← Chapters

စစ်တပ်အား ဖြိုခွဲခြင်း

Vol. 4 Ch. 376

စစ်တပ်အား ဖြိုခွဲခြင်း

Vol. 4 Ch. 376

ချန်းဖန်သည် အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရာ သာမန်လူများထက် ဆယ်ကြိမ်မျှ ပိုမြင့်အောင် ခုန်နိုင်စွမ်း ရှိသည်။

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ မြင့်တက်သွား၏။

ဆယ်မီတာ ...

နှစ်ဆယ်မီတာ ...

သုံးဆယ်မီတာ ...

ခဏအတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်သည် မြေပြင်မှ မီတာတစ်ရာခန့် အကွာသို့ ရောက်ရှိသွားတော့၏။

"ဘုရားရေ ..."

AH-1 ဟယ်လီကော်ပတာများ၏ ပိုင်းလော့များက ချန်းဖန်အား ကြည့်ရင်း တအံတဩ ရေရွတ်လိုက်မိသည်။ အခြား ကပ္ပတိန်များ ကလည်း  ထိုအန္တရာယ်များသော လှုပ်ရှားမှုကို ကြည့်ရင်း အပြန်အလှန် သတိပေးလိုက် မိကြသည်။ သူတို့သည် ချန်းဖန်၏ လှုပ်ရှားမှုကို မမြင်မချင်း မစ်ရှင်မှာ ဤမျှ အန္တရာယ်များကြောင်း မသိခဲ့ချေ။

မီတာတစ်ရာခန့်မှာ ဟယ်လီကော်ပတာများ ပျံသန်းနေသော အမြင့်ဖြစ်ရာ ချန်းဖန်နှင့် ဟယ်လီကော်ပတာများကား တစ်တန်းတည်း ဖြစ်နေပြီ ဖြစ်သည်။

လူတိုင်း ပို၍ အံ့အားသင့်ရသည်မှာ ချန်းဖန်က မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်မကျသွားပဲ ထိုအမြင့်တွင်ပင် ရပ်နေခြင်း ဖြစ်သည်။

သူက လေဟာပြင်ကို မြေပြင်အလား သဘောထားကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် လက်တစ်ဖက်အား ဆန့်ထုတ်ရင်း လက်ချောင်းများကို ဆုပ်ကိုင်လိုက်၏။ ရုတ်တရက် နှစ်မီတာခန့် ရှည်သော အနက်ရောင် လှံတံရှည် တစ်ခု သူ၏ လက်တွင် ဖြစ်ပေါ်လာ၏။

ချန်းဖန်က ခန္ဓာကိုယ်ကို အနောက်သို့ အနည်းငယ် ကိုင်းညွှတ်ကာ အားယူရင်း လှံတံရှည်ကို ပစ်လွှတ်လိုက်သည်။ မာဆယ် ကြွက်သားများက မျှခြေ အနေအထားကို ထိန်းရင်း အပြန်အလှန် ချိတ်ဆက်ကာ လှံ၏ အရှိန်ပြင်းမှုအား လှုံ့ဆော်ပေးသည်။

"ဘန်း ..."

လှံတံရှည်က ချန်းဖန်၏ လက်မှ အလွန် လျင်မြန်စွာ ပြေးထွက်သွား၏။ ထိုအရာက အသံ၏ အမြန်နှုန်းကိုပင် ကျော်ဖြတ်ကာ AH-1 ဟယ်လီကော်ပတာ တစ်စီးထံ တိုးဝင်သည်။

လှံတံရှည်က ဟယ်လီကော်ပတာအား စက္ကူတစ်ခုကဲ့သို့ ထိုးဖောက်သွား၏။

"ဘုန်း ..."

ကောင်းကင်၌ ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာခဲ့၏။ ဟယ်လီကော်ပတာ ပေါက်ကွဲသွားသည်နှင့် ထိုအပေါ်၌ လိုက်ပါလာသော စစ်သား တစ်ဒါဇင်ခန့်မှာလည်း သေဆုံးသွားပြီ ဖြစ်၏။

ချန်းဖန်၏ လက်ထဲမှ လှံတံရှည် ပျံသန်းသွာခြင်းနှင့် ဟယ်လီကော် ပေါက်ကွဲသွားခြင်းတို့က တစ်ချိန်တည်းလိုပင် ဖြစ်သွားခြင်း ဖြစ်သည်။

"ဒါက ... မဖြစ်နိုင်တာ"

မြေပြင်နှင့် ဝေဟင်တွင် ရှိသော လူများစွာကား ထိုအဖြစ်အပျက်ကြောင့် ဆွံ့အ သွားကြသည်။

အိကျင့်ချီမှာလည်း သူမ၏ ပါးစပ်ကို ပိတ်ရင်း ငိုတော့မလိုပင် ဖြစ်နေခဲ့သည်။ သူမ၏ မျက်လုံးများကိုပင် သူမ မယုံကြည်နိုင်ပေ။ ချန်းဖန် နတ်ဆိုးသခင်များနှင့် တိုက်ခိုက်စဉ်က သူမသည် ရထား အတွင်း၌သာ ရှိနေခဲ့ရာ ချန်းဖန်၏ တိုင်ခိုက်မှုများအား မျက်မြင် မတွေ့ခဲ့ရချေ။ ထို့ကြောင့်ပင် ယခုကဲ့သို့ မျက်မြင် တွေ့ရသည့် အချိန်၌ အလွန် အံ့ဩ ကြောက်လန့်နေခြင်း ဖြစ်သည်။

"သူ ... သူက ဘယ်လို လူမျိုးလဲ ... သူ့ရဲ့ တိုက်ခိုက်မှုက ဘဇူကာဒုံးလောင်ချာ ထက်တောင် ပိုပြီး အစွမ်းထက်နေတယ်"

စစ်သားများစွာက ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်ရင်း ရေရွတ်လိုက်ကြသည်။ အခြား ဟယ်လီကော်ပများမှာမူ ချန်းဖန်ထံနှင့် နီးကပ်ခြင်း မရှိစေရန်အတွက် အပေါ်သို့ ပျံတက်ရန် ကြိုးစားသည်။

ထိုအချိန်မှာပင် ချန်းဖန်၏ လက်၌ အခြားလှံတံ တစ်ခု ပေါ်လာပြန်ကာ ပစ်လွှတ်လိုက်ပြန်၏။

"ဘန်း ..."

ကြီးမားသော မီလုံးနှင့်အတူ ပေါက်ကွဲသံ တစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာပြန်သည်။

"တိုက်စစ်ဖွင့် ... အခု ... သူ့ကိုတားပါ ... သူ့ကိုတားပါ ..."

ကျန်ရှိနေသော ပိုင်းလော့များမှာ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ပြောဆိုကာ ချန်းဖန်ထံမှ နောက်ဆုတ်ကြသည်။

AH-1 အချို့က အဝေးမှ နေ၍ ချန်းဖန်ထံ ဒုံးကျည်များဖြင့် ပစ်လွှတ် တိုက်ခိုက်လိုက်ကြသည်။ ထိုဒုံးကျည်များတွင် သံချပ်ကာ ကားများအား ဖျက်ဆီးနိုင်သည့် စွမ်းအားများ မရှိသော်လည်း အဆောက်အဦနှင့် သက်ရှိများကိုမူ ကောင်းစွာ ဖျက်ဆီးနိုင်သည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဒါဇင်ချီသော ဒုံးကျည်ဆန်များက ချန်းဖန်ထံ တည့်တည့် တိုးဝင်လာတော့၏။

ထိုဒုံးကျည်ဆန် တစ်ခုချင်းစီ၏ ပေါက်ကွဲအားက မီတာထောင်နှင့်ချီသော ဧရိယာကိုပင် ဖုံးအုပ်နိုင်စွမ်း ရှိသည်။ တန်ခိုးရှင် အဆင့် ကျင့်ကြံသူပင်လျှင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ဒဏ်ရာ အကြီးအကျယ် ရနိုင်လောက်သည်။

ဒုံးကျည်ဆန်များ တိုးဝင်လာစဉ်မှာပင် ချန်းဖန်၏ လက်နှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားရင်း လှံနှစ်ခုအား ထုတ်ယူ လိုက်ပြန်သည်။ ခဏချင်းပင် ထိုလှံနှစ်ချောင်းက အဖြူရောင် အလင်းတန်း တစ်ခုအလား ဟယ်လီကော်ပတာ နှစ်စင်းထံ ပြေးဝင်ကာ ထိမှန်သည်။

"ဘန်း ဘန်း ..."

ဟယ်လီကော်ပတာ နှစ်စင်းကား မီးတောက် မီးလျှံများ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ ကုန်တော့သည်။ ချန်းဖန် ဟယ်လီကော်ပတာ လေးစင်းအား ဖျက်ဆီးပစ်ခဲ့သည့် အချိန်က မိနစ်နှစ်ဆယ်ပင် မကြာချေ။

ချီတက်လာသော ဆယ့်လေးခုမြောက် ကြည်းတပ်၏ လေတပ်ဖွဲ့တွင် ဟယ်လီကော်ပတာ ရှစ်စင်းမျှသာ ပါရာ ချန်းဖန်က တစ်ဝက်အား ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။

သို့သော်လည်း တစ်ချိန်တည်းတွင်ပင် ဒုံးကျည်ဆန်များက ချန်းဖန်ထံ တိုးဝင်သွားပြီး ပေါက်ကွဲတော့သည်။ ချန်းဖန်အတွက် ထိုကျည်ဆန်များအား ရှောင်ရန် အချိန်မရှိတော့ချေ။ အင်အားကြီးသော ဒုံးကျည်ဆန်များ ပေါက်ကွဲမှု အကြား၌ ချန်းဖန်ကား နစ်မြုပ်သွားတော့သည်။

"ရက်စ် ..."

စစ်သားများနှင့် ပိုင်းလော့များက လက်သီးများကို ဆုပ်ရင်း အောင်ပွဲ ခံလိုက်သည်။ ထိုကောင်လေး အနေဖြင့် ဒုံးကျည်ဆန် တစ်ဒါဇင်ခန့် ပေါက်ကွဲမှုမှ လွတ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ပေါက်ကွဲမှု အောက်၌ သူ၏ ခန္ဓာကိုယ်မှာ အမှုန်အဖြစ်သို့ပင် ပြောင်းသွားပေလိမ့်မည်။

"ဘာဂါယာရူ ... ဌာနချုပ်က တကယ့် အမှားတစ်ခု လုပ်ခဲ့တာပဲ။ ငါတို့ကို စူပါမန်းလို လူမျိုးနဲ့ တိုက်ခိုက်ခိုင်းတယ် ..."

ဗိုလ်မှူးချုပ် တာနာကာ မာစာကာဇူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ တိုက်ပွဲ၌ အနိုင်ရခဲ့ သော်လည်း သူတို့ ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားလွန်းသည်။ ဟယ်လီကော်ပတာ လေးစင်းဆိုသော ဆုံးရှုံးမှုက သူ့ကို ရင်နာစေသည်။

"ချန်းပေ့ရွှမ်း သေပြီလား ..."

ဂျပန်စစ်သားများ အောင်ပွဲခံနေစဉ်၌ ပျံလွှားနီလေး၏ နှလုံးမှာမူ မြင်းရိုင်း တစ်ကောင်အလား ခုန်ပေါက် သောင်းကျန်းနေတော့သည်။ သူမက မီးနှင့် မီးခိုးလုံးများ ပြည့်နှက်နေသော ကောင်းကင်ကို ကြည့်ရင်း ချန်းဖန်အား အလောတကြီး ရှာဖွေလိုက်သည်။

သူမ အလောတကြီး ရှာဖွေနေစဉ်မှာပင် အဇူရာ အလင်းတစ်ခုက မီးများကြားမှ လင်းလက်လာသည်။ လူတိုင်းက ထိုနေရာသို့ အလောတကြီး ကြည့်လိုက်ရာ မီးခိုးလုံးများ အကြားမှ ချန်းဖန်ကို မြင်ရသည်။

သူ၏ ခန္ဓာကိုယ်တွင်မူ အဇူရာ အလင်းတစ်ခုက တောက်ပနေရာ လရောင်အောက်မှ ဗောဓိသတ္တ အလားပင် ထင်မြင်ရသည်။ ဒုံးကျည်ဆန် ပေါက်ကွဲမှုများက သူ့အား မထိခိုက် စေသည့်အလား သူသည်  ကောင်းကင်၌ မယိမ်းမယိုင် ရပ်နေခဲ့၏။

"သူ ... သူ မသေဘူးလား"

"စူဂို ..."

"အဲဒီခွေးကောင် သေပြီ ထင်နေတာ ..."

ထိုအလှည့်အပြောင်းက ဂျပန် စစ်သားများအား အကြီးအကျယ် အံ့အား သင့်သွားစေသည်။ သူတို့၏ မျက်နှာတွင် ဖြစ်ပေါ်နေသော အပြုံးများမှာလည်း အေးခဲကုန်သည်။

သူတို့နှင့် ဆန့်ကျင်စွာပင် အိကျင့်ချီနှင့် အခြားလူများ၏ မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် လင်းလက်လာကြသည်။ ချန်းဖန်ကို အသက်ရှင်လျက် တွေ့လိုက်ရခြင်းကြောင့် သူတို့၏ မျှော်လင့်ချက်များ ပြန်လည် နိုးကြားလာခဲ့သည်။ ပျံလွှားနီလေးပင်လျှင် ချန်းဖန်အား ကြည့်ရင်း ပျော်ရွှင်စွာ ပြုံးနေမိသည်။

ဟယ်လီကော်ပတာ ပိုင်းလော့များမှာမူ တစ်ဦးကိုယ် တစ်ဦး သတိပေးရင်း ချန်းဖန်၏ အနီးမှ ဆုတ်ခွာရန် အလောတကြီး ကြိုးစားသည်။

"ဟမ့် ..."

ချန်းဖန်က လေထုအား လေကားထစ် တစ်ခုအလား နင်းတက်ရင်း လှံရှည် တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ ချန်းဖန်က လှံအား ပစ်လိုက်ချိန်မှာပင် ပေါက်ကွဲသံကြီး တစ်ခု အဝေးတစ်နေရာမှ ပေါ်ထွက်လာခဲ့သည်။ ချန်းဖန်က မြေပြင်ကို ငုံ့ကြည့်လိုက်ရာ သူ့ထံသို့ ဦးတည် ဝင်လာသော မီးခိုးတန်းများအား မြင်တွေ့လိုက်ရ၏။

မြေပြင်တွင်ရှိသော တင့်ကားများကား စတင်လှုပ်ရှားနေလေပြီ ဖြစ်၏။ သူတို့က အမြောက်များအား ချန်းဖန်ရှိကာ ကောင်းကင်သို့ ချိန်ရင်း မဆက်မပြတ် ပစ်လွှတ်ကြသည်။ ထိုအမြောက် ကျည်ဆန်များက မီးခိုးတန်းများကို နောက်ချန်ကာ ချန်းဖန်အနားသို့ ခဏအတွင်း ရောက်ရှိလာသည်။ ထိုအရာများကား တစ်စက္ကန့်အတွင်း မီတာနှစ်ထောင်ခန့် သွားနိုင်ရာ အသံ၏ အမြန်နှုန်းထက်ပင် ခြောက်ဆခန့် ပိုမိုလျင်မြန်သည်။ ချန်းဖန်ပင်လျှင် ထိုမျှမြန်အောင် မလှုပ်ရှားနိုင်ချေ။

ထို့ကြောင့်ပင် ချန်းဖန်သည် ထိုအမြောက် ကျည်ဆန်များ၏ လားရာအား ခန့်မှန်းရန် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်၏။

ထို့နောက် ချန်းဖန်က အမြောက်ကျည်ဆန်များကို ရှောင်တိမ်းကာ မြေပြင်သို့ ထိုးဆင်းသွားတော့၏။ သူက မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်သော အားအင်ကို သယ်ဆောင်ကာ စစ်တပ်ရှိရာသို့ တိုးဝင်သွားသည်။  သူ၏ အရှိန်က အလွန် လျင်မြန်ရာ အဇူရာ အလင်းတန်း တစ်ခု အလားပင် ထင်ရတော့သည်။

ချန်းဖန်၏ ပုံစံကား အင်အားထောင်ချီ စစ်တပ်ကို တစ်ဦးတည်း ဖြိုခွင်းတော့မည့် သူရဲကောင်း တစ်ဦး အလားပင်။ ယခုအချိန်၌ သူသည် လူသားတစ်ဦးနှင့် မတူတော့ပဲ စစ်နတ်ဘုရား ဝင်စားသည့် စစ်ပါရဂူ တစ်ယောက် အလား ထင်ရ၏။

***

All Chapters