← Chapters

ထူးခြားသည့်ရုပ်ခန္ဓာ

Vol. 1 Ch. 13

ထူးခြားသည့်ရုပ်ခန္ဓာ

Vol. 1 Ch. 13

ခုန်မင်က သူ၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကို ကိုယ်တွင်းမျက်စိဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့သည်။

နောက်ဆုံး သူ၏ စွမ်းအင်ဗဟိုချက်နှင့် သွေးကြောဆုံချက်များ ငြိမ်သက်သွားပြီး တန်ခိုးစွမ်းအား(၃)ခုသည်လည်း ပဋိပက္ခမရှိဘဲ ငြိမ်သက်စွာ လည်ပတ်နေကြောင်း အတည်ပြုပြီးမှသာ စိတ်သက်သာရာရသွားပြီး ကိုယ်တွင်းမျက်စိဖြင့် ကြည့်ရှုခြင်းကို ရပ်တန့်လိုက်သည်။

ခုန်မင်က ကြောက်စရာကောင်းလောက်အောင် ဉာဏ်ရည်ထက်မြက်သူဖြစ်သော်လည်း လက်ရှိမှာတော့ သူ၏ခန္ဓာကိုယ်ထဲတွင် ဘာဖြစ်နေကြောင်း အတိအကျ နားမလည်နိုင် ဖြစ်နေဆဲပင်။

သို့သော် ဤ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးသည့်နောက် ကြီးမားသောအကျိုးကျေးဇူးများ ရရှိခဲ့ကြောင်းကိုတော့ ခုန်မင် သေချာစွာ နားလည်သည်။

အစိမ်းရောင်နှင့် ခရမ်းရောင်စွမ်းအားများကို သန့်စင်ပြီးသည့်နောက် ခုန်မင်၏ သွေးကြောဆုံချက်များမှ စွမ်းဆောင်ရည်သည် ယခင်ထက် ဆယ်ပုံတစ်ပုံခန့် တိုးတက်လာကြောင်း ထင်ရှားစွာတွေ့ရှိရသည်။

ဆိုလိုသည်မှာ ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်သော စွမ်းအင်ပမာဏက ရုတ်တရက် (၁၀)ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်၏။

သူ၏ စွမ်းအင်ဗဟိုချက်တွင် ဖွဲ့စည်းထားသော ထူးဆန်းသည့် ယင်ယန်သင်္ကေတသည် ခုန်မင်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ပိုမိုလွယ်ကူစွာ သန့်စင်ပေးသည်။

ယင်ယန်သင်္ကေတက အလိုအလျောက်လည်ပတ်နေသော စက်တစ်ခုပမာ အဆက်မပြတ် ဖြည်းညင်းစွာလည်ပတ်နေသည်။

ထိုသင်္ကေက ခုန်မင်၏ သွေးကြောဆုံချက်များမှ စွမ်းအားများကိုစုပ်ယူပြီး ပြန်လည်သန့်စင်ကာ သွေးကြောများအတွင်း ပြန်လည်ပို့ဆောင်ပေးသည်။

ဤလုပ်ငန်းစဉ်သည် (၂၄)နာရီ မရပ်မနား အလိုအလျောက်လည်ပတ်နေသည့် ဆော့ဖ်ဝဲတစ်ခု ထည့်ထားသည့်အလား တစ်နေ့လုံးတွင် (၂၄)နာရီလုံးလုံး စဉ်ဆက်မပြတ် ကျင့်ကြံနေနိုင်သည်။

သို့ဖြစ်ရာ ကျင့်ကြံခြင်းမြန်နှုန်းတွင် မည်သူမှ ခုန်မင်နှင့် ယှဉ်နိုင်တော့မည် မဟုတ်ပေ။

သို့သော် ဤအကျိုးကျေးဇူးများအားလုံးက ခုန်မင် နောက်ဆုံးရရှိခဲ့သော အကျိုးကျေးဇူးနှင့်နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်ပေ။

သို့သော် ဤအကျိုးကျေးဇူးအားလုံးသည် ကောင်းမင်းရရှိခဲ့သော နောက်ဆုံးအကျိုးကျေးဇူးနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။

ခုန်မင်၏ မူလခန္ဓာကိုယ်က အလွန်ထူးခြားသည်ဟု ဆိုနိုင်သည်။

ထျန်းယွမ်ကုန်းမြေ၏ စံနှုန်းများအရဆိုလျှင် သူက မွေးရာပါ “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” ဖြစ်သည်။ ထို့ကြောင့် သစ်သားဒြပ်စင်ကျင့်စဉ်များကို ကျင့်ကြံရာတွင် အလွန်တရာ အံ့သြဖွယ်ကောင်းလောက်အောင် လျှင်မြန်ခဲ့သည်။

ထျန်းယွမ်ကုန်းမြေတွင် ကျင့်ကြံသူများ၏ ရုပ်ခန္ဓာက မွေးရာပါ သတ်မှတ်ပြီးသား ဖြစ်သည်။

သာမန်အားဖြင့် လူတိုင်း၏ ကျင့်ကြံခြင်းရုပ်ခန္ဓာက ဒြပ်စင်ငါးမျိုးဖြစ်သော သစ်သား ၊ မီး ၊ မြေ ၊ သတ္တု ၊ ရေ စသည်တို့ဖြင့် ဖွဲ့စည်းထားတတ်သည်။

လူတစ်ယောက် မည်သည့်ကျင့်စဉ်ကို အဓိကကျင့်ကြံမည်ကို ဆုံးဖြတ်ရာတွင် မည်သည့်ဒြပ်စင်နှင့်ဆက်စပ်မှုအပြင်းထန်ဆုံးဖြစ်သည်ကို ကြည့်ရှုရသည်။

မှန်ကန်သည့်ကျင့်စဉ်ကိုသာ ရွေးချယ်မိမည်ဆိုလျှင် နောင်တွင် ကျင့်ကြံရာတွင် အားစိုက်ထုတ်မှုနည်းနည်းဖြင့် တိုးတက်မှုက သဘာဝအတိုင်း မြန်ဆန်လာပေမည်။

သို့သော် ဒြပ်စင် (၂)ခု သို့မဟုတ် (၃)ခု တွင် တူညီသောအားသာချက်များရှိသည့် ထူးချွန်ထက်မြက်သော ကျင့်ကြံသူများလည်း များစွာရှိသည်ပင်။

ထိုသို့သောကျင့်ကြံသူများတွင် လုံလောက်သော ဇွဲလုံ့လနှင့် စိတ်ဓာတ်ခိုင်မာမှုရှိမည်ဆိုပါက ကျင့်စဉ် (၂)ခု သို့မဟုတ် (၃)ခုကို တပြိုင်တည်းကျင့်ကြံရန် ရွေးချယ်နိုင်သည်။

တစ်ခုထက်ပိုသော ဒြပ်စင်စွမ်းအားပညာရပ်များကို ကျင့်ကြံသူများအနေဖြင့် အစပိုင်းတွင် ဒြပ်စင်စွမ်းအားပညာရပ် တစ်ခုတည်းကို ကျင့်ကြံသူများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှေးကွေးနိုင်သည်။

သို့သော် ကျင့်ကြံခြင်းနက်ရှိုင်းလာသည်နှင့်အမျှ ဒြပ်စင်စွမ်းအားမျိုးစုံ ကျင့်ကြံထားသူများ၏အားသာချက်က ပိုမိုထင်ရှားလာသည်။

ယေဘူယျဆိုရသော် ဒြပ်စင်စွမ်းအား (၃)မျိုးခန့်ကို တစ်ပြိုင်တည်းကျင့်ကြံနိုင်သူများမှာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာပေါ်ထွန်းတတ်သော ပါရမီရှင်များအဖြစ် သတ်မှတ်ကြသည်။

သို့သော် ကျင့်ကြံခြင်းသမိုင်းတွင် ထူးချွန်ထက်မြက်သောပုဂ္ဂိုလ်များစွာရှိခဲ့ပြီး သူတို့က နောက်လာမည့်မျိုးဆက်အတွက် အားကျဖွယ် အမွေအနှစ်များကို ချန်ရစ်ခဲ့ကြသည်။

ခုန်အိမ်တော်၏ ဘိုးဘေးဖြစ်သူ ‘ခုန်ရှို့’ သည် မည်သူမှမကြုံစဖူးအောင် ဒြပ်စင်(၅)မျိုးကို တပြိုင်တည်းကျင့်ကြံနိုင်သည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည်။

ဤထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ပင် ‘ခုန်ရှို့’ သည် ဧကရာဇ်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သော “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို စံပြအဖြစ် တီထွင်နိုင်ခဲ့ပြီး ဒဏ္ဍာရီဆန်သော ‘ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်’ ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီး ‘ခုန်’ မိသားစု၏ ကျယ်ပြန့်သော အမွေအနှစ်ကို တည်ထောင်ခဲ့သည်။

ခုန်ရှို့နောက်ပိုင်း ခုန်မိသားစုတွင် ဒြပ်စင်စွမ်းအား(၅)မျိုးလုံး အထွတ်ထိပ်အဆင့်ရောက်ရှိအောင် ကျင့်ကြံနိုင်သူ တစ်ယောက်မှ မပေါ်ထွန်းတော့ပေ။

ထို့ကြောင့် ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်ကို ခုန်ရှို့ကဲ့သို့ အထွတ်ထိပ်အဆင့် ကျင့်ကြံနိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။

သို့သော် လောက၏အံ့သြဖွယ်ရာအမှုများသည် အမြဲတမ်းပင် သာမန်လူများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်လေ့ ရှိကြသည်။

ခုန်ရှို့ကဲ့သို့ “ဒြပ်စင်(၅)မျိုးကို တပြိုင်တည်းကျင့်ကြံနိုင်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ” ဖြစ်သော “ဒြပ်စင်ငါးပါးရုပ်ခန္ဓာ” အပြင် အခြားရှားပါးသော ရုပ်ခန္ဓာတစ်ခုလည်း ရှိသေးသည်။

ထိုရုပ်ခန္ဓာဖွဲ့စည်းပုံကို “တစ်ခုတည်းသောဒြပ်စင်ခန္ဓာ” ဟု ခေါ်သည်။

သာမန်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွင် များသောအားဖြင့် ဒြပ်စင်(၅)မျိုးလုံးပါဝင်ကြပြီး ဒြပ်စင်တစ်ခုချင်းစီ၏ ထူးချွန်မှုစွမ်းရည် အနည်းအများက တူညီမှုမရှိကြပေ။ အချို့ဒြပ်စင်က အားနည်းပြီး အချို့ဒြပ်စင်က ထူးချွန်သည်။

မိမိတို့၏ရုပ်ခန္ဓာတွင် ထူးချွန်သည့်ဒြပ်စင်နှင့်သက်ဆိုင်သည့်ကျင့်စဉ်ကို ရွေးချယ်ကျင့်ကြံရန် လိုအပ်သည်။

သို့သော် “တစ်ခုတည်းသောဒြပ်စင်ခန္ဓာ” ပိုင်ဆိုင်သူများကတော့ အလွန်ထူးဆန်းပြီး တစ်မျိုးတည်းသော ဒြပ်စင်စွမ်းရည်ကိုသာပိုင်ဆိုင်ကာ ကျန်ရှိသော ဒြပ်စင်(၄)မျိုးနှင့်ပတ်သက်လာလျှင် လုံးဝခံနိုင်ရည်မရှိသလို ဖြစ်နေခြင်းပင်။

ထိုသို့ “တစ်ခုတည်းသောဒြပ်စင်ခန္ဓာ” ကို “ဝိညာဉ်ခန္ဓာ” ဟုလည်း ခေါ်သည်။

ဥပမာအားဖြင့်...

ခုန်မင်ကဲ့သို့ သစ်သားဒြပ်စင်တစ်ခုတည်းအတွက် “တစ်ခုတည်းသောဒြပ်စင်ခန္ဓာ”ကို ပိုင်ဆိုင်ထားပါက “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” ဟု ခေါ်သည်။

ဝိညာဉ်ခန္ဓာဖွဲ့စည်းပုံက အလွန်ရှားပါးပြီး လူသားသန်းပေါင်းတစ်ရာတွင် တစ်ယောက်သာ ရှိနိုင်သည်။

ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူများ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ စိတ်ကူးကြည့်၍မရအောင်မြန်ဆန်ပြီး “တစ်ခုတည်းသောဒြပ်စင်ကျင့်ကြံခြင်း” တွင် အထွတ်ထိပ်အဆင့်သို့ရောက်ရှိအောင်ကျင့်ကြံနိုင်ရန် အလားအလာမြင့်မားသည်။

ခုန်မင်က ပါရမီရှင်ဟု နာမည်ကျော်ကြားရသည့်အကြောင်းရင်းမှာ သူပိုင်ဆိုင်ထားသည့် “ဝိညာဉ်ခန္ဓာ” ကြောင့် ဖြစ်သည်။

သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာကို အသုံးပြု၍ ဒြပ်စင်စွမ်းအားကို အမြန်စုဆောင်းပြီး အားကောင်းသောဝိညာဉ်စွမ်းအားဖြင့် ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်မည်ဖြစ်ရာ တိုးတက်မှုအရှိန်အဟုန်က သေချာပေါက် မြန်ဆန်နေပေလိမ့်မည်။

“ဒြပ်စင်ငါးပါးရုပ်ခန္ဓာ” နှင့် “ဝိညာဉ်ခန္ဓာ” တွင် မည်သည်က သာလွန်ကြောင်း ပြောဆိုရန်ခက်သည်။ နှစ်ခုလုံးက အထွတ်ထိပ်အဆင့် ရုပ်ခန္ဓာဖွဲ့စည်းပုံများ ဖြစ်ကြသည်။

သို့သော် ‘ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်’ ကိုပိုင်ဆိုင်သည့် ခုန်အိမ်တော်အတွက် တစ်ခုတည်းသောဒြပ်စင်ခန္ဓာဖြစ်သော ‘ဝိညာဉ်ခန္ဓာ’ ကို ပိုင်ဆိုင်ထားသူတစ်ဦးသည် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ရောက်ရှိရန် ခက်ခဲမည်မဟုတ်သော်လည်း ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်သို့ ရောက်ရှိရန်အတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။

သတိပြုရမည့်အချက်မှာ ခုန်ရှို့လက်ထက်ကတည်းက ‘ခုန်’ အိမ်တော် မိသားစုဝင်များစွာသည် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်ကိုဖြတ်ကျော်ပြီး ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်သို့ တက်ရောက်လာကြသော်လည်း သူတို့အားလုံးက ဒြပ်စင်စွမ်းအား (၂)မျိုး သို့မဟုတ် (၃)မျိုးကို ကျင့်ကြံသူများ ဖြစ်ကြသည်။

ဒြပ်စင်စွမ်းအားတစ်မျိုးတည်းကိုကျင့်ကြံသူ မည်သူတစ်ဦးတလေမျှ ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ကြခြင်း မရှိပေ။

ဟုတ်ပေ၏။

ဒြပ်စင်စွမ်းအားတစ်မျိုးတည်းကို ကျင့်ကြံသူများအတွက် ဧကရာဇ်အဆင့်နှင့်သင့်လျော်သည့် ကျင့်ကြံခြင်းနည်းလမ်းများရှိပါက ဧကရာဇ်အဆင့်သို့တက်ရောက်ရန် သိသာထင်ရှားသည့်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။

သို့သော် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းလမ်းများက အလွန်ရှားပါးလှသည်။

ခုန်အိမ်တော်ကဲ့သို့ အင်အားကြီးမားသည့် မိသားစုတစ်ခုမှာပင် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းလမ်း တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားသည်။

“ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ပင် ဖြစ်၏။

ခုန်ကျွင်းကဲ့သို့လူတစ်ယောက်အတွက်ကတော့ ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်ဆိုသည်မှာ အလွန်ပင် အလှမ်းဝေးလွန်းလှပြီး စဉ်းစားရန်ပင် မဖြစ်နိုင်လောက်အောင် ဝေးကွာသည်။

သူ၏သား ‘ခုန်မင်’ အနေဖြင့် ‘သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ’ ကို အသုံးပြုပြီး ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ တက်ရောက်နိုင်မည်ဆိုပါက သူတို့မျိုးရိုးအတွက် ကြီးမားသော ကံကောင်းခြင်းတစ်ခု ဖြစ်နေပေပြီ။

သူတို့အတွက် ဂုဏ်သိက္ခာအပြည့်ဖြင့် ပင်မ ‘ခုန်’ အိမ်တော်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော် ခုန်မင်ကတော့ ‘ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်’ မျှဖြင့် မည်သို့စိတ်ကျေနပ်နိုင်ပါမည်နည်း။

ခုန်မင်ဆိုသည်က “အိပ်ပျော်နေသည့်နဂါး” အဖြစ် မွေးဖွားလာသူတစ်ယောက် ဖြစ်သည်။

ပထမဆုံးအခွင့်အ‌ရေးရသည်နှင့် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားမည်ဖြစ်ပြီး သူနှင့်ယှဉ်နိုင်သူ တစ်ယောက်မှရှိမည် မဟုတ်ပေ။

ထျန်းယွမ်ကုန်းမြေတွင် ခုန်မင်က မိုးအောက်မြေပြင်တွင် လောကပထမဖြစ်လာရန် ရည်မှန်းထားသည်။

ခုန်မင်အတွက် သူကျင့်ကြံနိုင်သည့် အမြင့်ဆုံးကျင့်စဉ်မှာ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ဖြစ်သည်။

သို့သော် သူ၏ “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” က ဤကျင့်စဉ်ကိုကျင့်ကြံရန် သူ၏စွမ်းရည်ကို ကန့်သတ်ထားသည်။ ထို့ကြောင့် ဤသည်က သူ့အတွက် ခက်ခဲသောရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။

သို့ပေသိ တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်ကို ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာသည့်အပြောင်းအလဲများကြောင့် ခုန်မင်အနေဖြင့် “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို ကျင့်ကြံနိုင်မည့်အခွင့်အလမ်း ရှိလာသည်။

ကနဦးတွင် ခုန်မင်၏သွေးကြောဆုံချက်များထဲတွင်လှည့်ပတ်နေသည့် အစိမ်းရောင်ချီစွမ်းအားက အလွန်သန့်စင်သည့် သစ်သားဒြပ်စင်စွမ်းအား ဖြစ်သည်။

သူ့တွင် “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” ကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ဤမျှသန့်စင်သော သစ်သားဒြပ်စင်စွမ်းအားကို စုဆောင်းနိုင်မည် မဟုတ်ပေ။

ခရမ်းရောင်ချီစွမ်းအားကတော့ တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ရရှိလာသည့် နတ်ဘုရားစွမ်းအားကို ကိုယ်စားပြုသည်။

သို့သော် ခုန်မင်ကျင့်ကြံနေစဉ်တွင် နတ်ဘုရားစွမ်းအားနှင့် ဒြပ်စင်စွမ်းအားတို့က သူ၏ခန္ဓာကိုယ်ထဲမှ သွေးကြောဆုံချက်များနှင့် စွမ်းအင်ဗဟိုချက်ချီပင်လယ်ကိုလွှမ်းမိုးရန် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြသည်။

အစပိုင်းတွင် ဒြပ်စင်စွမ်းအားသည် နတ်ဘုရားစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ခုန်မင်၏ခန္ဓာကိုယ်တွင်းမှ သစ်သားဒြပ်စင်စွမ်းအား ရှုံးနိမ့်တော့မည့် အရေးကြီးသောအချိန်တွင် ထိုစွမ်းအားက ရုတ်တရက် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားပြီး မီးခြပ်စင်စွမ်းအား၏ အနီရောင်ချီစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ခုန်မင်အနေဖြင့် အခြားသော ဒြပ်စင်စွမ်းအားကျင့်စဉ်များကို ကျင့်ကြံဖူးခြင်း မရှိသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာသော အနီရောင်ချီစွမ်းအားမှာ သန့်စင်သည့် မီးဒြပ်စင်စွမ်းအားဖြစ်ကြောင်း သေချာစေခဲ့သည်။

မီးဒြပ်စင်စွမ်းအား၏ အကူအညီဖြင့် သစ်သားဒြပ်စင်စွမ်းအားသည် နတ်ဘုရားစွမ်းအားနှင့် တန်းတူရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံး ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ဟန်ချက်ညီသော တည်ငြိမ်သည့်အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ခန္ဓာကိုယ်တစ်ခုတည်းတွင် စွမ်းအား (၃)ရပ် တပြိုင်နက်တည်းအမြစ်တွယ်နေခြင်းက လုံးဝ ထူးခြားသည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ဒြပ်စင်စွမ်းအား (၃)မျိုးကို ကျင့်ကြံသော ကျင့်ကြံသူများသည်လည်း ထိုသို့သောအခြေအနေကို ကြုံတွေ့ရသောကြောင့် ဖြစ်သည်။

သို့သော် ခုန်မင်၏ကိုယ်တွင်းတွင် ထိုကဲ့သို့သော အခြေအနေ ဖြစ်ပေါ်လာခြင်းမှာ အမှန်ပင် ထူးခြားလှပေသည်။

အဘယ်ကြောင့်ဆိုသော ခုန်မင်က “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့်ပင်။

သူ၏ခန္ဓာကိုယ်ထဲတွင် မီးဒြပ်စင်စွမ်းအားက မည်သို့ထွက်ပေါ်လာနိုင်ပါမည်နည်း။

All Chapters