သတ်ဖြတ်သူ အစစ်
Vol. 4 Ch. 374
ရှေးခေတ်၌ အထွတ်အထိပ် ပညာရှင်များမှာ အစစ်အမှန် နဂါးများ အလား ဘုန်းတန်ခိုး ကြီးထွားခဲ့သည်။ သို့သော်လည်း မီးသေနတ်များ ပေါ်လာချိန်မှ စ၍ သူတို့၏ အခန်းကဏ္ဍက အနည်းငယ် မှေးမှိန်လာခဲ့သည်။ မည်သည့် သာမန်လူ တစ်ယောက် မဆို သေနတ်အား အသုံးပြု၍ သိုင်းသမားများအား သတ်ဖြတ်နိုင်စွမ်း ရှိရာ ကောင်းစွာ လေ့ကျင့်ထားသော စစ်သားများနှင့် ခေတ်မီလက်နက်များ ပေါင်းစပ်မှုက အထွတ်အထိပ်များကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့သည်။ အမှောင် သတ်မှတ်ချက် ထိပ်ဆုံးတွင် ရှိသော ပုဂ္ဂိုလ်များပင်လျှင် အမေရိကန် စစ်တပ်အား မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲပေ။
ခေတ်မီ နည်းပညာများ တိုးတက်လာမှုနှင့် အတူ စစ်လက်နက်များ၏ စွမ်းအားကလည်း အဆမတန် အစွမ်းထက် လာခဲ့သည်။ သိုင်းသမား တစ်ယောက် မည်မျှပင် အစွမ်းထက်ပါစေ။ ခေတ်မီ စစ်လက်နက်များ တပ်ဆင်ထားသည့် စစ်တပ် တစ်တပ်နှင့် ရင်ဆိုင် တိုက်ခိုက်ရပါက လွတ်မြောက်ရန်ပင် မနည်း ကြိုးစား ရပေလိမ့်မည်။ ထို့ကြောင့် တန်ခိုးရှင် အဆင့် ကျင့်ကြံသူများ ပင်လျှင် စစ်တပ်နှင့် ရင်ဆိုင် မတွေ့စေရန် ရှောင်ရှားလေ့ရှိသည်။
"ဒါက ကျန့်စုဂျီမှာ စခန်းချနေတဲ့ ဆယ့်လေးခုမြောက် ကြည်းတပ်လား ..."
ပျံလွှားနီလေးက ဖြူရော်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
ဂျပန် နိုင်ငံ၊ ကြည်းတပ် တစ်ခုချင်းစီ၏ အင်အားမှာ အများအားဖြင့် လေးထောင်ခန့် ရှိသည်။ တပ်ဖွဲ့ တစ်ဖွဲ့လျှင် တင့်ကားနှင့် သံချပ်ကာ ကားများ တစ်ရာစီ၊ ဟယ်လီကော်ပတာ တစ်ဒါအနည်းငယ်ခန့်နှင့် အမြောက်တပ်များ ပါဝင်နေသည်။ ဂျပန် ကာကွယ်ရေး တပ်မတော်မှာ အရေအတွက်အားဖြင့် နည်းပါးသော်လည်း တပ်ဆင်ထားသော လက်နက်များမှာမူ အမေရိကန် စစ်တပ်နှင့်ပင် ယှဉ်ပြိုင်နိုင်၏။
များစွာသော ခရီးသည်များကား စစ်ချီတက်လာသော အသံများကို နားထောင်ရင်း အလွန် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။ ခရီးသည် အများစုမှာ တရုတ်များ၊ ကိုရီးယား လူမျိုးများ ဖြစ်ရာ ဂျပန် စစ်သည်များ၏ ကြမ်းကြုတ်မှု အကြောင်း သမိုင်းစာအုပ်များ ထဲ၌ သင်ကြားဖူးကြသည်။
လူတိုင်းက ချန်းဖန်အား အားကိုးတကြီး ကြည့်မိကြသည်။ ထိုကောင်လေးမှာ မကောင်းဆိုးဝါး လေးယောက်ကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူ၏ တန်ခိုးရှင် စွမ်းအားများဖြင့် ဆိုပါက ထိုစစ်တပ်ကို အနိုင်ယူ နိုင်လောက်သည်။
"ဆယ့်လေးခုမြောက် ကြည်းတပ်က ဒီမစ်ရှင် အတွက် သူတို့ရဲ့ စစ်သား အကုန်လုံးကို ခေါ်လာပုံ ရတယ်။ သူတို့မှာ စစ်သား အရေအတွက် ထောင်ချီ ရှိပြီး ခေတ်မီ လက်နက်တွေလည်း ပိုင်ဆိုင်ထားတယ်။ တန်ခိုးရှင် အဆင့် တစ်ယောက်တောင် သူတို့ လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ငါတို့ မြန်မြန် ပြေးသင့်တယ်လို့ ငါထင်တယ်"
ပျံလွှားနီလေးက စိတ်များကို စုစည်းရင်း ပြောလိုက်၏။
"နင်နဲ့ငါ နှစ်ယောက် စလုံးက ဟယ်လီကော်ပတာထက် ပိုမြန်အောင် ပြေးနိုင်တယ်။ ဒါပေမဲ့ ခုချက်ချင်း မပြေးရင် ငါတို့ နောက်ကျ သွားလိမ့်မယ်။ သူတို့က ငါတို့ ရင်ဆိုင် တိုက်ခိုက်တာကို လိုချင်တာ။ သူတို့ လိုချင်တဲ့ အရာကို ငါတို့ ပေးလို့ မဖြစ်ဘူး"
ပျံလွှားနီလေးက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။ ချန်းဖန်မှာ အသံထက် မြန်အောင်ပင် လှုပ်ရှားနိုင်ရာ ဟယ်လီကော်ပတာ လောက်က စာဖွဲ့နေစရာပင် မလိုချေ။ ထို့ကြောင့် သူတို့ ထွက်ပြေးပါက ဆယ့်လေးခုမြောက် ကြည်းတပ် အနေဖြင့် တားဆီးနိုင်မည် မဟုတ်ချေ။
"ငါတို့ ထွက်ပြေးသွားရင် သူတို့က ဘယ်လို လုပ်မလဲ ..."
ချန်းဖန်က နံဘေးရှိ အကူအညီ ကင်းမဲ့နေသော လူများအား လက်ညှိုးထိုးပြသည်။ ခရီးသည် အများစုမှာ ဂျပန် ပြည်တွင်းမှ မဟုတ်သော လူများ ဖြစ်ကြရာ ဂျပန် စစ်တပ်က သူတို့အား ညှာတာလိမ့်မည် မဟုတ်ချေ။ ချန်းဖန်သည်သာ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
ထို့ကြောင့်ပင် ချန်းဖန် အနေဖြင့် ထိုလူများအား မထားခဲ့နိုင်ပေ။
"နောက်ပြီးတော့ ... ငါတို့ ထွက်သွား ချင်ရင်တောင် နောက်ကျသွားပြီ။ မင်း ကိုယ်တိုင် ကြည့်လိုက်ဦး"
ချန်းဖန်က မေးစေ့ကို မော့ရင်း တစ်နေရာကို ညွှန်ပြလိုက်သည်။
ပျံလွှားနီလေးက ကောင်းကင်အား မော့ကြည့်လိုက်ရာ မြေပြင်မှ မီတာ သုံးထောင်ခန့် အကွာမှ အစက်သုံးစက်အား မြင်တွေ့လိုက်ရသည်။ ပျံလွှာနီလေးမှာ တစ်ခဏမျှ ငေးကြောင် သွားသော်လည်း ချက်ချင်းပင် အလောတကြီး အော်ဟစ်လိုက်၏။
"အက်ဖ်ဆယ့်ငါး (F-15) ... ဂျပန်စစ်တပ်က လေကြောင်းတပ်ကိုပါ သုံးနေတာလား ..."
ပုံမှန်အားဖြင့် ဆိုလျှင် ဂျပန် လေတပ်မတော်သည် လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အခြေအနေများ တွင်သာ ဝင်ပါလေ့ရှိ၏။ နိုင်ငံ အကြီးအကဲများ သာလျှင် ထိုတပ်မတော်ကို တိုက်ရိုက် အမိန့်ပေးနိုင်သည်။
မူလက ဆယ့်လေးခုမြောက် ကြည်းတပ် တစ်ခုသာဟု သူမ ထင်ထား ခဲ့သော်လည်း F-15 များ ပေါ်ထွက်လာမှုက ဂျပန်လေတပ်၏ ပါဝင်မှုကို ထင်ပေါ်စေသည်။ ဂျပန် ခေါင်းဆောင်များမှာ ချန်းဖန်အား အလုံးစုံကို ရင်းနှီး၍ သတ်ဖြတ်တော့မည့်ပုံ ပေါ်သည်။
"ငါ့ရဲ့ အသံထက်မြန်တဲ့ လှုပ်ရှားမှုကို ခရီးတိုတွေမှာပဲ သုံးနိုင်တာ။ ဒီတိုက်လေယာဉ်တွေ ကတော့ အသံအမြန်နှုန်း အတိုင်း အမြဲ ပျံသန်းနိုင်တယ်။ ငါတို့ ပြေးဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး။ နောက်ပြီး ဒီလူတွေကို ငါဘယ်လို ထားခဲ့ရမှာလဲ"
ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ပြုံးလိုက်သည်။
ပျံလွှားနီလေးက ချန်းဖန်အား ဒေါသတကြီး ကြည့်ရင်း အော်ဟစ်လိုက်သာ်။
"နင် ရူးနေတာလား။ နင်က သူတို့ အားလုံးကို တစ်ပြိုင်နက်တည်း ခေါ်သွားနိုင်မှာ မို့လို့လား။ နောက်ပြီး နင့်ကို ဝိုင်းထားတာက အမှောင်ခေတ်ကလို ခပ်ပေါပေါ စစ်သည်တွေ မဟုတ်ဘူး။ သူတို့က ခေတ်မီ လက်နက်တွေနဲ့ သေချာ လေ့ကျင့်ထားတဲ့ စစ်သားတွေ ..."
သူမ၏ စကားကြောင့် အိကျင့်ချီနှင့် အခြားလူများမှာ မျက်နှာ ပျက်လာကြသည်။ တစ်စုံတစ်ယောက်က အသက် ပြင်းပြင်းရှူရင်း ချန်းဖန်ကို ပြောလိုက်သည်။
"ဆရာချန်း ... ခင်ဗျား ခုချက်ချင်း ထွက်သွားသင့်တယ်။ ကျုပ်တို့က ခရီးသည်တွေပါ။ စစ်တပ်က ကျုပ်တို့ကို တစ်ခုခုလုပ်မှာ မဟုတ်ပါဘူး"
"ဟုတ်တယ်။ ဒီမိန်းကလေးကို ခေါ်ပြီး နင်ထွက်သွားပါတော့။ ငါတို့ အဆင်ပြေမှာပါ"
အိကျင့်ချီကလည်း အားလျော့စွာ ပြောလိုက်သည်။ သူမတို့ အနေဖြင့် ချန်းဖန်၏ အကူအညီအား တစ်ကြိမ် လက်ခံခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အား ငဲ့သဖြင့် ချန်းဖန် သေဆုံးသွားရမည့် အဖြစ်မျိုး မမြင်တွေ့လိုချေ။
"ငါ အဆင်ပြေတယ် ..."
ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း သူတို့ထံ လာနေသည့် သံချပ်ကာ ကားများထံ တစ်ချက် အကဲခတ်သည်။ ထို့နောက် ပျံလွှားနီလေး ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ပျံလွှားနီလေး ... နင် ဒီလူတွေရဲ့ လုံခြုံရေးကို တာဝန်ယူလိုက်။ ငါက ဂျပန် ကာကွယ်ရေးတပ်နဲ့ ရင်ဆိုင်လိုက်မယ်"
ချန်းဖန်ကား ရင်ဆိုင်ရမည့် စစ်ပွဲအကြောင်း တွေးရင်း သွေးများ ဆူပွက်နေခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်း ကောင်းကင် ဧကရာဇ်မှာ စကြဝဠာအား ဖြတ်သန်း၍ တိုက်ပွဲများစွာ တိုက်ခိုက်ဖူးသည်။ သူ့တွင် ရှုံးနိမ့်ဖူးသည် ဆိုသော ရာဇဝင် မရှိချေ။ သူကြောက်ရွံ့ရသော အရာဆိုလျှင် ဝေလာဝေးပင်။
သူကား ပြိုင်ဘက် ကင်းမဲ့သည့် ကောင်းကင်ဘုံ ဧကရာဇ် ဖြစ်သည်။ သာမန် စစ်တပ်လေး တစ်ခုအား အဘယ်ကြောင့် ကြောက်ရွံ့ ရပါမည်နည်း။
***
ထိုအချိန် တိုကျို၏ ရှေ့ဟောင်း ခြံဝင်းတစ်ခု အတွင်း၌ ...
ခြံဝင်းအတွင်းတွင် ဥယျာဉ်များနှင့် ဝူကျိုးစတိုင် ဆောက်လုပ်ထားသည့် အဆောက်အဦများ ရှိသည်။ အစေခံများစွာ မှာလည်း ကီမိုနို ဝတ်စံများအား ဝတ်ဆင်ရင်း တက်ကြွစွာ လှုပ်ရှားနေကြသည်။ သို့သော်လည်း အစေခံ အချို့ကမူ ခြံဝင်း၏ အဓိက အဆောက်အဦကို ငေးကြည့်နေကြ၏။ ထိုနေရာကား သူတို့၏ သူဌေး အနားယူရာ နေရာပင်။
သူကား ဂျပန်၏ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်သည့် မစ်ဆုမိသားစု ခေါင်းဆောင် မစ်ဆုကာဇူပင်။
မစ်ဆုကာဇူက ပြတင်းပေါက် တစ်ခု၏ ဘေး၌ လက်နှစ်ဖက်အား နောက်ပစ်ရင်း ရပ်နေခဲ့၏။ သူ၏ နောက်တွင်မူ မစ်ဆု မိသားစု၏ လက်ရှိ သခင်ကြီး မစ်ဆု ယူတိုက သူ၏ ခန္ဓာကိုယ်အား ကိုင်းညွှတ်ရင်း ကြောက်ရွံ့စွာ ရပ်နေခဲ့သည်။ ထိုကဲ့သို့ ရပ်နေခဲ့သည်မှာ တစ်နာရီခန့် ရှိနေပြီ ဖြစ်သော်လည်း မစ်ဆု ယူတိုမှာ ဦးခေါင်းကိုပင် မမော့ရဲချေ။
"မစ်ဆု ယူတို ... မင်း ဘာမှားလဲ သိပြီလား"
အဘိုးအို၏ အသံက ဩဇာ အာဏာဖြင့် ထည်ဝါနေကာ ဗုံးတစ်လုံးအလား ပေါက်ကွဲ ထွက်လာ၏။
"ဟုတ်ကဲ့ ... သိပါပြီ သခင်ကြီး။ သခင်ကြီး တာကီမီယာနဲ့ ချန်းပေ့ရွှမ်းတို့ကြားက တိုက်ပွဲကို မလှုံ့ဆော်ခဲ့သင့်ပါဘူး။ အဲဒီ တိုက်ပွဲရဲ့ ရလဒ်က ဂျပန်ကို အရှက်ရ စေခဲ့ပါတယ်။ ဝန်ကြီးချုပ်တောင် စိတ်မချမ်းမသာ ဖြစ်နေတယ်လို့ ကျွန်တော် သိရပါတယ်"
မစ်ဆုယူတိုက နဖူးထက်မှ စီးကျလာသော ဇောချွေးများကို သုတ်ရင်း ပြန်ဖြေလိုက်သည်။
"ဟမ့် ... တာကီမီယာက ဘယ်လောက်ပဲ အစွမ်းထက်ထက်။ သူက အရူးတစ်ယောက် သာသာပဲ။ သူ သေတာ၊ ရှင်တာ ငါနဲ့ ဝန်ကြီးချုပ် အတွက် အရေးမပါဘူး"
မစ်ဆု ကာဇူက နှာခေါင်းရှုံ့ရင်း မစ်ဆု ယူတိုအား လှည့်ကြည့်လိုက်သည်။
"မင်းမှားတာက မင်းရဲ့ သိုင်းပညာရှင် မိတ်ဆွေတွေကို အရမ်း အထင်ကြီး နေတာပဲ"
"ဟမ် ..."
မစ်ဆု ယူတိုမှာ အဘိုးအို၏ စကားကို နားလည်ဟန် မရချေ။
"သူတို့က ဘယ်လောက်ပဲ အစွမ်းထက်ပါတယ် ပြောပြော။ နောက်ဆုံးတော့ သူလို ကိုယ်လို လူသားတွေပါပဲ။ သူတို့သာ အရမ်း အစွမ်းထက်တယ် ဆိုရင် ဘာကြောင့် ကြွက်တွေလို ပုန်းနေရတာလဲ"
မစ်ဆု ကာဇူက ဆက်ပြောလိုက်သည်။
"ဒီဂြိုလ်ကို ပိုက်ဆံနဲ့ အာဏာကပဲ ထိန်းချုပ်ထားတယ်။ ငါတို့က သိုင်းသမားတွေ မပြောနဲ့ တောင်တွေကိုတောင် ရွှေ့ပစ်နိုင်တယ်"
မစ်ဆု ယူတိုက အဘိုးအို၏ စကားကို နားထောင်ရင်း နားမလည်စွာ မေးလိုက်သည်။
"ဒါပေမဲ့ ချန်းပေ့ရွှမ်း ကျတော့ရော ... သူက အရမ်း အန္တရာယ်များတယ်။ တိုကျို မျှော်စင်တောင် ..."
"အဲဒီကိစ္စကို မင်းတွေးနေစရာ မလိုတော့ဘူး။ ဝန်ကြီးချုပ်က ဆယ့်လေးခုမြောက် ကြည်းတပ်နဲ့ လေတပ်မတော်ကို ချန်းပေ့ရွှမ်းဆီ လွှတ်လိုက်ပြီ။ ချန်းပေ့ရွှမ်း လွတ်ဖို့ မဖြစ်နိုင်တော့ဘူး ..."
မစ်ဆု ကာဇူက မစ်ဆု ယူတို၏ စကားကို ဖြတ်ပြီး ပြောလိုက်သည်။ သူ၏ စကားက မစ်ဆုယူတိုကို ဆွံ့အသွားစေသည်။
အစိုးရက ချန်းပေ့ရွှမ်းအား ဖမ်းရန် စစ်တပ်ကို စေလွှတ်လိုက်သည်လား။ ချန်းပေ့ရွှမ်း မည်မျှပင် အစွမ်းထက် စေကာမူ စစ်တပ်အား မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
"ဒါက အာဏာနဲ့ ခွန်အားရဲ့ အနီးကပ်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ပဲ။ အဘိုးကြီးရဲ့ စကား တစ်ခွန်းကတောင် အရှေ့အာရှမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ရဲ့ သေခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်။ ငါ့အနေနဲ့ အဘိုးကြီးကို မှီဖို့ အဝေးကြီး လိုသေးတာပဲ"
မစ်ဆု ယူတိုမှာ တွေးတောရင်း အဘိုးအို အပေါ် လေးစားစိတ်များ တိုးပွား လာခဲ့တော့သည်။
***