← Chapters

ပျံသန်းနေသော ဓား

Vol. 4 Ch. 380

ပျံသန်းနေသော ဓား

Vol. 4 Ch. 380

"အဲဒါက ဘာကြီးလဲ ..."

ရွှေရောင် အလင်းတန်းအား ကြည့်ရင်း F-15 တိုက်လေယာဉ် ပိုင်းလော့များက ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ကြ၏။ သူတို့နှင့် ချန်းဖန်ကြားမှ အကွာအဝေးမှာ တစ်ဆယ်ကီလိုမီတာခန့် ဝေးကွာရာ ချန်းဖန်၏ ခန္ဓာကိုယ်ကိုသာ သူတို့ မြင်နိုင်သည်။

ရွှေရောင်ဓားပျံမှာ အဝါရောင် ကျောက်မျက်အတွင်း ဓားလျှို့ဝှက်ချက် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော ဓားပျံဖြစ်၏။ တစ်ခေတ် တစ်ခါက ဆိုလျှင် ဓားလျှို့ဝှက်ချက်၏ ဓားပျံ ကိုးချောင်းကား ပြိုင်ဘက် ကင်းမဲ့ခဲ့သည်။

"ရှူး ..."

ဓားပျံကား ကောင်းကင်သို့ လျင်မြန်စွာ ထိုးဖောက်ထွက်လာပြီ ဖြစ်၏။ ဓားပျံအား ပစ်လွှတ်ပြီးနောက် ချန်းဖန်၏ မျက်နှာမှာမူ အနည်းငယ် ဖြူရော်လာခဲ့သည်။ ထိုဓားပျံအား ပစ်လွှတ်နိုင်ရန် သူ၏ ချီအမြုတေများစွာ အသုံးပြုခဲ့သည်မှာ သိသာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားပျံက ဒုံးကျည်သုံးခုထံသို့ ရောက်ရှိသွားသည်။ အဝေးမှ ကြည့်လျှင် တောင်ထိပ်မှ ကောင်းကင်သို့ ရွှေဝါရောင် သက်တံတစ်ခု ဖြာထွက်သွားသည် ဟုပင် ထင်ရ၏။

"ဘန်း ဘန်း ဘန်း ..."

ဒုံးကျည် သုံးခုကား ချန်းဖန်နှင့် မီတာ ငါးရာခန့် ကွာဝေးသော နေရာ၌ မီးလုံးများ အသွင် ပြောင်းလဲကာ ပေါက်ကွဲသွားတော့၏။ အပူချိန်နှင့် မီးခိုးများက အဆက်မပြတ် ဖြာထွက်နေသော်လည်း ချန်းဖန်အတွက်မူ မည်သို့မျှ သက်ရောက်မှု မရှိချေ။

"မဖြစ်နိုင်ဘူး ..."

တိုက်လေယာဉ် ပိုင်းလော့များမှာ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အကုန်ကြတော့၏။

ဒုံးကျည်များကား တစ်ခုခု၏ ရိုက်နှက်ခြင်း ခံရသည့် အလား လေထဲတွင် ပေါက်ကွဲကုန်သည်။ ထိုအရာက အဘယ်ကြောင့် ဖြစ်ရသနည်း။ အမေရိကန် စစ်တပ်ပင်လျှင် ထိုအသံထက် မြန်သော ဒုံးကျည်များအား ဖျက်ချရန် မဖြစ်နိုင်ပေ။

ဓားပျံက ဒုံးကျည်သုံးခုအား ဖျက်ချပြီးနောက် တိုက်လေယာဉ်များထံ ဆက်လက် ပျံသန်းသွား၏။ မည်သည့် အရာကမျှ သူ့အား ရပ်တန့်နိုင်မည့်ပုံ မရချေ။

"ချီးမှပဲ ... အဲဒီဟာက ငါတို့ဆီ လာနေပြီဟ ..."

ပိုင်းလော့များက အချင်းချင်း အရေးပေါ် သတိပေးလိုက်ကြ၏။

သူတို့က တိုက်လေယာဉ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်း အထက်သို့ ပျံတက်သည်။ တိုက်လေယာဉ်များတွင် အရှေ့ အနောက် ထိုင်ခုံ နှစ်ခုပါသည်။ အရှေ့ထိုင်ခုံမှ ပိုင်းလော့မှာ လေယာဉ်မောင်းရန် တာဝန်ယူရပြီး နောက်မှ တစ်ယောက်မှာမူ ပစ်ခတ်မှုကို လုပ်ဆောင်ရသည်။

"အထက်ကိုပျံ ... အထက်ကိုပျံ ... မဟုတ်သေးဘူး ... အဲဒါကြီးက အရမ်းမြန်လွန်းတယ်"

နောက်ထိုင်ခုံမှ ပိုင်းလော့က အလောတကြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း နောက်ကျနေချေပြီ ဖြစ်၏။ ဓားပျံက ဒုံးကျည်များထက်ပင် ပိုမို မြန်ဆန်သော နှုန်းဖြင့် တစ်ဆယ် ကီလိုမီတာကို မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိလာတော့၏။

ပိုင်းလော့များ၏ အမြင်အောက်တွင်ပင် ရွှေရောင်ဓားပျံက F-15 တိုက်လေယာဉ် တစ်စီးအား တိုးဝင်သွားတော့၏။

"ဘုန်း ..."

မီးတောက် မီးလျှံများက ကောင်းကင်တွင် ပန်းပွင့် သဖွယ် လင်းလက် တောက်ပသွားတော့၏။ အခြား ပိုင်းလော့များကား သူတို့၏ မျက်လုံးကိုပင် မယုံကြည် နိုင်ကြချေ။ ပြိုင်ဘက်ကင်းဟု သူတို့ ယူဆထားခဲ့သော F-15 တိုက်လေယာဉ် တစ်စင်းကား ဖျက်ဆီးခံလိုက် ရချေပြီ။

၂ဝဝ၉ ခုနှစ်ခန့်က F-15 တိုက်လေယာဉ်များ၏ တိုက်ခိုက်နိုင်မှု စွမ်းအားကိုမီသည့် တိုက်ခိုက်ရေး လေယာဉ်များ မပေါ်သေးချေ။ "တိုက်လေယာဉ်များကား ဘယ်တော့မှ မကျရှုံး" ဟူသည့် စကားပင်လျှင် စစ်တပ် အသိုင်းအဝိုင်း၌ ခေတ်စားခဲ့သေးသည်။

"အိုးမိုင်ဂေါ့ ... ငါတို့နဲ့ ချနေတဲ့ ကောင်က ဘယ်သူလဲ"

များစွာသော ပိုင်းလော့များကား ယုံကြည်ရာ ဘုရားကို တနေမိတော့၏။ သူတို့ တိုက်ခိုက်နေရသော သူကား လူမဟုတ်လောက်ချေ။ တကယ့် သတ်ဖြတ်ရေး မိစ္ဆာ တစ်ယောက် ဖြစ်လောက်သည်။

ဓားပျံမှာမူ နေရာတွင် ရပ်တန့်မနေဘဲ အခြား တိုက်လေယာဉ်များထံ တိုးဝင်သွားပြန်၏။

"ဘုန်း ..."

အခြားမီးလုံးတစ်ခု ကောင်းကင်တွင် ဖြစ်တည်လာပြန်၏။

"ဘုန်း ..."

ထို့နောက် တစ်စက္ကန့်မျှ မကြာခင်မှာပင် တတိယ တိုက်လေယာဉ် သည်လည်း ပေါက်ကွဲ သွားရပြန်၏။

ချန်းဖန်ကား တစ်ဆယ် စက္ကန့်အတွင်း F-15 တိုက်လေယာဉ် သုံးစီးအား ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်၏။ သူ၏ တိုက်ခိုက်မှုများကား မကောင်းဆိုးဝါး ဆန်လွန်းသည်။

"မပြီးသေးဘူးကွ ..."

ချန်းဖန်က ဖြူရော်နေသော မျက်နှာဖြင့် အော်ဟစ်ရင်း ဓားပျံအား ဆက်လက် ထိန်းချုပ်သည်။ ရွှေရောင် အလင်းက ကောင်းကင်တွက် ဒရုန်းတစ်ခုကဲ့သို့ ဆက်လက် ပျံသန်းရင်း ပျံသန်းလာသော ဟယ်လီကော်ပတာ အုပ်စုထံ တည်းတည် ရွေ့လျားသည်။

ထိုဟယ်လီကော်ပတာ အုပ်စုတွင် ချန်းဖန်၏ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည့် ဟယ်လီကော်ပတာ သုံးစင်း အပါအဝင် AH-1 ဟယ်လီကော်ပတာ တစ်ဒါဇင် ပါဝင်၏။ ဆယ့်လေးခုမြောက် ကြည်းတပ်၏ ဗိုလ်မှူးကြီး တာနာကာ မာစာကာဇူသည် ပထမက ချန်းဖန်အား တိုက်ခိုက် ဟယ်လီကော်ပတာ ရှစ်စီးက လုံလောက်ပြီဟု ထင်နေခဲ့သည်။ သို့သော်လည်း ဟယ်လီကော်ပတာ ငါးစင်း ဆုံးရှုံးပြီးနောက် အခြား ဟယ်လီကော်ပတာများကို စစ်ကူလာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

"အဲဒီ ရွှေရောင် အလင်းတန်းကို ပစ်စမ်း ..."

ရွှေရောင် အလင်းတန်း တိုးဝင်လာသည်အား မြင်သည်နှင့် ဟယ်လီကော်ပတာ ပိုင်းလော့များမှာ အဆုတ်များ ပွင့်ထွက်သည် အထိ အော်ဟစ်လိုက်ကြ၏။

သူတို့က ဒုံးကျည်များဖြင့် အလောတကြီး ချန်ရွယ်ရင်း ရွှေရောင် အလင်းအား ပစ်ခတ်လိုက်ကြ၏။ သို့သော်လည်း ဓား၏ အရှိန်က အလွန် လျင်မြန်လွန်းသည်။ သူတို့ စတင် ပစ်ခတ်လိုက်ချိန်မှာပင် ဓားပျံက သူတို့ထံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

"ဘန်း ..."

ရှေ့ဆုံးတွင် ရှိသည့် ဟယ်လီကော်ပတာကား အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲ သွားခဲ့သည်။ ဓားအလင်းက မရပ်တန့်ပဲ တစ်ဆက်တည်း ရွေ့လျား၏။

ဒုတိယ ...

တတိယ ...

စတုတ္ထ ...

ဟယ်လီကော်ပတာ များကား ပုံစံတစ်ခုဖြင့် စနစ်တကျ ချီတက်ကြခြင်း ဖြစ်ရာ ဓားပျံအတွက် တိုက်ခိုက်ရ ပိုမိုလွယ်ကူစေ၏။

"ဘန်း ..."

"ဘန်း ..."

"ဘန်း ..."

ရွှေရောင်အလင်းခု တိုက်ခိုက်မှု အောက်၌ ဟယ်လီကော်ပတာ များစွာကား မီးလုံးများ အသွင် ပြောင်းလဲ ပေါက်ကွဲကုန်တော့၏။ ထိုအလင်းရောင်များ အောက်တွင် ညကောင်းကင်ပင် လင်းလင်းကျင်းကျင်း ရှိလာတော့သည်။

"ပြေး ... ပြေး ..."

ကျန်ရှိနေသော ဟယ်လီကော်ပတာ များကား နောက်သို့ပင် ပြန်မကြည့်ရဲပဲ မောင်းနှင် ပြေးကြတော့သည်။ သူတို့တွင် ဤစစ်မြေပြင်၌ ဆက်လက် နေဝံ့သည့် သတ္တိများ မရှိကြတော့ချေ။

"ပြန်လာခဲ့ ..."

ချန်းဖန်က ဓားပျံအား ပြန်လည် ခေါ်လိုက်၏။ ယခု အချိန်၌ ဓားပျံပေါ်မှ ရွှေရောင် အလင်းမှာ အနည်းငယ် မှေးမှိန်နေပြီ ဖြစ်၏။ ဓားပျံက လေထဲတွင် အကြိမ် အနည်းငယ် တုန်ခါရင်း ချန်းဖန်ထံ ပြန်လည် ပျံသန်းလာခဲ့သည်။

"ဟင်း ..."

ချန်းဖန်၏ မျက်နှာကား အလွန်ဖြူရော်နေကာ အသက်ဓာတ်များ ခန်းခြောက်နေသည်။ သူ၏ ခန္ဓာကိုယ်တွင် တောက်လောင်နေသော အဇူရာ အလင်းမှာလည်း မှေးမှိန်လာခဲ့သည်။ ဓားပျံအား အသုံးပြုရာ၌ သူ၏ စွမ်းအား အလုံးစုံနီးပါးအား အသုံးပြုခဲ့ရသည်။ နောက်ဆုံး တိုက်ခိုက်မှုတွင် ဆိုလျှင် ချီအမြုတေများကိုပင် အသုံးပြုခဲ့ရသည်။

သူ့အနေဖြင့် အချိန်တစ်ခု ကြာလျှင် ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည် ရရှိနိုင်သော်လည်း ချီအမြုတေများမှာမူ လုံးဝ ပြန်မရနိုင်တော့ချေ။

မည်မျှပင် အားနည်းနေစေကာမူ ချန်းဖန်ကား ကျောရိုးများကို ဆန့်တန်းရင်း ရပ်နေဆဲ ဖြစ်သည်။ သူ၏ စုပ်ပြဲနေသော ရှပ်အင်္ကျီကမူ ကြမ်းတမ်းစွာ တိုက်ခိုက်နေသော လေများအောက်၍ ဝှေ့ယမ်းလျက်။ သူ၏ မျက်လုံးတွင်မူ မီးတောက် မီးလျှံများက တောက်လောင်နေကာ  ပြတ်သား ခိုင်မာသော ဆုံးဖြတ်ချက်အား ဖော်ပြလျက်ရှိ၏။ အကယ်၍ ဂျပန်စစ်တပ်များ ထပ်မံလာလျှင်ပင် သူတိုက်ခိုက်ရန် အဆင်သင့် ရှိနေပုံရသည်။

မြောက်ပိုင်းကောင်းကင် ဧကရာဇ် အနေဖြင့် သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများစွာကို အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ရသည်။ ယနေ့ တိုက်ပွဲလောက်က စာဖွဲ့စရာ မလိုချေ။

***

ထိုအချိန်၌ တိုက်ပွဲ အသေးစိတ် အချက်အလက်များက ဌာနချုပ်ထံသို့ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိနေခဲ့သည်။ ထိုသတင်းတိုင်းက ဌာနတစ်ခုလုံးအား ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။

"ဆယ့်လေးခုမြောက် ကြည်းတပ်က ပစ်မှတ်ကို ဝန်းရံထားပြီးပါပြီ"

"ပစ်မှတ်က AH-1 ဟယ်လီကော်ပတာတွေကို တိုက်ခိုက်တယ်။ နည်းလမ်း မသိရသေးပါဘူး"

"ပစ်မှတ်က ဆယ့်လေးခုမြောက် ကြည်းတပ်ထံ ဦးတည်လာပါတယ်။ ဗိုလ်မှူးကြီးက ပစ်မိန့်ပေးထားပါတယ်"

"ပစ်မှတ်က တပ်မကြီးကို ဖြိုခွင်းနေပါတယ်။ ဗိုလ်မှူးကြီးက စစ်ကူလှမ်းတောင်း နေပါတယ်"

"ဆယ့်လေးခုမြောက် ကြည်းတပ် ရှုံးနိမ့်သွားပါပြီ"

နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးမှာ တိုက်ပွဲချိန် တစ်လျှောက်လုံးအား တိုက်ရိုက် အမိန့်ပေးသူ ဖြစ်၏။ အခြား ဗိုလ်မှူးများ၊ ဗိုလ်မှူးကြီးများမှာ သူ၏ အမိန့်အောက်၌ လှုပ်ရှားကြရခြင်း ဖြစ်သည်။

သူ့ထံသို့ စစ်ပွဲနှင့် ပတ်သက်သော သတင်းများက အချိန်နှင့် တစ်ပြေးညီ ရောက်ရှိနေသည်။

"ဆရာ ... ချန်းပေ့ရွှမ်းကို F-15 တိုက်လေယာဉ် သုံးစီး တိုက်ခိုက်နေပါပြီ။ ချန်းပေ့ရွှမ်း အသည်းအသန် ခုခံနေရပါတယ်"

"ချန်းပေ့ရွှမ်းက တောင်ထပ် တစ်ခုစီကို ဦးတည်ပြီး ပြေးနေပါတယ်"

ကာကွယ်ရေး ဝန်ကြီး၏ မျက်နှာက အနည်းငယ် ပြန်လည် ပြုံးလာခဲ့သည်။ တိုက်လေယာဉ်များ၏ တိုက်ခိုက်မှု အောက်တွင် ချန်းပေ့ရွှမ်း ကျိန်းသေ သေဆုံးရလိမ့်မည်။

ထိုစဉ်မှာပင် သတင်းပေး အသံတစ်ခုက ထွက်လာပြန်သည်။

"ဆရာ ... နောက်ဆုံး သတင်း ရောက်လာပါတယ်။ ချန်းပေ့ရွှမ်းက F-15 တိုက်လေယာဉ်တွေ အားလုံးနဲ့ AH-1 ဟယ်လီကော်ပတာတွေကို ဖျက်ချလိုက်ပါပြီ"

ရုတ်တရက် အခန်းတစ်ခုလုံး တိတ်ဆိတ် သွားခဲ့တော့၏။ ကာကွယ်ရေး ဝန်ကြီး၏ မျက်နှာမှာလည်း မြင်မကောင်းအောင် မည်းမှောင်ကာ ပျက်စီးသွားတော့သည်။

***

All Chapters