သိုင်းကျင့်ကြံခြင်းပညာရပ်အဆင့်များ
Vol. 1 Ch. 10
ခုန်မင် ကြယ်စင်ကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်ရင်း ကောင်းကင်ထက်မှ ကြယ်စင်ရောင်များ အလွန်အားနည်းသည်ကို အာရုံခံမိခဲ့သည်။
သို့သော် ထျန်းစူးကြယ်စင်မှ ကြယ်ရောင်အလင်းကတော့ ထူးဆန်းသောပြောင်းလဲမှုအချို့ ကြုံတွေ့ခဲ့သည့် ခုန်မင်၏ခန္ဓာကိုယ်နှင့် ဆန်းကြယ်စွာ ဆက်နွယ်နေပြီး ထိုကြယ်စင်မှစွမ်းအားများက ခုန်မင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။
ဤ ထူးဆန်းသောခံစားမှုက မိုးမြေတစ်ခွင်မှ ယွမ်စွမ်းအားများကို ခန္ဓာကိုယ်ထဲ စုပ်ယူခြင်းထက်ပင် ပိုမိုကောင်းမွန်သေးသည်။
သုံးပြည်ထောင်ခေတ်မှ ရောက်ရှိလာသော ‘ကျူးကဲခုန်မင်’ ၏ ဝိညာဉ်က ခရမ်းရောင်လျှပ်စီးဖြင့် သန့်စင်ခံထားရသည်ဖြစ်ရာ သူ၏စိတ်စွမ်းအားက ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်နေသည်။
ထိုခဏတွင် ခုန်မင်၏စိတ်ထဲ၌ ထူးဆန်းမှုတစ်ခု ခံစားလိုက်ရသည်။
သုံးပြည်ထောင်ခေတ်တွင် ခုန်မင်က ခုနစ်စဉ်ကြယ်၏ ကြယ်စင်စွမ်းအားကိုအသုံးပြုကာ မိုးကောင်းကင်ကိုအံတုပြီး ကံကြမ္မာကိုပြောင်းလဲကာ အသက်ဆက်လက်ရှင်သန်နိုင်ရန် ‘ချီမန်’ အစီအရင်တစ်ခု ပြုလုပ်ခဲ့သည်။
သူ၏အစီအစဉ်မအောင်မြင်ဘဲ သူ၏ဝိညာဉ်က ခရမ်းရောင်လျှပ်စီးကြောင်း၏ စုပ်ယူခြင်းခံလိုက်ရကာ ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးစားလာသည့် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။
ကျူးကဲခုန်မင် ပြန်လည်မွေးဖွားရန်အတွက် ဝင်ရောက်ခွင့်ရခဲ့သော ခန္ဓာကိုယ်ပိုင်ရှင်လူငယ်လေး၏အမည်မှာလည်း ‘ခုန်မင်’ ပင် ဖြစ်သည်။ ယခု ခုန်မင်ကို ထူးထူးဆန်းဆန်းခံစားရစေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသည် ထျန်းယွမ်ကုန်းမြေတွင် ရှိမနေသင့်သော ထျန်းစူးကြယ်စင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ခုနစ်စဉ်ကြယ်...။
တူညီသည့်အမည်ဖြင့် ပြန်လည်မွေးဖွားလာမှု...။
ထူးဆန်းသော လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးစွမ်းအား...။
ဤ မယုံကြည်နိုင်စရာကောင်းသော ကိစ္စရပ်များအားလုံးက အမှန်တကယ်ပင် မိုးနတ်မင်း၏ မှန်းဆမရသော အလိုတော်သာ ဖြစ်သလော သို့မဟုတ် ဤအရာအားလုံးကို လျှို့ဝှက်စွာခြယ်လှယ်နေသော မမြင်နိုင်သည့်လက်တစ်စုံ နောက်ကွယ်တွင် ရှိနေသည်လား။
‘ကျူးကဲခုန်မင်’ က အမြဲတမ်း စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ပင်။
ရှူဟန့်တိုင်းပြည်က အားနည်းနေသည့်တိုင် အင်အားကြီးမားသော ချောင်ဝေ့တိုင်းပြည်ကို တိုက်ခိုက်ရဲသည်ဆိုကတည်းက ‘ကျူးကဲလျန့်’ ၏ မိုးကောင်းကင်ကိုပင်ဆန့်ကျင်ရဲသည့် သတ္တိကို ပြသနေသည်။
သို့သော် ယခုတော့ ခုန်မင် ကြောက်ရွံ့မှုကို ခံစားနေရသည်။
ခုန်မင်က မည်မျှပင် ဉာဏ်ရည်ထက်မြက်ပြီး အသိဉာဏ်ကြွယ်ဝသူဖြစ်ပါစေ မိမိမျှော်မှန်းနိုင်သည်ထက် ကျော်လွန်သွားသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ စိတ်မသက်မသာခံစားရသည်မှာ သဘာဝပင်။
ထို့ပြင် ခုန်မင်ကို ပိုပြီးစိတ်ပျက်စေသည့်အချက်မှာ ထူးဆန်းသော စွမ်းအားက ထျန်းစူးကြယ်စင်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သိရှိသည့်တိုင် ထို လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
လက်ရှိမှာတော့ ခုန်မင်က ယခင်က တစ်ခါမှမကြုံဘူးသော ဒြပ်စင်စွမ်းအားနှင့် ထူးဆန်းသောစွမ်းအားကို ပိုင်ဆိုင်ထားပြိး ထိုစွမ်းအားနှစ်ခုတည်ရှိမှုကြောင့် လက်ရှိခုန်မင်က အရင်ကခုန်မင်ထက် စိတ်ကူးမရနိုင်လောက်အောင် တန်ခိုးစွမ်းအားများ ကြီးမားနေခဲ့သည်။
သို့သော် ဤစွမ်းအားနှစ်ခုတွင် တစ်ခုကထိန်းချုပ်၍ရနိုင်ပြီး ကျန်တစ်ခုကတော့ ထိန်းချုပ်၍ မရနိုင်ပေ။
ခုန်ကျွင်းက ခုန်မင်၏ခန္ဓာကိုယ်အား စစ်ဆေးကြည့်ခဲ့သော်လည်း ဒြပ်စင်စွမ်းအားကိုသာ အာရုံခံမိပြီး လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားကိုတော့ အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။
ကြည့်ရသည်မှာ ခုန်မင်ကိုယ်တိုင်မှလွဲပြီး အခြားသူများက သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အာရုံခံနိုင်ခြင်း ရှိဟန်မတူပေ။
ဤ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို ခန္ဓာကိုယ်ထဲတွင် ပိုင်ဆိုင်ထားသော်လည်း ထိုစွမ်းအားကို အသုံးမချနိုင်သည်မှာ နှမျောစရာပင် ဖြစ်သည်။ ယခုအချိန်မှာတော့ ခုန်မင်အတွက် ဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်ခြင်းကပင် ရှားပါးသော အတွေ့အကြုံတစ်ခု ဖြစ်နေပေပြီ။
ထို့ပြင် ခုန်မင်လေး၏ ငယ်ဘဝအမှတ်တရများမှတစ်ဆင့် ကျူးကဲခုန်မင်သည်လည်း ထျန်းယွမ်ကုန်းမြေအကြောင်းကို အကြမ်းဖျင်း နားလည်ထားသည်။
ထျန်းယွမ်ကုန်းမြေမှလူအများ ယုံကြည်ကြသည့် အခြေခံအကျဆုံး ဥပဒေသကို စကားတစ်ခွန်းဖြင့် ဖော်ကျူးနိုင်သည်။
“စွမ်းအားကြီးသူကို လေးစားမည်”
ဒြပ်စင်စွမ်းအား၏တည်ရှိမှုကြောင့် လူ့အဖွဲ့အစည်းတွင် ကျင့်ကြံသူများက သာမန်လူများထက် များစွာ အဆင့်အတန်းပိုမိုမြင့်မားကြသည်။
‘ခုန်’ အိမ်တော်ကိုပင် ဥပမာကြည့်ရပေမည်။
ခွန်းကာမြို့ ‘ခုန်’ အိမ်တော်မှ “ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်” ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာမည်ဆိုပါက သူတို့မိသားစုအနေဖြင့် ဂုဏ်သိက္ခာအပြည့်ဖြင့် ပင်မ ‘ခုန်’ အိမ်တော်သို့ ပြန်လည်ပေါင်းစည်းနိုင်ပေမည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် တန်ခိုးစွမ်းအားမြင့်မားခြင်း၏ အဖိုးတန်ပုံနှင့် အရေးပါပုံကို သက်သေပြနေသည်။
တန်ခိုးစွမ်းအားကြီးမားလေ လူအများလေးစားထိုက်သော သြဇာအာဏာကို ကိုယ်စားပြုလေ ဖြစ်သည်။
အနည်းဆုံး “ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်” ကျင့်ကြံသူတစ်ယောက်မရှိဘဲ အိမ်တော်တစ်ခု တည်ထောင်နိုင်မည် မဟုတ်သလို တည်ထောင်ပြီးသားအိမ်တော်သည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းသွားမည် ဖြစ်သည်။
လူသိများခြင်းမရှိသော သာမနမိသားစုလေးတစ်စုသည်လည်း “ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်” တန်ခိုးစွမ်းအားရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ပါက ထိုမိသားစု တဖြည်းဖြည်းမြင့်တက်လာပြီး အင်အားကြီးမားလာပေလိမ့်မည်။
‘ခုန်’ အိမ်တော်ကဲ့သို့ ထိပ်တန်းအဆင့် အိမ်တော်တစ်ခုဆိုလျှင်တော့ “ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်” တန်ခိုးစွမ်းအားရှင်တစ်ယောက်က ဦးဆောင်မှသာလျှင် အဆင်ပြေပေလိမ့်မည်။ မဟုတ်ပါက အခြားသူများရှေ့တွင် အရှက်တကွဲအကျိုးနည်းစရာ ဖြစ်ပေမည်။
“စွမ်းအားကြီးသူကို လေးစားမည်”
ဤသည်က ထျန်းယွမ်ကုန်းမြေတည်ရှိသော ကမ္ဘာတွင် သံမဏိစည်းမျဉ်းဖြစ်သည်။
ကျူးကဲခုန်မင်က ဘယ်သောအခါမှ အလျှော့ပေးတတ်သူ မဟုတ်ပေ။
ယခု သူက အခြားကမ္ဘာတွင် ပြန်လည်မွေးဖွားလာပြီဖြစ်ရာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် အောင်မြင်မှုမျိုး မရရှိပါက “ကျူးကဲခုန်မင်” ဆိုသော သူ၏အမည် သိက္ခာကျပေလိမ့်မည်။
ခွန်းကာမြို့ ၊ ‘ခုန်’ အိမ်တော်မှ ခုန်မင်လေးက ယခင်တစ်ချိန်က ပါရမီရှင်တစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ၊ ယခုအချိန်မှာတော့ ကမ္ဘာမြေမှ ပညာဉာဏ်အကြီးဆုံး စစ်ရေးဗျူဟာပညာရှင် ‘အိပ်ပျော်နေသည့်နဂါး’ “ကျူးကဲလျန့်” က သူ၏ခန္ဓာကိုယ်အား ရယူလိုက်ပြီဖြစ်ရာ ဤပါရမီရှင်၏နာမည်က ပို၍ပင် ပဲ့တင်ထပ် ကျယ်လောင်လာစေတော့မည်ပင်။
မဟုတ်ပါက အဘယ်မှာ ‘ခုန်မင်’ ဟုတ်ပါတော့မည်နည်း။
အားလုံးသိကြသည့်အတိုင်း ခုန်မင်က ပြိုင်ဘက်ကင်းပါရမီရှင် ပညာရှိတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ယခု ခုန်မင်က ဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်ပြီဖြစ်ရာ ပိုမိုသန်မာသူတစ်ယောက်ဖြစ်လာပြီး ယခင်က ခွန်းကာမြို့တွင် လောကပထမ ပါရမီရှင် ကျင့်ကြံသူဆိုသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည် ဖြစ်သည်။
ခုန်မင် ကျင့်ကြံသည့် ကျင့်စဉ်မှာ ‘ခုန်’ အိမ်တော်၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ဖြစ်သည်။
ဤကျင့်စဉ်က ‘ခုန်’ မျိုးနွယ်များ၏ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” တွင် တစ်ခုအပါအဝင်ဖြစ်သော “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုသိုင်းပညာရပ်က သစ်သားဒြပ်စင်နှင့်သက်ဆိုင်သော ပညာရပ်တစ်ခု ဖြစ်၏။
ထိုကျဉ့်စဉ်က “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်”လောက် အစွမ်းထက်ခြင်းမရှိသော်လည်း ၎င်းကို ယေယူယျအဆင့် ကောင်းမွန်သည့် ကျင့်စဉ်တစ်ခုအဖြစ်မှတ်ယူနိုင်ပြီး သာမန်အိမ်တော်များ ပိုင်ဆိုင်နိုင်သောကျင့်စဉ်မဟုတ်သည်မှာ သေချာသည်။
ထျန်းယွမ်ကုန်းမြေတွင် ကျင့်စဉ်တစ်ခု၏ စွမ်းရည်နှင့် အရည်အချင်းများကိုလည်း အဆင့်အတန်းများ ခွဲခြားသတ်မှတ်ထားသေးသည်။
‘ခုန်’ မျိုးနွယ်များ၏ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” တွင် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ် ၊ ထက်ရှသတ္တုဒြပ်စင်ကျင့်စဉ် ၊ ပျော့ပြောင်းရေလွှာဒြပ်စင်ကျင့်စဉ် ၊ လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ် ၊ အသင်္ချေမြေကမ္ဘာဒြပ်စင်ကျင့်စဉ် တို့ပါဝင်သည်။
ထို ကျင့်စဉ် (၅)ခုလုံးကို တစ်သားတည်းပေါင်းစပ်ကျင့်ကြံမည်ဆိုပါက လူတစ်ယောက်အနေဖြင့် ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားများကို ရရှိမည် ဖြစ်သည်။
ထိုကျင့်စဉ်က သေချာပေါက် ချန်နန်တိုင်းပြည်၏ ထိပ်တန်းကျင့်စဉ်များထဲမှတစ်ခု ဖြစ်သည်။
ယခု ခုန်မင်ရှိနေသည့် ‘ခုန်’ အိမ်တော်အခွဲမှာ ခုန်မင်၏ ဘေးတော်၏မျိုးဆက်မှ မြစ်ဖျားခံဆင်းသက်လာခြင်း ဖြစ်၏။
သူ၏ ဘေးတော်ဖြစ်သူက မူလ ‘ခုန်’ အိမ်တော်၏ တိုက်ရိုက်အဆက်အနွယ် မဟုတ်သဖြင့် သူ့အနေဖြင့် “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို ကျင့်ကြံရန် အရာမဝင်ခဲ့ပေ။
ထို့ကြောင့် ပင်မ ‘ခုန်’ အိမ်တော်က သူ၏ရုပ်ခန္ဓာဖြင့်လိုက်ဖက်သော ပြီးပြည့်စုံခြင်းမရှိသည့် “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” ကိုသာ လက်ဆင့်ကမ်းပေးခဲ့သည်။
ကံကောင်းသည်မှာ ထို ဘေးတော်က ကျင့်ကြံခြင်းတွင် အတော်လေး ပါရမီရှိသည်ဖြစ်ရာ “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” ကို အခြေခံပြီး ကိုယ်ပိုင်ကျင့်စဉ်တစ်ခုဖြစ်သော “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ကို တီထွင်ခဲ့သည်။
နောက်ဆုံး သူက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏အရည်အချင်းများကို ပြသနိုင်ခဲ့ကာ ခွန်းကာမြို့ ‘ခုန်’ အိမ်တော်ကို တည်ထောင်ပြီး အခြေချနိုင်ခဲ့သည်။
ထို့ကြောင့် “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” က သာမန်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သော်လည်း ခွန်းကာမြို့မှ ‘ခုန်’ အိမ်တော်၏ လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့သည်။
“လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” က ပင်မ ‘ခုန်’ အိမ်တော်၏ ပြီးပြည့်စုံခြင်းမရှိသော ‘စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ ကို အခြေခံပြီး ပြောင်းလဲထားခြင်းဖြစ်လေရာ ‘စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ အစစ်အမှန်နှင့် နှိုင်းယှဉ်မရနိုင်ပေ။
သို့သော် “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” တွင် ကိုယ်ပိုင်ထူးခြားချက် ရှိလေသည်။ ဆိုလိုသည်မှာ ထိုကျင့်စဉ်၏ တိုက်ခိုက်မှုစွမ်းအားက သာမန် သစ်သားဒြပ်စင်ကျ့်စဉ်များထက် အစပေါင်းများစွာသာလွန်လေသည်။
ထို့ကြောင့်လည်း “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ဟု အမည်တွင်ခြင်း ဖြစ်၏။
ရှေးရိုး သစ်သားဒြပ်စင်ကျင့်စဉ်များက ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်းအစွမ်းသာရှိကြောင်း လူတိုင်း သိရှိကြသည်။
ဒြပ်စင်ငါးပါးတွင် သစ်သားဒြပ်စင်က တိုက်ခိုက်မှုစွမ်းအား အားအနည်းဆုံးဟု ဆိုနိုင်သည်။
“လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” က သစ်သားဒြပ်စင်၏ စွမ်းအင်သတ်မှတ်ချက်ဖြစ်သော ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်း အစွမ်းသတ္တိမှခွဲထွက်ကာ အလွန်ကောင်းမွန်သော ရလဒ်ကို ရရှိစေသည့် တိုက်ခိုက်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။
“လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ထွက်ပေါ်လာသည့်အချိန်မှစတင်ပြီး ထိုကျင့်စဉ်က ယေဘူယျသစ်သားကျင့်စဉ်များ၏ တိုက်ခိုက်ရေးစွမ်းအားတွင် ပထမအဆင့်ဖြစ်သည်ဟု ဆိုနိုင်သည်။
လက်ဆင့်ကမ်းလာသော ဤကျင့်စဉ်ပေါ်တွင် ခွန်းကာမြို့ ‘ခုန်’ အိမ်တော်က မှီခိုနေပြီး ခွန်းကာမြို့တွင် အနေအထားတစ်ခုဖြင့် တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သည်။
ခုန်မင်၏ ခန္ဓာကိုယ်က နဂိုမူလကပင် အလွန်ထူးခြားသော ‘သစ်သားဒြပ်စင်’ အခြေခံသော ရုပ်ခန္ဓာ ဖြစ်သည်။
ထို့ကြောင့် သူ၏ ရှားပါးသော ကျင့်ကြံခြင်းပါရမီစွမ်းရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” ကိုကျင့်ကြံရာတွင် လျှင်မြန်စွာ တိုးတက်မှု ရရှိခဲ့လေသည်။
ခုန်မင်အနေဖြင့် အသက် (၁၈)နှစ်မပြည့်ခင် ‘ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်’ ရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် ပင်မ ‘ခုန်’ အိမ်တော်၏ စိတ်ဝင်စားမှုကို သေချာပေါက် ရရှိမည်ပင်။
ထိုသို့ဖြစ်လာပါက ပင်မ ‘ခုန်’ အိမ်တော်၏ တပည့်တစ်ယောက်ဖြစ်လာပြီး ပိုမိုမြင့်မားသော ကျင့်စဉ်များကို သင်ယူခွင့်ရရှိမည်ဖြစ်ပြီး “ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်” သို့ တက်ရောက်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။