← Chapters

အကြည့်များအောက်တွင် ...

Vol. 4 Ch. 375

အကြည့်များအောက်တွင် ...

Vol. 4 Ch. 375

ဂျပန်ပြည်တွင်းရှိ တရုတ်နှင့် ကိုရီးယား သူလျှိုများကြောင့် ထိုသတင်းမှာ အခြား အရှေ့အာရှ နိုင်ငံ ခေါင်းဆောင်များထံ အလျင်အမြန် ရောက်ရှိသွား၏။ ဂျပန်၏ ဆယ့်လေးခုမြောက် ကြည်းတပ် ချီတက်သွားသည် ဆိုသော သတင်းက အရှေ့အာရှရှိ လူတိုင်းအား ဆွံ့အစေသည်။

ဂျပန်တွင် ရှိသော ကြည်းတပ် အရေအတွက်မှာ နှစ်ဆယ်ပင် မပြည့်ချေ။ ထို့ကြောင့်ပင် ကြည်းတပ် တစ်ခုချင်းစီက ဂျပန်၏ အရေးပါသော အင်အားစုများ ဖြစ်သည်။ အဆိုးဆုံးမှာ သူတို့က F-15 များကိုပင် လွှတ်လိုက်ခြင်း ဖြစ်သည်။

"ဘာတွေ ဖြစ်နေတာလဲ ... ဘာလို့ ဂျပန်က ဒီလောက် အင်အားကို ချီတက်စေတာလဲ။ ဒါမှမဟုတ် စစ်ရေး လေ့ကျင့်တာလား ..."

"ဂျပန်မှာ စစ်ရေးလေ့ကျင့်မယ် ဆိုတဲ့ သတင်း မကြားပါဘူး။ အဲဒီလိုဆိုရင် ငါတို့ကို သတင်းပေးမှာပေါ့"

"အရေးပေါ် ကိစ္စ တစ်ခုများလား ..."

တရုတ်နှင့် ကိုရီးယား ခေါင်းဆောင်များမှာ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ အသည်းအသန် ဆွေးနွေးနေကြ၏။ အရှေ့အာရှရှိ နိုင်ငံများမှာ နီးကပ်စွာ ဆက်သွယ်ထားရာ တစ်နိုင်ငံ၏ အရေးပေါ် အခြေအနေက အခြား တစ်နိုင်ငံကိုပါ ထိခိုက်မှု ရှိသည်။

အထူးဌာန၏ ခေါင်းဆောင်ဖြစ်သော ဒါရိုက်တာရှောင်မှာ ထိုသတင်းကို ကြားသည်နှင့် စားပွဲအား ပြင်းထန်စွာ ရိုက်ပုတ်ရင်း ...

"ခွေးမသား ဂျပန်တွေ ... သူတို့ စစ်တပ်ကို လွှတ်လိုက်တာက ချန်းပေ့ရွှမ်းကို သတ်ဖို့ ဖြစ်မယ်။ သူတို့က  စာချုပ်ကို ချိုးဖျက်ချင် နေတာလား"

"ဘယ်လို ... ဂျပန်က ချန်းပေ့ရွှမ်းကို သတ်ဖို့ စစ်တပ်ကို သုံးတာလား ..."

ကျားဖြူနှင့် လိပ်နက် အပါအဝင် အခြား လက်ထောက် ဝန်ကြီးများမှာ ဒါရိုက်တာရှောင်၏ စကားကို ကြားသည်နှင့် ဆွံ့အ ကုန်ကြတော့သည်။

"ဂျပန် ကာကွယ်ရေး တပ်မတော်ကို သုံးရလောက်တဲ့ အထိ အခြား အရေးပေါ် ကိစ္စ မရှိဘူး"

ဒါရိုက်တာရှောင်က ခေါင်းခါယမ်းရင်း တပည့်တစ်ယောက်အား မြေပုံတစ်ခုကို ယူခိုင်းလိုက်သည်။ ထို့နောက် သူက ရှီကိုးကူး နေရာသို့ ထောက်ပြလိုက်ရင်း ...

"ပျံလွှာနီလေးက ငါ့ကို မက်ဆေ့(စာ) တစ်စောင် ပို့ထားတယ်။ သူနဲ့ ချန်းပေ့ရွှမ်းတို့ တိုကျိုကနေ ခူးရှူးကျွန်းကို ရထားနဲ့ ထွက်သွားပြီတဲ့။ ခုအချိန်က သူတို့ ရှီကိုးကူးကျွန်းကို ဖြတ်နေတဲ့ အချိန်ပဲ။ ဆယ့်လေးခုမြောက် ကြည်းတပ်ကလည်း ရှီကိုးကူးကျွန်းမှာ စခန်းချနေတာ။ သူတို့ ချန်းပေ့ရွှမ်း နောက်ကို လိုက်တယ် ဆိုတာ မှားစရာ မရှိဘူး"

လက်ထောက် ဝန်ကြီးများ၊ ကျားဖြူနှင့် လိပ်နက်တို့က သုန်မှုန်သော မျက်နှာများဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဒါရိုက်တာရှောင်၏ စကားများက မမှားနိုင်ကြောင်း သူတို့ ကောင်းစွာ သိသည်။

"ဆယ့်လေးခုမြောက် ကြည်းတပ် တစ်ခုလုံး ချန်းပေ့ရွှမ်းနောက်ကို လိုက်နေတာတော့ ဖြစ်နိုင်ပါ့မလား ..."

ကျားဖြူက သံသယ ဖြစ်စွာ မေးလိုက်သည်။ အခြား လက်ထောက် ဝန်ကြီးများကလည်း မေးမြန်းသည့် အကြည့်များဖြင့် ဒါရိုက်တာရှောင်ကို ကြည့်ကြသည်။

"မင်းတို့က ဂျပန်ရဲ့ ချန်းပေ့ရွှမ် အပေါ် သဘောထားကို လျှော့တွက် နေကြတာပဲ"

ဒါရိုက်တာရှောင်က ခေါင်းကိုခါရင်း ဆက်ပြောလိုက်၏။

"တိုကျိုမျှော်စင် ဆိုတာက ဂျပန်ရဲ့ သင်္ကေတစ်ခုပဲ။ အဲဒါကို ဖျက်ဆီး ပစ်လိုက်တာက ဂျပန် အစိုးရကို စိတ်ပျက်စေလိမ့်မယ်။ ဂျပန် အစိုးကရ မစ်ဆု ယူတိုကနေ တစ်ဆင့် ချန်းပေ့ရွှမ်းကို ဂျပန်ကနေ ထွက်သွားဖို့ သတိပေးခဲ့ သေးတယ်လို့ ပျံလွှားနီလေး လှမ်းပြောတယ်။ ဒါပေမဲ့ ချန်းပေ့ရွမ်းက ဂရုမစိုက်ဘူးတဲ့။ ဒါကြောင့် ဂျပန် အစိုးရက သူ့ကို စိတ်မရှည်တော့တာ ဖြစ်မယ်"

"ကြည်းတပ်တစ်ခုမှာ အင်အား လေးထောင်လောက် ရှိတာ။ သူတို့ အကုန် ချီတက်သွားတာ ဆိုရင်တော့ ..."

ကျားဖြူက ခေါင်းခါလိုက်သည်။

"အဇူရာ နဂါးလို လူမျိုးတောင် စစ်အင်အား တစ်ထောင်ကို တစ်ယောက်တည်း မတိုက်ခိုက်နိုင်ဘူး။ ချန်းပေ့ရွှမ်း နိုင်ဖို့ အခွင့်အရေး မရှိလောက်တော့ဘူး ထင်တယ်။ သူ ပါးပါးနပ်နပ်နဲ့ ရှောင်ထွက်လာဖို့ကဲ ကျုပ်တို့ မျှော်လင့်ရတော့မယ်"

ဝန်ကြီးတစ်ယောက် ကလည်း ခေါင်းညိတ်ရင်း ဝင်ပြောလိုက်၏။

"ဒါက အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ ချန်းပေ့ရွှမ်းက သူ့ကိုယ်သူ အရမ်း အထင်ကြီးနေတာ။ ဒီတိုက်ပွဲကနေ သင်ခန်းစာ တစ်ခုတော့ သူရမှာပါ ..."

ချန်းဖန် အနေဖြင့် ဆယ့်လေးခုမြောက် ကြည်းတပ်ကို ရင်ဆိုင် နိုင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်ကြပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာကား ထွက်ပြေးခြင်းပင်။

ဒါရိုက်တာရှောင်က မည်သို့မျှ ပြန်မပြောတော့ပဲ မျက်မှောင်သာ ကြုတ်နေခဲ့၏။ ချန်းပေ့ရွှမ်း အကြောင်းအား သူကောင်းစွာ သိသည်။ ထိုအကောင်မှာ အန္တရာယ်မှ ရှောင်ပြေးလိမ့်မည် မဟုတ်ချေ။ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်မည်မှာ ကျိန်းသေသည်။

သို့သော်လည်း သူ၏ လုပ်နိုင်စွမ်းက မည်မျှ အထိ ရှိမည်နည်း။ တန်ခိုးရှင် အဆင့် တစ်ယောက်ပင်လျှင် စစ်တပ်တစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် နှစ်ခါပြန် စဉ်းစားရပေ လိမ့်မည်။

***

ထိုအချိန် စီအိုင်အေ၏ သီးသန့်ဖိုရမ် တစ်ခုတွင် ...

အမှောင်လောကမှ များစွာသော ပညာရှင်များမှာ ပို့(post) များ တင်၍ ဆွေးနွေး နေကြသည်။ နိုင်ငံများစွာမှ လျှို့ဝှက် အေးဂျင့်များသည်လည်း ထိုဆွေးနွေးပွဲတွင် ပါဝင်နေ၏။

"မင်းတို့ကောင်တွေ ဘယ်လိုထင်လဲ ... ချန်းပေ့ရွှမ်း နိုင်လောက်လား ..."

တစ်စုံ တစ်ယောက်က မေးသည်။

"ဟင့်အင်း ... ဂျပန် ကာကွယ်ရေး တပ်မတော်က အရမ်း အင်အားကြီးတယ်။ နောက်ပြီး သူတို့က ကြည်းတပ် တစ်ခုလုံးကို လွှတ်လိုက်တာ"

တစ်စုံတစ်ယောက်က စက္ကန့်ပိုင်းအတွင်း ပြန်ရေးသည်။

"ချန်းပေ့ရွှမ်း ပြန်တိုက်ဖို့ ကြိုးစားရင်တော့ တိုက်လေယာဉ်တွေ အောက်မှာ အသက်ပျောက်ရမှာပဲ ..."

အခြားတစ်ယောက် ကလည်း ရေးသည်။ အခြားလူများစွာ ကလည်း ပထမ ရေးသူ နှစ်ယောက်၏ စကားများကို ထောက်ခံရင်း ရေးကြသည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ငါ မစ်ရှင် တစ်ခုနဲ့ အာဖဂန်နစ္စတန်ကို ရောက်နေတာ။ အဲဒီမှာ အဆင့်လွန် အရှင်သခင် တစ်ယောက်ကို ဟယ်လီကော်ပတာနဲ့ လိုက်တိုက်ခိုက်နေတာ တွေ့ခဲ့တယ်။ အဲဒီ အချိန်မှာ အဆင့်လွန် အရှင်သခင်က အမေရိကန် စစ်သား တော်တော်များများကို သတ်ပြီးနေပြီ။ သူက ဟယ်လီကော်ပတာကို မြင်တာတောင် ကြောက်ပုံမရဘူး။ ဒါပေမဲ့ အထင်သေးမိတဲ့ တန်ဖိုးကို သူ့အသက်နဲ့ ပြန်ဆပ်လိုက်ရတယ်"

"အင်း ... ဂျပန် ဟယ်လီကော်ပတာတွေက အမေရိကန်ထက် မညံ့ဘူး။ ငါသာ ချန့်ပေ့ရွှမ်း နေရာမှာ ဆိုရင် မြို့ကြီး တစ်မြို့ထဲမှာ ပုန်းနေမှာ။ ဂျပန် စစ်တပ်က မြို့ကြီးကိုတော့ ဗုံးမကြဲလောက်ဘူး မလား"

တစ်စုံတစ်ယောက် ကလည်း ချန်းပေ့ရွှမ်းအား အကြံပြုဟန် မှတ်ချက် ရေးသည်။ သီးသန့်ဖိုရမ်ရှိ မည်သူကမျှ ချန်းပေ့ရွှမ်း အနိုင်ရမည်ဟု မမျှော်လင့် ထားကြချေ။

"ချန်းပေ့ရွှမ်း အနိုင်ရသွားမယ် ဆိုရင်ရော ..."

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"လာနောက်နေတာလား။ သူနိုင်ရင် ချောက်ကမ်းပါးကနေ ငါ ခုန်ချလိုက်မယ်ကွာ"

"မဖြစ်နိုင်တာ ... တန်ခိုးရှင် အဆင့်တောင် စစ်တပ် တစ်တပ်ကို ရင်ဆိုင်တိုက်ဖို့ နှစ်ခါ စဉ်းစားရမှာကိုး"

"အဲဒီကောင်က ငပေါပါကွာ။ ဦးနှောက် မရှိတဲ့ မေးခွန်းကို လာမေးနေတာ။ အမေရိကန် စစ်တပ်က တန်ခိုးရှင် အဆင့်တွေ ကိုတောင် သတ်ဖူးတာ။ ချန်းပေ့ရွှမ်းက သူတို့နဲ့ ဘာကွာနေလို့လဲ"

ထိုမေးခွန်းကား မကောင်းမြင် မှတ်ချက်များဖြင့်သာ အဆုံးသတ်သွားသည်။

"မစ္စတာ လေ့လာသူ" ကပင် ဝင်ရောက်၍ ရေးလိုက်သည်။

"ချန်းပေ့ရွှမ်းသာ ဂျပန် စစ်တပ်ကို နိုင်မယ် ဆိုရင် သူ့ကို အစွမ်းအထက်ဆုံး တန်ခိုးရှင် အဆင့်လို့ သတ်မှတ်ရမယ်"

ထို့နောက် သီးသန့်ဖိုရပ် တစ်ခုလုံး တိတ်ဆိတ် သွားပြန်၏။

"သူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးက အရမ်းနည်းတယ် ..."

များစွာသော လူများက မှတ်ချက် ရေးနေကြတော့၏။

***

ထိုအချိန် ရှီကိုးကူး ဟုခေါ်သော ကျွန်းငယ်လေးပေါ်တွင် ...

ချန်းဖန် လက်နှစ်ဖက်အား နောက်ပစ်၍ ကွင်းပြင်ကျယ် တစ်နေရာ၌ ရပ်နေခဲ့၏။ ထိုအချိန်မှာပင် ဆယ့်လေးခုမြောက် ကြည်းတပ်မှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ငါးကီလိုမီတာ ...

လေးကီလိုမီတာ ...

သုံးကီလိုမီတာ ...

စစ်သားများ၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မြင်ရသည် အထိ စစ်တပ်မှာ ရောက်ရှိ လာခဲ့တော့သည်။

ထိုအချိန်၌ အေအိတ်ဝမ်း(AH-1) ဟယ်လီကော်ပတာများ မှာလည်း ချန်းဖန်၏ အထက် ဝေဟင်တွင် ပျံသန်းနေခဲ့သည်။ ထို A-1 ဟယ်လီကော်ပတာ များတွင် အေအိုင်အမ်နိုင်း (AIM-9) ဒုံးကျည်များနှင့် အမ်ဝမ်းနိုင်းဆဲဗင်း(M197) လျှပ်စစ် အမြောက်များကို တပ်ဆင်ထား၏။

ထိုလျှပ်စစ် အမြောက်များမှာ တင့်ကား သံချပ်ကာ များကိုပင် အရည်ပျော်စေနိုင်သော စွမ်းအား ရှိသည်။ သူတို့၏ နာမည်ပြောင်ပင်လျှင် "တင့်ကား သတ်ဖြတ်သူ" သူ၍ ဖြစ်သည်။ ထိုအမြောက်၏ ပစ်ခတ် တိုက်ခိုက်မှုက အထွတ်အထိပ် အဆင့် တစ်ယောက် အားကုန် တိုက်ခိုက်မှုထက် ပိုမို ပြင်းထန်သည်။ ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် တစ်ယောက်ပင်လျှင် ထိုတိုက်ခိုက်မှုအား တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

"ဘန်း ဘန်း ဘန်း ..."

AH-1 ဟယ်လီကော်ပတာ တစ်စင်းက တစ်ကီလိုမီတာခန့် အဝေးမှ ချန်းဖန်ကို လှမ်း၍ ပစ်ခတ်လိုက်သည်။ သူတို့တွင် ချန်းဖန်အား တိုက်ရိုက် တိုက်ခိုက်ရန် အမိန့်ရထားပြီးသည့် ပုံပေါ်သည်။

လျှပ်စစ် အမြောက်ထံမှ ကျည်ဆန်များက ပလူပျံအောင် လွင့်ပျံရင်း ချန်းဖန်ထံ ပြေးဝင်လာကြသည်။ ကျည်ဆန်များက ချန်းဖန်၏ ပတ်ဝန်းကျင်ကို အဆက်မပြတ် ထိမှန်သည်။ ခဏအတွင်းမှာပင် ကောင်းကင်၌ အခြား ဟယ်လီကော်ပတာများ ထပ်မံ ပေါ်ထွက်လာကာ ချန်းဖန်ထံသို့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ကြတော့၏။

ကျည်ဆန်များကြောင့် ပလူပျံနေသော ကျောက်တုံးများ သစ်ပင်များကြား၌ ချန်းဖန်က စတင်လှုပ်ရှားလာသည်။ သူက မြေပြင်အား အားကန်နင်း၍ လေထဲသို့ ပျံတက်လိုက်သည်။ အားလုံး၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်က နဂါးတစ်ကောင် အလား ကောင်းကင်သို့ တိုးထွက်သွားတော့၏။

***

All Chapters