နတ်မျိုးနွယ်ကျင့်စဉ်
Vol. 1 Ch. 11
ညက မှောင်မိုက်နေပြီ ဖြစ်သည်။
ခုန်မင်ကတော့ အခန်းထဲတွင် ငြိမ်သက်စွာထိုင်ရင်း “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” စွမ်းအားကို လျှို့ဝှက်စွာ လှည့်ပတ်လိုက်သည်။
ထိုကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများက ဒီရေအလား မြင့်တက်လာကြောင်း ခုန်မင် ခံစားလိုက်ရသည်။ ထို့နောက် အလွန်ဖျတ်လတ်စွာဖြင့် သူ၏ခန္ဓာကိုယ် သွေးကြောဆုံချက်များတစ်လျှောက် စီးဆင်းဝင်ရောက်သွားတော့သည်။
ယေဘူယျပြောရလျှင် သစ်သားဒြပစ်စင်ပုံစံ ကျင့်စဉ်များက တည်ငြိမ်ပြီး ပြင်းထန်သည်။ သဘာဝတရားကိုအာရုံစိုက်ပြီး ငြိမ်းချမ်းရှိသည်။ စွမ်းအားအသုံးပြုရာတွင် အလွန်အကျွံ ပြုလုပ်နိုင်ခြင်း မည်သည့်အခါမှ မရှိပေ။
သို့သော် “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” က အလွန်ထူးခြားသော သစ်သားဒြပ်စင်အခြေခံ ကျင့်စဉ်ဖြစ်သည်။ ဒြပ်စင်စွမ်းအားကိုလှည့်ပတ်လိုက်သည်နှင့် မီးဒြပ်စင်အခြေခံကျင့်စဉ်တစ်ခုပမာ ပြင်းထန်စွာ တုံ့ပြန်တတ်သည်။
ဒြပ်စင်စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် ရသတ္တပတ်များစွာကြာအောင် လှည့်ပတ်နေသည်ဖြစ်ရာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ပြင်ပသို့စွန့်ထုတ်မပစ်ပါက ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည်ဟု ခုန်မင် ခံစားလာရသည်။
ထို့ကြောင့် ပင့်သက်တစ်ချက်ချလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ အခန်းထဲမှ စားပွဲဝိုင်းအား လက်ဝါးဖြင့်ရိုက်ချရန် လက်ကိုပင့်မြှောက်လိုက်၏။
ခုန်မင်၏လက်ဖဝါးဆီမှ အစိမ်းရောင်ချီစွမ်းအားတစ်ခုထွက်ပေါ်လာပြီး စားပွဲဝိုင်းထက်တွင် လှိုင်းလုံးများပမာ ပျံ့နှံ့သွားကာ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ခုန်မင် သူ၏လက်ဖဝါးကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ စားပွဲဝိုင်းကိုကြည့်ရင်း ညင်သာစွာလေဖြင့် မှုတ်ထုတ်လိုက်သည်။
သူ လေဖြင့်မှုတ်လိုက်သည်နှင့် စားပွဲဝိုင်းမျက်နှာပြင်က ချက်ချင်းပင် ဆွေးမြေ့ခြောက်သွေ့သွားကာ မီးခိုးဖြူရောင်ပြာမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်ထက်သို့ လွင့်စင်ကျဆင်းသွားသည်။ စားပွဲကို ထောက်ပံ့ပေးထားသည့် ခြေထောက်(၄)ချောင်းသာလျှင် နဂိုအတိုင်းကျန်ရှိခဲ့တော့၏။
ခုန်မင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သူ၏ လက်ဖဝါးမှထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားက အမှန်တကယ်ပင် ထူးခြားလှသည်။
‘လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်’ က သစ်သားဒြပ်စင်ကျင့်စဉ်များကြားတွင် တိုက်ခိုက်ရေးစွမ်းအား နံပါတ်(၁)ဟု ခေါ်ဆိုထိုက်၏။
သစ်သားဒြပ်စင်ကျင့်စဉ်တစ်ခုဖြစ်သော်လည်း ဒြပ်စင်စွမ်းအား အနည်းငယ်မျှ ထုတ်လွှတ်လိုက်သည်နှင့် ပြင်းထန်သော တိုက်ခိုက်စွမ်းအားထွက်ပေါ်လာပြီး စားပွဲဝိုင်းထိပ်ပိုင်းတစ်ခုလုံး မီးဒြပ်စင်စွမ်းအားဖြင့် လောင်ကျွမ်းခံရသည့်ပမာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။
ခုန်မင်က ယခု အသက်(၁၄)နှစ်သာ ရှိသေးသည်။
သို့သော် ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေသည်မှာ သူ၏ ပါရမီရှင်ဆိုသောဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။
လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်၏စွမ်းအားကို စမ်းသပ်အသုံးပြုပြီးသည့်နောက် ခုန်မင်က ဒြပ်စင်စွမ်းအားအသုံးပြုခြင်းနှင့်ပတ်သက်ပြီး အနည်းငယ် ထိုးထွင်းသိမြင်သွားခဲ့သည်။
သူ၏မူလခန္ဓာပိုင်ရှင်ဖြစ်သော ‘ခုန်မင်လေး’ ၏ ပါရမီရှင်ဆိုသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်မည်ဟု အပြည့်အဝ ယုံကြည်နေပေပြီ။
ခုန်မင်လေး ပါရမီရှင်အဖြစ် နာမည်ကြီးရသည့်အကြောင်းရင်းမှာ သူ၏ကျင့်ကြံခြင်းအဆင့်တက်ရောက်သည့် အရှိန်အဟုန်က အံ့သြစရာကောင်းလောက်အောင် လျှင်မြန်သောကြောင့်ဖြစ်သည်။
ခွန်းကာမြို့တော်တွင်သာမက ချန်နန်တိုင်းပြည်တစ်ခုလုံးတွင်လိုက်ရှာလျှင်ပင် သူနှင့်ပခုံးချင်းယှဉ်နိုင်မည့်သူက ခပ်ရှားရှားပင်။
ခုန်မင်လေး ကျင့်ကြံခြင်းအဆင့် လျှင်မြန်ရသည့်အကြောင်းရင်းမှာ သူ၏ထူခြားသောရုပ်ခန္ဓာကြောင့်ဖြစ်သည့်အပြင် ကျင့်ကြံခြင်းတစ်ဆို့သည့်အချိန်သို့ရောက်ရှိတိုင်း အတားအဆီးများကို ချောမွေ့စွာ ဖြတ်ကျော်နိုင်သောကြောင့် ဖြစ်သည်။
ကျင့်ကြံသူများတွင် အချို့သူများက ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို အလွယ်တကူ ကျော်ဖြတ်နိုင်လေ့ရှိပြီး အချို့ကတော့ တစ်ဘဝလုံးကြိုးစားသည့်တိုင် အောင်မြင်ခြင်း မရှိကြပေ။
အဘယ်ကြောင့် ဤသို့ဖြစ်ရကြောင့်ကို မည်သူမှမပြောနိုင်ပေ။ တစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံခြင်းစွမ်းရည် မတူကွဲပြားခြင်းကြောင့်ဟုသာ မှတ်ယူနိုင်သည်။
သို့သော် ခုန်မင်၏အမြင်အရဆိုလျှင်တော့ ကျင့်ကြံခြင်းစွမ်းရည်ဆိုသည်မှာ ဝိညာဉ်စွမ်းအား ခိုင်မာခြင်းဖြင့် ဆုံးဖြတ်သည်ဟု ယူဆသည်။
ဝိညာဉ်စွမ်းအားခိုင်မာခြင်းဆိုသည်က လူတစ်ယောက်၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကိုပေါင်းစပ်ပြီး မပျက်ဆီး မတုန်လှုပ်ခြင်းကို ကိုယ်စားပြုသည်။
ယေဘူယျအားဖြင့်ဆိုရသော် လူတစ်ယောက် ဝိညာဉ်စွမ်းအားကောင်းမွန်လေ ပိုမိုတည်ငြိမ်လေဖြစ်ပြီး ပြင်ပလွှမ်းမိုးမှုများကို ခံရနိုင်ခြေနည်းပါးသည်။ ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းတစ်ဆို့ခြင်း အတားအဆီးများကို ဖြတ်ကျော်ပြီး ကန့်သတ်ချက်များကို တွန်းလှန်သည့်အခါ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို အဆုံးအဖြတ်ပေးသည့် အရေးကြီးဆုံးအချက်များထဲမှတစ်ခုမှာ စိတ်တည်ငြိမ်ခြင်းနှင့် ခံစားချက်ကိုထိန်းသိမ်းနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် ဝိညာဉ်စွမ်းအား ခိုင်မာအားကောင်းခြင်းက ကျင့်ကြံခြင်းအရံအတားများ၏သက်ရောက်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်းနှင့် နီးကပ်စွာဆက်စပ်နေသည်။
ခုန်မင်က သုံးပြည်ထောင်ခေတ် သေမျိုးလူသားကမ္ဘာမှသည် စကြာဝဠာများစွာ ၊ ဂြိုဟ်ကမ္ဘာများစွာကို ဆက်တိုက်ဖြတ်ကျော်လာသည်ဖြစ်ရာ သူ၏ဝိညာဉ်စွမ်းအားက တဖြည်းဖြည်းအားကောင်းလာခဲ့သည်။ ပြောရမည်ဆိုလျှင် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ခုန်မင်လောက် ဝိညာဉ်စွမ်းအားကောင်းမွန်သူ မရှိနိုင်ပေ။
သို့သော် ဤအချက်တစ်ချက်တည်းဖြင့် ခုန်မင်၏ ကျင့်ကြံခြင်းစွမ်းရည်က ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် နံပါတ်(၁)ဖြစ်မည်ဟု မပြောနိုင်ပေ။
ခုန်မင်က ဝိညာဉ်စွမ်းအားကောင်းမွန်သောကြောင့် နောင်တွင် ဒြပ်စင်စွမ်းအားကို ဆက်လက်စုဆောင်းကျင့်ကြံနိုင်မည်ဖြစ်လေရာ ကျင့်ကြံခြင်းတစ်ဆို့သည့်အဆင့်တစ်ခုရောက်တိုင်း အောင်မြင်မှုအလွယ်တကူရရှိမည်ဟုသာ ဆိုနိုင်သည်။
သို့ပေသိ ဤမျှလောက်ဖြင့် ခုန်မင်က ပါရမီရှင်တစ်ယောက်အဖြစ် မည်သို့ ကျော်ကြားနိုင်ပါမည်နည်း။
သို့ဆိုလျှင် အနာဂတ်တွင် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ‘ခုန်’ အိမ်အိမ်တော်၏ ဒုတိယသခင်လေးသည် အဘယ့်ကြောင့် ဤမျှလောက် ကြောက်စရာကောင်းသော ပါရမီရှင်တစ်ယောက် ဖြစ်နေရပါသနည်း။
ဟုတ်ပေ၏။
အမှန်တကယ် တန်ခိုးစွမ်းအားကြီးမားခြင်းဆိုသည်မှာ ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းကို ပြောခြင်း မဟုတ်ပေ။
ရရှိထားသည့် ကျင့်ကြံခြင်းအဆင့်နှင့် လိုက်လျောညီတွေရှိသည့် သိုင်းစွမ်းနှင့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းကို ပြောခြင်းဖြစ်၏။
ထိုသို့မဟုတ်ပါက ကျင့်ကြံခြင်းအဆင့်မည်မျှမြင့်မားနေပါစေ ယွမ်စွမ်းအားကို ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိပါက အလကားလူတစ်ယောက်ထက် ပိုမည်မဟုတ်ပေ။
‘ခုန်’ အိမ်တော်တွင် ယေဘူယျအဆင့်မြင့်ကျင့်စဉ်တစ်ခုဖြစ်သော လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ် ရှိသည်ဖြစ်ရာ ခုန်မင်အနေဖြင့် အချိန်တိုအတွင်း ကျင့်ကြံစရာ သိုင်းပညာတစ်ရပ် မရှိမည်ကို စိတ်ပူစရာမလိုပေ။
ခုန်မင်က ပါရမီရှင်တစ်ယောက်အဖြစ် ဂုဏ်သတင်းပိုမိုကြီးမားလာမည်ဆိုလျှင် ပင်မ’ခုန်’ အိမ်တော် ၏ အာရုံစိုက်ခြင်းကို ခံလာရမည်ဖြစ်ပြီး နောက်ဆုံးတွင် ခွန်းကာမြို့ကဲ့သို့ သေးငယ်သောနေရာမှ ရုန်းထွက်နိုင်ကာ ပိုမိုကျယ်ပြန့်သော လောကတစ်ခုနှင့် ထိတွေ့ခွင့်ရလာမည် ဖြစ်သည်။
ဤကမ္ဘာက တန်ခိုးစွမ်းအားကြီးမားမှုကိုသာ အခြေခံထားသည်ဖြစ်ရာ တန်ခိုးစွမ်းအားကြီးမားရန် နည်းလမ်းရှိသည်ဆိုလျှင် ထိုနည်းလမ်းအတိုင်း သေချာပေါက် ကြိုးစားသင့်သည်။
ခုန်မင်က မိုးကောင်းကင်မှ ကောင်းချီးပေးသည့် ပါရမီရှင် စာပေသမားတစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အရည်အချင်းနှင့်ဆိုလျှင် ထျန်းယွမ်ကုန်းမြေတွင် မည်သို့သောအလုပ်များ ပြုလုပ်နိုင်မည်နည်း။
နတ်မျိုးနွယ်ကျင့်စဉ်များ...။
ခုန်မင်၏အမြင်အရဆိုလျှင်တော့ နတ်မျိုးနွယ်ကျင့်စဉ်များက ယွမ်စွမ်းအားထက်မနိမ့်ကျသော အစွမ်းထက်သည့် တန်ခိုးစွမ်းအားကို အသုံးချနိုင်သည်။
ကျူးကဲခုန်မင်အနေဖြင့် နတ်မျိုးနွယ်ကျင့်စဉ်အချို့ကို သိရှိသော်လည်း သုံးပြည်ထောင်ခေတ်တွင် သူ၏ရုပ်ခန္ဓာအားနည်းမှုကြောင့် ထိုကျင့်စဉ်များကို ကျင့်ကြံနိုင်ခဲ့ခြင်း မရှိပေ။
ယခု ကျူးကဲလျန့်က ခုန်မင်လေး၏ ရုပ်ခန္ဓာအား ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ခုန်မင်လေး၏ရုပ်ခန္ဓာက သုံးပြည်ထောင်ခေတ်တွင် ကျူးကဲခုန်မင်ပိုင်ဆိုင်ထားသည့် ရုပ်ခန္ဓာထက် အရည်အသွေး ပိုမိုကောင်းမွန်သည်။
ဤသို့ ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးဖြင့်ဆိုလျှင် အချို့သော နတ်မျိုးနွယ်ကျင့်စဉ်များကို ကျင့်ကြံရန် သေချာပေါက် သင့်တော်နိုင်သည်။
သူ့အနေဖြင့် နတ်မျိုးနွယ်ကျင့်စဉ်တစ်ခုကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့ပါက ခုန်မင်လေး၏စွမ်းအားသည် အဆင့်သစ်တစ်ခုသို့တက်လာပြီး တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများအလယ်တွင် ပြိုင်ဘက်ကင်းဖြစ်လာနိုင်မည်လား စဉ်းစားရမည်။
ခုန်မင်တွင် ဤသို့သောအကြံအစည်ရှိခြင်းက စိတ်ကူးယဉ်ဆန်သည်ဟု မဆိုနိုင်ပေ။ သူက နတ်မျိုးနွယ်ကျင့်စဉ်များအပေါ်တွင် သေချာသည့် ယုံကြည်မှုတစ်ခုရှိသောကြောင့်သာ ဤသို့သော အကြံအစည်ကို စိတ်ကူးမိခြင်း ဖြစ်သည်။
ခုန်မင်သိရှိထားသော နတ်မျိုးနွယ်ကျင့်စဉ်တစ်ခု၏နာမည်က အလွန်ပင် ကဗျာဆန်လှသည်။
“တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်...”
ထို “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” က တရုတ်နိုင်ငံ၏ရှေးခေတ်ကတည်းက ဆင်းသက်လာသည့် ပညာရပ်တစ်ခုဖြစ်ပြီး နတ်ဘုရားများ၏ ပထမဆုံးကျင့်စဉ်စွမ်းအားအဖြစ် လူသိများခဲ့သည်။
ဤနတ်ဘုရားတန်ခိုးစွမ်းအားကျင့်စဉ်က ရုပ်ခန္ဓာကျင့်ကြံခြင်းဘက်သို့အလေးပေးပြီး ခန္ဓာကိုယ်အားသန့်စင်ကျင့်ကြံရသည့် ပညာရပ်တစ်ခုဖြစ်သည်။ ဤကျင့်စဉ်၏ အဓိကရည်ရွယ်ချက်မှာ လူသားတစ်ယောက်၏ရုပ်ခန္ဓာအလားအလာရှိမှုအား လှုံ့ဆော်ပေးရန် ဖြစ်၏။
ကျင့်စဉ်စွမ်းအားနက်ရှိုင်းလာသည်နှင့်အမျှ ကျင့်ကြံသူ၏ရုပ်ခန္ဓာသည်လည်း ပို၍ပို၍ ပြီးပြည့်စုံလာသည်။
ထို နတ်ဘုရားစွမ်းအားကျင့်စဉ် အပြည့်အဝ ပြီးမြောက်အောင်မြင်သည့်နေ့တွင် သေမျိုးလူသားရုပ်ခန္ဓာက မသေမျိုးနတ်ဘုရားတစ်ပါး၏ရုပ်ခန္ဓာအဖြစ် ပြောင်းလဲသွားပေမည်။
ထို့ပြင် “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ဆိုသည်က လူသားတစ်ယောက် နတ်ဘုရားအဖြစ်သို့ရရှိရန်အတွက် ကောင်းကင်ဘုံသို့ တက်ရောက်စရာမလိုသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်လေရာ အလွန်ပင် တုနှိုင်းမရ အံ့သြဖွယ်ကောင်းသည့် ကျင့်စဉ်တစ်ခု ဖြစ်၏။
“တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ကို အဆင့်(၉) ဆင့်ပိုင်းခြားထားသည်။
ကျင့်ကြံခြင်းတစ်ဆင့်စီတိုင်းတွင် ရုပ်ခန္ဓာကို ကြံ့ခိုင်စေပြီး ၊ ကျင့်ကြံသူအနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ပြီးတိုင်း နတ်ဘုရားတစ်ပါး၏ရုပ်ခန္ဓာဖြစ်သော “ပြီးပြည့်စုံသည့်ရုပ်ခန္ဓာ” ရရှိရန် ပိုမိုနီးကပ်လာသည်။
ထို့ကြောင့် “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ကို “ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု ကျင့်စဉ်” ဟုလည်း လူသိများသည်။
သုံးပြည်ထောင်ခေတ်အချိန် ၊ ဟန်မင်းဆက်နှောင်းပိုင်းခေတ်ကာလ ၊ ခုန်မင် ငယ်ရွယ်စဉ်တွင် နတ်ဘုရားတစ်ပါးဖြစ်သူ ‘ကျော်ချီ’ နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ထိုနတ်ဘုရား’ကျော်ချီ’ က ခုန်မင်ကို သဘောကျခဲ့သဖြင့် “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” နှင့် အခြားသော အံ့ဖွယ်အတတ်ပညာများစွာကို သင်ပြပေးခဲ့သည်။
ကံမကောင်းသည်မှာ သုံးပြည်ထောင်ခေတ် ကျူးကဲခုန်မင်၏ ရုပ်ခန္ဓာက နတ်မျိုးနွယ်ကျင့်စဉ်များကို ကျင့်ကြံရန် သင့်လျော်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် နတ်ဘုရား’ကျော်ချီ’ သင်ပြပေးသည့် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကျယ်သော ပညာရပ်ကို သိရုံသာသိရှိပြီး ကျင့်ကြံရန် မတတ်နိုင်ခဲ့ပေ။
ယခု ကျူးကဲလျန့်အနေဖြင့် ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သလို “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ကို ကျင့်ကြံနိုင်သော ရှားပါးသည့်ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ရာ နောက်ထပ်ဒဏ္ဍာရီတစ်ခု ဖန်တီးနိုင်မည်လားဟု တွေးစရာရှိသည်။
ခုန်မင် စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ကို တိတ်ဆိတ်စွာ စမ်းသပ်ကျင့်ကြံလိုက်လေတော့၏။