← Chapters

လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

Vol. 1 Ch. 9

လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

Vol. 1 Ch. 9

ယခု ခုန်မင်က အရင်ကထက်ပိုပြီး ဉာဏ်ရည်ထက်မြက်လာသည်။

ဗလာနယ်အာကာသကို ဖြတ်ကျော်ခရီးနှင်လာပြီးသည့်နောက် သူ၏ စိတ်အခြေအနေသည်လည်း ပြောင်းလဲသွားခဲ့သည်။ သို့ဖြစ်ရာ ထူးဆန်းစွာပင် ပြန်လည်မွေးဖွားလာသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင် ထိုအရာက သူ့အတွက် မယုံကြည်နိုင်စရာကိစ္စတစ်ခု ဖြစ်မနေတော့ပေ။

လက်ရှိပိုင်ဆိုင်ထားသော ခန္ဓာကိုယ်က ကျင့်ကြံခဲ့သော အခြေအနေ၏ အကူအညီဖြင့် ခုန်မင်သည် မိုးမြေတစ်ခွင်မှ ဒြပ်စင်စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲ စုပ်ယူကျင့်ကြံသည့် ခံစားချက်ကိုပင် သိရှိနားလည်လာခဲ့သည်။

ဒြပ်စင်စွမ်းအားဆိုသည်က အလွန်တရာ ထူးခြားဆန်းကျယ်လွန်းလှသည်။

သာမန်သေမျိုးလူသားများသည် ဤ အစွမ်းထက်လှသော ဒြပ်စင်စွမ်းအား အကူအညီဖြင့် သေခြင်းတရား၏နှောင်ကြိုးများကို ဖယ်ရှားနိုင်ပြီး အိပ်မက်ပင်မမက်ဝံ့သော တန်ခိုးစွမ်းအားများ ရရှိသည်အထိ ကျင့်ကြံနိုင်လေသည်။

ဒြပ်စင်စွမ်းအားကို လွန်ကဲစွာ အသုံးချနိုင်သည့်အဆင့်တစ်ခုသို့ ရောက်ရှိလာလျှင် တောင်နှင့်ပင်လယ်များကိုပင်ရွေ့လျားစေပြီး ကြယ်စင်နှင့်လမင်းဆီအထိ သွားရောက်နိုင်သော မှော်ဝင်စွမ်းအားကို ရရှိနိုင်မည် ဖြစ်၏။

သုံးပြည်ထောင်ခေတ်ကာလတွင် ခုန်မင်က နတ်မျိုးနွယ်များအကြောင်း လေ့လာခဲ့ဖူးပြီး ရာနှင့်ချီသော အတွေးအခေါ်ပညာရပ်များကိုလည်း ကျွမ်းကျင်ခဲ့သည်။ သူက ‘ချီမန်’ ပညာလမ်းစဉ်တွင် လေးနက်သော အောင်မြင်မှုများရရှိထားပြီး ရှေးဟောင်း နတ်ဘုရားကျောင်းတော်များ၏ ကျင့်ကြံခြင်းအချို့ကိုပင် နားလည်ခဲ့သည်။

ရှေးဟောင်းနတ်ဘုရားကျောင်းတော်များ၏ နတ်မျိုးနွယ်ကျင့်စဉ်များကို ကျင့်ကြံပါက မြင့်မားသောအဆင့်သို့တက်လှမ်းနိုင်လျှင် ဒြပ်စင်စွမ်းအား ကျင့်ကြံသူများပမာ ထပ်တူထပ်မျှ အစွမ်းထက်လာမည် ဖြစ်သည်။

သို့သော် နတ်မျိုးနွယ်ကျင့်စဉ်များက ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းထက် ပိုမိုစည်းကမ်းတင်းကြပ်ပြီး ခက်ခဲသည်။

သုံးပြည်ထောင်ခေတ်မှ ကျူးကဲခုန်မင်၏ရုပ်ခန္ဓဦက နတ်မျိုးနွယ်ကျင့်စဉ်များကို ကျင့်ကြံနိုင်သည့် ရုပ်ခန္ဓာမျိုး မဟုတ်ခဲ့ပေ။ မဟုတ်ပါက သူ့အနေဖြင့် ဝူကျန်းလွင်ပြင်တွင် နာမကျန်းဖြစ်ပြီး သေဆုံးသွားစရာ အကြောင်းမရှိပေ။

ယခု ခုန်မင်ရရှိထားသော ခန္ဓာကိုယ်က သုံးပြည်ထောင်ခေတ် ကျူးကဲခုန်မင်ဘဝ ရုပ်ခန္ဓဦထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။

ဟုတ်ပေ၏။

ဤသည်က ဒြပ်စင်စွမ်းအား ကျင့်ကြံခြင်းကြောင့်ဖြစ်သလို ထျန်းယွမ်ကုန်းမြေမှ လူသားများက ကျူးကဲခုန်မင်လာရောက်ခဲ့သော ကမ္ဘာမြေမှ လူသားများထက် ပိုမိုသန်မာကြသောကြောင့် ဖြစ်သည်။

သိုင်းပညာအရ ပြောမည်ဆိုလျှင်လည်း ယခု ဒြပ်စင်စွမ်းအားကျင့်ကြံသူ ခုန်မင်လေးက သုံးပြည်ထောင်ခေတ်မှ ခုန်မင်ထက် အဆပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး အားကောင်းလေသည်။

သူ၏လက်ရှိရုပ်ခန္ဓာက အရင်ကနှင့် လုံးဝမတူကွဲပြားကြောင်း ခုန်မင် အာရုံခံနိုင်သည်။ မယုံကြည်နိုင်စရာ စွမ်းအားကြီးမားလှသည်ဟုပင် ဆိုနိုင်ပေ၏။

သို့သော် ခုန်မင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်စွမ်းအားက ဒြပ်စင်စွမ်းအားတစ်ခုတည်း မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသော ထူးဆန်းသည့် အခြားစွမ်းအားတစ်ခု ရှိနေသေးသည်။

သူ၏ကိုယ်တွင်းသို့ အာရုံခံကြည့်လိုက်သည်နှင့် ခန္ဓာကိုယ်ထဲတွင် ဖြည်းညင်းစွာ စီးဆင်းနေသော ခရမ်းရောင်တောက်ပသည့် အလင်းစွမ်းအားတစ်ခုကို အာရုံခံနိုင်သည်။

ထိုအလင်းရောင်က မည်သို့သော တည်ရှိမှုဖြစ်ကြောင်း ခုန်မင် မသိရှိပေ။ သို့သော် ဤ ခရမ်းရောင်အလင်းတန်းက စကြာဝဠာအဝေးရှိ ကြယ်စင်များဆီမှ ထူးဆန်းသည့် စွမ်းအားအချို့ကိုစုပ်ယူပြီး သူ့ကို ပိုမိုသန်မာစေကြောင်း ခံစားမိသည်။

ဤထူးခြားသောစွမ်းအားက ဒြပ်စင်စွမ်းအားမဟုတ်ပေ။ ဒြပ်စင်စွမ်းအားထက် ထင်ရှားသည်ဟုပင် ပြော၍ရသည်။ ထိုစွမ်းအားနှင့် ဒြပ်စင်စွမ်းအားက လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်သည်။

သို့သော် ဤစွမ်းအား (၂)ခုက ခုန်မင်၏ ခန္ဓာကိုယ်ထဲတွင် အတူတကွ တည်ရှိနေကြပြီး တစ်ခုနှင့်တစ်ခု ခွဲခြားမရသည့် အနေအထား ဖြစ်သည်။

ပြောရမည်ဆိုလျှင် ထို လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားနှင့် ဒြပ်စင်စွမ်းအားတို့၏ တစ်ခုတည်းသော တူညီသည့်အရာမှာ နှစ်ခုလုံးက ခုန်မင်ကို အလွန်တရာ အစွမ်းထက်မြက်အောင် ပြုလုပ်ပေးနေခြင်းပင်ဖြစ်သည်။

ခုမင်က ဒြပ်စင်စွမ်းအားကို အာရုံခံကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကိုလည်း အာရုံခံကြည့်လိုက်သည်။

ထိုစွမ်းအားကို သူ မည်သို့ထိန်းချုပ်နိုင်မည်လဲ သိရှိရန် စမ်းသပ်ကြည့်ချင်မိသည်။

လျှို့ဝှက်ဆန်းကျယ်သောစွမ်းအား မွေးဖွားလာရသည့်အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်းမှ ခရမ်းရောင်အလင်းမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ထို လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားက စုပ်ယူထားသော စွမ်းအင်မှာ စကြာဝဠာအတွင်းမှ ကြယ်စင်များမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ခုန်မင် အာရုံခံမိသည်။

ယခု ညက အပြည့်အဝ မှောင်မိုက်သွားပြီ ဖြစ်သည်။

ခဏမျှစဉ်းစားပြီးနောက် ခုန်မင် မတ်တတ်ရပ်လိုက်ပြီး ပြတင်းတံခါးကိုဖွင့်ကာ ညကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။

ခုန်မင်က နက္ခတ်ဗေဒပညာနှင့် ပထဝီဝင်ပညာတွင် အလွန်ကျွမ်းကျင်သည်။

သူ့အတွက်တော့ ညကောင်းကင်ယံကိုလေ့လာခြင်းက သုံးပြည်ထောင်ခေတ််တွင် ညတိုင်းပြုလုပ်သည့် အလေ့အထတစ်ခု ဖြစ်သည်။

သူက အမျိုးမျိုးသော ကြယ်စင်နက္ခတ်များစွာနှင့် ရင်းနှီးသလို ကြယ်စင်နက္ခတ်ဖွဲ့စည်းပုံများကိုလည်း နားလည်ခဲ့သည်။

သိုသော် စကြာဝဠာကိုဖြတ်ကျော်ခရီးနှင်လာပြီးနောက် ဂြိုဟ်အသီးသီး၏ ကြယ်စင်ကောင်းကင်က တစ်ဂြိုဟ်နှင့်တစ်ဂြိုဟ်မတူညီကြောင်း ခုန်မင် သဘောပေါက်နားလည်ခဲ့ရသည်။

ညကောင်းကင်သို့ခေါင်းမော့ကြည့်လိုက်မည်ဆိုလျှင် မတူညီသည့်ဂြိုဟ်များတွင် မတူညီသည့် နဂါးငွေ့တန်းများ ၊ ကြယ်စင်ကောင်းကင်အသွင်အပြင်များက အပြည့်အဝပင် ခြားနားလွန်းသည်။

ဤအချက်ကို ခုန်မင်နားလည်သဘောပေါက်သည်မှာ ကြာခဲ့ပြီပင်။

ခုန်မင်၏ လက်ရှိအသိပညာနှင့်ဆိုလျှင် ကြယ်စင်ကောင်းကင်ကိုကြည့်လိုက်သည်နှင့် စကြာဝဠာထဲတွင် ထျန်းယွမ်ကုန်းမြေ၏အနေအထား မည်သို့ရှိမည် ၊ ပတ်ဝန်းကျင်တွင် မည်သို့သော နဂါးငွေ့တန်းလှည့်ပတ်နေသည်ကို ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်။

ဤနည်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်တန်ခိုးစွမ်းအား မည်သည့်နေရာမှ ရောက်ရှိလာကြောင်း သုံးသပ်နိုင်သည်။ ထိုစွမ်းအားက မည်သည့်စကြာဝဠာမှ မြစ်ဖျားခံလာကြောင်းကိုလည်း သိရှိပေသည်။

သို့သော် ပြတင်းတံခါးကိုဖွင့်လိုက်ပြီး ကြယ်စင်ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်မိသည်နှင့် ခုန်မင် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်ကုန်းမြေ၏ ညကောင်းကင်ထက်တွင် ကြယ်စင်အနည်းငယ်သာလျှင် ရှိသောကြောင့် ဖြစ်လေ၏။

‘ခုန်မင်’ လေး၏ ကလေးဘဝမှတ်ဉာဏ်များအရ ထျန်းယွမ်ကုန်းမြေတွင် ‘လ’ မရှိကြောင်း ကျူးကဲခုန်မင် သိရှိထားပြီး ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေ၏ အပြင်ဘက်အာကာသတွင် လဖြစ်လာရန် သင့်တော်သည့် အရံဂြိုဟ်မရှိသောကြောင့် လမရှိသည်ကို နားလည်ရန် မခက်ခဲပေ။

သို့သော် ထျန်းယွမ်ကုန်းမြေ၏ ကြယ်စင်ကောင်းကင်ကို မျက်ဝါးထင်ထင် ကြည့်မြင်ပြီးသည့်အခါ ခုန်မင်စိတ်ထဲ အနည်းငယ် မယုံကြည်နိုင်သလို ခံစားရသည်။

ယခု ခုန်မင်၏အမြင်အာရုံက အလွန်ထူးခြားကောင်းမွန်သည်ဟု ဆိုနိုင်သည်။ သို့သော် ညကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ကြယ်စင် (၁၂)ခုမျှကိုသာ တွေ့လိုက်ရသည်။

ထိုသို့ ကြယ်စင်အနည်းငယ်ကိုသာ တွေ့မြင်ရခြင်းအကြောင်းရင်းမှာ ကြယ်စင်များ၏ တောက်ပမှုကြောင့်မဟုတ်ဘဲ ညကောင်းကင်ယံတွင် အမှန်တကယ်ပင် ကြယ်စင် (၁၂)ခုသာ ရှိသောကြာင့် ဖြစ်သည်။

ဤသို့သောဖြစ်စဉ်က ဖြစ်လာစရာအကြောင်းမရှိပေ။ အကြောင်းမှာ စကြာဝဠာ မည်သည့်နေရာပင်ဖြစ်ပါစေ ကမ္ဘာတစ်ခု၏ အနီးပတ်ဝန်းကျင်မှကြယ်စင်များ ဤမျှနည်းပါးနေသည်မှာ မဖြစ်သင့်သည့်ကိစ္စ ဖြစ်၏။

ဖြစ်နိုင်ခြေတစ်ခုရှိသည်မှာ ထျန်းယွမ်ကုန်းမြေက စကြာဝဠာထဲရှိ ထူးခြားသောအာကာသထဲတွင် တည်ရှိသောကြောင့် ဖြစ်နိုင်သည်။

စကြာဝဠာအစွန်း ထောင့်တစ်နေရာဖြစ်နိုင်သလို အခြားသော နဂါးငွေ့တန်းများ ပတ်ဝန်းကျင်တွင် မရှိသဖြင့် ကြယ်စင်အနည်းငယ်သာ ကောင်းကင်ထက်တွင် ရှိနေခြင်း ဖြစ်နိုင်သည်။

ခုန်မင်လေး၏ မှတ်ဉာဏ်ထဲတွင် ကြယ်စင်ကောင်းကင်နှင့်ဆက်စပ်နေသည့်အရာ ဘာမှမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

ညကောင်းကင်တွင် ကြယ်စင် (၁၂)စင်းမျှသာရှိသည်ဖြစ်ရာ များပြားလှစွာသောကြယ်စင်ကောင်းကင်ကြီး၏သဘောတရားက သာမန်လူများအမြင်တွင် ပေါ်ပေါက်နိုင်မည် မဟုတ်ပေ။

သို့သော် ဤမျှ ကြယ်စင်နည်းပါးနေသဖြင့် ထူးခြားသောကောင်းကင်ပြင်သည် ခုန်မင်အား လုံလောက်သော လှုံ့ဆော်မှု ပေးနိုင်ပါသေးသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်တွင်းမှ လျှို့ဝှက်ဆန်းကျယ်သောစွမ်းအား အရင်းအမြစ်မှာ မည်သည့်ကြယ်မှ ဆင်းသက်လာကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံမိသောကြောင့် ဖြစ်၏။

ကောင်းကင်ထက်တွင် ကြယ်စင်အနည်းငယ်သာရှိသော်လည်း ကြယ်စင်တစ်ခု၏ အနေအထားက ခုန်မင်နှင့်အလွန်ရင်းနှီးနေပြီး မျက်စိမှိတ်ထားမည်ဆိုလျှင်တောင် ထိုကြယ်စင်မည်သည့်နေရာတွင်ရှိကြောင်း တစ်ချက်မမှားဘဲ အလွတ်ပြောနိုင်လေသည်။

ထိုကြယ်စင်၏ အမည်က ‘ထျန်းစူး’ ဖြစ်၏။

“ထျန်းစူးကြယ်စင်”...။

ခုနစ်စဉ်ကြယ်၏နာမည်ကျော် ပထမဆုံး ကြယ်ပွင့်။

ညကောင်းကင်ယံကိုစောင့်ကြည့်ကြသည့် နက္ခတ်ပညာရှင်တိုင်း ထိုကြယ်စင်ကို မသိသူမရှိကြပေ။ သို့ဖြစ်ရာ ခုန်မင်အတွက်လည်း အမှားမရှိနိုင်ပေ။

သို့သော် ထူးဆန်းသည်မှာ ထျန်းယွမ်ကုန်းမြေ၏ ညကောင်းကင်တွင် အဘယ်ကြောင့် ‘ထျန်းစူး’ ကြယ်စင် တည်ရှိနေရပါသနည်း။ ထျန်းစူးကြယ်စင်က အမှန်တကယ်ပင် သူ၏တည်နေရာမှန်တွင် တည်ရှိနေခြင်း ဖြစ်၏။

သုံးပြည်ထောင်ခေတ်တည်ရှိရာ ကမ္ဘာမြေနှင့် ထျန်းယွမ်ကုန်းမြေက စကြာဝဠာထဲတွင် မတူညီသည့်နေရာနျစ်ခုတွင် တည်ရှိကြသည်ဖြစ်ရာ သူတို့၏ကြယ်စင်ကောင်းကင်သည်လည်း လုံးဝ မတူညီစွာကွဲပြားသည်။

ယခု ထျန်းစူးကြယ်စင်က မတူညီသောကမ္ဘာနှစ်ခုလုံးတွင် တူညီသည့်တည်နေရာဖြင့် ရှိနေသော ကြယ်စင်တစ်စင်းဖြစ်နေသည်ဆိုလျှင် အလွန်တရာ တိုက်ဆိုင်လှသည်ဟု ဆိုနိုင်သည်။

ထို့ပြင် ထျန်းယွမ်ကုန်းမြေ၏ကောင်းကင်ယံမှ အခြားသောကြယ်စင်များ၏တည်နေရာများမှာ ကမ္ဘာမြေပေါ်ရှိ မည်သည့်ကြယ်စင်နှင့်မှ ထပ်တူညီစွာ ကိုက်ညီခြင်း မရှိပေ။

သို့ဖြစ်ရာ ထျန်းယွမ်ကုန်းမြေနှင့် ကမ္ဘာမြေကြီးကြားတွင် ဦးတည်ရာတူညီသော ထျန်းစူးကြယ်စင်တစ်ခုတည်းသာ တည်ရှိနေပြီး ၊ ပိုမိုထူးဆန်းသည်မှာ ခုန်မင်၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားရင်းမြစ်မှာ ထိုထျန်းစူးကြယ်မှ ဆင်းသက်လာခြင်း ဖြစ်နေပေသည်။

ဤဖြစ်ရပ်က အမှန်တကယ်ပင် တိုက်ဆိုင်မှုတစ်ခု ဟုတ်ပါရဲ့လား။

ထိုအချိန်...

ထျန်းယွမ်ကုန်းမြေ၏ အလယ်ဗဟိုတွင် တည်ရှိသော ‘ယွမ်ကျိုး’ နယ်ရှိ အဖြူရောင်မျှော်စင်ကြီးထက်တွင် လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဓာတ်ဖန်လုံးတစ်ခု ရှိနေသည်ကို ခုန်မင် မသိရှိခဲ့ပေ။

ထို ဓာတ်ဖန်လုံးထဲတွင်ရှိနေသော ကြယ်စင်ကောင်းကင်တွင် အလင်းရောင်တစ်ချက်တောက်ပလာပြီး ‘ထျန်းစူးကြယ်စင်’ တည်ရှိရာနေရာတွင် အသစ်သောကြယ်စင်တစ်စင်းမွေးဖွားလာသည်ကို တွေ့မြင်ရမည်ဖြစ်လေသည်။

All Chapters