထက်မြက်ဆုံး စစ်ရေးအကြံပေးလူကြီးမင်း ‘အိပ်ပျော်နေတဲ့နဂါး’ “ကျူးကဲခုန်မင်’ နှင့် အမည်ချင်း ဆင်တူလျှက် ရှိသည်။

ယခင်အချိန် ဝူကျန်းလွင်ပြင်တွင် ကျူးကဲခုန်မင်၏ကြယ်စင် ကြွေလွင့်သွားပြီးသည့်နောက် သစ္စာရှိသော သူ၏ဝိညာဉ်က သေဆုံးသွားခြင်းမရှိဘဲ ဗလာနယ်အာကာသထဲမှ ခရမ်းရောင်လျှပ်စီးကြောင်းနှင့် ပေါင်းစပ်ကာ ကျယ်ပြန့်သော စကြာဝဠာတစ်ခွင် ဖြတ်သန်းခရီးနှင်ခဲ့သည်။

ခရမ်းရောင်လျှပ်စီးကြောင်းသည် စကြာဝဠာထဲတွင် အလွန်ထူးခြားသော စွမ်းအင်တည်ရှိမှုဖြစ်သည်။ သူ့ကို အချိန်နှင့်နေရာ ချည်နှောင်ခြင်းမရှိဘဲ စတင်ဖြစ်တည်ကတည်းကပင် အမျိုးမျိုးသော ကြယ်စင်များ ၊ ဂြိုဟ်များအလယ် လှည့်လည်သွားလာနေခဲ့သည်။

ကျူးကဲလျန့်၏ဝိညာဉ်က ခရမ်းရောင်လျှပ်စီးကြောင်းတွင် တွယ်ကပ်သွားပြီး ထို ခရမ်းရောင်လျှပ်စီးနှင့်အတူ အလွန်ထူးဆန်းသော ခရီးစဉ်တစ်ခု သွားလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကြယ်များစွာ၏ တောက်ပခြင်းနှင့် မှိန်ဖျော့ခြင်းများစွာကို သူ တွေ့မြင်ခဲ့ရသည်။

ခရမ်းရောင်လျှပ်စီးကြောင်းနှင့်အတူ လိုက်ပါစီးမျောလာသည့် ကျူးကဲခုန်မင်၏ဝိညာဉ်က ခရီးစဉ်တစ်လျှောက်လုံးတွင် အတွေ့အကြုံများစွာရရှိပြီး ဝိညာဉ်စွမ်းအားက မယုံကြည်နိုင်စရာအဆင့်တစ်ခုအထိ မြင့်တက်လာသည်။

ကျူးကဲလျန့်၏ရုပ်ခန္ဓာက သေဆုံးသွားပြီဖြစ်သည့်တိုင် သူ၏ဝိညာဉ်ကတော့ ယခင်ဘဝ ဉာဏ်ရည်ဉာဏ်သွေးများ ၊ မှတ်ဉာဏ်များ ၊ ဆင်ခြင်တုံတရားများအားလုံးကို အပြည့်အဝ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ခရီးနှင်ရခြင်းက ကျူးကဲလျန့်၏ဝိညာဉ်အတွက် စိတ်ကူးမယဉ်နိုင်သော အတွေ့အကြုံတစ်ခု ဖြစ်သည်။

ဉာဏ်ပညာအရာတွင် ကြောက်မက်ဖွယ်ရာ ပါရမီရှင်တစ်ယောက်ဖြစ်သော ကျူးကဲလျန့်သည်ပင် စကြာဝဠာကြီးက ဤမျှကျယ်ဝန်းပြီး‌ မှော်ဆန်လွန်းသည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ပေ။ ယခု ကြုံတွေ့ရသော အံ့သြဖွယ်ရာများက သူ့အတွက် မယုံနိုင်လောက်အောင်ပင် ဖြစ်ရ၏။

စကြာဝဠာတစ်ခွင် ဖြတ်ကျော်သွားသည့်ခရီးစဉ်တွင် ကျူးကဲခုန်မင်၏ ဝိညာဉ်သည်လည်း တဖြည်းဖြည်း ဉာဏ်အလင်းပွင့်သွားပြီး သူ၏ အသိပညာနှင့်အမြင်များက သုံးပြည်ထောင်ခေတ်တွင် ကန့်သတ်မထားတော့ဘဲ အဆင့်သစ်တစ်ခုသို့ တိုးတက်လာခဲ့သည်။

သမိုင်းဆိုသည်က ရှေးဟောင်းရေတွင်းကြီးတစ်ခုဖြစ်ပြီး သက်ရှိလူသားအားလုံးက ရေတွင်းအောက်ခြေမှ ကောင်းကင်ထက်သို့မျှော်ကြည့်နေကြသော ဖားများသာ ဖြစ်ကြသည်။

ယခုတော့ ကျူးကဲလျန့်အနေဖြင့် ထို ‌ရှေးဟောင်းရေတွင်းကြီးထဲမှ ခုန်ထွက်လာနိုင်ပြီး ကျယ်ပြောသည့် ကောင်းကင်ပြာကို ကြည့်ရှုနိုင်ပြီဖြစ်လေရာ သူ့ရင်ထဲတွင် အရင်ကထက် အဆ (၁၀၀) ၊ အဆ (၁၀၀၀) မက နေလို့ထိုင်လို့ ကောင်းနေပေသည်။

ခရမ်းရောင်လျှပ်စီးကြောင်းက စကြာဝဠာအတွင်းမှ မရေမတွက်နိုင်သော ကြယ်များနှင့် ဂြိုဟ်များကို ဖြတ်သန်းသွားပြီး အာကာသအက်ကွဲကြောင်းတစ်ခုကို ဖြတ်ကျော်ကာ ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး ‘ခုန်မင်’ ကို မတော်တဆ ထိခိုက်မိသွားသည်။

ခရမ်းရောင်လျှပ်စီးကြောင်းက ဗလာနယ်ထဲတွင် လွတ်လပ်စွာ ရွေ့လျားသွားလာနေပြီးမှ ထျန်းယွမ်ကုန်းမြေတွင် အဘယ့်ကြောင့်ဆင်းသက်လာရသည်ကို မည်သူမှ ရှင်းပြနိုင်ခြင်း မရှိပေ။

ခရမ်းရောင်လျှပ်စီးအလင်းတန်းကျရောက်လာသည်နှင့် ကျူးကဲခုန်မင်၏ဝိညာဉ်က ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အရာအားလုံးက မိုးကောင်းကင်၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပေလိမ့်မည်။

စကြာဝဠာကို ဖြတ်ကျော်လာသည့် ကျူးကဲလျန့်၏ ဝိညာဉ်စွမ်းအားက သာမန်လူများနှင့် နှိုင်းယှဉ်မရလောက်အောင် အလွန်တရာ မြင့်မားပြင်းထန်လျှက် ရှိသည်။

ထို့ကြောင့် ကျူးကဲလျန့်၏ဝိညာဉ်က ခုန်မင်လေး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ ၊ ဝိညာဉ်စွမ်းအားကောင်းမွန်သည့်တိုင် ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းနေသော ခုန်မင်လေး၏ ဝိညာဉ်မှာ ကျူးကဲလျန့်၏ ဝိညာဉ်ဖြင့် ဝါးမျိုခြင်း ခံလိုက်ရသည်။

ဤအချိန် (၃)ရက်အတွင်း ကျူးကဲခုန်မင်၏ ဝိညာဉ်က ခုန်မင်လေး၏ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားချင်း ပေါင်းစပ်သွားသည်။

ထို့ကြောင့် ကျူးကဲလျန့်အနေဖြင့် ခုန်မင်လေး၏မှတ်ဉာဏ်များအားလုံးကို သူ၏စွမ်းအားကြီးမားသော ဝိညာဉ်နှင့် ပေါင်းစပ်လိုက်နိုင်ပြီး တဖြည်းဖြည်း ခုန်မင်လေး၏ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်နိုင်သည်။

ပြောရမည်ဆိုလျှင် ယခု သတိပြန်ရလာသော ‘ခုန်’ အိမ်တော်မှ ဒုတိယသခင်လေးမှာ ယခင်တစ်ချိန်က ပါရမီရှင်တစ်ယောက်အဖြစ်မှ ဉာဏ်ရည်ချို့ယွင်းသွားသော ခုန်မင်လေး မဟုတ်တော့ပေ။

သူ၏ခန္ဓာကိုယ်အတွင်းသို့ အချိန်ခရီးသွားကာ ဝင်ရောက်လာသည့် ကမ္ဘာမြေမှ “ကျူးခဲခုန်မင်” ပြန်လည်မွေးဖွားလာသည်ဟု ပြော၍ရနိုင်သည်။

စကြာဝဠာတစ်ခွင်အားဖြတ်သန်းလျှက် အချိန်ခရီးသွားခဲ့သော “ကျူးကဲခုန်မင်” ၏ ဝိညာဉ်က အပြောင်းအလဲများစွာဖြင့် ကြုံတွေ့ခဲ့ရသည်။ ပြီးတော့ သူ၏ဝိညာဉ်က ခုန်မင်လေး၏မှတ်ဉာဏ်များနှင့် ပေါင်းစပ်သွားခဲ့သည်။

သို့ဖြစ်ရာ ရှူဟန့်တိုင်းပြည်အတွက် အသက်နှင့်ခန္ဓာ အရာအားလုံးပေးဆပ်ထားသည့် အမတ်ချုပ်ကြီး ကျူးကဲလျန့်၏ဝိညာဉ်မှာ ယခင်ကနှင့်တူညီခြင်းမရှိတော့ဘဲ ပိုမိုအဆင့်မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

အတိအကျဆိုရလျှင် (၃)ရက်ကြာသတိလစ်မေ့မျောရာမှ ပြန်လည်နိုးထလာသော ‘ခုန်မင်’ မှာ ကျူးကဲလျန့်နှင့် ခုန်မင်လေးတို့ နှစ်ယောက်လုံး၏ ဝိညာဉ်စွမ်းအားနှင့် မှတ်ဉာဏ်များ ပေါင်းစည်းထားသည်ဟု ဆိုနိုင်သည်။

သို့ပေသိ ယခုအချိန်မှစပြီး ကျူးကဲလျန့်နှင့် ခုန်မင်လေးတို့က တစ်ယောက်တည်းပေါင်းစပ်သွားပြီး တစ်ဦးတည်းသာ ရှိပေတော့မည်။

ခုန်မင် သတိပြန်ရလာပြီး ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။

သူ၏ မျက်ဝန်းများထဲမှ တောက်ပမှုက တဖြည်းဖြည်းမှိန်ဖျော့သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မဟုတ်ပါက ခုန်မင်၏မျက်ဝန်းများကို တွေ့မြင်ရသူတိုင်း ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားရပေလိမ့်မည်။

ကျူးကဲလျန့်က ခုန်မင်လေး၏ မှတ်ဉာဏ်များကို ရယူထားသဖြင့် ထျန်းယွမ်ကုန်းမြေ၏ ကိစ္စရပ်များအားလုံးက သူ့အတွက် အစိမ်းသက်သက် မဟုတ်တော့ပေ။

ထို့ကြောင့် ကျူးကဲလျန့်၏ ဝိညာဉ်က ခုန်မင်လေး၏ရုပ်ခန္ဓာအား လွှမ်းမိုးရယူထားသော်လည်း ပြန်လည်မွေးဖွားလာသည့် ပတ်ဝန်းကျင်အသစ်အတွက် အဆန်းတကျယ် အံ့အားသင့်ခြင်း မဖြစ်ခဲ့ပေ။

မရေမတွက်နိုင်သည့် ကြယ်တာရာများ ၊ ဂြိုဟ်များကို ဖြတ်သန်းခဲ့ပြီး အာကာသထဲ ခရီးနှင်လာသော ကျူးကဲခုန်မင်၏ဝိညာဉ်မျာ ပြန်လည်မွေးဖွားလာခြင်းဖြစ်ရပ်နှင့် ရင်ဆိုင်ရသည့်တိုင် အံ့သြထိတ်လန့်ခြင်းမရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။

ကျူးကဲလျန့် ယခု ရယူထားသည့် ခန္ဓာကိုယ်ပိုင်ရှင်က ပါရမီရှင်တစ်ယောက်ဟု လူသိများခဲ့ဖူးသည်။

ယခု သူက ဤခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်ရာ ပါရမီရှင်လူငယ်လေးသည် ယခင်ကထက်ပိုပြီး တောက်ပလာတော့မည်လား။

ခုန်မင်က ဤခန္ဓာကိုယ်၏ ဖြစ်တည်မှုကို နားလည်သဘောပေါက်သွားခဲ့သည်။ ဤခန္ဓာကိုယ်ပိုင်ရှင်က မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများကို စုပ်ယူကျင့်ကြံသည့် ကျင့်ကြံသူဟုခေါ်သော တည်ရှိမှုပုံစံဖြစ်လေသည်။

သို့ဖြစ်ရာ သူက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသည်။

ခုန်မင်၏အတွေးများလှုပ်ရှားလာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်မှ မမြင်ရသောစွမ်းအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

ခုန်မင်၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကျယ်သည့် ဆင့်ခေါ်မှုတစ်ခုကို လက်ခံရရှိပြီးသည့်နောက် ထိုစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာသည်။

ထို မမြင်ရသောစွမ်းအားက အလွန်သန့်စင်လှသည်။ ကျင့်ကြံသူ၏ရုပ်ခန္ဓာကသာ ထိုစွမ်းအားကို ဆွဲငင်ယူဆောင်ခြင်းမရှိပါက စကြာဝဠာထဲတွင် သေးငယ်သော အမှုံအမွှားများပမာ လွင့်မျောနေမည်ဖြစ်လေရာ ထိုစွမ်းအားတည်ရှိမှုကို သာမန်လူများ အာရုံခံမိကြမည် မဟုတ်ပေ။

သို့သော် ထိုသို့လွင့်မျောနေသည့် အမှုံအမွှားစွမ်းအားများကို ကျင့်ကြံသူ၏ရုပ်ခန္ဓာထဲသို့ ပေါင်းထည့်လိုက်သည်နှင့် ထိုစွမ်းအားများက လူသားခန္ဓာကိုယ် သွေးကြောဆုံချက်များနှင့် စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲတွင် ပျော်ဝင်သွားပြီး အလွန်တရာ အံ့သြဖွယ်ကောင်းသော တန်ခိုးစွမ်းအားတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။

ဤမျှ ကြောက်မက်ဖွယ်ရာ ဒြပ်စင်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ကျင့်ကြံသူများ အလွန်အစွမ်းထက်သည်မှာ ဆန်းကျယ်သည့်ကိစ္စ မဟုတ်တော့ပေ။

ဒြပ်စင်စွမ်းအားက အက်တမ်ပမာ ဖြစ်သည်။

သာမန်အက်တမ်တစ်ခုဖြစ်ပါက သေးငယ်လွန်းသဖြင့် သူ၏တည်ရှိမှုကို သိရှိနိုင်မည် မဟုတ်ပေ။ သို့သော် အက်တမ်တစ်ခုက နျူကလီးယားပေါင်းစပ်မှု သို့မဟုတ် နျူကလီးယားအက်ကွဲမှုကို ခံရသည်နှင့်တပြိုင်နက် ထုတ်လွှတ်သောစွမ်းအင်က လူသားတစ်ယောက်၏စွမ်းအားထက် များစွာကျော်လွန်ပေသည်။

ယခု...

ပြန်လည်မွေးဖွားလာသော ကျူးကဲခုန်မင်သည် ဝေလငါးတစ်ကောင်က ရေကိုစုပ်ယူနေသည့်အလား မိုးမြေတစ်ခွင်မှ ဒြပ်စင်စွမ်းအားများကို သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး စုပ်ယူနေသည်။

ဒြပ်စင်စွမ်းအားများ ပိုမိုစုစည်းလာသည်နှင့်အမျှ အံ့သြဖွယ်ရာ ရောင်ဝါတစ်ခု ခုန်မင်၏ခန္ဓဦကိုယ်မှ ထွက်ပေါ်လာပြီး ထိုရောင်ဝါက ခြံဝင်းအပြင်ဘက်ထိတိုင် အရှိန်အဟုန်ဖြင့် တုန်လှုပ်သွားစေသည်။

All Chapters