တစ်ယောက်နှင့် လေးထောင်
Vol. 4 Ch. 377
"ပစ် ... ပစ် ... သူ့ကို အနားကပ် မခံနဲ့"
ချန်းဖန် ဆက်သက်လာသည်ကို မြင်သည်နှင့် စစ်အရာရှိများက ထိတ်လန့်တကြား အော်ဟစ်ကြသည်။ ချန်းဖန်သာ သူတို့အား အနီးကပ် တိုက်ခိုက်ပါက တိုက်ပွဲမှာ လွယ်ကူတော့လိမ့်မည် မဟုတ်ချေ။
ချန်းဖန် ပြင်ဆင်နေသော တိုက်ခိုက်ရေး ဗျူဟာသည် ရှေးခေတ် မြင်းစစ်သည် ဗျူဟာနှင့် ဆင်တူ၏။ ထိုကဲ့သို့ အတင်းတိုးဝင် တိုက်ခိုက်ခြင်းက ခေတ်မီ လက်နက်များ၏ အသုံးဝင်မှုကို လျော့ကျစေသည်။ သို့သော်လည်း ထိုကဲ့သို့ နည်းဗျူဟာများသည် မော်ဒန်ခေတ် တိုက်ပွဲများတွင် ဒိတ်အောက်နေပြီ ဖြစ်သည်။
ချန်းဖန် စစ်တပ်နှင့် တဖြည်းဖြည်း နီးကပ်လာချိန်၌ ဗုံးကြဲလေယာဉ်များကား မတိုက်ခိုက်ရဲ ကြတော့ချေ။ သူတို့၏ တိုက်ခိုက်မှုများ ဂျပန်စစ်တပ် အပေါ်သို့ ကျရောက်သွားမည်ကို စိုးရိမ်နေပုံ ပေါ်သည်။ တင့်ကားနှင့် အခြား အမြောက်သမားများ သည်လည်း အချင်းချင်း ထိခိုက်မိမည် စိုးသောကြောင့် အရမ်းကာရော မပစ်ဝံ့ကြတော့ချေ။
ထိုအချိန်မှာပင် ညွှန်ကြားချက် တစ်ခုက ရေဒီယိုမှတစ်ဆင့် ဂျပန် စစ်သားများထံ ရောက်ရှိလာသည်။
ရုတ်တရက်ပင် ရာချီသော စစ်သားများက ရိုင်ဖယ်များကို ထုတ်ယူကာ ပစ်ခတ်ကြတော့သည်။ ခေတ်မီရိုင်ဖယ်များသည် ကီလိုမီတာ အနည်းငယ်ခန့် အထိ ပစ်ခတ်နိုင်သော်လည်း အမှန်တကယ် ထိရောက်မှု ရှိသည်က မီတာ ရာအနည်းငယ် အတွင်းတွင်သာ ဖြစ်သည်။
ရိုင်ဖယ် ကျည်ဆန်များကား ပလူပျံကာ ချန်းဖန်ထံသို့ တိုးဝင်လာခဲ့ပြီ ဖြစ်၏။ အကယ်၍ ချန်းဖန် နေရာတွင်သာ လုထျန်းဖန်ကဲ့သို့ အထွတ်အထိပ် ပညာရှင် ဖြစ်ပါက ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
လဲ့ချန်းကျွယ်၊ တာကီမီယာ ဟီရိုတို့ကဲ့သို့ အစွမ်းထက်သော လူများသာလျှင် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်သည်။
"ဘန်း ဘန်း ဘန်း ..."
မရေမတွက်နိုင်သော ကျည်ဆန်များက ချန်းဖန်၏ ခန္ဓာကိုယ်မှ အဇူရာအလင်းအား ထိမှန်သည်။
သို့သော်လည်း အဇူရာအလင်းက ကွဲအက်မည့်ပုံ မရချေ။ အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်းက လျှို့ဝှက်ပညာရပ် တစ်ခု ဖြစ်သည်။ ထိုခန္ဓာအား ပိုင်ဆိုင်သူတိုင်းမှာ အလွန် ကြံ့ခိုင်လာသည်။ ထို့ကြောင့်ပင် ကျည်ဆန်များမှာ ချန်းဖန်အား မည်သို့မျှ ထိခိုက်စေလိမ့်မည် မဟုတ်ချေ။
သုံးကီလိုမီတာ ...
နှစ်ကီလိုမီတာ ...
တစ်ကီလိုမီတာ ...
ချန်းဖန်ကား စစ်တပ်ထံသို့ အလင်းတစ်ခု အလား ချဉ်းကပ် လာနေခဲ့သည်။ သူ့အား အဝေးမှ ကြည့်လျှင် သက်တံတစ်ခုဟုပင် ထင်လောက်သည်။
"ဒက် ဒက် ဒက် ..."
ရုတ်တရက် သံချပ်ကာ ကားများပေါ်မှ စက်သေနတ်များက စတင် ပစ်ခတ်ကြသည်။ ထိုစက်သေနတ်များမှာ အမ်တူး ဘရောင်းတင်း ဖစ်တီး စက်သေနတ်များ ဖြစ်၏။
ဒါဇင်ချီသော စက်သေနတ် သမားများကား ချန်းဖန်အား ဘက်ပေါင်းစုံမှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက် ကြသည်။ သူတို့၏ တာဝန်က ချန်းပေ့ရွှမ်းအား တားဆီးရန် မဟုတ်ပါလား။
"ဒက် ဒက် ဒက် ..."
ကျည်ဆန်များမှာ ရာထောင်ချီ၍ ရောက်ရှိလာသော်လည်း ချန်းဖန်ကမူ ရပ်တန့်သွားမည့်ပုံ မရချေ။
မြေကတုတ်များပင်လျှင် ထိုစက်သေနတ်များ အောက်၌ ပြားပြားဝပ် နိုင်သော်လည်း ချန်းဖန်အတွက်မူ အသုံးဝင်ပုံ မရချေ။ ထိုပလူပျံနေသော စက်သေနတ် ကျည်ဆန်များက သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်အား ထိုးဖောက်နိုင်ခြင်း မရှိချေ။ ထိုကျည်ဆန်များမှာ ချန်းဖန်၏ ခန္ဓာကိုယ်နှင့် ထိတွေ့သည်နှင့် တိုးဖောက်နိုင်ခြင်း မရှိသော သတ္တုကို ထိတွေမိသည့် အလား တဖောက်ဖောက် မြည်ကာ မြေပြင်သို့ ကျဆင်းကုန်၏။
လူတိုင်းကား ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အ ကုန်ကြတော့သည်။ သူတို့က ချန်းဖန်အား သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ ကြည့်ကြသည်။
"ဘုရားရေ ... သူ့ရဲ့ ခန္ဓာကိုယ်က တင့်ကား သံချပ်ကာတွေနဲ့ လုပ်ထားတာလား"
ဂျပန် စစ်သား တစ်ယောက်က သူ၏ သေနတ်ကို လွှတ်ချရင်း တအံ့တဩ ဆိုသည်။ အခြား ဂျပန် စစ်သားများကလည်း ကြောက်ရွံ့စွာ ခေါင်းညိတ်လိုက်၏။
စစ်သားများစွာမှာ ချန်းဖန်အား ကြည့်ရင်း စိတ်ဓာတ်များပင် ကျဆင်းလာသည်။ စက်သေနတ်များပင်လျှင် ထိုသတ္တဝါကို ထိခိုက်အောင် မလုပ်နိုင်ရာ မည်သည့်အရာက တားဆီး နိုင်တော့မည်နည်း။
ထိုအချိန်၌ အထပ်ထပ် ကာဆီးနေသော တိုက်ခိုက်မှုများကြောင့် ချန်းဖန်မှာ စိတ်မရှည်တော့ချေ။ သူက မြေပြင်အား မုန်တိုင်း တစ်ခုအလား ကန်ကျောက်ရင်း အသံထက်မြန်သော အမြန်နှုန်းကို အသုံးပြုလိုက်သည်။ ထို့နောက် စက်သေနတ်များကို ဖြတ်သန်းကာ စစ်တပ် အလည်ရှိရာသို့ ပြေးဝင်လာ၏။
"အားလုံး ပစ်ကြစမ်း ... သံချပ်ကာ ကားတွေရော ... သူ့ကို မရ ရအောင်တားစမ်း ..."
တာနာကာ မာစာကာဇူက စပီကာဖြင့် အော်ဟစ် အမိန့်ပေးသည်။ သူ၏ သွေးရောင် မျက်လုံးများကား လောင်းကစား ဝိုင်းတွင် အရာအားလုံး ရှုံးနိမ့်တော့မည့် လူတစ်ယောက် အလားပင်။
ဒါဇင်ချီသော သံချပ်ကာ ကားများနှင့် တင့်ကားများက ဘက်ပေါင်းစုံမှ နေ၍ ချန်းဖန်ထံ မောင်းနှင်လာကြသည်။ ထိုသံချပ်ကာ ကားတစ်စီးလျှင် တန်ဒါဇင်ပေါင်းများစွာ လေးရာ သာမန်လူသား တစ်ယောက်သာ ဖိကြိတ် ခံရပါက ပြားချပ် သွားပေလိမ့်မည်။
"ဘန်း ..."
ချန်းဖန်က လက်အား ဓားတစ်ခုအသွင် ပြောင်းရင်း စစ်သားတစ်အုပ်ကို တိုက်ခိုက်လိုက်သည်။ သူ၏ ဓားချက် တစ်ချက်တွင်ပင် စစ်သား ခုနစ်ယောက် သေဆုံးသွားတော့သည်။ ထို့နောက် သူက လျင်မြန်စွာ လှုပ်ရှားလိုက်ရင်း စစ်သား တစ်ဒါဇင်ခန့်ကို သတ်ဖြတ် လိုက်ပြန်သည်။ သူ၏ ဓားချက်အောက်၌ စစ်သားများစွာမှာ ထောပတ်များ အလား အပိုင်းပိုင်း ပြတ်ကုန်တော့သည်။ မျက်စိတစ်မှိတ် အတွင်းတွင်ပင် ရာချီသော စစ်သားများကား ချန်းဖန်၏ လက်အောက်၌ ကျဆုံးသွားတော့သည်။
တာနာကာ မာစာကာဇူ၏ မျက်နှာသည် ဒေါသဖြင့် နီရဲနေပြီ ဖြစ်၏။ သူ၏ မျက်လုံးမှလည်း မီးတောက်မီးလျှံများ ဖြာထွက်နေသည့် အလား လင်းလက်နေသည်။
နောက်ဆုံး၌ သံချပ်ကာ ကားများစွာမှာ ချန်းဖန်ထံသို့ ပြေးဝင်လာခဲ့ပြီ ဖြစ်သည်။ ထိုကားများကား တစ်နာရီလျှင် ကီလိုမီတာ တစ်ရာ အမြန်နှုန်းဖြင့် ချန်းဖန်ကို ဝင်တိုက်ရန် ကြိုးစားသည်။
သံချပ်ကာကားများ တိုးဝင်လာသည်များ မြင်ရာ ချန်းဖန်၏ မျက်နှာက လေးနက်သွားသည်။ သူက မြေပြင်အား ကန်ကျောက်ရင်း ပထမဆုံး ဝင်လာသော သံချပ်ကာကားအား လက်သီးဖြင့် ထိုးလိုက်သည်။
ရုတ်တရက် ကောင်းကင်က အနည်းငယ် မည်းမှောင်လာသယောင် ထင်ရ၏။
သံချပ်ကာ ကား၏ တာယာများက ချန်းဖန်၏ လက်သီး အရှိန်အောက်တွင် ကွဲအက် ပေါက်ကွဲကုန်သည်။ ချန်းဖန်၏ လက်သီးက သံချပ်ကာကား၏ ရှေ့အကာ စတုရန်းကွက်ပေါ် တည့်တည့်ပင် ကျဆင်းသည်။
"ဘုန်း ..."
သံချပ်ကာကားမှာ မမြင်ရသည့် နံရံ တစ်ခုကို ဝင်တိုက်မိသည့် အလား ပြင်းထန်စွာ တုန်ခါရင်း ရပ်တန့်သွား၏။ သို့သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ်ကမူ တောင်တစ်လုံး အလား မားမားမတ်မတ်ပင် ရှိနေသေးသည်။ သို့သော်လည်း ခန္ဓာကိုယ်က အသုံးပြုရသော ခွန်အားကြောင့် သူ၏ ခြေထောက်များမှာ မြေပြင်တွင် နစ်ဝင်နေခဲ့သည်။
"ဘုရားရေ ..."
"အိုးမိုင်ဂေါ့ ..."
လူတိုင်းကား ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အသွားသည်။ ထိုသတ္တဝါ၏ လက်သီးက သံချပ်ကာ ကားကိုပင် ရပ်တန့်နိုင်သည်။ ထိုအရာမှာ အိပ်မက်တစ်ခု သို့မဟုတ် ရိုင်းစိုင်းသော ပုံပြင် တစ်ပုဒ်သာ ဖြစ်ရမည်။
သူတို့အနေဖြင့် အမှန်တရားကို လက်ခံရန် ခက်ခဲနေသော်လည်း ချန်းဖန်ကိုမူ စိတ်ထဲမှ အလွန်တရာ လေးစားလာကြသည်။
"ငါတို့ တိုက်ခိုက်နေရတဲ့ သူက ဘယ်သူလဲ"
သူတို့တွင် စဉ်းစား ဆင်ခြင်နိုင်စွမ်းများ မရှိကြတော့ချေ။
ထိုအချိန်၌ ချန်းဖန်မှာမူ နေရာ၌ ဆက်လက်ရပ်မနေဘဲ အဆက်မပြတ် လှုပ်ရှားနေသည်။ သူ၏ ရည်ရွယ်ချက်က စစ်တပ်၏ အလယ်နေရာ ဖြစ်သည်။
သူတစ်ချက် လှုပ်ရှားလိုက်တိုင်း ဒါဇင်ချီသော ပရော်ဖက်ရှင်နယ် စစ်သားများ အတုံးအရုံး ကျဆုံးသွားသည်။ အဆိုးဆုံးမှာ ချန်းဖန်က ချီဓားကဲ့သို့သော ဓမ္မအစီအရင်များကို ဖော်ထုတ် တိုက်ခိုက်သည့် အချိန်တွင် ဖြစ်သည်။
ထိုသို့သော အစီအရင် တိုက်ခိုက်မှု တစ်ခု ပေါ်ထွက်လာတိုင်း စစ်သားများစွာ၏ အလောင်းများက အထပ်လိုက် ကျန်ရစ်ခဲ့သည်။ အဆုံး၌ ချန်းဖန်က အစီအရင်များအား အသုံးပြုရသည်မှာ ငြီးငွေ့သည့် အလား ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ တိုက်ခိုက်တော့သည်။
စစ်သားများစွာမှာ သေနတ်များအား ထုတ်ယူ ပစ်ခတ်သော်လည်း ချန်းဖန်အတွက် အချည်းနှီးပင်။ တင့်ကားများစွာမှာမူ ချန်းဖန်၏ အရိုင်းဆန်သော လှုပ်ရှားမှုများကြောင့် တိုက်ခိုက်ရန် အခက်တွေ့နေကြသည်။ သူတို့ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တိုင်း ချန်းဖန်က မူလနေရာတွင် မရှိတော့ချေ။
"ကလန့် ..."
ရုတ်တရက် ချန်းဖန်၏ လက်၌ အဇူရာ အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းတွင် ဓားချီများက အဆက်မပြတ် စီးဆင်းနေရာ ဒဏ္ဍာရီလာ လက်နက် တစ်ခုအလားပင် ထင်ရသည်။
ချန်းဖန်က အလင်းအား ထိန်းချုပ်ရင်း လေပေါ်သို့ ခုန်တက်ကာ အနားရှိ သံချပ်ကာ ကားတစ်စီးအား ခုတ်ဖြတ်လိုက်သည်။ အလင်းက ဓားတစ်ချောင်းအလား သံချပ်ကာ ကားကို ထက်ဝက်ပိုင်းဖြတ်ကာ အထဲရှိ လူများအား သတ်ဖြတ်တော့သည်။
တာနာကာ မာစာကာဇူ၏ စပီကာ ကိုင်ထားသော လက်များကား တဆတ်ဆတ် တုန်ယင် နေခဲ့တော့သည်။ သူနှင့် ရေဒီယိုမှ ချိတ်ဆက်ထားသော အရာရှိများက သူ့အား အကျိုးအကြောင်း အဆက်မပြတ် လှမ်းမေးနေကြသည့်တိုင် ထိုအသံများကို သူမကြားနိုင်ပေ။ နောက်ဆုံးတွင်မှ သူ၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာခဲ့၏။
"ငါတို့ရှုံးပြီ ..."
"သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ ... သူက လူရော ဟုတ်ရဲ့လား ..."
ချန်းဖန်အား ကြည့်ရင်း အံ့ဩနေသူက တာနာကာ မာစာကာဇူ တစ်ယောက်တည်း မဟုတ်ချေ။ ထိုမြင်ကွင်းအား မြင်သူတိုင်းမှာ စကားတစ်ခွန်းပင် မပြောနိုင်အောင် ဆွံ့အနေကြသည်။
ရထား အမိုးပေါ်မှ လှမ်းကြည့်နေကြသော ပျံလွှားနီလေးနှင့် အိကျင့်ချီတို့မှာလည်း စစ်တပ်ကြီး တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်နေသည့် အဇူရာ အလင်းရောင်ကို ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
အဇူရာ အလင်းရောင်မှာ စစ်မြေမှ စစ်သား အားလုံးကို သုတ်သင်ပြီးသည့် အချိန်ကျမှ ရပ်တန့်မည့်ပုံ ရသည်။ အဆုံး၌ ဆယ့်လေးခုမြောက် ကြည်းတပ်မတော်ကား ကျရှုံးခဲ့ရလေပြီ။
သူကမူ တစ်ထောင်နှင့် တစ်ယောက် တိုက်ပွဲ၌ အောင်ပွဲခံနိုင်ခဲ့သည်။
***