← Chapters

အခန်း (၃၇၂-၃၇၄)

Vol. 8 Ch. 372-374

အခန်း (၃၇၂-၃၇၄)

Vol. 8 Ch. 372-374

အပိုင်း (၃၇၂)

သူအရမ်းကပ်လွန်းမနေဘူးလား။

လုလျန့်ဝေ လက်ကိုဆွဲရုတ်လိုက်ပြီး လက်ကောက်ဝတ်ပေါ်က အနီရောင်တောက်တောက်ကျောက်လက်ကောက်ကို ကြည့်လိုက်သည်။

အနီးကပ်ကြည့်တဲ့အခါ ကျောက်ထဲမှသွေးကြောမျှင်လေးတွေကိုတွေ့နိုင်ပြီး နေရောင်နဲ့တွေ့တဲ့အခါ ကြည်လင်သွားကာ သွေးကြောမျှင်လေးတွေက အသက်ဝင်လာသယောင်ထင်ရသည်။

ကျီလင်းဟွေ့ရဲ့လက်ကောက်နဲ့ယှဉ်လျှင် ဒီဟာကအများကြီးပိုလှသည်။

အရေးအကြီးဆုံးကတော့ ဒီလက်ကောက်ကိုကြည့်လိုက်တာနဲ့ အလွန်တန်ဖိုးရှိမှန်းသိနိုင်သည်။ အဲ့ဒီအပြင်နေရောင်အောက်မှ ကြည်လင်နေတဲ့ကျောက်က အရောင်ဆန်းပြီး ပို၍ထူးခြားစေသည်။

“ ဒီကျောက်လက်ကောက်ကို ဇာမဏီသွေးကျောက်လို့ခေါ်တယ်။ ဇာမဏီသွေးထဲစိမ်ပြီးဖန်တီးထားတာလို့ပြောကြတယ်။ မင်းနဲ့လိုက်တယ်ထင်လို့ ဒီကိုယူလာတာ “

လုံယန်က သူ(မ)ကို နွေးနွေးထွေးထွေးကြည့်သည်။

သူ(မ)အကြိုက်နဲ့ကိုက်ညီတဲ့လက်ဆောင်ကိုရှာဖို့ သိုလှောင်ဘဏ္ဍာခန်းကို ဗြောင်းဆန်အောင်ရှာခဲ့ရတာကိုတော့ သူ မပြောလိုက်ပေ။

လုလျန့်ဝေက လက်ကောက်ကိုကြည့်ပြီး တအံ့တဩပြောသည်။

“ ဒီဟာကို ဇာမဏီသွေးကျောက်လို့ခေါ်တာလား။ ထူးခြားတဲ့နာမည်ဘဲ ဒါပေမဲ့လိုက်ဖက်တယ် “

“ ဟုတ်တယ်။ ဇာမဏီသွေးကျောက်ကရှားပြီးတော့ လောကမှာဒီလိုမျိုးတစ်ခုတည်းဘဲရှိတာ “

သူ(မ)ပျော်ရွှင်ဖို့အတွက် လောကကြီးတစ်ခုလုံးကိုပေးရပါစေ ကျေနပ်သည့်အလား လုံယန်ပြုံးသည်၊

ဒီလိုအဖိုးတန်ပြီးလှပတဲ့လက်ကောက်ကို ဘာလို့မကြိုက်ဘဲနေရမှာလဲ။

လုံယန်အကြည့်တို့က သူ(မ)ရဲ့လခြမ်းပုံကွေးညွတ်တဲ့မျက်ဝန်းလေးများဆီရောက်နေကာ သူ့နှုတ်ခမ်းထောင့်တို့ ကော့တက်သွားရသည်။ ကျောက်ချန်ပြောတာမှန်တယ် ....... တစ်ခါတလေကျ မိန်းကလေးတွေက လွယ်လွယ်ကူကူအရမ်းကျေနပ်တတ်ကြတာပဲ။

သူသည် ပြုံးလျက် လုံယန်က လုလျန့်ဝေ၏ တခြားလက်ကိုဆွဲကာ လမ်းကြားဝင်ပေါက်သို့လမ်းလျှောက်သွားသည်။

လုလျန့်ဝေ သူ(မ)လက်ကောက်ဝတ်ပေါ်က သွေးကျောက်ကို ဆက်တိုက်ကြည့်နေပေသည်။

သူ(မ)က ကျောက်အလှတန်ဆာတွေကို သိပ်သဘောကျတယ်ရယ်လည်းမဟုတ်ပေမဲ့ ဒီဇာမဏီသွေးကျောက်ကတော့ သူ(မ)အာရုံကို အတော်လေးဖမ်းစားနေသည်။ လက်ကောက်ကိုအရမ်းကြိုက်ပြီး အာရုံရောက်နေတာကြောင့် လုံယန်လက်ဆွဲထားတာကိုပင် သတိမထားမိချေ။

လုလျန့်ဝေ အလွန်ကျေနပ်နေတာကို လုံယန်မြင်တဲ့အခါ သူအရင်ကတစ်ခါမှမခံစားဖူးတဲ့ အားရခြင်းမျိုးခံစားလိုက်ရသည်။

သိုလှောင်ဘဏ္ဍာခန်းထဲမှာ ပစ္စည်းကောင်းတွေအများကြီးရှိပေမဲ့ ကျောက်ချန်တစ်ခုခု သူ့ကိုယူလာပြတိုင်း သာမန်ရိုးကျဆန်တယ်လို့ သူမြင်တာကြောင့် အချိန်အတော်ကြာ သူ(မ)အတွက် လက်ဆောင်မပို့နိုင်ခဲ့ပေ။

သူကိုယ်တိုင် ဘဏ္ဍာခန်းထဲသွားပြီး အကြာကြီးရှာပြီးတဲ့နောက်မှ ဒီလိုစိတ်ကျေနပ်စရာကောင်းတဲ့ လက်ဆောင်ကိုရှာတွေ့ခဲ့တာဖြစ်သည်။

အခု သူ(မ)ကအရမ်းကိုပျော်ရွှင်နေတာကြောင့် သူဘဏ္ဍာခန်းထဲမှာ တစ်နေ့လုံးအချိန်ကုန်ရှာခဲ့ရတာတန်တယ်လို့ တွေးမိသည်။

ချူကျီက သူတို့နှစ်ယောက်ခြေသံဝေးသွားမှ ပြန်လှည့်ပြီး လိုက်လာသည်။

သူ့ရဲ့အသံဩဩနဲ့ အကြည့်နက်နက်တွေက လုလျန့်ဝေဆီရောက်နေကာ သူတို့နှစ်ယောက်ကြား နားမလည်နိုင်တဲ့ခံစားချက်တစ်ချို့ထွက်ပေါ်လာသည်။

လုလျန့်ဝေ နှလုံးတုန်သွားသည်။ မျက်လွှာကိုချကာ သူ့အကြည့်ကနေရှောင်လိုက်သည်။

လုံယန်က နန်းတော်ရေးတွေကိုတောင်ဘေးဖယ်ပြီး သူ(မ)ကိုတွေ့ဖို့အတွက်နဲ့ ဒီကိုလာမှန်း လုလျန့်ဝေသိသည်။

အဲ့ဒီအပြင် ခုနလေးတင်မှ သူ့ဆီက လက်ဆောင်ရထားတာဖြစ်တာကြောင့် ဆက်နေချင်သေးပေမဲ့ သူ(မ)အဘွားက မကြာခင်ပြန်လာတော့မှာဖြစ်သည်။

အဘွားက သူ(မ)ကို ထျန်းကျိုးတောင်ဆီခေါ်လာခြင်းက လုံယန်ဆီကရှောင်နေရန်ဖြစ်သည်။

သူတို့ခိုးတွေ့နေတာကို အဘွားသိသွားလျှင် အဘွားက ဧကရာဇ်ဖြစ်တဲ့လုံယန်ကို ပြောမရတာကြောင့် မြေးဖြစ်တဲ့သူ(မ)ကိုသာ ဆူလိမ့်မည်။

“ နောက်ကျနေပြီ။ အဘွားကလည်း မကြာခင်ပြန်လာတော့မှာပါ “

ထိုစကားကြားတဲ့အခါ လုံယန် ချက်ချင်းနားလည်သွားသည်။ သူ(မ)ပုခုံးပေါ်လက်တစ်ဖက်တင်ပြီး ခေါင်းကိုငုံ့ကာ သူ(မ)ကိုကြည့်သည်။

“ အဘွားက မင်းကို အပြစ်ပေးမှာစိုးရိမ်လို့လား “

သူ့ရဲ့ရုတ်တရက်ပွတ်သီးပွတ်သပ်လုပ်မှုက လုလျန့်ဝေကို အနည်းငယ်မသက်မသာဖြစ်စေသည်။ သူတို့အခုထိ လမ်းမပေါ်မှာဘဲရှိသေးတာကို၊ သူက အရမ်းကြီးနီးကပ်လွန်းနေတာမဟုတ်ဘူးလား။

မသက်မသာဖြစ်တာကိုသည်းခံပြီးနောက် သူ့လက်ကိုဖယ်ထုတ်လိုက်သည်။ သူ့မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ နူးညံ့စွာပြန်ပြောသည်။

“ ကျွန်မတို့ ဒီလိုကြီးရှိနေလို့မကောင်းဘူးလေ “

အပိုင်း (၃၇၃)

လုံယန် စနောက်ခံလိုက်ရသည်။

လုံယန် သူ့လက်ကို ဖယ်ခံလိုက်ရတာကြည့်ရင်း ခပ်ဖျော့ဖျော့ပြုံးသည်။ ဒီကောင်မလေးက စိတ်မရှည်မှန်း သူအရင်ကတည်းကသိသည်။

သူ(မ)က အများသောအားဖြင့်တည်ငြိမ်အေးဆေးပေမဲ့ တကယ်တော့တက်ကြွတဲ့ခပ်ဆိုးဆိုးကောင်မလေးဖြစ်သည်။

“ ဘယ်လိုရှိနေလို့လဲ “

သူ(မ)ရဲ့ဝေ့လည်ကြောင်ပတ်အမူအရာကြောင့် လုံယန်မထိန်းနိုင်ဘဲစနောက်မိသည်။

လုလျန့်ဝေ သူ့ကိုစိတ်ရှုပ်သလိုကြည့်ပြီး လျစ်လျူရှုဖို့သာဆုံးဖြတ်လိုက်သည်။

ရှေ့ဆက် ခြေလှမ်းအနည်းငယ်လျှောက်ပြီးတဲ့အခါ တို့ဖူးပုပ် ရောင်းနေတာကိုတွေ့လိုက်ရသည်။ သူ(မ)ခေါင်းထဲမှာ အကြံတစ်ခုပေါ်လာပြီး ရုတ်တရက်အဲ့ကိုဦးတည်လိုက်သည်။

“ ဆရာကြီး၊ တို့ဖူးပုပ်နှစ်ပွဲပေးပါ “

တွန်းလှည်းဆိုင်ပိုင်ရှင်က ချက်ချင်းဖြေလိုက်ပြီး တို့ဖူးပုပ်ကိုထည့်ကာ သူ(မ)ကိုပေးသည်။

သူ(မ)မုန့်ထပ်ဝယ်နေတာကိုမြင်တာကြောင့် လုံယန်က သူ(မ) ဗိုက်မဝသေးတာကြောင့်ဟုသာထင်လိုက်သည်။ သူ လျှောက်လာမလို့လုပ်ချိန်မှာဘဲ ရုတ်တရက်မနှစ်မြို့စရာကောင်းတဲ့အနံ့ဆိုးကြီးတစ်ခုက သူသွားမယ့်လမ်းကိုပိတ်နေတာကြောင့် ရှေ့ဆက်မရွှေ့ပေ။

“ ချူကျီ၊ ဘာအနံ့လဲ။ ဘာလို့အနံ့ကအဲ့လောက်ပြင်းနေရတာလဲ “

လုံယန် သူ့ကိုလှည့်ကြည့်သည်။ အနံ့ကပြင်းတာကြောင့် တစ်လမ်းလုံးနီးပါးအနံ့လွှမ်းနေပေမဲ့ မနံ့ဘူးလို့ပြောလိုက်တာလား။

ချူကျီက သူ့ကိုကြည့်ကာ တည်တည်ကြည်ကြည်နဲ့ ခေါင်းခါသည်။

အဲ့ဒီနောက် သူက သူ့သခင်ကိုထားခဲ့ပြီး လုလျန့်ဝေဆီသို့ လျှောက်သွားသည်။

လုလျန့်ဝေ ဆိုင်ရှင်ဆီကနေ အထုပ်ကိုယူပြီးတဲ့နောက် တစ်ခုကို ဒုတ်ကလေးထိုးလိုက်သည်။ သူ(မ)တစ်ကိုက်စားဖို့ပြင်နေတုန်း ရုတ်တရက် ဘေးကိုတစ်ယောက်ယောက်ရောက်လာကြောင်း ခံစားမိလိုက်သည်။

သူ(မ)ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ချူကျီက သူ(မ)လက်ထဲက တို့ဖူးပုပ်ကိုစိုက်ကြည့်နေသည်။

လုလျန့်ဝေ ခဏရပ်သွားပြီးတဲ့နောက် သူ့ကို တို့ဖူးပုပ်ကမ်းပေးလိုက်သည်။

တုန့်ဆိုင်းခြင်းတောင်မရှိဘဲ စားနေတဲ့လူငယ်လေးကိုကြည့်ရတာ လုလျန့်ဝေ ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ ခံစားရသည်။

ဒီကောင်လေးက အများသောအားဖြင့် အေးစက်ပြီး လူတွေနဲ့ စကားမပြောချင်ပေမဲ့ ဒီလိုတို့ဖူးကို နှစ်သက်လိမ့်မယ်လို့မထင်ထားပေ။

သူ့ရဲ့လက်ရှိအပြုအမူကိုကြည့်ခြင်းအားဖြင့် အရင်က အများကြီးစားဖူးကြောင်းသိနိုင်သည်။

လုလျန့်ဝေက ဆိုင်ရှင်ဆီကနေ နောက်တစ်တုံးယူလိုက်ကာ အဲ့ဆိုင်ရှေ့မှာရပ်ပြီး ချူကျီနဲ့အတူတို့ဖူးစားနေသည်။

လုံယန်ကတော့ အဝေးမှာသာရပ်နေပြီး အနားကပ်မလာရဲပေ။

လှည်းပေါ်က “ တို့ဖူးပုပ် “ဆိုတဲ့စာလုံးကို သူတွေ့ပြီးသားဖြစ်သည်။

သူတို့ရူးသွားကြပြီလား။ သိုးနေတဲ့တို့ဖူးကို ဘယ်လိုများစားနိုင်ကြတာလဲ။

လုံယန် လက်ကိုမြှောက်ပြီးနှာခေါင်းကိုအုပ်လိုက်ကာ သူတို့ဆီဦးတည်လိုက်သည်။ သူတို့စားနေတာကိုတားဖို့လုပ်နေတုန်းမှာဘဲ လုလျန့်ဝေက လှည့်လာပြီး သူ့နှုတ်ခမ်းနားကို တို့ဖူးတေ့ပေးလိုက်သည်။

ဒီမိန်းကလေးက သူ(မ)သမင်မျက်လုံးရွဲလေးတွေနဲ့လာကြည့်တဲ့အခါ လုံယန် ပြောချင်တဲ့စကားပြောမထွက်နိုင်ပေ။ အဲ့ဒီအစား ပြုစားခံလိုက်ရသည့်အတိုင်း ပါးစပ်ကိုဟကာ တစ်ကိုက်စားလိုက်သည်။

သို့ပေမဲ့ လုံယန်ရဲ့အမူအရာချက်ချင်းပြောင်းသွားပြီး အနောက်ပြန်လှည့်ကာ ဘာမှမပြောဘဲ အနားကသစ်ပင်တစ်ခုဆီသို့သွားသည်။

သူ့ခြေလှမ်းတွေက အလျင်မလိုဘဲ သာမန်အတိုင်းစည်းချက်ညီနေပေမဲ့ တစ်ခုခုမှားနေတယ်လို့ လုလျန့်ဝေခံစားမိသည်။

တို့ဖူးပုပ်ရဲ့ အနံ့လောက်ကိုတော့ မကြောက်လောက်ဘူးမလား။

လုလျန့်ဝေ သူ့ကို စနောက်ဖို့ရည်ရွည်ခဲ့တာ ဝန်ခံပါသည်။ သို့သော် လုံယန် ဒီလောက်ဆိုးဝါးလိမ့်မယ်လို့ သူ(မ) မထင်ထားပေ။

လုံယန်က သစ်ပင်ဆီသွားပြီး လက်ထောက်ကာ ခါးကိုင်းလိုက်သည်။ တုန်နေတဲ့ ပုခုံးတွေကြည့်ရသလောက် အန်နေတာဖြစ်နိုင်သည်။

အဲ့မြင်ကွင်းကြောင့် လုလျန့်ဝေ အပြစ်မကင်းစိတ်ဝင်လာပြီး ချူကျီဘက်ကို လှည့်ကာ ကူညီပေးစေလိုသည့်အကြည့်နဲ့ကြည့်သည်။

ချူကျီက ပျော်ပျော်ကြီးစားသောက်နေသေးကာ ဂရုမစိုက်သလို အသံပြုတုန့်ပြန်လိုက်သည်။

‘ ရှင့်သခင်က အော့အန်နေတာတောင် ရှင်က စားနိုင်နေသေးတယ်ပေါ့။ တို့ဖူးပုပ်က သခင်ထက်ပိုအရေးကြီးနေလို့လား ‘

ထိုလူငယ်ကို သူ(မ)စိတ်ထဲကနေ ဆူပူပြီးတဲ့နောက် ဆိုင်ရှင်ဆီမှ ရေတစ်ခွက်တောင်းကာ လုံယန်ဆီသို့ လုလျန့်ဝေပြေးတော့သည်။

ထိုအချိန်မှာ လုံယန်ကတော့ သူ့အတွင်းကလီစာတွေ ပြင်းပြင်းထန်ထန်ရောသမမွှေခံရသလို ခံစားနေရသည်။

အန်ထုတ်လိုက်ပေမဲ့ ပါးစပ်ထဲက ထူးဆန်းတဲ့အနံ့ကပျောက်မသွားဘဲ ပိုလို့တောင်အနံ့ပြင်းလာသည်။

အပိုင်း (၃၇၄)

ကိုယ်ပိုင်ပစ္စည်း။

လုံယန်ရဲ့ချောမောတဲ့အသွင်အပြင်မှာ မျက်ခုံးတို့က တွန့်ကွေးထားပြီး ကြောက်စရာကောင်းတဲ့ရုပ်ပေါက်နေသည်။

ထိုအချိန်တွင် ရေတစ်ခွက်က လုံယန်ရှေ့ပေါ်လာပြီး ကောင်မလေးရဲ့တောက်ပတဲ့အသံကိုလည်းကြားလိုက်ရသည်။

“ ဒါသောက်လိုက်ပါ၊ နေရသက်သာသွားပါလိမ့်မယ်”

လုံယန် တိတ်ဆိတ်စွာ ယူသောက်လိုက်သည်။ ဘေးကိုရွှေ့မယ့်ပုံမပေါ်ဘဲ သူ့နားရပ်နေတဲ့ လုလျန့်ဝေကို သတိထားမိပြီး နည်းနည်းရှက်သွားပေမဲ့ ဘာမှမပြောပေ။

လုလျန့်ဝေက သူရေသောက်ပြီးတာကိုစောင့်ပြီး လက်ကိုင်ပဝါအသန့်တစ်ခု လုံယန်ကို ပေးလိုက်သည်။

လုံယန်က ယူပြီး ပါးစပ်တစ်ဝိုက်က ရေစက်တို့ကိုသုတ်လိုက်သည်။ လက်ကိုင်ပဝါကို ခေါက်ပြီး သူ့အိပ်ကပ်ထဲကို အသေအချာထည့်သိမ်းလိုက်သည်။

လုံယန်က သူ(မ)ကို ရေခွက်ပြန်ပေးလိုက်ပြီး အတော်လေးကိုမသိချင်ယောင်ဆောင်နေသည်။

လုလျန့်ဝေက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရေခွက်ကို တိတ်တိတ်ကလေးပြန်ယူသည်။ တစ်ခဏစောင့်ပြီးတာတောင် သူက လက်ကိုင်ပဝါကိုပြန်ပေးဖို့ ရည်ရွယ်ချက်မရှိမှန်း လုလျန့်ဝေသိလိုက်ရသည်။ နှုတ်ခမ်းကိုဆူလိုက်ပြီး သူ့ကို စနောက်မိလို့ အပြစ်မကင်းခံစားနေရတဲ့စိတ်က ချက်ချင်းကိုပျောက်သွားတော့သည်။

ထိုကောင်မလေးလှည့်ထွက်သွားတော့မှာကိုကြည့်ရင်း လုံယန်မျက်လုံးထဲအပြုံးတစ်ချက်ပြေးသွားသည်။ လက်ကိုင်ပဝါကိုထုတ်ပြီး ဖြန့်လိုက်သည်။ တစ်ခဏကြည့်နေပြီးတဲ့နောက်မှ ပြန်ခေါက်ပြီး သူ့အိတ်ထဲပြန်ထည့်လိုက်သည်။

သူ(မ)နဲ့အတူဆောင်ထားတာ အတော်ကြာပြီဖြစ်ရမည်။ ပဝါပေါ်မှ သူ(မ)ရဲ့အငွေ့အသက်ပြေပြေလေးကို ခံစားလို့ရသည်။

နောက်ဆုံးတော့ သူ့မှာ လုလျန့်ဝေရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတစ်ခုကို ရသွားပြီဖြစ်သည်။

လုံယန်မျက်နှာမှာ ပျော်ရွှင်ရိပ်သန်းနေပြီး ခုနကကြုံခဲ့ရတဲ့အတွေ့အကြုံဆိုးကြီးကပျောက်သွားတော့သည်။

လုလျန့်ဝေက တိို့ဖူးနှစ်တုံးထပ်ဝယ်လိုက်သည်။ သူ(မ)ပြန်ယူသွားပြီး ကျူးယွီနှင့် ချူးကျူတို့ကိုကျွေးရမည်။

လုံယန်ကို အနံ့မခံနိုင်အောင်လို့ လုပ်တယ်ဆိုတာကို သူ(မ)ဘယ်တော့မှဝန်ခံမှာမဟုတ်ပေ။

လုံယန် သူ(မ)နားကပ်လာမလားဆိုတာကို စောင့်ကြည့်ချင်မိသေးသည်။

ထင်ထားတဲ့အတိုင်း အဲ့တာကိုမြင်တဲ့အခါ လုံယန်ခြေလှမ်းတွေကို အရှိန်လျှော့လိုက်သည်။

လုလျန့်ဝေ လစ်ခနဲပြုံးလိုက်သည်။ သတိမထားမိချင်ယောင်ဆောင်ပြီး အနောက်က ချူကျီနဲ့အတူ ထျန်းကျိုးတောင်သို့ဦးတည်သွားတော့သည်။

လုံယန်က အပြန်လမ်းမှာ လုလျန့်ဝေ လက်ကိုမတွဲတော့ပေ။ အဲ့တာကြောင့် လုလျန့်ဝေ ပျော်သွားရသည်။

လုံယန်က တို့ဖူးပုပ်အနံ့ကို အတော်လေးမနှစ်သက်ပုံရသည်။ သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို နောက်ဆုံးတော့ လုလျန့်ဝေသိပြီဖြစ်သည်။

ထိုအတွေးနဲ့အတူ ခြေလှမ်းတို့က ပိုမိုပေါ့ပါးလာသည်။ လွတ်လပ်တဲ့ခံစားချက်နဲ့အတူ အောက်ကတောင်လမ်းတွေကိုကြည့်ရင်း သီချင်းလေးညည်းသည်။

ချူကျီက သူ(မ)သီချင်းညည်းသံကြားတဲ့အခါ ဖြတ်ခနဲကြည့်လိုက်ပြီး သူ(မ)နဲ့ခပ်ဝေးဝေးကလျှောက်နေတဲ့ သူ့သခင်ဘက်လှည့်လိုက်သည်။

လုံယန် သူ(မ)ရဲ့သီချင်းသံကိုကြားတဲ့အခါ အံ့ဩသွားရသည်။ သူ(မ)သီချင်းလေးညည်းတာကတောင် ဒီလောက်နားထောင်ကောင်းမှန်း သူမသိခဲ့ပေ။

လုံယန်က ပါးစပ်နဲ့နှာခေါင်းကို သူ(မ)လက်ကိုင်ပဝါနဲ့အုပ်ပြီး ဘေးကိုရောက်လာသည်။

လုလျန့်ဝေ ပြန်မဖြေပေ။ သူတို့ လုမိသားစုအပန်းဖြေအိမ်တော်နားသို့ ရောက်ခါနီးလာသည်။ အဲ့တာကြောင့် သူ(မ)က စကားလမ်းကြောင်းလွှဲလိုက်သည်။

“ ဒီကနေဆို နန်းတော်တရားဆောင်နဲ့ လမ်းခရီးက တိုမှာမဟုတ်ဘူး။ အရှင်မင်းကြီး ပြန်ဖို့ ပြင်ပါ။ မဟုတ်ရင် ညအချိန်မှ ခရီးသွားလာရတာ အဆင်မပြေပါဘူး “

လုံယန်ကလည်း အပန်းဖြေအိမ်တော်နဲ့နီးလာမှန်း သတိထားမိသည်။ လုလျန့်ဝေနဲ့ မခွဲခွာချင်စိတ်က သူ့ရင်ထဲမှာ အပြည့်ရှိနေသည်။

သူ ဒီမှာ ညအိပ်နေချင်ရင်တောင်မှ မခက်ခဲပေမဲ့ မြို့စားမင်းဟောင်းကတော်က သူ့ကို စိတ်ထဲကကျိန်ဆဲနေလောက်မည်ဖြစ်သည်။ သူပြန်သွားတာနဲ့ အဆူခံရမည့်သူက ဝေဝေဖြစ်လိမ့်မည်။

အဲ့ဒီအပြင် မြို့စားမင်းဟောင်းကတော်က ဝေဝေ့ကိုဒီခေါ်လာရခြင်းမှာ သူ့ဆီကနေရှောင်ရန်ဖြစ်သည်။

သူကသာ သူ(မ)ရဲ့အဖိုးတန်မြေးမလေးကို နေ့တစ်ဝက်လုံးခေါ်ထုတ်သွားတာသိသွားပါက ဘယ်တော့မှ အလွှတ်ပေးမှာမဟုတ်ချေ။

ဝေဝေကို သူ(မ)နဲ့ သက်ဆိုင်တဲ့မိသားစုဆီကတောင်မှ အဆူခံရမှာကို လုံယန်မလိုလားချေ။

“ ကိုယ်သိပါတယ်၊ မင်းကို အိမ်ထိပို့ပြီးတာနဲ့ပြန်ပါ့မယ် “

လုံယန် လုလျန့်ဝေရဲ့ ဘာမှမကိုင်ထားတဲ့လက်ကို ကိုင်ရင်းပြောလိုက်သည်။

လုမိသားစုအိမ်တော်တံခါးပေါက်နားသို့ နီးကပ်လာတဲ့အခါ လုလျန့်ဝေ ရပ်ပြီး လုံယန်ဘက်သို့ လှည့်သည်။

လုံယန် လက်ကိုလွှတ်ပေးလိုက်ပြီး သူ(မ)ကို နက်နဲစွာကြည့်သည်။

“ ကောင်းပါပြီ၊ အထဲဝင်တော့။ ကိုယ်ဒီကနေကြည့်နေမယ် “

All Chapters