← Chapters

ဒြပ်စင်ငါးပါး အချင်းချင်းဖြည့်စွက်ခြင်း

Vol. 1 Ch. 14

ဒြပ်စင်ငါးပါး အချင်းချင်းဖြည့်စွက်ခြင်း

Vol. 1 Ch. 14

လူတစ်ယောက်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံဆိုသည်က မွေးဖွားစဉ်ကတည်းကပါရှိသော သဘောသဘာဝဖြစ်ပြီး နောက်ပိုင်းတွင် ထိုသဘောသဘာဝကို ပြောင်းလဲရန် အလွန်ခက်ခဲသည်။

ထျန်းယွမ်ကုန်းမြေတွင် လူတစ်ယောက်၏ ရုပ်ခန္ဓာဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သည့် အဖိုးတန်ရတနာ များစွာရှိသည်။

သို့သော် မည်သို့သော ရတနာပစ္စည်းဖြစ်ပါစေ ၎င်း၏ အကျိုးသက်ရောက်မှုမှာ ဒြပ်စင်ငါးပါးကိုကျင့်ကြံနိုင်သော သဘာဝအရည်အသွေးရှိသူများ၏ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ရန်သာ အသုံးပြုနိုင်သည်။

“ဝိညာဉ်ခန္ဓာ” များနှင့်ပတ်သက်လျှင် မည်သည့်ရတနာပစ္စည်းကမှ ပြောင်းလဲပေးနိုင်ခြင်း မရှိပေ။ အနည်းဆုံး လူသားမျိုးနွယ်များတွင် ဝိညာဉ်ခန္ဓာကိုပြောင်းလဲရန် ဖြစ်နိုင်ခြေများကို မတွေ့ရှိရသေးပေ။

ခုန်မင်က “သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ” ကို ပိုင်ဆိုင်ထားသူဖြစ်လေရာ သူ၏ခန္ဓာကိုယ်က အခြားသောဒြပ်စင်စွမ်းအားများမှ လုံးဝခွဲထွက်နေသည်မှာ ထင်ရှားသည်။

သို့သော် တစ်ခုတည်းသောဒြပ်စင်ခန္ဓာသည်ပင် ကျင့်ကြံသည့်အခါ ထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားပါက ဒြပ်စင်စွမ်းအားပြောင်းလဲမှုများဖြင့် ကြုံတွေ့ရနိုင်သည်။

ဥပမာအားဖြင့် သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာက ဒြပ်စင်စွမ်းအားအခွဲတစ်ခုဖြစ်သော လေဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်ပြီး သတ္တုဒြပ်စင်ဝိညာဉ်ခန္ဓာက မိုးကြိုးဒြပ်စင်စွမ်းအားကိုကျင့်ကြံနိုင်ကာ ရေဒြပ်စင်ဝိညာဉ်ခန္ဓာကတော့ ရေခဲဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်သည်။

သို့သော် အခြေခံ ဒြပ်စင်ငါးပါး (သစ်သား ၊ မီး ၊ မြေ ၊ သတ္တု ၊ ရေ ) မှ ဒြပ်စင်များနှင့်ပတ်သက်လျှင်တော့ မည်သည့် “တစ်ခုတည်းသောဒြပ်စင်ခန္ဓာ” ဖြစ်ပါစေ အခြားသော ဒြပ်စင်လေးပါးမှ လုံးဝ ခွဲထွက်နေပေသည်။

သို့သော် ယခု သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာရှိသော ခုန်မင်၏ခန္ဓာကိုယ်တွင် မီးဒြပ်စင်စွမ်းအားက အမှန်တကယ်ပင် ပါရှိနေခဲ့သည်။

အဘယ့်ကြောင့် ဤသို့ဖြစ်ရကြောင်းကို ခုန်မင်၏ လက်ရှိ အသိပညာဖြင့် ရှင်းလင်းပြနိုင်စွမ်း မရှိသေးပေ။

သို့သော် ခုန်မင်က ရှေးဟောင်းအတတ်ပညာတစ်ခုဖြစ်သည့် ‘ချီမန်’ ပညာကို ကျွမ်းကျင်သည်ဖြစ်ရာ ဒြပ်စင်ငါးပါး အပြန်အလှည်ဖြည်းဆည်းခြင်း ကန့်သတ်ခြင်း အခြေခံများကို နက်နက်နဲနဲ နားလည်ထားသည်။

သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာသည် သစ်သားဒြပ်စင်စွမ်းအားကို အမြင့်ဆုံးအဆင့်လုပ်ဆောင်နိုင်ကြောင်း သံသယဝင်စရာမရှိသော်လည်း တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်၏ နတ်ဘုရားစွမ်းအား၏ဖိအားအောက်တွင် သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာမှ စုစည်းထားသည့် ဒြပ်စင်စွမ်းအားက လုံလောက်မှုမရှိသလို ဖြစ်နေသည်။

ရလဒ်အနေဖြင့် အလွန်ကြီးမားသောဖိအားအောက်တွင် ခုန်မင်၏ခန္ဓာကိုယ်ထဲမှ သစ်သားဒြပ်စင်စွမ်းအားက မီးဒြပ်စင်စွမ်းအားအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ ဒြပ်စင်ငါးပါး အပြန်အလှန်ဖြည့်ဆည်းခြင်းဖြစ်သော သစ်သားမှ မီးကိုဖြစ်ပေါ်စေသည့် သဘောတရားပင် ဖြစ်၏။

သစ်သားနှင့် မီး ဒြပ်စင်စွမ်းအား(၂)မျိုး အပြန်အလှန်ဖြည့်ဆည်းသည့် ပေါင်းစပ်အင်အားက သဘာဝအတိုင်း ပိုမိုအားကောင်းလာပြီး နောက်ဆုံး ခုန်မင်၏ကိုယ်တွင်းမှ နတ်ဘုရားစွမ်းအားနှင့် ညီမျှသွားသည်။

ဒြပ်စင်ငါးမျိုး အပြန်အလှန်ဖြည့်ဆည်းခြင်းသဘောတရားမရှိပါက ‘သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ’ ရှိသည့် ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် မည်သည့်နည်းနှင့်မှ မီးဒြပ်စင်စွမ်းအား ထွက်ပေါ်လာမည် မဟုတ်ပေ။

သို့သော် ဒြပ်စင်ငါးပါး အပြန်အလှန်ဖြည့်ဆည်းခြင်းသဘောတရားဖြင့် ဤဖြစ်ရပ်ကို ရှင်းပြနိုင်သည့်တိုင် ထျန်းယွမ်ကုန်းမြေတွင် ရှေးယခင်မှသည် ယနေ့အချိန်အထိ မည်သူမှ ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။

ခုန်မင်၏ ထူးချွန်သောပါရမီနှင့် အားကောင်းသောဝိညာဉ်စွမ်းအားကြောင့်သာမက သူ့ကိုယ်တွင်းမှ နတ်ဘုရားစွမ်းအားကလည်း မီးစွမ်းအားကို ဖြစ်ပေါ်လာစေသည့် တစ်ခုသော အကြောင်းရင်း ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ဤသို့အောင်မြင်မှုရရှိခဲ့ခြင်းပင်။

မဟုတ်ပါက သူ့အနေဖြင့် သစ်သားဒြပ်စင်စွမ်းအားကို မီးဒြပ်စင်စွမ်းအားသို့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

မီးဒြပ်စင်စွမ်းအားမွေးဖွားလာပြီးနောက် ခုန်မင်၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲသွားခဲ့သည်။ သစ်သားနှင့် မီး ဒြပ်စင်(၂)မျိုးပါဝင်သော ရုပ်ခန္ဓာအဖြစ် ပြောင်းလဲသွား၏။

ဤထူးခြားသောခန္ဓာကိုယ်ကြောင့် သစ်သားနှင့်မီး ဒြပ်စင်စွမ်းအား(၂)မျိုးလုံး အားကောင်းလာမည်ဖြစ်ရာ သာမန်လူများကို များစွာ အံ့အားသင့်စေပေမည်။

သို့ပေသိ ခုန်မင်ကတော့ သစ်သားနှင့်မီး ဒြပ်စင်(၂)မျိုးပါဝင်သော ခန္ဓာကိုယ်ကို ရရှိရုံဖြင့် ကျေနပ်နေမည် မဟုတ်ပေ။

သူက သစ်သားမှ မီးသို့ ပြောင်းလဲနိုင်ခဲ့သည့်အတွက်...

နောက်ပိုင်းတွင် မီးမှမြေကြီး ၊ မြေကြီးမှသတ္တု ၊ သတ္တုမှရေ ၊ ရေမှ သစ်သား အဖြစ် ပြောင်းလဲနိုင်ပြီး ဒြပ်စင်ငါးပါး၏ စက်ဝန်းကို ပြည့်စုံနိုင်မည်လားဟု တွေးစရာရှိသည်။

ခုန်မင်သာ တကယ်တမ်း ထိုသို့အောင်မြင်နိုင်ပါက သူ့အနေဖြင့် အံ့သြစရာကောင်းသော ဒြပ်စင်ငါးပါးရုပ်ခန္ဓာအဖြစ်ပြောင်းလဲနိုင်ပြီး ခုန်အိမ်တော်၏ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” ကို အထွတ်ထိပ်သို့ရောက်ရှိအောင် ကျင့်ကြံနိုင်မည် ဖြစ်သည်။

ခုန်မိသားစု၏ ဘိုးဘေးဖြစ်သူ’ခုန်ရှို့’ ၏ အောင်မြင်မှုများကိုပင် ကျော်လွန်သွားနိုင်သည်။

အခြားသူများ ထိုသို့တွေးသည်ဆိုပါက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသည်ဟု ယူဆနိုင်သည်။ သို့သော် ခုန်မင်ကတော့ ထိုသို့မဟုတ်ပေ။

သူက "တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်" ဆိုသော နတ်မျိုးနွယ်ကျင့်စဉ်ကို ကျင့်ကြံထားပြီး ၊ ထိုကျင့်စဉ်သည် သူ၏ကိုယ်တွင်းမှ ထူးဆန်းသောစွမ်းအားကို ခမ်းနားသည့်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။

ခုန်မင်က သူ၏ကိုယ်တွင်းစွမ်းအားလှုပ်ရှားမှုကို တွေ့မြင်ပြီးနောက် သူ၏ကိုယ်တွင်းမှ သစ်သားဒြပ်စင်စွမ်းအားက မီးဒြပ်စင်စွမ်းအားအဖြစ် ပြောင်းလဲသွားရသည့်အကြောင်းရင်းမှာ "တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်" ပထမအဆင့်ကို အောင်မြင်ပြီး နတ်ဘုရားစွမ်းအားက ဖိအားပေးခြင်းကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။

ယခု သစ်သားနှင့် မီး ဒြပ်စင်အင်အား(၂)ခုသည် နတ်ဘုရားစွမ်းအားနှင့် ဟန်ချက်ညီနေပြီဖြစ်၏။

သို့သော် "တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်" ဒုတိယအဆင့်သို့ တက်ရောက်သွားပါက ခုန်မင်၏ခန္ဓာကိုယ်တွင်းမှဟန်ချက်က နောက်တစ်ကြိမ် ပျက်ဆီးသွားပေဦးမည်။

ထိုအခါ နတ်ဘုရားစွမ်းအား၏ ဖိအားအောက်တွင် ဒြပ်စင်ပြောင်းလဲခြင်း နောက်ထပ်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

ခုန်မင် နားမလည်သေးသည့် အခြေခံသဘောတရားများစွာ ရှိနေသေးသော်လည်း သူ၏အနာဂတ်ကျင့်စဉ်လမ်းကို ဆုံးဖြတ်ချက်ချရန် လုံလောက်သွားပေပြီ။

ခုန်မင်က သူ၏ခန္ဓာကိုယ်တွင်းမှ စွမ်းအား(၃)မျိုးကို လှည့်ပတ်ကြည့်လိုက်ရာ သစ်သားနှင့် မီး ဒြပ်စင်စွမ်းအား(၂)ခုကိုတော့ ခြေလက်များလှုပ်ရှားသည့်ပမာ လွယ်ကူစွာလှုပ်ရှားနိုင်ပြီး နတ်ဘုရားစွမ်းအားအဖြစ်ပြောင်းလဲသွားသည့် ထူးဆန်းသည့်စွမ်းအားကတော့ သူ၏ထိန်းချုပ်မှုအောက်တွင်မရှိဘဲ ခန္ဓာကိုယ်ထဲတွင် သီးသန့်စနစ်တစ်ခုအဖြစ် လည်ပတ်နေသည်။

ထိုနတ်ဘုရားစွမ်းအားက အလွန်စွမ်းအားကြီးမားပြီး ထိန်းချုပ်ရန်ခက်ခဲသော “သခင်” တစ်ပါးနှင့် ဆင်တူသည်။

ထိုစွမ်းအားက ခုန်မင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း သီးခြားရပ်တည်နေပြီး သူ၏ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားသည်။

ကံကောင်းသည်မှာ ခုန်မင်၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်တွင် အလိုအလျောက်လည်ပတ်လျှက် နတ်ဘုရားစွမ်းအားကိုသန့်စင်ပေးသည့် ထိုက်ကျိယင်ယန်သင်္ကေတတစ်ခု ဖြစ်တည်နေခြင်းပင်။

ထိုသို့မဟုတ်ဘဲ နတ်ဘုရားစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမရှိပါက ခုန်မင်အနေဖြင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ဒုတိယအဆင့်ကိုဖြတ်ကျော်ရန် မျှော်လင့်နိုင်မည် မဟုတ်ပေ။

နောက်တစ်ချက် ခုန်မင်ကို စိတ်ချစေသည်မှာ ကြယ်စင်ကောင်းကင်ထက်မှ ‘ထျန်းစူးကြယ်စင်’ နှင့် သူ၏ အားကောင်းသော ဆက်နွယ်မှု ဖြစ်သည်။

ထူးဆန်းသည့်နည်းလမ်းဖြင့်ပင် ထူးဆန်းသည့်စွမ်းအားစီးကြောင်းတစ်ခုက ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဆင်းဝင်ရောက်နေဆဲ ဖြစ်သည်။

ထိုထူးဆန်းသည့်စွမ်းအားက ခုန်မင်၏ခန္ဓာကိုယ်ထဲဝင်ရောက်လာသည်နှင့် သူ၏သွေး‌ကြောဆုံချက်များထဲတွင် ပေါင်းစည်းသွားပြီး နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထျန်းစူးကြယ်စင်က သူ့ကို ဤထူးဆန်းသောစွမ်းအား ဘာကြောင့်ပေးနေသည်လဲ ခုန်မင် နားမလည်ပေ။

သူက ထိုစွမ်းအားကို ကြယ်စွမ်းအားဟု ယာယီ အမည်ပေးထားသည်။ ထိုကြယ်စွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် အဆက်မပြတ်ပြောင်းလဲနေပြီး ထိုက်ကျိယင်ယန်သင်္ကေတ၏လှည့်ပတ်မှုကြောင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ကျင့်ကြံခြင်းတိုးတက်မှုနှင့်ပတ်သက်ပြီး စိတ်ပူပန်စရာ မလိုတော့ပေ။

ဤသို့အလိုအလျောက်ကျင့်ကြံနေခြင်းက ခုန်မင်ကို အားစိုက်ထုတ်မှု များစွာသက်သာစေပြီး ဒြပ်စင်စွမ်းအားကို အာရုံစိုက်လေ့ကျင့်ရန် အချိန်ပိုမိုရရှိစေသည်။

လက်ရှိမှာတော့ ခုန်မင် ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောစွမ်းအားက ဒြပ်စင်စွမ်းအားသာလျှင် ဖြစ်၏။

ထို့ကြောင့် ဤအဆင့်တွင် သူ၏စွမ်းအားကိုမြှင့်တင်ရန် အရှင်းဆုံးနည်းလမ်းမှာ ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းကို မြှင့်တင်ရန် ဖြစ်သည်။

အရင်က ခုန်မင်မှာ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားသဖြင့် သူကျင့်ကြံခဲ့သည့် တစ်ခုတည်းသောကျင့်စဉ်မှာ လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ် ဖြစ်သည်။

ယခုတော့ သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာ ဖြစ်တည်လာသဖြင့် မီးဒြပ်စင်စွမ်းအားနှင့်ဆိုင်သော ကျင့်စဉ်တစ်ခုကို ရှာဖွေရပေမည်။

ခုန်အိမ်‌တော်က ခွန်းကာမြို့တွင် ဩဇာတိက္ကမကြီးသည်မှန်သော်လည်း လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်က သူတို့အိမ်တော်၏ တစ်ခုတည်းသော ယေဘုယျအဆင့် ကျင့်စဉ်ဖြစ်သည်။

သို့ဖြစ်ရာ သင့်လျော်သည့် မီးဒြပ်စင်စွမ်းအား ကျင့်စဉ်တစ်ခု ရှာဖွေရန်မှာ အပြောလွယ်သလောက် အလုပ်ခက်ပေသည်။

ခုန်မင် ပင်မခုန်အိမ်တော်သို့ ပြန်မရောက်နိုင်သေးသည်မှာ စိတ်မကောင်းစရာပင်။

ပင်မခုန်အိမ်တော်သို့ ပြန်နိုင်မည်ဆိုလျှင် ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်အား ကျင့်ကြံနိုင်မည်ဖြစ်ရာ သင့်လျော်သည့်ကျင့်စဉ်မရရှိသော ပြဿနာအတွက် စိတ်ပူစရာမရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ ခုန်မင်ကတော့ မနက်လင်းသည်နှင့် ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်သို့သွားရောက်ပြီး မီးဒြပ်စင်စွမ်းအားနှင့်ဆိုင်သော ကျင့်စဉ်တစ်ခုရှာဖွေရန် ဆုံးဖြတ်ထားသည်။

အနာဂတ်အတွက်တော့ အခွင့်အရေးများရှိလာဦးမည်ဖြစ်ရာ အဆင့်မြင့်ကျင့်စဉ်များ မရရှိနိုင်သောပြဿနာအတွက် စိတ်ပူစရာမလိုပေ။

ညတာက သိပ်မကြာရှည်သော်လည်း ဒဏ်ရာပျောက်ကင်းသွားသည့် ပထမဆုံးညမှာပင် ခုန်မင်၏ခန္ဓာကိုယ်တွင် ကြီးမားသောအပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရမည်ဟု မည်သူမှ မျှော်လင့်ထားမည် မဟုတ်ပေ။

သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာက သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာအဖြစ်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲတွင် သစ်သားနှင့် မီးဒြပ်စင်စွမ်းအားဂုဏ်သတ္တိများ အတူတကွ တည်ရှိ‌နေပြီ ဖြစ်သည်။

တစ်ညအတွင်းမှာပင် ခုန်မင်၏ဒြပ်စင်စွမ်းအားက နှစ်ဆတိုးလာခဲ့ပြီး သူ၏သွေးကြောဆုံချက်များကျယ်ပြန့်လာမှုသည်လည်း (၁၀)ရာနှုန်း ထပ်တိုးလာသည်။

ယခု ခုန်မင်၏ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားပညာရှင်အဆင့် နှောင်းပိုင်းအဆင့်သို့ မရောက်သေးသည့်တိုင် သူ၏ခန္ဓာကိုယ်ထဲတွင် သစ်သားနှင့်မီး ဒြပ်စင်စွမ်း(၂)မျိုး ရှိနေသောကြောင့် ကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် တစ်ဖက်ကမ်းခတ် သာလွန်သူတစ်ယောက် ဖြစ်နေပေပြီ။

***

ကျင့်ကြံခြင်းအဆင့်များ

ဒြပ်စင်စွမ်းအားပညာရှင်အဆင့်

ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်

ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်

ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်

ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်

ဒြပ်စင်စွမ်းအားသူတော်စင်အဆင့်

ထိုကျင့်ကြံခြင်းအဆင့်တိုင်းတွင် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နှောင်းပိုင်းအဆင့် ဟူ၍ အဆင့် (၃)ဆင့်စီ ရှိသည်။

All Chapters