အခန်း (၃၈၇-၃၈၉)
Vol. 8 Ch. 387-389
အခန်း ၃၈၇ - အခုတလော သူမကိုပဲစွဲလန်းနေတယ်
ထိုအချိန် လမ်းတစ်ဝက်ကနေပြန်လှည့်လာတဲ့ကျူးယွီတစ်ယောက် မောင်နှမနှစ်ယောက်ပြောနေတဲ့စကားတွေကိုကြားပြီး မျက်နှာတစ်ခုလုံးနီရဲသွားတော့သည်။
နောက်တော့ ခြေတစ်ချက်ဆောင့်ပြီး သူမမျက်နှာကိုအုပ်ထားလျက် လျင်မြန်စွာပြေးထွက်သွားလေသည်။
တကယ်ပါပဲ၊ သခင်မလေးက သူမကိုရှက်ပြီးအသက်ထွက်သွားစေချင်နေတာများလား။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ချူကျူကတော့ရှုပ်ထွေးသွားရသည်။
ကျူးယွီမျက်နှာက ဘာလို့ဒီလောက်တောင်နီရဲနေတာလဲ။
“နောက်ပြောင်ကျီစယ်တာတွေရပ်ပြီး ပြန်ကြရအောင်”
လုထင်ချန်းက လုလျန့်ဝေရဲ့ကျစ်ဆံမြီးတွေကို
ဆော့ရင်းပြောလာသည်။
ဒီကောင်မလေး ကျစ်ဆံမြီးကျစ်တာကိုဘယ်ကနေသင်လာတာပါလိမ့်။ ဒီကျစ်ဆံမြီးနဲ့မဟုတ်လည်း သူ့ညီမလေးက ဘယ်လိုပဲပြင်ပြင် ကျက်သရေရှိရှိနဲ့လှနေပြီးသားကို။
လုံယန် နန်းမြို့တော်မှာမရှိတဲ့ သတင်းကြားလိုက်တာနှင့်တစ်ပြိုင်နက် မြို့စားကတော်ဟောင်းလည်း လုထင်ချန်းရောက်လာတာနဲ့ အိမ်တော်ဆီပြန်ဖို့ပြင်တော့သည်။
ဝေဝေကမကြာခင် လက်ထပ်တော့မှာဆိုတော့ ဝယ်ရမယ့်ပစ္စည်းတွေအများကြီးရှိသည်။ သူမထျန်းကျိုးတောင်မှာပဲ တစ်သက်လုံးနေလို့တော့မဖြစ်ဘူး။
ဒါတင်မကပဲ အဲ့ဒီကောင်စုတ်လေး ထင်ချန်းကြောင့် ဝေဝေက စည်းမဲ့ကမ်းမဲ့ဖြစ်ကုန်တာ။ ဒီလိုသာနေ့တိုင်း တောင်ပေါ်မှာလျှောက်ပြေးနေလို့ကတော့ ဝေဝေရဲ့နူးညံ့ကြည်လင်တဲ့အသားလေး မဲသွားတော့မှာ။
မယ်တော်ကြီးတစ်ယောက် တွေးရင်းတွေးရင်း အသည်းတယားယားဖြစ်လာပြီး နောက်ဆုံးတော့ အိမ်တော်ဆီပြန်ရောက်တာနဲ့ လုလျန့်ဝေကို အသားဖြူဖြူလေးပြန်မရခင်အချိန်အထိ ဘယ်မှမသွားခိုင်းဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ချန်ချူးယွီက အဒေါ်လျိုဆီကနေအရေးကြီးတဲ့အကြောင်းအရာတစ်ချို့ဆွေးနွေးဖို့ပြန်သွားရမယ့်အကြောင်းရေးထားတဲ့စာကိုလက်ခံရရှိတာနဲ့ ပြန်ဖို့အစီအစဉ်စဆွဲတော့သည်။
ဒီရက်တွေအတွင်း အိမ်ရှေ့စံမင်းသားက သူမအိပ်ဆောင်ဆီခဏခဏလာပြီး သူမရဲ့ဓမ္မတာ လာတာလည်းနောက်ကျနေတဲ့အတွက်ကြောင့် ကိုယ်ဝန်ရှိနေပြီလို့ထင်မိပေမယ့် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာစိုးတာကြောင့် လူသိရှင်ကြားတော့ မကြေငြာချင်သေးဘူး။
လုယွင်ရွှမ်းကလက်ထပ်ပြီးအချိန်အကြာကြီးနေမှကိုယ်ဝန်ရတာပေမယ့် ကိုယ်ဝန်ရှိကြောင်းကြေငြာလိုက်တာနဲ့ ပျက်ကျသွားခဲ့သည်။ သူမ လုယွင်ရွှမ်းလိုမဖြစ်ချင်ဘူး။
သူမ လုယွင်ရွှမ်းနဲ့တော့ဘယ်တော့မှယှဉ်နိုင်မှာမဟုတ်ဘူး။ သူမတို့နှစ်ယောက်လုံး ဒုတိယဇနီးကမွေးဖွားလာကြပေမယ့် လုယွင်ရွှမ်းကအိမ်ရှေ့စံမိဖုရားဖြစ်တဲ့အတွက် သူမထက်အခွင့်အာဏာအများကြီးပိုရှိသည်။
ဒါ့အပြင် သူမဟာ လတ်တလောမှာအရှေ့နန်းဆောင်ရဲ့ရေပန်းစားတဲ့သူတွေထဲကတစ်ယောက်ဖြစ်တာကြောင့် လုယွင်ရွှမ်းအပြင် သူမကိုမနှစ်မြို့တဲ့အခြားသူတွေကပါ အခွင့်သာတာနဲ့ လုပ်ကြံလာနိုင်သည်။
သူမဒီတစ်ခေါက်ပြန်တုန်း သမားတော်နဲ့တစ်ခါတည်းပြခဲ့မှဖြစ်မယ်။ သူမသာတကယ် ကိုယ်ဝန်ရှိနေခဲ့သည်ဆိုရင် ကိုယ်ဝန်ရင့်ချိန်အတိုင်းအတာတစ်ခုအထိစောင့်ပြီးမှ အိမ်ရှေ့စံအရှင့်သားကိုပြောပြရမယ်။
ချန်ချူးယွီတစ်ယောက် သူမဘာသာတွေးတောနေရင်း သူမဝမ်းဗိုက်ထဲမှာ သန္ဓေသားလေးတည်နေပြီဆိုတဲ့အသိနဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးညွတ်သွားသည်။
သူမနန်းတော်ထဲကထွက်ဖို့ဆိုရင် အိမ်ရှေ့စံအရှင့်သားရဲ့ခွင့်ပြုမိန့်လိုအပ်သည်။
အရင်တုန်းကလိုသာဆို သူမအိမ်ရှေ့စံဆီကခွင့်ပြုမိန့်တောင်းဖို့ယုံကြည်ချက်ရှိမှာမဟုတ်ပေမယ့် အခုက…
သူမရဲ့နှုတ်ခမ်းတစ်စုံပေါ်မှာ ညှို့အားပြင်းတဲ့အပြုံးတစ်ခုလှစ်ဟလာသည်။ပုံမှန်ဆို အိမ်ရှေ့စံအရှင့်သားက နူးညံ့တည်ကြည်ပုံပေါက်ပေမယ့် သူဟာတကယ်တမ်းမှာ သားရဲတစ်ကောင်ပဲ။
အဒေါ်လျိုပြောတဲ့ ယောကျာ်းတွေအားလုံးအတူတူပဲဆိုတဲ့အချက်ကအရမ်းကိုမှန်သည်။ သင့်တော်တဲ့အချိန်တစ်ခုစောင့်ပြီးတာနဲ့ သူတို့ဆီကနေ ဘာမဆိုအကုန်ရနိုင်သည်။
ဒါ့ကြောင့် သူမအိမ်ရှေ့စံရဲ့စာဖတ်ခန်းကိုတန်းသွားလိုက်သည်။
ဘုရင်မင်းမြတ်က ကျန်းနန်ကိုသွားရောက်စစ်ဆေးတာကြောင့် အိမ်ရှေ့စံဟာ ဘုရင့်ကိုယ်စား တာဝန်တွေလွှဲပြောင်းယူထားရတဲ့အတွက် နေ့စဉ်နေ့တိုင်း တိုင်းပြည်ရေးရာအမှု့ကိစ္စတွေကိုဆောင်ရွက်ရတာကြောင့် မောင်းမဆောင်ဘက်ကိုခြေဦးလှည့်နိုင်ဖို့ဆိုတာ ခက်ခဲလှသည်။
ချန်ချူးယွီ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်ရေးအမှု့ထမ်း တံခါးလာဖွင့်ပြီး မဖိတ်ခေါ်ခင်အထိ ခဏလောက်စောင့်ဆိုင်းနေလိုက်သည်။
အရှင့်သားအခုတလော ကိုယ်လုပ်တော်ချန်ကိုစွဲလန်းနေမှန်းသူသိတာပေါ့။ ကိုယ်လုပ်တော်ချန်ရောက်လာတဲ့အခါတိုင်း၊ စာဖတ်ခန်းထဲမှာချစ်ကြည်နူးလေ့ရှိကြသည်။
ဒါ့ကြောင့် ကိုယ်ရေးအမှု့ထမ်းလည်း ကိုယ်လုပ်တော်ချန်နောက်ကနေလိုက်မဝင်ပဲ တံခါးဝမှာပဲစောင့်ကြပ်နေလိုက်သည်။
သူမှန်းထားတဲ့အတိုင်း၊ ကိုယ်လုပ်တော်ချန်ဝင်သွားပြီးသိပ်မကြာခင်မှာ အခန်းတွင်းကနေအသံတွေ စကြားလာရလေသည်။
ကိုယ်ရေးအမှု့ထမ်းရဲ့မျက်နှာဟာလည်း အသံဗလံတွေကြောင့် နီမြန်းပြီး ရှက်သွေးဖြာလာရတော့သည်။
ကိုယ်လုပ်တော်ချန်က တကယ်ကို စည်းလွတ်ဝါးလွတ်နိုင်လှသည်။ အရှင့်သားဘာပဲတောင်းဆိုတောင်းဆို ဖြည့်ဆည်းပေးသည်။ ဒါကြောင့်လည်း အရှင့်သားကသူမကိုအရူးအမူးစွဲလန်းနေပြီး တစ်ဖက်မှာလည်း။
သူအတွေးထဲနစ်မြောနေရင်း ဘေးဘီဝဲယာကိုကြည့်မိတဲ့တစ်ခဏ ခြံဝင်းထဲရပ်နေတဲ့အိမ်ရှေ့စံမိဖုရားကို တွေ့လိုက်ရသည်။
အခန်း ၃၈၈ - သူမ ပျော်နိုင်တုန်းပျော်ခွင့်ပေးလိုက်ပါ
အိမ်ရှေ့စံမိဖုရားသည် စာဖတ်ခန်းထဲမှလာသည့် အသံများအား ကြားရပုံပင်။ သူမမျက်နှာဟာ သိသိသာသာညှိုးနွှမ်းသွားပြီး နေရာမှာ ခဏလောက်ရပ်နေအပြီးမှာ ထွက်သွားခဲ့သည်။
ကိုယ်ရေးအမှု့ထမ်းလည်း မိဖုရားအပေါ်ကိုယ်ချင်းစာစိတ်ဖြစ်သွားရသည်။ ရိုးရိုးသားသားပြောရရင်၊ အိမ်ရှေ့စံမိဖုရားဟာ လူတွေကို ခန္ဓာတစ်ခုတည်းနဲ့ကျေနပ်မှုပေးဖို့လောက်ပဲသိတဲ့ ကိုယ်လုပ်တော်ချန်နဲ့မတူပဲ တင့်သည်လှပပြီးဂုဏ်သိက္ခာရှိသလို ပေးကမ်းရက်ရောသည်။
သို့ပေမယ့်လည်း ယောကျာ်းတွေဆိုတာ ကိုယ်လုပ်တော်ချန်လိုမျိုး အရိုင်းပန်းတွေကိုပဲကြိုက်တတ်ကြသည်။
စာဖတ်ခန်းထဲကပျံ့လွင်လာတဲ့အသံတွေဟာ ကျယ်သထက်ကျယ်လာခဲ့ပြီးကိုယ်ရေးအမှု့ထမ်းလည်း မခံသာတော့တဲ့အဆုံး ခပ်ဝေးဝေးကိုလျှောက်သွားဖို့ဆုံးဖြတ်လိုက်ပေမယ့် အရှင့်သားအခေါ်တော်ရှိမှာစိုးသောကြောင့် ထွက်သွားဖို့တော့မတတ်နိုင်ခဲ့ပေ။
ဟုန်ရှို့က လုယွင်ရွှမ်းထွက်သွားတာကိုမြင်တာနဲ့ ခပ်မြန်မြန်ပဲ သူမနောက် လိုက်ပါလာခဲ့သည်။လုယွင်ရွှမ်းရဲ့မျက်နှာဟာ မကောင်းဆိုးဝါးတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။
ဟမ့် ထားပါတော့လေ၊ မကြာခင် အဲ့ဒီမိန်းမ အရှေ့နန်းဆောင်ကိုဘယ်တော့မှပြန်မလာနိုင်တော့ပဲပျောက်ကွယ်သွားစေရမယ်။
ဟုတ်တာပေါ့၊ သူ့ကို အရမ်းလွယ်ကူတဲ့နည်းလမ်းနဲ့သေခွင့်ပေးရမှာပေါ့။ချန်ချူးယွီက မိန်းမပျက်တစ်ယောက်ပဲမလား။အဲ့တော့ နေ့တိုင်း သူမခန္ဓာကိုယ်ကိုတစ်စစီစုတ်ဖြဲပစ်ဖို့ချောင်းနေတဲ့ ဖောက်သည်တွေနဲ့အတူပျော်ပါးပေးမယ့် အပျက်မလုံးလုံးဖြစ်ခွင့်ပေးလိုက်ကြတာပေါ့။
အိမ်ရှေ့စံမိဖုရားရဲ့ရက်စက်ယုတ်မာလှတဲ့အငွေ့အသက်တို့ကြောင့် ဟုန်ရှိ့လည်းသူမနား မကပ်ဝံ့ပေ။
ခဏတာလမ်းလျှောက်အပြီးမှာတော့ လုယွင်ရွှမ်းကရုတ်ချည်းရပ်တန့်လိုက်ပြီး
“ဟုတ်ကဲ့၊ အားလုံးအဆင်သင့်ပြင်ထားလိုက်ပါ့မယ်။ကိုယ်လုပ်တော်ချန် အရှေ့နန်းဆောင်အပြင်ဘက်ကိုခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ ဘယ်တော့မှပြန်မလာနိုင်စေရဘူးလို့ အာမခံပါတယ်။”
ထိုအချိန် လုယွင်ရွှမ်းမျက်နှာထက်တွင်တော့ အန္တရာယ်အငွေ့အသက်တွေပြည့်နှက်နေတဲ့အပြုံးတစ်ပွင့်ချိတ်ဆွဲထားလျက်
“ကောင်းပြီ၊ အခုတော့သူမကို ပျော်နိုင်တုန်းလေးပျော်ခွင့်ပေးထားလိုက်ကြတာပေါ့”
ဟုန်ရှို့ကခွန်းတုန့်ပြန်ခြင်းမပြုပဲ အတွေးကမ္ဘာထဲ၌နစ်မွမ်းနေခဲ့သည်။
‘ချန်ချူးယွီမရှိတော့ရင်တောင် သူ့လိုမျိုးနောက်ထပ်တစ်ယောက်ရောက်လာမှာက မလွဲမသွေပဲ’
သိပ်မကြာလိုက်ခင်မှာပဲ အိမ်ရှေ့စံအခေါ်တော်ရှိတာကြောင့် ကိုယ်ရေးအမှု့ထမ်းဟာ ရေနွေးတစ်ချို့နဲ့အတူခပ်သုတ်သုတ် ဝင်လာလိုက်သည်။
သူမော့မကြည့်ရဲပေမယ့် ဖရိုဖရဲအဝတ်အစားရယ် ဖူးရောင်နီရဲနေတဲ့နှုတ်ခမ်းသားတစ်စုံရယ်နဲ့အတူ ခုံအောက်ကထလာတဲ့ ကိုယ်လုပ်တော်ချန်ကိုမြင်လိုက်ရသည်။
သူ ထိတ်လန့်သွားပြီး ချက်ချင်းပဲ ခေါင်းကိုပိုငုံ့ချလိုက်သည်။
ကိုယ်ရေးအမှုထမ်းလည်းဆက်မတွေးရဲတော့ပဲ ရေနွေးကိုပဲခပ်မြန်မြန်ဆက်သလိုက်သည်။
ကိုယ်လုပ်တော်ချန်ကတော့ ရေနွေးကိုယူလိုက်ပြီး လက်ကိုင်ပုဝါလေးနဲ့ လုံချီကိုသန့်ရှင်းရေးလုပ်ပေးနေသည်။
လုံချီရဲ့အမြင်မှာ သူ့ကိုကောင်းကောင်းပြုစုရမှာက ကိုယ်လုပ်တော်တစ်ယောက်ရဲ့တာဝန်လို့ယူဆထားတာကြောင့် သူမရဲ့လှုပ်ရှားမှု့တွေကို ရပ်ခိုင်းလိုက်ခြင်းမျိုးမရှိပေ။
ကိုယ်လုပ်တော်ချန်က ရမ္မက်ပြင်းပြနေတဲ့အချိန်တုန်းကနဲ့မတူ အေးစက်တည်ကြည်နေတဲ့ လုံချီ့မျက်နှာကိုကြည့်ရင်း သူမရင်ထဲခါးသက်သက်ခံစားလိုက်ရသည်။
လိုချင်တာရပြီးတာနဲ့ သူမကိုသူစိမ်းတစ်ယောက်လိုပဲဆက်ဆံလေ့ရှိတဲ့ ဒီလူကအရမ်းကို ရက်စက်လွန်းလှသည်။
ချန်ချူးယွီက သန့်ရှင်းဆေးကြောပြီးတာနဲ့ တစ်ပြိုင်နက် လုံချီ့ပခုံးပေါ်ချွဲနွဲ့စွာမှီချလိုက်ရင်း
“အရှင့်သား၊ ကျွန်မနန်းတော်ကနေ ခဏလောက်ထွက်ချင်လို့၊ အဲ့ဒါအရှင့်သား…”
လုံချီက ချက်ချင်းဆိုသလို ခွင့်ပြုမိန့်ကတ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။
ချန်ချူးယွီတစ်ယောက် ရွှင်ပျသွားပြီး လုံချီ့ပါးကိုတစ်ချက်နမ်းပစ်လိုက်သည်။
ထိုအခါ လုံချီရဲ့မျက်နှာအမူအရာဟာ ရုတ်ချည်းပြောင်းလဲသွားပြီး သူမကိုရွံရှာဟန်ဖြင့်တွန်းထုတ်လိုက်ကာ
ဒီလူရဲ့အပြောင်းအလဲမြန်မှု့ကြောင့် ချန်ချူးယွီမကျေမနပ်နှင့်အံကြိတ်ပြီး ခွင့်ပြုမိန့်ကတ်ပြားကိုကိုင်ကာထွက်သွားလေတော့သည်။
ရမ္မက်ပြင်းပြနေတဲ့အချိန်ကလွဲလို့ တခြားအချိန်တွေမှာဆို လုံချီကသူမကိုမနမ်းသလိုနမ်းခွင့်လည်းမပေးပေ။
ထိုသို့တွေးမိစဉ် သူမတစ်ချက်လှောင်ပြောင်သရော်လိုက်လေသည်။
လုံချီကသူ့ပါးကို လက်ကိုင်ပုဝါနဲ့ခပ်ကြမ်းကြမ်းတစ်ချက်သုတ်လိုက်ပြီး ထိုပုဝါကိုလည်း အမှိုက်ပုံးထဲပစ်ထည့်လိုက်လေသည်။
ချန်ချူးယွီသာ သူလိုအပ်တဲ့အချိန်တိုင်း ခံစားချက်ကောင်းတွေမပေးနိုင်ခဲ့ရင် စွန့်ပစ်လိုက်တာကြာပေါ့။
ဒီလိုတွေးပြီးနောက် သူ့ရဲ့အနီးကပ်ကိုယ်ရံတော် ကျန်းချုံကိုဆင့်ခေါ်လိုက်ပြီးမေးလိုက်သည် -
ကျန်းချုံရဲ့အဖြေကိုကြားပြီးနောက် လုံချီတစ်ယောက် တိုင်းပြည်အမှု့ကိစ္စတွေအပေါ် အာရုံမစိုက်နိုင်တော့ပဲ စုတ်တံကို စားပွဲပေါ်ပစ်ချလိုက်လေသည်။
အစက ဦးရီးတော်ကကျန်းနန်စုံစမ်းစစ်ဆေးမှု့ ခရီးစဉ်ကိုအကြောင်းပြပြီး လုလျန်ဝေကိုအားလပ်ရက်ခရီးခေါ်သွားမယ်လို့ သူထင်ထားတာ။ ဒါပေမယ့်အခု ကိစ္စတွေကသူထင်သလိုမဟုတ်ဘူးပဲ။
အခန်း ၃၈၉ - ကူကယ်ရာမဲ့မှု့များဝါးမျိုခြင်း
အနည်းဆုံးတော့ ယခုဆိုလျှင် လုလျန့်ဝေ နန်းမြို့တော်သို့ ပြန်ရောက်နေလောက်ပြီပင်။
သူတစ်စုံတစ်ခုကိုသတိရသွားပြီး ကျန်းချုံဘက်သို့လှည့်ကာ
“သူပြန်လာတာကို မင်းကိုယ်တိုင်မြင်ခဲ့တာလား။”
“ဟုတ်ကဲ့၊ ဒုတိယသခင်မလေးလုဘေးနားမှာ ဆက်ခံသူသခင်လေးလုကိုယ်တိုင် လိုက်ပါစောင့်ကြပ်ပေးပြီး မြို့စားမင်းအိမ်တော်ထဲဝင်သွားတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာပါ”
ကျန်းချုံကတလေးတစားနဲ့ပြန်ဖြေလာခဲ့သည်။
“ကောင်းပြီ”
လုံချီကလက်ဝှေ့ယမ်းပြီးထွက်သွားဖို့အချက်ပြလိုက်တဲ့အခါ ကျန်းချုံလည်းတိတ်တဆိတ်ထွက်ခွာသွားလေသည်။
ဦးရီးတော်ကလုလျန့်ဝေကို သွားခေါ်တာမဟုတ်မှန်းသိလိုက်ရတော့ လုံချီတစ်ယောက်ကျိတ်ပျော်နေပြီးနောက်တစ်စက္ကန့်အတွင်းမှာပဲ အတွေးတစ်ခုဝင်ရောက်လာတော့သည်။ဦးရီးတော်ရဲ့ခရီးစဉ်က ရှု့ခင်းတွေရှု့စားဖို့အတွက်မဟုတ်ရင် ဘာအတွက်လဲ။ ဘယ်နေရာကို ဘာသွားလုပ်တာလဲ။
အကြောင်းစုံသိရအောင် ကျန်းချုံကိုစေလွှတ်ပြီး စုံစမ်းခိုင်းချင်ပေမယ့် ဦးရီးတော်က အကင်းပါးသူတစ်ယောက်ဖြစ်တဲ့အပြင် သူ့လက်အောက်ခံတွေကို ရင်ဆိုင်ဖို့ဆိုတာလည်း ခက်လှပြန်သည်။ ဒါ့အပြင် အခန့်မသင့်ရင် ဦးရီးတော်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး သံသယတွေပိုတိုးလာစေလိမ့်မည်။
ထို့ကြောင့် လုံချီ ဒီအတိုင်းထားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။
ပြန်တွေးကြည့်တော့ ဦးရီးတော်ဒီတစ်ခေါက် နန်းမြို့တော်ကနေထွက်ခွာတာဟာ သိပ်မူမမှန်ပေ။ မဟုတ်မှလွဲရော သူ့ခန္ဓာကိုယ်ထဲကအဆိပ်ကိုကုသဖို့ အရည်အချင်းရှိတဲ့သမားတော်တစ်ယောက် သွားရှာတာများလား။
သူ့မျက်နှာထက်မှာ သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေတဲ့အလွှာတစ်ခုလွှမ်းခြုံသွားသော်ငြား အတွေးစတို့ကိုလျင်မြန်စွာဖြတ်တောက်လိုက်သည်။
နှင်းပွင့်လွှာဆိုတာ ဦးရီးတော်အတွက် အထူးဖော်စပ်ထားတာပဲလေ။ ဒီအဆိပ်ကို သေဆုံးသွားတာကြာပြီဖြစ်တဲ့ အမျိုးသမီးလင်တစ်ယောက်ကလွဲလို့ ဘယ်သမားတော်မှကုသနိုင်မှာမဟုတ်ဘူး။
ဤသို့တွေးမိပြီးနောက် လုံချီ သူ့ရဲ့စိုးရိမ်ပူပန်မှု့တွေကိုရုတ်သိမ်းလိုက်သည်။
အနက်ရောင်မြင်းလှည်းတစ်စီးဟာ နန်းမြို့တော်ဆီသို့ အရှိန်အဟုန်နဲ့ဦးတည်လာသည်။လှည်းထဲတွင်တော့ အလွန်အမင်းလှပတဲ့ အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့လက်ထဲမှာ ကလေးလေးတစ်ယောက်ကို ထွေးပိုက်လို့ထားသည်။
ထိုကလေးလေးမှာ ငါးနှစ်ကျော်အရွယ်လောက်ပင်ရှိဦးမည်ဖြစ်ကာ မျက်ဝန်းထက်၌လည်း ကြောက်ရွံ့မှု့တွေပြည့်နှက်နေကပြီး သူ့အားထွေးပွေ့ထားတဲ့အမျိုးသမီး၏လက်ထဲ၌သာ ကျုံ့ဝင်ကာ လှုပ်ပင်မလှုပ်ရဲပေ။
လှပတဲ့အမျိုးသမီးဟာလည်း ထိုကလေး၏နဖူးကို အဆက်မပြတ်နမ်းရှိုက်ကာ ချော့မြှူလို့နေသည်။
“ကျီအယ်၊ မကြောက်နဲ့နော် မကြောက်နဲ့၊ မြို့တော်ထဲကိုရောက်တာနဲ့ တို့တွေကို ဘယ်သူမှအနိုင်မကျင့်ရဲတော့အောင် မင်းဦးလေးကကာကွယ်ပေးလိမ့်မယ်…”
အမျိုးသမီးကထိုသို့ပြောနေသော်ငြား ကလေးလေး၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု့များရှိနေဆဲပင်ဖြစ်ကာ သူ၏ဖြူဖပ်ဖြူရော်မျက်နှာသေးသေးလေးမှာ သနားချင့်စဖွယ်ပင်။
ဒါကိုမြင်တဲ့အမျိုးသမီးဟာလည်း ကူကယ်ရာမဲ့သကဲ့သို့ ခံစားလာရလေသည်။
ကျီအယ်က သူ့အဖေအသတ်ခံရသည်ကို စာဖတ်ခန်းထဲ၌မျက်မြင်တွေ့ခဲ့ရပြီး ယနေ့ထိတိုင် ထိုအဖြစ်အပျက်ကိုမမေ့ဖျောက်နိုင်သေးပေ။
အခု သူမမျှော်လင့်လို့ရတဲ့တစ်ခုထဲသောအရာမှာ မြို့တော်ကိုရောက်ရင် ကျီအယ်ရဲ့အခြေအနေတိုးတက်လာဖို့ပင်။
ထိုသို့တွေးနေစဉ် မြင်းလှည်းဟာ ရုတ်ချည်းရပ်တန့်သွားတဲ့အတွက်ကြောင့် ကြောက်စိတ်တစ်ခုဟာ သူမပေါ်လွှမ်းခြုံလာသည်။ ဧကန္တ အဲ့ဒီလူတွေက ရှန်တိုင်းပြည်ရဲ့နယ်နိမိတ်စည်းမျဉ်းထိ လုပ်ကြံသူတွေလွှတ်ထားတာများလား။
ထိုစဉ် မြင်းလှည်းအပြင်ဘက်မှကြားလိုက်ရတဲ့ရှီစီရဲ့အသံဟာ သူမရဲ့သံသယတွေကိုအတည်ပြုပေးလိုက်သလိုပင်။
“ရှီချီ၊ မင်းသားခုနှစ်ကို မင်းနဲ့အတူခေါ်သွားလိုက်။ ငါသူတို့ကိုအချိန်ဆွဲထားလိုက်မယ်။”
တန့်ကျွယ်ဟာ ရုတ်တရက်ဆန်စွာ ပြည်တွင်းရေးဆူပူအုံကြွမှု့အောက် ကျရောက်ခဲ့ရသည်။ တန့်ကျွယ်ဘုရင်ဟာသက်တော်ကြီးရင့်ပြီဖြစ်ရာ တန့်ကျွယ်မင်းသားဟာလည်းလုပ်ကြံခံလိုက်ရလေသည်။ ညီတော်ဖြစ်တဲ့ ဝမ်ယန်ကျင်ဟာ ထီးနန်းကိုမတရားသိမ်းပိုက်ခဲ့ပြီး တန့်ကျွယ်မှာပုန်းအောင်းနေတဲ့ လက်ရွေးစင်တပ်သားအများစုဟာလည်း သတ္တမမြောက်မင်းသမီးနဲ့မင်းသားလေးကို ကယ်ထုတ်ဖို့မရမကကြိုးပမ်းစဉ်မှာ အသက်ပေးသွားခဲ့ကြရသည်။
ဝမ်ယန်ကျင်ဆိုသူကား သတ်ဖြတ်ခြင်းကိုလွန်စွာနှစ်ခြိုက်ပြီး ကြင်နာမှု့ကင်းမဲ့သူတစ်ယောက်ဖြစ်ပြီး နှစ်နိုင်ငံကြားစစ်မီးမွှေးရန် မယိုးမယွဖြစ်နေသူတစ်ဦးဖြစ်သည်။
တန့်ကျွယ်မင်းသားဆုံးပါးမှု့ကြောင့် တစ်ချိန်ကမင်းသားနဲ့အတူ ငြိမ်းချမ်းရေးကိုလိုလားကြတဲ့ မှူးမတ်အရာရှိတို့ဟာလည်း ကျောထောက်နောက်ခံမရှိတော့တဲ့အတွက် ဝမ်ယန်ကျင် စစ်ပွဲစတင်တာကိုပဲ လက်ပိုက်ကြည့်နေရလေသည်။
ပိုဆိုးတာက တန့်ကျွယ်ထီးနန်းကိုမြဲမြံစွာ ဆက်ခံနိုင်ရေးအတွက် ဝမ်ယန်ကျင်ဟာ အတားအဆီးမှန်သမျှချေမှုန်းပစ်မည်မှာ မလွဲဧကန်ပင်။
ထိုသို့ဆိုသော်ငြား ဝမ်ယန်ကျင်တစ်ယောက် ရှန်တိုင်းပြည်ရဲ့နယ်နိမိတ်စည်းမျဉ်းအထိ လိုက်လံသတ်ဖြတ်လိမ့်မည်ဟုတော့ ဘယ်တစ်ဦးတစ်ယောက်ကမှ ထင်မထားခဲ့ပေ။
ရှီချီဟာမြင်းလှည်းကိုလက်လွှဲယူလိုက်ပြီး ရှေ့ဆက်မောင်းရန်ပြင်လိုက်သည့်တစ်ခဏ တန့်ကျွယ်မှတပ်သားတစ်ဦးက သူ့ကိုဓားဖြင့်တိုက်ခိုက်လာလေသည်။
ရှီချီရဲ့နှလုံးသားတစ်ခုလုံး လေးလံသွားရပြီး မြင်းဇက်ကြိုးကိုလွှဲကာ တစ်ဖက်ရန်သူသေစေလောက်သည့်အရှိန်ဖြင့် တိုက်ခိုက်လိုက်လေသည်။ သူသေကိုယ်သေတိုက်ဖို့ ဓားကိုဆွဲထုတ်တော့မယ့်အချိန်မှာတော့ အပါ်စီးမှ ရုတ်တရက်ခုန်ဆင်းလာတဲ့ပုံရိပ်အချို့ကို တွေ့လိုက်ရလေသည်။
နာကျင်စွာအော်ဟစ်သံအချို့ကြားလိုက်ရပြီးနောက် ကစားပွဲအနိုင်အရှုံးဟာလည်း ပြောင်းပြန်ဖြစ်သွားလေတော့သည်။