အဖေ့ကိုဂါရဝပြုပါတယ်
Vol. 1 Ch. 7
ခုန်မင် ပါရမီရှင်အဖြစ်မှ ငတုံးငအလေးအဖြစ် ပြောင်းလဲသွားစဉ်က သူ့အသက် (၁၀)နှစ်ပင် မပြည့်သေးပေ။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားပညာရှင် ၊ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သေးသည့်တိုင် သူ၏တန်ခိုးစွမ်းအားက သာမန်လူများထက် သာလွန်နေပြီ ဖြစ်သည်။
သို့သော် ခုန်မင်မှာ ပါရမီရှင်တစ်ယောက်အဖြစ်မှ ငတုံးငအတစ်ယောက်အဖြစ်သို့ တစ်ရက်အတွင်း ပြောင်းလဲသွားရသည်မှာ သနားစရာကောင်းလှသည်။ ဉာဏ်ရည်မမီသူတစ်ယောက်အနေဖြင့် မည်သို့ကျင့်ကြံရမည်ကို နားမလည်တော့ဘဲ သူအားအင်စိုက်ထုတ်ကျင့်ကြံခဲ့သော စွမ်းအားများလည်း တဖြည်းဖြည်းလျော့ပါးသွားခဲ့သည်။
ထို့ကြောင့် ခရမ်းရောင်မိုးကြိုးလျှပ်စီးဖြင့် မရိုက်ခတ်မိခင်အချိန်ထိ ခုန်မင်က အရပ်မြင့်မြင့်နှင့် ချောမောသော လူငယ်လေးဖြစ်သည့်တိုင် မည်သည့်စွမ်းအားမှမရှိတော့သော သာမန်ကောင်လေးတစ်ယောက်ဟု ဆိုနိုင်သည်။
သို့ပေသိ ခုန်မင် လူကောင်းဘဝတုန်းက ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ထိ ရောက်ရှိခဲ့သော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် မည်သည့်ဒြပ်စင်စွမ်းအားမှ မရှိတော့သည့်တိုင် သူ ပြန်လည်ကျင့်ကြံနိုင်သည်နှင့် ဆုံးရှုံးသွားသော ဒြပ်စင်စွမ်းအားများ အရှိန်အဟုန်ဖြင့် ပြန်လည်ပြည့်ဝလာပေလိမ့်မည်။
ယခု ခုန်မင်၏ခန္ဓာကိုယ်က မိုးမြေစွမ်းအားများကို လျှင်မြန်စွာစုပ်ယူပြီး ဆုံးရှုံးသွားသော ဒြပ်စင်စွမ်းအားများ ချက်ချင်းပြန်လည်ပြည့်ဝလာသည်။ ထို့ပြင် သူက ထူးခြားသည့်ပါရမီရှင်တစ်ယောက်ဖြစ်လေရာ သာမန် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီခြင်း မရှိပေ။
ကျင့်ကြံသူများဆိုသည်က သာမန်လူများထက် မိုးနှင့်မြေမှ ချီစွမ်းအားပြောင်းလဲမှုများကို ပိုမိုခံစားလွယ်သည်။
ယခု ခုန်မင်ထံမှ ထွက်ပေါ်နေသော စွမ်းအားရောင်ဝါက ပိုမိုအားကောင်းလာသည့်အခါ မနီးမဝေးတွင်ရှိနေသော ကျင့်ကြံသူများက အာရုံခံမိကြသည်။
ခဏအကြာမှာတော့ လေထုအက်ကွဲသံများထွက်ပေါ်လာပြီး ခုန်မင်ရှိနေသည့် ခြံဝင်းတစ်ဝိုက်တွင် လူ (၁၀)ယောက်ခန့် ပေါ်လာသည်။
သို့သော် ခြံဝင်းထဲမှ အံ့သြဖွယ်ရာစွမ်းအားရောင်ဝါကို အနီးကပ်ခံစားပြီးနောက် မည်သူမှ ခြံဝင်းအတွင်းသို့ ခြေမချရဲကြပေ။
ရောက်ရှိလာသူ (၁၀)ယောက်မှာ ကျင့်ကြံသူများဖြစ်ကြောင်း သံသယဝင်စရာ မရှိသော်လည်း သူတို့ထဲမှ တစ်ဝက်နီးပါးက ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ လေးလံကောင်းကင် အဆင့် (၇)ဆင့် ကို မဖြတ်ကျော်ရသေးလေရာ စစ်မှန်သောကျင့်ကြံသူများဟုပင် မမှတ်ယူနိုင်သေးပေ။
ကျန်ရှိသောသူများကတော့ အများစုမှာ ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ဖြစ်ကြသည်။
သို့ပေသိ အသက်မငယ်တော့သည့် လူအိုကြီး (၂)ယောက်ကတော့ အခြားသူများနှင့် မတူညီစွာ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူများထဲတွင် အသက် (၂၀)ဝန်းကျင် လူငယ်တစ်ယောက်လည်း ရှိနေသည်။
ထိုလူငယ်၏မျက်နှာထက်တွင် နားမလည်နိုင်ခြင်းများဖြင့်ပြည့်နေပြီး သူက ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် အဘိုးအို (၂)ယောက်အား စကားဆိုလိုက်၏။
“အကြီးအကဲ’ချင်’ ၊ အကြီးအကဲ’ဖူ’ ... ဘာလို့ ဒီခြံဝင်းထဲက ဒြပ်စင်စွမ်းအားတွေ ပြောင်းလဲသွားတာလဲ ၊ ပြီးတော့ ဒီစွမ်းအားရောင်ဝါတွေက အရမ်းအံ့သြစရာကောင်းတယ် ၊ အဖေ လုပ်နေတာလား မသိဘူးနော်”
လူငယ်၏စကားကိုကြားတော့ အဘိုးအိုနှစ်ယောက်လုံး ပြိုင်တူ ခေါင်းခါယမ်းလိုက်ကြသည်။
ပြီးမှ အဘိုးအိုတစ်ယောက်က...
“ဒုတိယသခင်လေး ပြန်သတိရလာအောင် ဆေးကုသပေးဖို့အတွက် အိမ်တော်သခင်က တံခါးပိတ်သုတေသနလုပ်နေတယ် ၊ ဒါကြောင့် ဒုတိယသခင််လေး နေထိုင်တဲ့ ခြံဝင်းထဲက ထွက်ပေါ်လာတဲ့ စွမ်းအားရောင်ဝါတွေက အိမ်တော်သခင်လုပ်နေတာ မဖြစ်နိုင်ဘူး”
အခြားအဘိုးအိုက...
“အိမ်တော်သခင်က တံခါးပိတ်သုတေသနလုပ်နေတယ်ဆိုပေမယ့်... ဒီ ခြံဝင်းထဲက ဒြပ်စင်စွမ်းအားအပြောင်းအလဲတွေကို အာရုံခံမိမှာပဲ ၊ မကြာခင် အိမ်တော်သခင်ကိုယ်တိုင် ဒီနေရာကို ရောက်လာမှာ သေချာတယ်”
လူငယ်က တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း...
“အဖေ အမြန်ရောက်လာဖို့ မျှော်လင့်ပါတယ် ၊ မဟုတ်ရင် ဒုတိယညီလေး ဒီခြံဝင်းထဲမှာ အန္တရယ်ကျရောက်နေမှာ စိုးရိမ်ရတယ်”
ထို အသက် (၂၀)ဝန်းကျင်လူငယ်က အခြားသူမဟုတ်ပေ။ ‘ခုန်’ အိမ်တော်၏ အကြီးဆုံးသား ၊ ပထမသခင်လေး ‘ခုန်ကျောင်း’ ဖြစ်သည်။
သူက အသက် (၂၂)နှစ်အရွယ်ဖြင့် ဒြပ်စင်စွမ်းအားပညာရှင် ၊ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံခြင်းတွင် အလွန်အရည်အချင်းရှသည်ဟု ဆိုနိုင်သည်။
သို့သော် လွန်ခဲ့သော (၃)နှစ်က အလွန်တရာ ထူးခြားသော ပါရမီကိုပိုင်ဆိုင်သည့် ဒုတိယသခင်လေးနှင့်နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်ပေ။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် အဘိုးအို နှစ်ယောက်ကတော့ ‘ခုန်’ အိမ်တော်၏ ဧည့်သည်အကြီးအကဲများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်လုံးက ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ဖြစ်လေရာ ခွန်းကာမြို့ကဲ့သို့ သေးငယ်သည့်နေရာလေးတွင် ရှားပါးသည့် တန်ခိုးစွမ်းအားရှင်များဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် ‘ခုန်’ အိမ်တော်က သူတို့နှစ်ယောက်အား ငှားယမ်းပြီး အဆင့်မြင့်ရာထူးများပေးအပ်ထားခြင်း ဖြစ်၏။
အသက်ပိုကြီးသည့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ဧည့်သည်အကြီးအကဲ၏အမည်က ‘ချင်တယ်’ ဖြစ်သည်။ သူက အသက် (၇၀)အရွယ်ရှိပြီဖြစ်သော်လည်း မီးဒြပ်စင်စွမ်းအားကို ထိပ်ဆုံးအဆင့်ရောက်သည်အထိ သန့်စင်နိုင်ပြီး ဒြပ်စင်စွမ်းအားဆရာသခင် ၊ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
သူက ‘ခုန်’ အိမ်တော်သခင် ခုန်ကျွင်းပြီးလျှင် ဒုတိယမြောက်အကြီးအကဲအဖြစ် လူသိများသည်။
သို့သော် သူ၏အရည်အချင်း အကန့်အသတ်ရှိမှုကြောင့် ဒြပ်စင်စွမ်းအားဆရာသခင် ၊ နှောင်းပိုင်းအဆင့်တွင် ကျင့်ကြံခြင်းတစ်ဆို့နေပြီး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
အသက်ပိုငယ်သည့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူကတော့ ‘ခုန်’ အိမ်တော်မှ ဒုတိယအဆင့် အကြီးအကဲဖြစ်ပြီး အမည်က ဖူစန်း ဖြစ်သည်။
သူက အသက် (၅၀)ကျော်ခန့်ရှိပြီဖြစ်ကာ ဒြပ်စင်စွမ်းအားဆရာသခင် ၊ ကနဦးအဆင့်သို့ လွန်ခဲ့သောနှစ်အနည်းငယ်ကပင် တက်ရောက်ခဲ့သည်။
ဖူစန်းက ချင်တယ်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း ၊ သူက မြေဒြပ်စင်စွမ်းအားကို ကျင့်ကြံထားသည်ဖြစ်ရာ ခံစစ်စွမ်းအားတွင် အတော်လေး ထူးခြားသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သူသည်လည်း ‘ခုန်’ အိမ်တော်၏ အကြီးအကဲတစ်ယောက်ဖြစ်လာရန် ထိုက်တန်ပေသည်။
ယခုတော့ သူတို့ရှေ့ရှိ ခြံဝင်းထဲတွင် မည်သို့သောအရာများဖြစ်ပျက်နေကြောင်း ခုန်ကျောင်း ၊ ချင်တယ်နှင့် ဖူစန်းတို့ သိရှိခြင်း မရှိကြပေ။
သို့ဖြစ်ရာ အိမ်တော်သခင် ‘ခုန်ကျွင်း’ ရောက်လာသည်အထိသာ စောင့်ဆိုင်းနေကြရသည်။
ခဏအကြာမှာတော့ လေထုထဲတွင် အက်ကွဲသံတစ်သံထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတစ်ချက် လင်းလက်သွားသည်။
ထို့နောက် ဖြူစင်သောမျက်နှာ ၊ မုတ်ဆိတ်မွှေးအနည်းငယ်ဖြင့် ချောမောလှပသော သက်လတ်ပိုင်းလူရွယ်တစ်ယောက် လေထုကိုထိုးခွင်းလာပြီး ခြံဝင်းရှေ့တွင် ထွက်ပေါ်လာသည်။
‘ခုန်’ အိမ်တော်၏ အိမ်တော်သခင် ‘ခုန်ကျွင်း’ ပင် ဖြစ်၏။
ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ၊ ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူက ခွန်းကာမြို့တွင် နံပါတ် (၁) အဆင့် ရှိသည်။
သူ၏လှုပ်ရှားမှုလျှင်မြန်ခြင်းအရှိန်အဟုန်က ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် (၁၀)ပေကျော်သော အကွာအဝေးသို့ ရောက်ရှိနိုင်စွမ်းရှိသည်ဖြစ်ရာ အဝေးမှပင် ဤခြံဝင်းရှေ့သို့ ရုတ်တရက် ရောက်လာနိုင်စွမ်း ရှိသည်။
သာမန်လူများအမြင်တွင်တော့ ကိုယ်ပျောက်ပြီး ရောက်လာသည်နှင့် မခြားလှပေ။
ခုန်ကျွင်းပေါ်လာသည်နှင့် လူတိုင်းက ညီညာစွာဦးညွှတ်ဂါရဝပြုလိုက်ပြီး တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
“အိမ်တော်သခင်ကို ဂါရဝပြုပါတယ်”
သူ၏သားဖြစ်သူ ခုန်ကျောင်းသည်ပင် ချွင်းချက်မရှိ ထိုသို့ပင် ဂါရဝပြုရလေသည်။
နှစ်ပေါင်းရာချီတည်တံ့ခဲ့သော အိမ်တော်တစ်ခုအနေဖြင့် တင်းကျပ်သည့်အိမ်တော်စည်းကမ်းများရှိသည်က အမှန်ပင်။
အများအမြင်တွင် အိမ်တော်သခင်ဆိုသည်က အိမ်တော်တစ်ခု၏ ထိပ်တန်းအကြီးအကဲတစ်ယောက် ဖြစ်သည်။ သို့ဖြစ်ရာ အိမ်တော်သခင်ရှေ့တွင် မည်သူမှ အနည်းငယ်ပင်စည်းကမ်းမတိမ်းဆောင်းရဲပါချေ။
သို့သော် လောလောဆယ်မှာတော့ ခုန်ကျွင်းက သူ့ဘေးနားမှလူများကို အာရုံမစိုက်နိုင်ပေ။ ထိုအစားသူက အရှေ့ဆီမှ ခြံဝင်းကိုစူးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဒီရောင်ဝါ... ဒီရောင်ဝါက... မင်အာရဲ့ရောင်ဝါပဲ... တကယ်ပဲ မင်အာ... မင်အာ... သူ ပြန်လာပြီလား...”
ထို့နောက် ခုန်ကျွင်းက အင်္ကျီလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ မမြင်ရသည့်စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ခြံဝင်းတံခါး ပွင့်ထွက်သွားသည်။
ခြံဝင်းတံခါးပွင့်သွားသည်နှင့် ပြင်းထန်သောစွမ်းအားရောင်ဝါတစ်ခုက ပေါက်ကွဲထွက်လာသည်။
ထိုစွမ်းအားရောင်ဝါနှင့် ထိတွေ့ခံလိုက်ရသည်နှင့် ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြပြီး နောက်သို့လွင့်စင်သွားကြသည်။
ဒြပ်စင်စွမ်းအားပညာရှင်အဆင့်နှင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများကတော့ ဒြပ်စင်စွမ်းအားများကို တိတ်တဆိတ်လှည့်ပတ်လိုက်ကြသဖြင့် ခန္ဓာကိုယ်များ ယိမ်းယိုင်မသွားအောင် ထိန်းလိုက်နိုင်ကြသည်။
ခုန်ကျွင်းကတော့ ကျင့်ကြံခြင်းအဆင့် မြင့်မားလွန်းသည်ဖြစ်ရာ သက်ရောက်မှုကိုအရေးမစိုက်ဘဲ ခြံဝင်းအတွင်းသို့ ခြေတစ်လှမ်းတည်းဖြင့် ဝင်ရောက်သွားသည်။
ထိုအချိန်မှာပင် ခြံဝင်းအလယ်ရှိ အိမ်တံခါးမှ မည်သည့်လေမှ တိုက်ခတ်ခြင်းမရှိဘဲ ပွင့်သွားပြီး တံခါးဝတွင် အရပ်မြင့်မြင့်နှင့် ချောမောသော ခုန်မင်၏ရုပ်သွင်ထွက်ပေါ်လာကာ အိမ်တော်သခင်’ခုန်ကျွင်း’ အား လေးစားစွာ ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
“အဖေ့ကို ဂါရဝပြုပါတယ်...”