ဓားပျံ
Vol. 4 Ch. 379
"ဘုန်း ..."
ချန်းဖန် မူလ ရပ်နေခဲ့သည့် နေရာ၌ ပြင်းထန်သော ပေါက်ကွဲခြင်းများ ပေါ်ထွက်လာကာ ဖုန်လုံးများဖြင့် ဖုံးလွှမ်းသွား၏။
သူက ပေါက်ကွဲမှုအား လျစ်လျူရင်း ကောင်းကင်မှ F-15 တိုက်လေယာဉ်များကို မော့ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်မူ အဇူရာ အလင်းက အဆက်မပြတ် တောက်လောင်နေရာ ကျောက်စိမ်းရုပ်တု တစ်ခု အလားပင် ထင်ရသည်။
တိုက်လေယာဉ်များသည် မြေပြင်မှ ကီလိုမီတာ ဒါဇင် အနည်းငယ် အကွာအဝေး၌ ပျံသန်းနေခြင်း ဖြစ်ရာ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံပင်လျှင် အလှမ်းမမီချေ။ ဒုံးကျည် တိုက်ခိုက်မှုအား သတိထားမိချိန်၌ အချိန်က အလွန်ပင် နောက်ကျနေပြီ ဖြစ်၏။ ထို့ကြောင့် သူက အသံထက်မြန်သော နှုန်းကို သုံး၍ ရှောင်ထွက်ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သူသာ တစ်စက္ကန့်မျှ နောက်ကျခဲ့လျှင် ဒုံးကျည်ပေါက်ကွဲမှု အတွင်း ကျရောက် သွားခဲ့လိမ့်မည်။ သူ့တွင် အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင် ထားသော်လည်း ထိုခေတ်မီ လက်နက်ကြီးများအား အထင်သေး၍ မရချေ။ အမှားသေးသေးလေး တစ်ခုကပင်လျှင် သူ၏ အသက်ကို နှုတ်ယူသွားနိုင်သည်။
ဒုံးကျည်များ၏ ပျံသန်းနှုန်းမှာ အသံထက် နှစ်ဆ သုံးဆခန့် ပိုမိုမြန်ဆန်ကာ တစ်စက္ကန့်လျှင် မီတာ တစ်ထောင်ကျော် သွားနိုင်သည်။ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာမူ ငါးကီလိုမီတာသာ ဖြန့်ကြက်နိုင်ရာ ဒုံးကျည်အား ရှောင်တိမ်းရန် ငါးစက္ကန့်သာ အချိန်ရခဲ့၏။ သူ၏ ရွှေရောင်လီ မီးမျက်လုံးကမူ တစ်ဆယ် ကီလိုမီတာ အကွာအဝေးအား မြင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် အခြေအနေက အလွန် ဆိုးမသွားခြင်းပင်။
"သူတို့က အရမ်းဝေးလွန်းတယ်။ အစီအရင်တွေနဲ့ တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ကောင်းကင်တွင် ပျံသန်းနေသော F-15 တိုက်လေယာဉ်များအား လေ့လာလိုက်၏။ ထိုနေရာတွင် AH-1 ဟယ်လီ ကော်ပတာများလည်း ရှိနေသေးသည်။
လောလောဆယ် အခြေအနေက ချန်းဖန်အား ခေါင်းကိုက်စေသည်။ ဓမ္မချီဓား၊ မီးလုံးများ၊ မိုးကြိုး အပါအဝင် မည်သည့် ဓမ္မအစီအရင်ကမျှ ဤနေရာ၌ အသုံးမဝင်ချေ။ ပစ်မှတ် တည်ရှိနေသည့် နေရာက အလွန် အလှမ်းကွာလွန်းသည်။ တန်ခိုးရှင် အဆင့်ပင်လျှင် ဤမျှ ကွာဝေးသော ပစ်မှတ်ကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ဝေဟင်တွင် ပျံဝဲနေသော တိုက်လေယာဉ်များ မှာလည်း ချန်းဖန်၏ အားနည်းချက်ကို သတိပြုမိဟန် ရသည်။ သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်မှုများကို မဖော်ထုတ်သေးပဲ ကောင်းကင်တွင်ပင် စက်ဝိုင်းသဏ္ဌာန် ပျံဝဲနေကြသည်။ သူတို့က ရေဒါများကို ဖြန့်ကြက်ရင်း ချန်းဖန်အား ချိန်ရွယ် နေပုံရ၏။
"ရှူး ..."
နောက်တစ်ကြိမ် ဒုံးကျည် တိုက်ခိုက်မှု ပေါ်ပေါက်လာပြန်၏။ ထိုအရာက တစ်ဆယ်ကီလိုမီတာ အကွာအဝေးကို တစ်ဆယ် စက္ကန့်နှုန်း ပျံသန်းရင်း ချန်းဖန်၏ တည့်တည့်သို့ ကျဆင်းလာသည်။
ချန်းဖန်သည်လည်း တုံ့နှေး မနေချေ။ သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားပြီး ခက်လှမ်းလှမ်း တစ်နေရာ၌ ပြန်လည် ပေါ်လာ၏။ သူကား မြောက်ကင်း ကောင်းကင် ဧကရာဇ် ဖြစ်သည်။ သူ့တွင် စိုးရိမ်စိတ် တစ်စက်ပင် မရှိချေ။
"ငါ့ရဲ့လှံတွေက သုံးကီလိုမီတာ လောက်ပဲ ပစ်နိုင်တာ နာတာပဲ။ ဒါပေမဲ့ တစ်ဆယ် ကီလိုမီတာလောက် ပစ်နိုင်ရင်တောင် သိပ်ထိရောက်မှာ မဟုတ်ဘူး"
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ဂျပန်အစိုးရ အနေဖြင့် ယခုကဲ့သို့ အသံထက် မြန်သည့် ဂျက်လေယာဉ်များကို သုံးလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထိုအရာများ၏ အမြန်နှုန်းက မော်ဒန်ခေတ်တွင်ပင် ပြိုင်ဘက်ကင်းသည်။
"ဒီလေယာဉ်တွေက ရှေ့ပြေးလောက် သဘောရယ်။ ဂျပန်ကာကွယ်ရေး တပ်မတော်မှာ တိုက်လေယာဉ်ကွင်းတင် ရာချီပြီး ရှိတယ်။ ငါသာ သူတို့ကို မတိုက်ခိုက်နိုင်ရင် ပိုများတဲ့ လေယာဉ်တွေ ရောက်လာလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ အားနည်းချက်ကို ရှာပြီး တိုက်ခိုက်မှ ဖြစ်မယ်"
ချန်းဖန်၏ မျက်လုံးက အဇူရာ အလင်းဖြင့် လင်းလက်နေ၏။
ထို့နောက် သူက ရေဒါများကို ရှောင်ရှားရင်း စစ်မြေပြင်တွင် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူ၏ ဦးတည်ချက်က အဝေး တစ်နေရာ၌ ရှိနေသည့် တောင်ငယ် တစ်ခု ဖြစ်သည်။
သူက နတ်ဘုရား စိတ်ဆန္ဒကို အသုံးပြုကာ ပျံလွှားနီလေးထံ အသံတစ်ခု ပို့လိုက်၏။
"ခရီးသည်တွေကို ခေါ်ပြီး တရုတ်ကို အမြန်ပြန်ဖို့ လုပ်တော့။ ငါကတော့ ဒီတိုက်လေယာဉ်တွေနဲ့ တိုက်လိုက်ဦးမယ်"
ချန်းဖန်၏ အသံက ပျံလွှားနီလေး၏ ဦးခေါင်းအတွင်း တိုက်ရိုက်ပင် ရောက်ရှိသွားသည်။ ပျံလွှားနီလေးက ခဏမျှ စဉ်းစားရင်း ချန်းဖန်ထံ လှမ်းမျှော်ကြည့်လိုက်၏။
ခဏမျှ ဆွေးနွေးပြောဆို ကြပြီးနောက် ခရီသည်များမှာ ပျံလွှားနီလေးနှင့် အတူ ဤနေရာမှ ထွက်သွားကြရန် သဘောတူလိုက်ကြသည်။ အိကျင့်ချီက ထွက်မသွားခင် ချန်းဖန်အား တစ်ချက် လှမ်းမျှော်ကြည့်လိုက်၏။ ထို့နောက် သူမက တွေဝေစွာပင် အခြားလူများနှင့် အတူ ထွက်ခွာသွားတော့သည်။ ဂျပန် စစ်တပ်များမှာလည်း ခရီးများ၏ ထွက်ခွာမှုကို မတားဆီးကြချေ။ တရုတ်နှင့် ကိုရီးယား အစိုးရများထံမှ မလိုလားအပ်သော ဒေါသများအား သူတို့ မယူလိုပေ။
ခရီးသည်များ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီးနောက် ချန်းဖန်က တောင်ငယ်လေးဆီသို့ ပြေးထွက်သွားတော့သည်။
သူ၏ ခြေလှမ်းများက ပြင်းထန်သော အင်အားကို သယ်ဆောင်ထားရာ မြေပြင်ပင် တုန်လှုပ်သွားကာ ခြေရာများ ကျန်ရစ်နေခဲ့သည်။ အပေါ်စီးမှ ကြည့်လျှင် ကီလိုမီတာ ရာချီနှုန်းဖြင့် ရွေ့လျားနေသည့် အဇူရာ အလင်းတန်း တစ်ခုနှယ် မြင်တွေ့ရသည်။ ကမ္ဘာ့အမြန်ဆုံးသော ကားပင်လျှင် သူနှင့်ယှဉ်ပါက နှေးကွေးသည်ဟု ထင်ရပေလိမ့်မည်။
တစ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် ချန်းဖန်သည် ကီလိုမီတာ ဒါဇင်ချီသော အကာအဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"သူက ပြိုင်ဘက် ကင်းအောင် မြန်လွန်းတယ်"
တိုက်လေယာဉ် ပိုင်းလော့များပင် ချန်းဖန်အား ကြည့်ရင်း ရေရွတ်မိကြ၏။ သို့သော်လည်း သူတို့ အသံများက ကြွက်ကလေးကို ဆော့ကစား နေသည့် ကြောင်တစ်ကောင် အလားပင်။
ချန်းဖန် မည်မျှပင် မြန်စေကာမူ တိုက်လေယာဉ်များထံမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
"ရှူး ရှူး ..."
ဂျက်လေယာဉ်များက ဒုံးကျည် နှစ်ခုအား ချန်းဖန်ထံ ပစ်လွှတ် လိုက်ပြန်သည်။ ချန်းဖန်က ဒုံကျည်အသံများအား ကြားသည်နှင့် လေပေါ်သို့ ပျံတက်ရင်း ရှောင်တမ်းလိုက်သည်။ ဒုံးကျည် ပေါက်ကွဲပြီးသည်နှင့် သူက မြေပေါ်သို့ ပြန်လည် ဆင်းသက်ရင်း အသံထက်မြန်သော နှုန်းအတိုင်း ပြေးလွှားပြန်သည်။
ဤဒေသကား မြေရိုင်းနယ်မြေ ဖြစ်ရာ လူနေအိမ်ခြေ မရှိချေ။ ထို့ကြောင့်ပင် ဂျပန် တိုက်လေယာဉ်များသည် စိတ်လွတ် ကိုယ်လွတ် တိုက်ခိုက်နေခြင်း ဖြစ်၏။
"ဟူး ... ဟူး ..."
အသံထက်မြန်သော နှုန်းအား အဆက်မပြတ် အသုံးပြုနေရရာ ချန်းဖန်၏ အသက်ရှူသံများပင် အနည်းငယ် ပြင်းထန်လာ၏။ သူ့အနေဖြင့် ဆယ့်လေးခုမြောက် ကြည်းတပ်အား တိုက်ခိုက်ရာတွင် အင်အား ထက်ဝက်ခန့် အသုံးပြုခဲ့ရသည်။ ထို့နောက် နားချိန်ပင် မရဘဲ တိုက်လေယာဉ်များနှင့် ဆက်လက် ရင်ဆိုင်ခဲ့ရသည်။ ယခုလည်း အသံထက်မြန်သော နှုန်းကို ဆက်တိုက် အသုံးချနေရာ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ပင်ပန်းနေချေပြီ ဖြစ်၏။
ကံကောင်းစွာပင် သူ၏ ဦးတည်ချက်မှာ နီးကပ်နေခဲ့ပြီ ဖြစ်၏။
ချန်းဖန်၏ မျက်လုံးများသည် မီတာရာချီသော တောင်ကား မျှော်ကြည့်ရင်း တဖြည်းဖြည်း လင်းလက် တောက်ပလာခဲ့၏။ ထို့နောက် ဆယ်စက္ကန့်ပင် မကြာသော အချိန်ကလေး အတွင်းတွင်ပင် တောင်ထိပ်သို့ သူရောက်ရှိသွားသည်။
သူက တောင်ထိပ်တွင် ရပ်ရင်း ကောင်းကင်ကို လှမ်းမျှော် ကြည့်လိုက်၏။ ဤနေရာမှဆိုလျှင် ကောင်းကင် မြင်ကွင်းအား ပိုမို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ရသည်။
ကီလိုမီတာ ရာချီ အကွာအဝေးတွင်မူ ဟယ်လီကော်ပတာ တစ်အုပ်က သူ့ထံသို့ ဦးတည်ကာ ပျံသန်းလာသည်။ ထိုဟယ်လီကော်ပတာများမှာ ဆယ့်လေးခုမြောက် တပ်မတော်၏ အဓိက အင်အားများ ဖြစ်ပေလိမ့်မည်။
ပိုမို များပြားသော တိုက်လေယာဉ်များ မှာလည်း သူ့ထံသို့ အလွန် လျင်မြန်စွာ ရွေ့လျားလာနေသည်။ ထိုဒါဇင်ချီသော တိုက်လေယာဉ်များက ချန်းဖန်အား သေသည်အထိ တိုက်ခိုက်မည့်ပုံ ရသည်။
"သူတို့က သင်ခန်းစာပေးရမဲ့ အချိန်ပဲ"
ချန်းဖန်က တစ်ချက်ပြုံးရင်း အဝါရောင် ကျောက်မျက်ကို ထုတ်ယူလိုက်၏။ ထိုအဝါရောင် ကျောက်မျက်ကို ဟောင်ကောင် လေလံပွဲ တစ်ခုမှ သူရရှိထားခြင်း ဖြစ်သည်။ ထိုအရာမှာ ဓားလျှို့ဝှက် ဓားများ ထည့်သွင်း သိမ်းဆည်းခဲ့သည့် လေဟာနယ် ရတနာ (သိုလှောင် ရတနာ) တစ်ခု ဖြစ်သည်။
"သူ ဘာလုပ်နေတာလဲ ..."
ပိုင်းလော့ တစ်ယောက်က ချန်းဖန်၏ ထူးဆန်းသော အပြုအမူကို သတိထားမိသည်။
ထိုကောင်လေးမှာ တောင်ထိပ်သို့ ရောက်ရန် မဆက်မပြတ် ပြေးခဲ့သည်။ ထို့နောက် မည်သို့မျှ မလှုပ်ရှားပဲ ရပ်နေခဲ့သည်။ ဒုံးကျည် တိုက်ခိုက်မှုများ ထပ်မံ ရောက်လာမည်ကို သူ မကြောက်သည်လား။
ထိုတောင်ထိပ် နေရာအား ရေဒါ၏ အကူအညီ မပါလျှင်ပင် သူတို့ ပစ်ချနိုင်သည်။
"ဂရုမစိုက်နဲ့ ... ပစ်ကြစမ်း ..."
ကပ္ပတိန်က နှာခေါင်းရှုံ့ကာ အမိန့်ပေးလိုက်သည်နှင့် အခြား ပိုင်းလော့များက တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြ၏။ အသံထက်မြန်သော ဒုံးကျည် သုံးခုကား တိမ်တိုက်များကို ဖြတ်သန်းလျက် ချန်းဖန်ထံ ကျဆင်းသွားသည်။
ကိုးကီလိုမီတာ ...
ရှစ်ကီလိုမီတာ ...
ခုနစ်ကီလိုမီတာ ...
ဒုံးကျည်များကား ခဏချင်းပင် ချန်းဖန်နှင့် တဖြည်းဖြည်း နီးကပ်လာနေခဲ့၏။
ပိုင်းလော့များမှာလည်း ထိုမြင်ကွင်းအား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ချန်းဖန်ကမူ တည်ငြိမ်လျှက် ရှိဆဲပင်။
"ဟေ့ကောင်တွေ ... ငါတို့တော့ ရာထူးတိုးတော့မယ် ထင်တယ်။ နောက်ပြီး ဆယ့်လေးခုမြောက် ကြည်းတပ်အတွက် ငါတို့ လက်စားချေနိုင်ပြီကွ ..."
ပိုင်းလော့များကား စိတ်ထဲမှ ကြိတ်၍ အောင်ပွဲခံ နေကြတော့၏။ ချန်းပေ့ရွှမ်းမှာ တောင်ထိပ်၌ ရပ်နေခြင်း ဖြစ်ရာ ရှောင်ရန် အခွင့်အရေး မရှိချေ။
ထိုအချိန်မှာပင် ရုတ်တရက် ချန်းဖန်က မျက်လုံးများကို ဖွင့်လိုက်၏။
"ဘုန်း ..."
နတ်ဘုရား စိတ်ဆန္ဒနှင့်အတူ သူ၏ မျက်လုံးမှ အဇူရာ အလင်းတစ်ခု ပေါ်ထွက်လာ၏။ ခဏချင်းပင် နတ်ဘုရား စိတ်ဆန္ဒက ကီလိုမီတာပေါင်း များစွာကို ဖြတ်ရင်း တိုက်လေယာဉ် သုံးစင်းထံ ရောက်ရှိသွားတော့၏။
"စတော့ ..."
ချန်းဖန်က အော်ဟစ်ရင်း အဝါရောင် ကျောက်မျက်ထဲမှ ရွှေရောင် အလင်း တစ်ခုအား ထုတ်ယူလိုက်၏။ ဓားပျံမှာ ကျောက်မျက်ထဲမှ ထွက်ပေါ်လာသည်နှင့် မီးကျီခဲကဲ့သို့ အလင်းရောင် တောက်ပလာသည်။
"နိုးထစမ်း ..."
ချန်းဖန်က ချီအမြုတေများအား ဓားပျံအတွင်း စီးဆင်း စေလိုက်သည်။
ရွှေရောင် ဓားပျံမှာ ချန်းဖန်၏ ချီအမြုတေများကို စုပ်ယူရင်း တဆတ်ဆတ် တုန်ခါလာသည်။ ထို့နောက် ဓားပျံက ရွှေရောင် အလင်းတန်း တစ်ခုအလား ကောင်းကင်သို့ ပျံတက်ရင်း ဒုံးကျည်များနှင့် တိုက်လေယာဉ်များထံ ပြေးဝင်သွားတော့သည်။
"နှစ်ငါးရာ ကျင့်ကြံခြင်း ခရီးလမ်းမှာ ရန်သူတွေရဲ့ ဦးခေါင်းကပဲ ငါ့ရဲ့ ဒေါသကို ဖြေဖျောက်နိုင်တယ်"
***