← Chapters

အရှေ့အာရှအား ဆွံ့အစေခြင်း

Vol. 4 Ch. 381

အရှေ့အာရှအား ဆွံ့အစေခြင်း

Vol. 4 Ch. 381

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ... တိုက်လေယာဉ်တွေကို သူ ဘယ်လို ဖျက်ချလိုက်တာလဲ ... သူ့မှာ ဒုံးကျည်တွေ ပါလာလို့လား ... ပါရင်တောင် တိုက်လေယာဉ်တွေကို ပစ်ချဖို့က မဖြစ်နိုင်ပါဘူး ... နောက်ပြီး တရုတ်ကနေ ဂျပန်ကို ဒုံးကျည်တွေ သယ်ဖို့က မလွယ်ကူဘူး ... ငါတို့ နယ်စက် လုံခြုံရေး အဖွဲ့တွေ ဆီကလည်း ဘာသတင်းမှ မရပါဘူး"

လေတပ်မတော် ဗိုလ်ချုပ်၏ မျက်နှာက မည်းမှောင်နေတော့သည်။ ဂျပန်တွင် F-15 တိုက်လေယာဉ်မှာ သုံရာသာရှိသည်။ တိုက်လေယာဉ် သုံးစင်းနှင့် ဆယ့်လေးခုမြောက် ကျည်းတပ် တစ်ဝက်ခန့် ဆုံးရှုံးမှုက သူတို့အတွက် အလွန် ကြီးမားသော အရာဖြစ်သည်။

"ချန်းပေ့ရွှမ်းက တရုတ်မှာ ဗိုလ်ချုပ် တစ်ယောက်ပဲ ... သူ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ တရုတ် အစိုးရက  ရှိနေနိုင်လား ..."

စစ်တပ် ဗိုလ်ချုပ် တစ်ယောက်က မေးလိုက်၏။

သူ၏ မေးခွန်းအတွက် တစ်ဦးတစ်ယောက်တွင်ပင် အဖြေမရှိချေ။ ထိုမေးခွန်းကား လူတိုင်း သိချင်နေကြသော အရာဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီး၏ မျက်နှာကမူ ဒေါသများ၊ မယုံကြည်နိုင်မှု များဖြင့် မှုန်ကုပ်နေ၏။ သူက သတင်းပို့သူအား မေးခွန်းထုတ်ဟန် ကြည့်လိုက်သည်။

သတင်းပို့သူက နဖူးမှ စီးကျလာသော ချွေးများအား သုတ်လိုက်ရင်း ...

"ရှေ့တန်းစစ်သားတွေရဲ့ စကားအရ ဆိုရင်တော့ တိုက်လေယာဉ်တွေကို ရွှေရောင် အလင်းတစ်ခုက ဖျက်ချခဲ့တယ်တဲ့။ အဲဒါက အသံထက် မြန်တဲ့ ဒုံးကျည်လိုမျိုး တစ်ခုခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ တချို့ စစ်သားတွေရဲ့ စကားအရတော့ အဲဒါက တရုတ် ဒဏ္ဍာရီတွေထဲက ဓားပျံလို့ ကျွန်တော်ကြားပါတယ်"

"ဓားပျံ ..."

ဂျပန် စစ်ဗိုလ်ချုပ်များက မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်ကား ဂျပန်လူများနှင့် မစိမ်းသည့် နာမည်တစ်ခု ဖြစ်၏။ ဂျပန် ယဉ်ကျေးမှုက တရုတ်များနှင့် ဆက်စပ် ပတ်သက်မှု ရှိသည်။ တရုတ်တန်မင်းဆက်ခေတ်၊ ဓားပျံများနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ ဂျပန်များ အကြားတွင် လူသိများသည်။

သို့သော်လည်း ထိုအရာများကား ဒဏ္ဍာရီများသာ ဖြစ်သည်။ ဂျပန်လူမျိုးများ မဆိုထားနှင့်။ တရုတ်လူမျိုးများ ပင်လျှင် ထိုအရာများကို မယုံကြည်ကြချေ။

"ဘာကာယိုကို ... အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့။ ငါတို့လုပ်နေတဲ့ အလုပ်က စိတ်ကူးယဉ်ဝတ္ထု မဟုတ်ဘူး ..."

ဗိုလ်ချုပ် တစ်ယောက်က ဒေါသတကြီး အော်ဟစ်ရင်း သတင်းပို့သူအား ပါးရိုက်ချလိုက်သည်။

ထိုစဉ်မှာပင် တစ်ယောက်က မတ်တတ်ရပ်ရင်း ...

"ဆရာ ... ကျုပ်တို့မှာ မှတ်တမ်း တင်ထားတဲ့ ဗီဒီယို ဖိုင်တစ်ခု ရှိပါတယ်"

"နန်နီ ... ဖွင့်စမ်း ..."

ကာကွယ်ရေး ဝန်ကြီးက အမိန့်ပေးလိုက်သည်။ ထို့နောက် သူနှင့် အခြား စစ်ဗိုလ်ချုပ်များမှာ ဖန်သားပြင်ပေါ်သို့ အာရုံစိုက် လိုက်ကြသည်။

ဗီဒီယိုထဲတွင် ရွှေရောင်အလင်းက F-15 တိုက်လေယာဉ်များထံ မျက်တောင် တစ်ခတ်အတွင်း ပျံသန်းသွားကာ ဖျက်ဆီး ပစ်လိုက်ပုံများ အပြင် ဟယ်လီကော်ပတာ များထံ ပျံသန်းလာပုံများ ပါဝင်သည်။

"ဘာကြီးလဲ ..."

အခန်းတစ်ခုလုံးကား လုံးဝ တိတ်ဆိတ် သွားတော့၏။ ထိုလက်နက်ကား မည်သို့သော အရာနည်း။ သေချာခြင်း တစ်ခုက ထိုရွှေရောင် အလင်းမှာ ယနေ့ခေတ်၏ လက်နက် မဟုတ်ချေ။ ထိုအရာက ဒုံးကျည်များထက်ပင် ပိုမို လျင်မြန်အောင် ပျံသန်းနိုင်သည့် အပြင် ဦးတည်ချက်ကိုပါ ပြောင်းလဲနိုင်သေးသည်။

တရုတ်က ထိုသို့ ခေတ်ပြောင်း လက်နက်မျိုးကို ထုတ်လုပ် လိုက်သည်လား။ ကာကွယ်ရေး ဝန်ကြီးက ခေါင်းကိုသာ ခါလိုက်မိသည်။ ထိုအရာက မည်သို့မျှ မဖြစ်နိုင်ပေ။

"ဝန်ကြီး ... ကျုပ်တို့ ဘာလုပ်ကြမလဲ ..."

လေတပ် ဗိုလ်ချုပ်က မေးလိုက်သည်။

"ငါ ဝန်ကြီးချုပ်ကို အစီရင်ခံလိုက်ဦးမယ်။ ငါ့အမိန့် မရမချင်း ဘာမှ မလှုပ်ရှားသေးနဲ့ဦး"

ကာကွယ်ရေး ဝန်ကြီးက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။ သူ့အနေဖြင့် ဤကဲ့သို့ ရလဒ် ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

"ဘယ်လို ရန်သူမျိုးကို ငါတို့ ရန်စခဲ့မိပါလိမ့်"

ကာကွယ်ရေး ဝန်ကြီးက တိတ်ဆိတ်စွာပင် ခေါင်းအား ခါယမ်း လိုက်မိတော့သည်။ အကယ်၍ အခွင့်အရေးသာ ရလျှင် ချန်းပေ့ရွှမ်းက သူတို့အား ကျိန်းသေ လက်စားချေပေလိမ့်မည်။

***

ထိုအချိန် ခွန်လွန်တောင် လျှို့ဝှက် စစ်စခန်းတွင် ...

ဒါရိုက်တာ ရှောင်ကား အစည်းအဝေးခန်း အတွင်းတွင်ပင် ရှိနေဆဲ ဖြစ်သည်။ သူက စစ်ပွဲ ရလဒ်အား သိရရန် အတွက် စိတ်ရှည်စွာ စောင့်နေခဲ့ခြင်း ဖြစ်၏။ သူ၏ ရှေ့စားပွဲတွင်မူ စီးကရက်တိုများက ပြန့်ကျဲနေ၏။

အခြား လက်ထောက် ဒါရိုက်တာများမှာလည်း မှုန်ကုပ်စွာ ထိုင်နေကြဆဲ ဖြစ်သည်။ သူတို့ကား ဒါရိုက်တာရှောင်၏ အေးစက်နေမှုကို ကြည့်ရင်း စကားတစ်ခွန်းပင် မပြောရဲချေ။

"ရှီကိုးကူးက ဘာသတင်းမှ မလာသေးဘူးလား ..."

ဒါရိုက်တာရှောင်က စီးကရက်ကို ထုတ်ယူကာ ဖွာရင်း မေးလိုက်သည်။

"ဂျပန် စစ်တပ်က ရှီကိုးကူး တစ်ခုလုံးကို ပိတ်ထားပါတယ်။ ကျုပ်တို့ရဲ့ သူလျှိုအနေနဲ့ လှုပ်ရှားနိုင်ပုံ မရသေးဘူး။ စောင့်ဖို့ပဲ ကျုပ်တို့မှာ ရှိတော့တယ်"

လက်ထောက် ဒါရိုက်တာ တစ်ယောက်က ပြန်ဖြေလိုက်သည်။

ဒါရိုက်တာရှောင် အနေဖြင့် ထိုအဖြေအား သူသိထားပြီး ဖြစ်သည်။ သို့သော်လည်း တစ်ခုခု ထူးလို့ထူးငြား မေးကြည့်လိုက်ခြင်း ဖြစ်သည်။ ဒါရိုက်တာ စိုးရိမ်နေသည့်သူမှာ ချန်းဖန် တစ်ယောက်တည်း မဟုတ်ချေ။ ပျံလွှားနီလေး အတွက်လည်း ပါဝင်ပေသည်။ ပျံလွှားနီလေးမှာ သူ၏ သမီးသဖွယ်ဖြစ်၏။ သူမကား သူ၏ မျက်စိရှေ့အောက်၌ ကြီးပြင်းလာခြင်း ဖြစ်သည်။

ယခု အချိန်၌ ပျံလွှားနီလေးမှာ ချန်းဖန်နှင့် အတူ ရှိနေလောက်သည်။ ဂျပန် စစ်တပ်အနေဖြင့် သူမ၏ အသက်အား ချန်းသာပေးရန် မျှော်လင့်မိသည်။

စီးကရက်များ တစ်လိပ်ပြီး တစ်လိပ် ကုန်သွားသည့် အချိန် အထိ မည်သည့် သတင်းမျှ ရောက်မလာသေးချေ။

သို့သော်လည်း နောက်ဆုံးလက်ကျန် စီးကရက် တစ်ဝက်ခန့် ရောက်သော အချိန်၌ အစည်းအဝေး ခန်း၏ တံခါးပွင့်လာမှုနှင့် အတူ ထိတ်လန့်နေသော အသံတစ်ခု ပေါ်ထွက်လာခဲ့၏။

"ဆရာ ... ဂျပန်က အရေးပေါ်သတင်းပါ။ ဆရာ ယုံနိုင်မှာတောင် မဟုတ်ဘူး ..."

"ဘာတွေဖြစ်နေတာလဲ ... မင်းရဲ့ အပြုအမူကို ဆင်ခြင်ပါ တပ်သား ..."

ဒါရိုက်တာရှောင် ပြန်မပြောရသေးခင် မှာပင် လက်ထောက် ဒါရိုက်တာ တစ်ယောက်က ဆီး၍ ငေါက်လိုက်သည်။

သို့သော်လည်း ဒါရိုက်တာရှောင်ကမူ ထိုစစ်သားငယ်လေး၏ အပြုအမူအား သတိပြုမိဟန် မရချေ။ သူက အလောတကြီးပင် မေးလိုက်၏။

"ဂျပန်က သတင်းလား ... ချန်းပေ့ရွှမ်းနဲ့ ပျံလွှားနီလေးတို့ လွတ်သွားလား။ သူတို့ အန္တရာယ် ကင်းရဲ့လား"

ကျားဖြူ၊ လိပ်နက်နှင့် အခြား လက်ထောက် ဝန်ကြီးများမှာလည်း စစ်သားငယ်လေးအား အာရုံစိုက်လိုက်ကြ၏။ ချန်းဖန်နှင့် ပျံလွှားနီလေးတို့ ဂျပန် စစ်တပ်၏ အောက်မှ ကံကောင်း ထောက်မစွာ လွတ်မြောက်သွားရန် သူတို့ မျှော်လင့်နေမိသည်။

"မဟုတ်ဘူး ... ကျွန်တော် ပြောချင်တာက ... ဟုတ်တယ် ... သူတို့ အန္တရာယ် ကင်းတယ်။ ဒါပေမဲ့ ချန်းပေ့ရွှမ်းက ထွက်မပြေးဘူး။ သူက ဂျပန် စစ်တပ်ကို ပြန်တိုက်တာ။ သူ့လက်မှာ ဂျပန် စစ်သား တစ်ထောင်ကျော်နဲ့ တပ်ရင်းတစ်ခု ကျသွားတယ်တဲ့"

အထက်လူကြီးများ၏ အလျင်လိုနေသော အပြုအမူများအား ကြည့်ရင်း လူငယ်က အထစ်ထစ် အငေါ့ငေါ့ ရှင်းပြလိုက်သည်။

"ဘယ်လို ..."

လူငယ်၏ စကားက အစည်းအဝေး အခန်းအတွင်းရှိ လူတိုင်းအား ဆွံ့အသွားစေသည်။ ကျားဖြူဆိုလျှင် ထိုင်နေသည့် ထိုင်ခုံပေါ်မှပင် ပြုတ်မကျမလို ဖြစ်သွားခဲ့၏။ လိပ်နက်ကလည်း သူ၏ ကျဉ်းမြောင်းသော မျက်လုံးများအား အစွမ်းကုန် ပြူးကျယ်ရင်း မယုံကြည်နိုင်မှုကို ပြသနေခဲ့သည်။

ဒါရိုက်တာ ရှောင်ပင်လျှင် တစ်ခဏမျှ ဆွံ့အနေပြီးနောက် မယုံကြည်နိုင်စွာ တီးတိုး ရေရွတ်လိုက်၏။

"သူ လုပ်ခဲ့တာလား။ ချန်းပေ့ရွှမ်းက စစ်မြေပြင်မှာ နိုင်ခဲ့တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက တန်ခိုးရှင် အဆင့် ကျင့်ကြံသူ ဆိုရင်တောင် တပ်ရင်းတစ်ခုလုံးကို ဘယ်လို ဖျက်ဆီးနိုင်မှာလဲ"

"ရှောင်ကူ ... မင်းရဲ့ သတင်းက မှန်ရဲ့လား ..."

လက်ထောက် ဒါရိုက်တာ တစ်ယောက်က မေးလိုက်၏။ လူတိုင်းကလည်း သူ၏ မေးခွန်းကို သဘောတူသည့် အလား စစ်သားငယ်လေးကို ကြည့်လိုက်သည်။

ရှောင်ကူက ခေါင်းညိတ်ရင်း ပြန်ဖြေ လိုက်သည်။

"သတင်းက အမှန်ပါပဲ။ သတင်းရင်းမြစ်က ဂျပန် စစ်ရုံးချုပ်က လာတာပါ။ ချန်းပေ့ရွှမ်းက ဆယ့်လေးမြောက် ကြည်းတပ်ကို လက်ဗလာနဲ့ ဖြိုဖျက်ခဲ့တယ်။ ရိုင်ဖယ် ကျည်ဆန်တွေ၊ စက်သေနတ်တွေတောင် သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က စတီးနဲ့ လုပ်ထားသလိုပဲ တဲ့"

"နောက်ပြီးတော့ ..."

ရှောင်ကူက ခဏမျှရပ်ရင်း လေကို ဝအောင်ရှူလိုက်၏။

"နောက်ပြီးတော့ ဘာဖြစ်လဲ ..."

အခြားလူများက သူ့အား အလျင်စလို မေးလိုက်သည်။

"နောက်ပြီးတော့ ချန်းပေ့ရွှမ်းက AH-1 ဟယ်လီကော်ပတာ ဆယ့်ရှစ်စင်းနဲ့ F-15 တိုက်လေယာဉ် သုံးစင်းကိုပါ ဖျက်ချခဲ့တယ်"

ရှောင်ကူ၏ စကားဆုံးသည်နှင့် တစ်ခန်းလုံးကား အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်သွားတော့၏။ များစွာသော လက်ထောက် ဒါရိုက်တာများ၊ ဝန်ကြီးများမှာ တစ်ယောက်ကိုယ် တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်မိကြတော့၏။

***

စစ်ပွဲရလဒ် သတင်းက အရှေ့အာရှနိုင်ငံ အစိုးရများထံ ပျံ့နှံ့သွားသည်။ တရုတ်၊ ကိုရီးယား စသည့် နိုင်ငံများစွာ၏ အစိုးရများမှာလည်း အ‌ရေးပေါ် အစည်းအဝေးများ ခေါ်ယူ၍ ထိုအကြောင်းကို သုံးသပ် ဆွေးနွေးကြသည်။

သာမန် လူတစ်ယောက်က ဤမျှအထိ အစွမ်းထက်နေခြင်းမျိုး သူတို့ မကြားဖူးကြချေ။ တန်ခိုးရှင် အဆင့် ကျင့်ကြံသူပင်လျှင် ဤမျှ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ထိုစစ်ပွဲက ချန်းဖန်အား နိုင်ငံခေါင်းဆောင် များစွာ၏ အာရုံစိုက်စရာ ဖြစ်လာစေတော့သည်။

***

All Chapters