← Chapters

အရင်အတိုင်းပြန်ကောင်းသွားပြီ

Vol. 1 Ch. 8

အရင်အတိုင်းပြန်ကောင်းသွားပြီ

Vol. 1 Ch. 8

ခုန်ကျွင်းနှင့် ခုန်မင်ကြားတွင် စစ်မှန်သည့် သားအဖဆက်ဆံရေးရှိသည်ဖြစ်ရာ သားတစ်ယောက်က ဖခင်ဖြစ်သူကို ဂါရဝပြုခြင်းမှာ လုံးဝသာမန်ဖြစ်သည်။

သို့သော် “အဖေ့ကိုကိုဂါရဝပြုပါတယ်” ဆိုသည့် စကားကိုကြားလိုက်ရသည်နှင့် ခုန်ကျွင်းမှာ အလွန်စိတ်လှုပ်ရှားသည့် မျက်နှာအမူအရာပြောင်းလဲသွားပြီး ခန္ဓာကိုယ်သည်ပင် ဆတ်ခနဲ တုန်ခါသွားသည်။

“မင်အာ... သား နေကောင်းသွားပြီလား”

ခုန်မင်ဆိုသည်က ခုန်ကျွင်းအချစ်ဆုံး သားဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ခုန်မင်က အရည်အချင်းရှိရုံသာမက ခွန်းကာမြို့မှာ သူတို့ ‘ခုန်’ အိမ်တော်အခွဲကို မူလ ‘ခုန်’ အိမ်တော်နှင့် ပြန်လည်ပေါင်းစည်းရန် မျှော်လင့်ချက် ဖြစ်နေသောကြောင့်ပင်။

ထို့ပြင် ဤကလေးက ခုန်ကျွင်းဘဝတွင် ဂုဏ်အယူရဆုံးကလေးဖြစ်ခဲ့သလို သူ၏မျှော်လင့်ချက်များအားလုံးသည်လည်း ခုန်မင်အပေါ် ပုံအပ်ထားခဲ့သည် မဟုတ်ပါလား။

ကံဆိုးစွာပင် ခုန်မင် ထူးဆန်းသည့်ရောဂါတစ်ခုရရှိခဲ့ပြီး ပါရမီရှင်ကောင်လေးမှ ငတုံးငအလေးအဖြစ် ပြောင်းလဲသွားခဲ့လေရာ ၊ ဤသည်က ခုန်ကျွင်းအပေါ် အတော်ပြင်းထန်သည့် ရိုက်ချက်တစ်ခု ဖြစ်ခဲ့သည်။

ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်ကြံသူ မဟုတ်ပါက ၊ စိတ်ကိုလည်းသေချာလေ့ကျင့်ထားသူ မဟုတ်ပါက ၊ ခုန်မင်၏ဖြစ်ရပ်ကြောင့် ရူးမတတ်ပင် ဖြစ်သွားနိုင်သည်။

ခုန်မင် ပုံမှန်အတိုင်းပြန်ဖြစ်လာစေရန် ခုန်ကျွင်း အမြဲတမ်း မျှော်လင့်ခဲ့မိသော်လည်း အချိန် (၃)နှစ် ကြာမြင့်ပြီးသည့်နောက်မှာတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်လာရသည်။

သို့သော် ယခုတော့ မိုးမြေစွမ်းအားများကိုစုပ်ယူကျင့်ကြံရာမှ ဖြစ်ပေါ်လာသော စွမ်းအားရောင်ဝါများ ခုန်မင်ထံမှ ထွက်ပေါ်လာကြောင်း ရှင်းလင်းစွာ အာရုံခံစားရသည်ဖြစ်ရာ ခုန်ကျွင်းရင်ထဲ အတော်လေး စိတ်လှုပ်ရှားသွားရသည်။

ခုန်မင်ကတော့ ခုန်ကျွင်းထံမှ သားဖြစ်သူအပေါ် နက်နက်ရှိုင်းရှိုင်းချစ်ခင်သည့် သံယောဇဉ်ကို ခံစားလိုက်မိသဖြင့် ခေါင်းမော့ကြည့်လိုက်မိ၏။

လက်ရှိတွင် ခုန်မင်လေး၏ရုပ်ခန္ဓာကို ရှူဟန့်တိုင်းပြည်မှ စစ်ရေးအကြံပေးလူကြီးမင်း ၊ အိပ်ပျော်နေသောနဂါး ‘ကျူးကဲလျန့်’ (ကျူးကဲခုန်မင်) က လွှမ်းမိုးထိန်းချုပ်ထားပြီဖြစ်သော်လည်း ၊ ခုန်မင်လေး၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များအရ အိမ်တော်သခင်’ခုန်’ မည်သူမည်ဝါဖြစ်ကြောင်း သိရှိခဲ့သည်ပင်။

နာမ်ဝိညာဉ်ရှုထောင့်မှကြည့်လျှင် ခုန်မင်သည် ခုန်ကျွင်းနှင့် ဘာမှမသက်ဆိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာအရ သွေးသားဆက်စပ်မှုရှိနေဆဲဖြစ်သည် မဟုတ်ပါလား။

သုံးပြည်ထောင်ခေတ်မှ ကျူးကဲခုန်မင်၏မိဘများက အသက်ငယ်ရွယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့ပြီး ကျူးကဲလျန့်ကို ဦးလေးဖြစ်သူက ကျွေးမွေးပြုစုခဲ့ရသည်ဖြစ်ရာ သူ့အနေဖြင့် ဖခင်မေတ္တာကို ခံစားသိရှိခဲ့ခြင်း မရှိပေ။

ယခုတော့ သားငယ်ဖြစ်သူ ခုန်မင်အပေါ်ထားရှိသည့် ခုန်ကျွင်း၏ စစ်မှန်သောဖခင်မေတ္တာကို ခံစားလိုက်ရသည့်အခါ ကျူးကဲလျန့်သည်လည်း စိတ်လှုပ်ရှားသွားပြီး ရိုးရှင်းစွာပင် စကားပြန်ပြောလိုက်သည်။

“အဖေ... ကျွန်တော် နေကောင်းသွားပါပြီ ၊ အရင်က ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုလိုပါပဲ”

ခုန်ကျွင်းက သူ၏လက်များကို ခုန်မင်၏ပခုံးထက်သို့တင်လိုက်ပြီး သူ၏ ဒြပ်စင်စွမ်းအားကို သားငယ်၏ခန္ဓာကိုယ်အတွင်းသို့ ပြောင်းလဲစီးဆင်းစေလိုက်သည်။

ခုန်မင်က ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ၊ နှောင်းပိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိနေပြီး နေပြန်ကောင်းလာပြီဖြစ်ကြောင်း အာရုံခံစားလိုက်မိသည်.

သားဖြစ်သူ လုံးဝ ပြန်လည်ကောင်းမွန်လာကြောင်းသိလိုက်ရသည့်အခါ ခုန်ကျွင်း အလွန်ဝမ်းသာသွားလို အရမ်းလည်း အံ့သြသွားသည်။

သို့သော် သူက ချက်ချင်းပင် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်စေလိုက်သည်။

ခုန်ကျွင်းက ခြံဝင်းအပြင်ဘက်မှလူများကို တစ်ချက်လှည့်ကြည့်ရင်း...

“ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အတွင်းရေးကိစ္စတွေကို အပြင်ကို မပေါက်ကြားစေနဲ့ ၊ မဟုတ်လို့ကတော့ အိမ်တော်ဥပဒေအတိုင်း အရေးယူရလိမ့်မယ်”

‘ခုန်’ အိမ်တော်၏ အိမ်တော်သခင်ဖြစ်သော ‘ခုန်ကျွင်း’ က အမြဲတမ်း ပြတ်ပြတ်သားသား ပြုမူတတ်သူပင်။

ထို့ကြောင့် သူ စိတ်တည်ငြိမ်သွားသည်နှင့် ‘ခုန်’ အိမ်တော်နှင့်ပတ်သက်သည့်ပြဿနာများကို သဘာဝကျကျ စဉ်းစားမိလေသည်။

လူငယ်လေးတစ်ယောက်ပင်ဖြစ်လင့်ကစား ခုန်မင်က ပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် နာမည်ဂုဏ်သတင်းကျော်ကြားပြီး ‘ခုန်’ အိမ်တော်၏ ဂုဏ်ယူစရာ ဖြစ်လာခဲ့သည်။

သို့သော် သူ နေမကောင်းဖြစ်ပြီးသည့်နောက် ဂုဏ်ယူစရာမှ တစ်မြို့လုံးရယ်စရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤဖြစ်ရပ်ကြောင့် ခုန်ကျွင်းနှင့် ခုန်မင်ကြားမှ သားအဖဆက်ဆံရေးနှင့် ချစ်ခြင်းမေတ္တာက မပြောင်းလဲသော်လည်း ‘ခုန်’ အိမ်တော်အတွက် ခုန်မင်၏တည်ရှိမှုက အလွန်ရှက်စရာကောင်းသည့်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ယခု ခုန်ကျွင်း အတည်ပြုချင်ဆုံးသောအရာမှာ ပါရမီရှင်လေး ‘ခုန်မင်’ အမှန်တကယ် ပြန်လည်ကောင်းမွန်လာပြီလား ဆိုသောအချက် ဖြစ်သည်။

သေချာအတည်မပြုနိုင်သေးဘဲ ‘ခုန်’ အိမ်တော်၏ဒုတိယသား ပြန်လည်နေကောင်းလာပြီဆိုသောသတင်း ပျံ့နှံ့သွားမည်ဆိုပါက အဖြစ်မှန်နှင့်ကွဲလွဲနေမည်ဆိုလျှင် ‘ခုန်’ အိမ်တော်အနေဖြင့် တစ်မြို့လုံးရယ်စရာ ဖြစ်လာပေလိမ့်မည်။

သို့ဖြစ်ရာ သတင်းကောင်းပင်ဖြစ်လင့်ကစား ‘ခုန်’ အိမ်တော်က ဤသတင်းကို လျှို့ဝှက်ထားစေလိုသည်။

ထုံးစံအတိုင်းပင် ‘ခုန်’ အိမ်တော်မှလူတိုင်းက အိမ်တော်သခင်၏စကားကို မနာခံဘဲမနေဝံ့ကြလေရာ သူတို့က လေးစားစွာပင် နောက်သို့ ဆုတ်ခွာသွားပြီး ခြံဝင်းတံခါးကို ပိတ်လိုက်ကြသည်။

‘ခုန်’ အိမ်တော်၏ အကြီးဆုံး ‘ခုန်ကျောင်း’ က ပိတ်ထားသောခြံဝင်းတံခါးကိုကြည့်ရင်း လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဝမ်းသာအားရလေသံဖြင့် စကားဆိုလိုက်သည်။

“ညီ (၂) နေပြန်ကောင်းလာတာ တကယ့်ကို ဝမ်းသာစရာပဲ ၊ ကျွန်တော်တို့ ‘ခုန်’ အိမ်တော်အတွက် မျှော်လင့်ချက်ရောင်ခြည် ပြန်လင်းလက်လာပြီပေါ့”

သူ့စကားဆုံးသွားသည်နှင့် အခြားသူများကလည်း ဝမ်းမြောက်ဝမ်းသာ ဝိုင်းဝန်းအော်ဟစ်လိုက်ကြသော်လည်း ခုန်ကျောင်း ကျစ်ကျစ်ပါပါအောင်ဆုပ်ထားသည့် လက်သီး၏ လက်ဆစ်များက ဖြူဖျော့နေကြောင်း မည်သူမှ သတိမထားခဲ့မိကြပေ။

ခုန်ကျွင်းနှင့် ခုန်မင်တို့ သားအဖနှစ်ယောက်သာ ခြံဝင်းထဲတွင် ကျန်ခဲ့တော့မှ ခုန်ကျွင်းက ခုန်မင်ကို ပြုံးလျှက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက သားဖြစ်သူ၏ ကျောပြင်ထက်သို့ လက်ဖဝါးကိုအသာဖိကပ်လိုက်ပြီး ဒြပ်စင်စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်၏။

ခုန်ကျွင်းထုတ်လွှတ်လိုက်သည့်ဒြပ်စင်စွမ်းအားက ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာအောင် လှည့်ပတ်နေလေသည်။

စစ်ဆေးမှုရလဒ်က ခုန်ကျွင်းကို အလွန်ကျေနပ်အားရသွားစေသည်။

အဘယ်ကြောင့်ဆိုသော် ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ဒြပ်စင်စွမ်းအားများ အလွန်တရာများပြားနေပြီး ကျင့်ကြံခြင်းအဆင့်က နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေသောကြောင့် ဖြစ်သည်။

ဤအတိုင်းဆိုလျှင် ခုန်မင်အနေဖြင့် အချိန်တစ်နှစ်ခွဲခန့်အတွင်း ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်များစွာ ရှိပေလိမ့်မည်။

အသက် (၁၄)နှစ်အရွယ် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်က အသက် (၁၁)နှစ်အရွယ် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်လောက် ငယ်ရွယ်တော့ခြင်းမရှိသော်လည်း အသက်မပြည့်မီ ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ရောက်ရှိနေခြင်းက ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်သို့တက်ရောက်ရန် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။

ယခု ခုန်မင်က ခွန်းကာမြို့တွင် လူအများတုန်လှုပ်စေသည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေဆဲသာပင်။

ထို့နောက် ခုန်ကျွင်းက ခုန်မင်၏ ကျင့်ကြံခြင်းလမ်းစဉ်ကို စမ်းသပ်ခဲ့ပြီး သိုင်းပညာကိုလည်း စစ်ဆေးခဲ့သည်။

နောက်ဆုံးမှာတော့ သူ၏ ပါရမီရှင် သားငယ် အမှန်တကယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ခုန်မင်ပြောခဲ့သလိုပင် သူ နေမကောင်းဖြစ်ခဲ့သော (၃)နှစ်တာကာလက အိပ်မက်တစ်ခုပမာ မှတ်ယူရပေမည်။

(၃)နှစ်ခန့် အချိန်နောက်ကျခဲ့ပြီဖြစ်သော်လည်း ယခု ပြန်လည်နိုးထ သတိရလာပြီဖြစ်လေရာ နောက်ကျသည်ဟု မဆိုသာပေ။

ခုန်ကျွင်းက...

“မင်းအာ... သား ဘယ်လိုဖြစ်လို့ အရင်အတိုင်း ပြန်ကောင်းလာတာလဲ”

ပြန်လည်မွေးဖွားလာသော ကျူးကဲခုန်မင်သည် လက်ရှိခန္ဓာကိုယ်ပိုင်ရှင် ‘ခုန်မင်လေး’ ၏ မှတ်ဉာဏ်များနှင့် အပြည့်အဝ ပေါင်းစပ်ထားသဖြင့် အရာအားလုံးကို သဘာဝအတိုင်း နားလည်နိုင်သည်။

ဖခင်ဖြစ်သူ၏ မေးခွန်းကိုကြားသည့်အခါ ခုန်မင် ရူးချင်ယောင်ဆောင်ရတော့သည်။

“ကျွန်တော်လည်း မသိဘူး ၊ မိုးကြိုးပစ်ခံရပြီး အိပ်မက်ကနိုးလာသလို ခံစားရတယ် ၊ ပြီးတော့ အားလုံး အကောင်းပကတိ ပြန်ဖြစ်နေပြီ”

ခုန်မင်အား ခရမ်းရောင်လျှပ်စီးထိမှန်သည်ကို ခုန်ကျွင်းနှင့်အခြားသူများ တွေ့မြင်ရခြင်း မရှိခဲ့ပေ။

သို့သော် ခုန်မင်လေးကို လှောင်‌ပြောင်ဆော့ကစားခဲ့သည့် ဝတုတ်လူငယ်လေးတို့အုပ်စုကတော့ ခုန်မင်အား လျှပ်စီးထိမှန်ခဲ့သောဖြစ်စဉ်တစ်ခုလုံးအား တွေ့မြင်ခဲ့သည်ဖြစ်ရာ ဤကိစ္စကို ဖုံးကွယ်ရန်မှာ မဖြစ်နိုင်ပေ။

မိုးကြိုးပစ်ခံရပြီးနောက် သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ခုန်မင်က ဝန်ခံခဲ့သည်။ သို့သော် ထုံးစံအတိုင်းပင် ထိုအချက်ကို မည်သူမှ မေးခွန်းထုတ်နိုင်ခြင်း မရှိခဲ့ပေ။

အမှန်တော့ ခရမ်းရောင်လျှပ်စီးကြောင်းထဲတွင်ရှိနေသော ကျူးကဲခုန်မင်၏ဝိညာဉ်က ‘ခုန်’ အိမ်တော်မှ ဒုတိယသား ‘ခုန်မင်’ လေး၏ ခန္ဓာကိုယ်အား သိမ်းပိုက်ရန် အခွင့်အရေး ရယူခဲ့ခြင်းပင်။

အိမ်‌တော်သခင် ‘ခုန်ကျွင်း’ အနေဖြင့် မည်မျှ သတင်းအချက်အလက်ရယူမှု အားကောင်းပါစေ ခရမ်းရောင်လျှပ်စီးကြောင်း၏ မူလဇာစ်မြစ်ကို သိမြင်ရန် မဖြစ်နိုင်လေရာ ထို လျှပ်စီးကြောင်းထဲတွင် ပါဝင်သည့် လျှို့ဝှက်ချက်အား သိရှိရန်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

သူ၏သားငယ်က မိုးကြိုးပစ်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသည်ဆိုသောအချက်မှာ အနည်းငယ် ထူးဆန်းနေသည့်တိုင် ထိုအတွက် ပိုမိုကောင်းမွန်သော ရှင်းပြချက် မရှိပေ။

ဤကိစ္စရပ်အားလုံးက ‘ခုန်’ အိမ်‌တော်၏ဘိုးဘေးများ ကောင်းချီးလက်ဆောင်ပေးခြင်းဟုသာ မှတ်ယူနိုင်သည်။

မည်သို့ပင်ဖြစ်စေ ခုန်မင်တစ်ယောက် အရင်အတိုင်း ပြန်လည်ကောင်းမွန်လာခြင်းက ‘ခုန်’ အိမ်တော်အတွက် ကြီးမားသော ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့သည် အမှန်ပင်။

ခုန်ကျွင်းက ခုန်မင်ကို နှစ်ရက် သုံးရက်ခန့် ကောင်းစွာ အနားယူရန် စေခိုင်းခဲ့သည်။

အိမ်တော်တွင် ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ပြီးမှ ‘ခုန်’ အိမ်တော်၏ ဒုတိယသခင်လေး ယခင်ကကဲ့သို့ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သတင်းကောင်းကို ပြင်ပလောကသို့ ကြေငြာမည် ဖြစ်သည်။

အချိန်တန်သည့်အခါ ‘ခုန်’ အိမ်‌တော်မှ ဒုတိယသခင်လေးကို မည်သူက လှောင်ရယ်စရာအဖြစ် ဆက်ဆံဝံ့ပါတော့မည်နည်း။

ခုန်မင်က ဖခင်ဖြစ်သူ ခုန်ကျွင်းအား ခြံဝင်းအပြင်ဘက်သို့ တလေးတစားလိုက်ပို့ပေးပြီးနောက် အိမ်ထဲသို့ပြန်ဝင်လာပြီး အိပ်ယာထက်တွင် ငြိမ်သက်စွာထိုင်လိုက်သည်။

ညအမှောင်ရောက်လာသည့်အခါ ခုန်မင်က တံခါးပိတ်လိုက်ပြီး သူ့လက်များကို မျက်စိရှေ့သို့ ဖြည်းညင်းစွာ ပင့်မြှောက်လိုက်သည်။

အပေါ်ယံကြည့်မည်ဆိုလျှင် ထိုလက်များတွင် မည်သည့်ထူးခြားချက်မှ မတွေ့ရှိရပေ။

သို့သော် သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုလက်များ၏အရေပြားအောက်တွင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ခရမ်းရောင်တောက်ပနေကြောင်း ယောင်ဝါးဝါးတွေ့မြင်ရမည် ဖြစ်သည်။

ခုန်မင်က သူ့စိတ်များကို ငြိမ်သက်စေလိုက်သည့်အခါ သူ၏အရေပြားအောက်မှ ခရမ်းရောင်တောက်ပမှုသည်လည်း ပျောက်ကွယ်သွားခဲ့လေ၏။

All Chapters