← Chapters

စစ်တပ်၏ ရှုံးနိမ့်မှု

Vol. 4 Ch. 378

စစ်တပ်၏ ရှုံးနိမ့်မှု

Vol. 4 Ch. 378

"ဘုရားရေ ..."

AH-1 ဟယ်လီကော်ပတာ အတွင်းရှိ ပိုင်းလော့များသည် သွေးလွှမ်းသော စစ်မြေပြင်ကို ကြည့်ရင်း အလွန် ကြောက်လန့် လာကြတော့၏။ သူတို့ကား ဟယ်လီကော်ပတာ ကိုပင် ထိန်းချုပ်ရန် မေ့ကုန်သည် အထိ ဖြစ်ကုန်တော့သည်။

မြေပြင်ရှိ စစ်သားများနှင့် မတူညီစွာပင် ပိုင်းလော့များသည် စစ်မြေပြင်အား အထက်စီးမှ ရှင်းလင်းစွာ မြင်နိုင်၏။ သူတို့၏ အမြင်အာရုံ၌ ဂျပန်စစ်သား များစွာသည် ပုရွက်ဆိတ်များကဲ့သို့ အဇူရာ အလင်းထံ တိုးဝင် တိုက်ခိုက်နေသော်လည်း အဆုံးသတ်၌ သူတို့သာ တဖြုတ်ဖြုတ် ကြွေလွင့်ရသည်။ အဇူရာ အလင်းက ဂျပန် စစ်သားများအား ထောပတ်များနှယ် လွယ်လွယ်ကူကူပင် လှီးဖြတ်၍ နေ၏။

ထိုချန်းပေ့ရွှမ်းအား ရင်ဆိုင်ရသည်က တစ်သိန်းသော စစ်သည်များနှင့် ရင်ဆိုင်ရသည့် အလားပင် ထင်မြင်ရသည်။

"အရမ်း ကြောက်စရာ ကောင်းတယ်။ သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းက လုံးဝ ပြိုင်ဘက်ကင်းပဲ"

ကိုဘာယာရှီ စဝမ်နိုက တီးတိုး ရေရွတ်လိုက်၏။ ဆယ့်လေးခုမြောက် ကြည်းတပ်၏ ဒုတိယ ဗိုလ်မှူးကြီး အနေဖြင့် သူက ဟယ်လီကော်ပတာ တပ်ဖွဲ့ကို တာဝန်ယူရသည်။ သူ စီးနင်း လိုက်ပါနေသော ဟယ်လီကော်ပတာမှာ ကံကောင်းစွာပင် ချန်းဖန်၏ တိုက်ခိုက်မှုမှ လွတ်ကင်းနေဆဲ ဖြစ်၏။

"ဆရာ ... ကျုပ်တို့ ဘာလုပ်ကြမလဲ"

ပိုင်းလော့က စိတ်မသက်မသာ မေးလိုက်သည်။

ကျန်ရှိနေသော ဟယ်လီကော်ပတာ သုံးစင်းမှာ မြေပြင်အထက် မီတာ တစ်ထောင်ခန့်တွင် ပျံသန်းနေခြင်း ဖြစ်သည်။ သူတို့အနေဖြင့် အန္တရာယ်ကင်းသည် ဆိုသော်လည်း ချန်းဖန်အား တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော အကွာအဝေးမှ ပြစ်မှတ်အား ထိမှန်အောင် ပစ်ဖို့ရန်မှာ မသေချာချေ။ သူတို့သာ ရမ်းပစ်ပါက ချန်းဖန်ထက် သူတို့၏ စစ်သားများကိုသာ ထိမှန်ပေလိမ့်မည်။

"လေကြောင်း စစ်ကူခေါ် ... ငါတို့ တိုက်ခိုက်နေတဲ့ ရန်သူက မခန့်မှန်းနိုင်အောင် အစွမ်းထက်တယ်။ အခြေအနေကို ငါတို့ မထိန်းချုပ် နိုင်တော့ဘူး"

ကိုဘာယာရှီ စဝမ်နိုက သုန်မှုန်သော မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။

"မြေပြင်စစ်တပ်က သူ့ရဲ့ တိုက်ခိုက်မှုတွေကို တောင့်မခံနိုင်တော့ဘူး"

ပိုင်းလော့များနှင့် အခြား စစ်သားများက ခေါင်းညိတ် လိုက်ကြသည်။

မြေပြင်ရှိ စစ်သားများ၏ အခြေအနေကား အလွန်အမင်း ဆိုးရွားနေချေပြီ။ သူတို့တွင် တန်ပြန် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခုမျှ မရှိချေ။ ထို့ကြောင့်ပင် လေတပ်၏ စစ်ကူမရပါက သူတို့အားလုံး အသတ်ခံရ ပေလိမ့်မည်။

ထိုအချိန်၌ အိကျင့်ချီနှင့် အခြားလူများသည် ရထားခေါင်မိုးပေါ်တွင် ရပ်ရင်း ချန်းဖန်း၏ တိုက်ခိုက်မှုများကို ရင်သပ်ရှုမော ကြည့်နေခဲ့ကြ၏။ သူတို့၏ နှလုံးသားတွင်မူ ချန်းဖန်က သူတို့၏ သူရဲကောင်း ဖြစ်သည်။ သူတို့၏ အသက်များကို ကယ်တင်ရန် စစ်တပ်ကြီးနှင့် ရင်ဆိုင် တိုက်ခိုက်နေသည့် လူစွမ်းကောင်းကြီး ဖြစ်သည်။ ထောင်ချီသော စစ်တပ်ပင်လျှင် သူ့အား ရပ်တန့်နိုင်စွမ်း မရှိချေ။

ပျံလွှားနီလေးကမူ အလွန် စိုးရိမ်နေဆဲ ဖြစ်၏။ သူမကား အထူးဌာန၏ အထူးစစ်သား တစ်ယောက်ဖြစ်ရာ ခေတ်မီစစ်တပ်များ၏ အဓိက အင်အားမှာ ကြည်းတပ်မဟုတ်ဘဲ လေကြောင်းတပ် ဖြစ်ကြောင်း သိထားသည်။

"ချန်းပေ့ရွှမ်းက ဆယ့်လေးခုမြောက် ကြည်းတပ်ကို အနိုင်ယူလိုက်တယ် ဆိုပေမဲ့ ဂျပန် ကာကွယ်ရေး တပ်မတော်က လေတပ်ကိုပါ လွှတ်လိုက်နိုင်တယ်"

ပျံလွှားနီလေးက တစ်ယောက်တည်း မျက်မှောင်ကြုတ်ရင်း တွေးနေခဲ့သည်။

"ဒါပေမဲ့ သူ လေတပ်ကိုပါ ကိုင်တွယ်နိုင်မလား ကြည့်ရသေးတာပေါ့ ..."

ဆယ့်လေးခုမြောက် ကြည်းတပ်ကား အဆုံးသတ်လု ဖြစ်နေခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ချန်းဖန်ကမူ အဆက်မပြတ် တိုးဝင် သတ်ဖြတ်နေဆဲပင်။ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့် လျင်မြန်သော လှုပ်ရှားမှုများက စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းမဲ့၏။

အကြိမ်ကြိမ် တရစပ် တိုက်ခိုက် အပြီး၌ စစ်သား တစ်ထောင်ကျော်ကို သူ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုချင်းစီ တိုင်း၌ ဆယ့်လေးခုမြောက် ကြည်းတပ်၏ ခံစစ်မှာ အတားအဆီးမဲ့ ပြိုကျသည်။  ကြီးမားသော ဆုံးရှုံးမှုများ အကြား၌ ဂျပန် စစ်သားများသည် စိတ်ဓာတ်များ ကျဆင်းလာခဲ့၏

မရေမတွက်နိုင်သော ဂျပန် စစ်သားများမှာ လက်နက်များအား လွှတ်ချ၍ ဒူးထောက် တောင်းပန်လာကြသည်။ သံချပ်ကာကားများ၊ တင့်ကားများပင်လျှင် ချန်းဖန် အနားသို့ မကပ်ရဲကြတော့။

တာနာကာ မာစာကာဇူသည် ကွန်မန်ဒါ နေရာတွင် ရပ်ရင်း ရှုံးနိမ့်မှုကို စိတ် မချမ်းမြေ့စွာ ကြည့်နေခဲ့မိသည်။ ယခု စစ်ပွဲကား ဂျပန် သမိုင်း၌ အရှက်ရဆုံးသော တိုက်ပွဲပင် ဖြစ်သည်။ သူ၏ ဗိုလ်မှူးကြီး ရာထူးဖြင့် ပထမဆုံးသော တိုက်ပွဲကား ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်ခဲ့ရ ချေပြီ။

"ငါတို့ နိုင်သွားပြီလား ..."

စစ်မြေပြင်မှ ထွက်ပြေးနေသော ဆယ့်လေးခုမြောက် ကြည်းတပ် စစ်သားများကို ကြည့်ရင်း တရုတ်နှင့် ကိုရီးယား ခရီးသည်များက ဟစ်ကြွေးကြသည်။ ရမ်ဟိုကမူ အမှောင်ချောင်ကြား တစ်နေရာ၌ ရပ်ရင်း ချန်းဖန်အား ကြောက်လန့်စွာ ကြည့်နေခဲ့သည်။

သူ ချန်းဖန်ကို ပထမဆုံး အကြိမ် တွေ့စဉ်က လေယာဉ်ပျံပေါ်တွင် ဖြစ်သည်။ ထိုစဉ်မှာ ချန်းဖန်မှာ ရုပ်ရည် ချောမောပြီး ချမ်းသာသည့် ကောင်လေး တစ်ယောက်ဟုသာ ထင်ခဲ့သည်။ သို့သော်လည်း တိုကျိုမျှော်စင် ခြေရင်းတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်က သူ၏ အမြင်များအား ပြောင်းလဲစေခဲ့သည်။ ဂျပန်၏ ထိပ်တန်းလူများပင် ကြိုဆိုရသော ထိုကောင်လေးမှာ တရုတ်၏ အင်အား အကြီးဆုံး မိသားစုမှ ဆက်ခံသူ ဖြစ်ရမည်ဟု ထင်မြင်လာခဲ့သည်။

သို့သော်လည်း ချန်းဖန် စစ်တပ်ကြီး တစ်ခုလုံးအား ဖျက်ဆီးပြီးချိန်၌ ရမ်ဟိုမှာ နေစရာ နေရာပင် မရှိတော့ချေ။

"ဒီလောက် သန်မာတဲ့သူက ဘာလို့ လက်တွေ့ဘဝမှာ ရှိနေရတာလဲ။ ဒါက စူပါဟီးရိုး ရုပ်ရှင်တွေထဲမှာပဲ ရှိတဲ့ဟာမျိုးလေ"

ရမ်ဟိုကကား အကူအညီမဲ့စွာ တွေးနေမိတော့၏။ သူ ရှင်သန် နေထိုင်ခဲ့သည့် အနှစ်သုံးဆယ်လုံးတွင် ဤမျှ ထူးဆန်းသော အရာများ ရှိလိမ့်မည်ဟု တစ်ခါမျှပင် မတွေးခဲ့ဖူးချေ။

"ခေတ်မီ စစ်တပ်တွေက အရမ်း အစွမ်းထက်တာပဲ"

ချန်းဖန် စစ်မြေပြင်တွင် ရပ်ရင်း တွေးနေမိသည်။ ထွက်ပြေးကြသူများ နောက်သို့ သူလိုက်လံ မတိုက်ခိုက်ခဲ့ပေ။ သူ၏ စမ်းသပ် စစ်ဆေးမှုက ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အရှုံးသမားများ အတွက် ဆက်လက် အချိန်ဖြုန်းရန် မထိုက်တန်ချေ။

"ဒါပေမဲ့ ဒီစစ်ပွဲက ပန်းချီကား တစ်ခုလုံးကို ဆေးမခြယ်နိုင်သေးဘူး။ ဂျပန် စစ်တပ်က အစွမ်းထက်ပေမဲ့ နိုင်ငံကြီးတွေနဲ့ မယှဉ်နိုင်သေးဘူး။ ဒုတိယကမ္ဘာစစ် အပြီးမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စစ်အင်အားကို စာချုပ်တွေနဲ့ ကန့်သတ်ထားတယ်။ ဒါကြောင့် တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်တို့နဲ့ ယှဉ်ရင် သူတို့က မြေပဲတောင့် တစ်ခုလောက်ပဲ ရှိတယ်"

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။ ထို့နောက် သူက အသက်ကို ပြင်းစွာရှူရင်း အမောဖြေလိုက်၏။

သူ့အနေဖြင့် အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို အသုံးပြုရာ အကြိမ်ကြိမ် အသုံးပြု၍ တိုက်ခိုက်နေရာ အနည်းငယ် မောပန်းနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အနေဖြင့် ကျည်ဆန်များအား အကြိမ်ကြိမ် ထိမှန်ခံခဲ့ရသည့် အပြင် တင့်ကားများ၊ သံချပ်ကာ ကားများကိုလည်း တားဆီးခဲ့ရသေး၏။

သူ၏ ခန္ဓာကိုယ်သည် စက်သေနတ် ကျည်ဆန်များအား မမှုသော်လည်း အမြောက်များနှင့် ရင်ဆိုင်ရချိန်တိုင်းက မလွယ်ကူချေ။

ထို့အပြင် ဓမ္မအစီအရင်များ ဖော်ထုတ်ရာ၌ စွမ်းအား အများအပြားကို အသုံးပြုခဲ့ရသေးသည်။ တိုက်ပွဲ၌ သူစ အစစ်အမှန်ချီ တစ်ဝက်ခန့်ကို အသုံးပြုခဲ့ရသည်။

"ဆယ့်လေးခုမြောက် ကြည်းတပ် တစ်ခုတည်း ရောက်လာတာ ကံကောင်းတာပဲ။ ဂျပန် စစ်တပ်က လူအင်အား နည်းနေတာကြောင့် လွယ်လွယ်ကူကူ ငါနိုင်ခဲ့တာ။ အမေရိကန်တို့၊ တရုတ်တို့လို အင်အားစုတွေနဲ့ တိုက်ခိုက်ရရင် ခုလောက် လွယ်ကူမယ် မထင်ဘူး"

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။ သူ၏ ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည် ဖြည့်တင်းရမည် မဟုတ်ပါလား။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် မရေမတွက် နိုင်သော သစ်ပင်များထံမှ အစိမ်းရောင် တောက်ပနေသော အရည်စက်များ ထွက်ပေါ်လာကာ ချန်းဖန်ထံ ပျံဝဲလာသည်။ သူတို့က ချန်းဖန်၏ ခန္ဓာကိုယ်အား စက်ဝိုင်းသဏ္ဌာန် ဝန်းရံကြသည်။

အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ ခဏအတွင်း ပြန်လည် ကောင်းမွန်နိုင်သော စွမ်းရည်ရှိသည်။ ခဏမျှ အနားယူပြီးလျှင် ချန်းဖန် ပြန်လည် အားပြည့် လာပေလိမ့်မည်။

ရုတ်တရက် အဝေးက ဆူညံသံများ ထွက်ပေါ်လာ၏။

"သတိထား ..."

ပျံလွှားနီလေးက ဖြူရော်သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။ ကောင်းကင်တွင်မူ များစွာသော ဒုံးကျည်များက အသံထက် မြန်သော နှုန်းထားဖြင့် ချန်းဖန်ထံ ပြေးဆင်းလာသည်။

ဂျပန် ကာကွယ်ရေး တပ်မတော်၏ F-15 တိုက်လေယာဉ်များကား စတင် တိုက်ခိုက်ရန် အမိန့်ရရှိခဲ့လေပြီ။ တိုက်လေယာဉ်များက ချန်းဖန်အား ရေဒါဖြင့် ချိန်ရွယ်ကာ ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်ကြတော့သည်။

ထိုဒုံးကျည်များမှာ မီတာရာချီမြင့်သော တိုက်ကြီးများကိုပင် အမှိုက်ပုံ အဖြစ် ပြောင်းပစ်နိုင်စွမ်း ရှိရာ သူတို့ ကျဆင်းသည့် နေရာရှိ မည်သူမဆို ကျိန်းသေ သေဆုံးရလိမ့်မည်။

ပျံလွှားနီလေးကား လည်ချောင်းများပင် ခြောက်ကပ်နေခဲ့ပြီ ဖြစ်သည်။ သူမက အသက်မဲ့သော မျက်လုံးများဖြင့် ချန်းဖန်ထံ လှမ်းကြည့်လိုက်သည်။

ဒုံးကျည်များ ကျရောက်တော့မည့် အချိန်ရောက်မှ ချန်းဖန်က မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးမှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်လာကာ ခန္ဓာကိုယ်ကလည်း အသံထက်မြန်သော နှုန်းဖြင့် စတင် လှုပ်ရှားလာသည်။

ခဏအတွင်း သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားကာ မီတာများစွာ ဝေးကွာသော နေရာတွင် ပြန်ပေါ်လာခဲ့၏။

***

All Chapters