← Chapters

ကံကြမ္မာချင်း ဖလှယ်ခြင်း (1)

Vol. 16 Ch. 151

ကံကြမ္မာချင်း ဖလှယ်ခြင်း (1)

Vol. 16 Ch. 151

ထိုကောက်ချက်ချပြီးနောက် ပင်ကိုက စိတ်နုသော ဒေစီတစ်ယောက် အင်မတန် ဝမ်းနည်းသွားသည်။

သူမ မစ်စ်လျှို့ အား တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။

“ညီမလေးက အဲဒီလိုမျိုး ထွက်မသွားသင့်ဘူး၊ ကျွန်မ သူ့အတွက် အကူအညီနည်းနည်းလောက်ပဲရရ ဆုတောင်းပေးနေမှာပါ”

[ဒေစီရော ရှောင်ဟဲရောက သရဲတွေကို အာရုံခံတဲ့ နေရာမှာ တော်တော်လေး တော်တယ်၊ သူတို့က အရင်က ‘ကူမန်သုန်’မှာတော့ တော်တော်လေး ပညာထုတ်ပြနိုင်ခဲ့ပေမယ့် သရဲ၊တစ္ဆေတွေ မဟုတ်ဘူးဆိုရင်တော့ သိပ်ပြီး မကောင်းကြတော့ဘူး]

[သူတို့က ကျွမ်းကျင်ပညာရှင်မဟုတ်သေးလို့လေ။ အဲ့တာကြောင့် စုန့်စုန့်လာမှပဲ ရတော့မှာ]

[ဒေစီကျဲကျဲက အရမ်း စိတ်ထားနူးညံ့တာပဲ။ ချစ်လိုက်တာ!]

နောက်တစ်ယောက်ကတော့ ပြိုင်ပွဲဝင် နံပါတ်၁ တောက်ကျန့် ရှင်းယိချင်းပင်။

သူသည်ကား မီးခိုးရောင် တောက်ကျန့်ဝတ်စုံနှင့် ဖိနပ်အား ဝတ်ဆင်ထားဆဲဖြစ်သည်။ တင်ဆက်သူလျှို့ထံမှ နျူနျူအကြောင်း ရှင်းပြချက် နားထောင်ပြီးနောက် သူက နျူနျူ၏ ရာသီခွင်နှင့် ဇာတာတို့အား မေးမြန်းလိုက်သည်။

စစ်ဆေးကြည့်ပြီးနောက် သူမျက်မှောင်ကြုတ်မိလေသည်။

“ဇာတာကို ကြည့်ရတာကတော့ ဒီကလေးမလေးရဲ့ ဘဝက တော်တော်လေး ကောင်းတယ်၊ အလွယ်ပြောရရင် သူက IQ မြင့်တဲ့ ကလေးပဲ”

ထိုအချက်မှလွဲ၍ သူ့ထံတွင်အခြား ချို့ယွင်းချက်တော့ မတွေ့ရချေ။

ရှင်းယိချင်း ဆေးရုံကုတင်သို့ သွားကာ နျူနျူအား လက်ဆန့်ပေးရန် တောင်းဆိုလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ သူက ယခင်ပြိုင်ပွဲဝင်များနှင့် မတူ။ နျူနျူ၏ လက်ကိုကိုင်ကာ စွမ်းအင် အာရုံခံသည်မဟုတ်ဘဲ သူမ လက်ဖဝါးကို ဖြန့်ကာ လက္ခဏာအား‌ သေသေချာချာစူးစမ်း ကြည့်ရှု့နေခဲ့သည်။

အကြာကြီးကြည့်နေခဲ့ပြီးနောက် မစ်စ်လျှို့နှင့် မစ်စတာဟဲတိို့  စိတ်ပူနေသည်ကို မြင်လိုက်ရသောကြောင့် နျူနျူ၏ လက်ကို လွှတ်ပေးလိုက်လေသည်။

ရှင်းယိချင်း နျူနျူ၏ မျက်လုံးအား စိုက်ကြည့်ကာ ပြောလိုက်သည်။

“ ပြီးရင် ဦးလေးက သမီးရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာဉာဏ်ရည်ကို စစ်ကြည့်မယ်နော်၊ သမီး နာမှာမဟုတ်လို့ အရမ်းကြီး ရုန်းကန်တာမျိုးတော့ မလုပ်နဲ့နော်”

နျူနျူ ခေါင်းငြိမ့်လိုက်သော်လည်း စိတ်တော့ လှုပ်ရှားနေခဲ့သည်။

တောက်ဓမ္မပညာတွင် ဂိုဏ်းခွဲများစွာ ရှိသည်။

လူတစ်ယောက်၏ အသက်၊ စည်းစိမ်နှင့် ကံကြမ္မာတို့သည်ကား ထိုလူ၏ မျက်နှာ၊ လက္ခဏာဗေဒနှင့် ဇာတာခွင်တို့မှ အကြမ်းဖျင်း ဆုံးဖြတ်နိုင်သည်။

ရှင်းယိချင်းသည်က ထိုနေရာတွင် တဖက်ကမ်း ကျွမ်းကျင်သူတော့ မဟုတ်။ သူ့အနေဖြင့် ကုကျစ်စုန့်ကဲ့သို့ မျက်လုံးအကြည့်နှင့်ပင် သေခြင်း၊ရှင်ခြင်းအား မသိနိုင်သော်လည်း အနည်းအကျဉ်းခန့်တော့ မြင်နိုင်ပေသည်။

နျူနျူ၏ ရာသီခွင်နှင့် လက္ခဏာအရ သူမဘဝတွင် မည်သည့် ကပ်ဆိုးကိုမှ မမြင်တွေ့နိုင်ပေ။

သို့သော် နျူနျူတွင် ကံကြမ္မာပြောင်းလဲသည့် အစီအရင်များ၊ မကောင်းမှု ဝိဉာဉ်များ ကပ်တွယ်နေခြင်း မရှိပါဘဲနှင့် ရောဂါ ရုတ်တရက်ပေါ်လာသည်မှာ ထူးဆန်းလှသည်။

ရှင်းယိချင်း၏ လက်ညိုးနှင့် လက်ခလယ်တို့အား ပူးကပ်ကာ ဓားရှည်ပေါ်တွင် တင်ထားလိုက်ပြီး သူ၏ အသံသည်လည်း ကောင်းကင်ဘုံ၏ ခေါင်းလောင်းကဲ့သို့ တောက်ဓမ္မဂါထာများ ရွတ်ဖတ်နေခဲ့သည်။

ထို့နောက် သူ၏ ဓားအား နျူနျူ၏ နဖူးသို့ ချိန်ကာ မန္တာန်ချုပ်လိုက်သည်။

နျူနျူတစ်ယောက် သူမ ဦးခေါင်းမှ တစ်ခုခုထွက်သွားသကဲ့သို့ နဖူးတွင် အနည်းငယ်ပူလောင်မှုအား ခံစားလိုက်ရသော်ကြောင့် ထိန်းထားသော်လည်း တုန်ရီလာမိသည်။

ထိုခံစားချက်သည်ကား ခေတ္တမျှသာ ဖြစ်ပြီး မကြာလိုက်ပါချေ။ ရှင်းယိချင်း လက်ကို ပြန်ရုတ်ကာ မျက်နှာတွင်လည်း ခန့်မှန်းရခက်သည့် အမူအယာဖြင့် တွေဝေနေခဲ့သည်။

“ဪ… ဒါက ဒီလို ဖြစ်ရတာကိုး….”

“မင်းရဲ့ သမီးက  ‘နတ်ဘုရားအစေခံ’တစ်ဦးပဲ”



“နတ်ဘုရားရဲ့ အစေခံ?”

မစ်စ်လျှို့နှင့် မစ်စတာဟဲတို့ တစ်ယောက်၏မျက်နှာကို တစ်ယောက်ကြည့်လိုက်မိပြီး မျက်ဝန်းများထဲတွင် မရေရာမှုများသာ မြင်နေခဲ့ရသည်။

“အဲဒါက ဘာကို ပြောတာလဲဟင်?”

ရှင်းယိချင်း အေးဆေးညင်သာစွာ ပြောလာသည်။

“နတ်ဘုရားရဲ့ အစေခံတို့၊ အပါးတော်တို့ဆိုတာက မသေမျိုးနတ်ဘုရားတွေရဲ့ စောင့်ရှောက်မှုအောက်မှာ‌ နေတဲ့ ကလေးငယ်လေးတွေကို ပြောတာပဲ၊ သူတို့က ဝိဉာဉ်အရင်းအမြစ်တွေ၊ ဉာဏ်ပညာအရင်းအမြစ်ကောင်းကောင်းနဲ့ မွေးလာကြတယ်၊

အဲဒီ ‘ကလေး’တွေက အပြစ်တစ်ခုခုလုပ်မိရင် မသေမျိုးကမ္ဘာကနေ နယ်နှင်ခံရပြီး လူ့ပြည်မှာ ပြန်ဝင်စားလေ့ရှိတယ်၊ မင်းရဲ့ သမီးက အဲဒီလို နတ်ဘုရားရဲ့ အပါးတော်တစ်ယောက်ပဲ”

ထိုသို့ဆိုပါက နျူနျူလေးသည် မွေးကတည်းက ဉာဏ်ရည်ထက်ရသည့် အကြောင်းရင်းပေါ်လာပြီဖြစ်သည်။

“နတ်ဘုရားရဲ့ အပါးတော်ကလေးတွေက လူ့ပြည်မှာ ပြန်ဝင်စားရင်တောင်မှ အရင်ဘဝတုန်းက ပညာအရင်းအမြစ်တွေနဲ့ မွေးလာတာဖြစ်လို့ သာမန်ကလေးတွေထက်တော့ ပိုပြီး ဉာဏ်ရည်မြင့်ကြတယ်၊

ဒါပေမယ့် သူတို့ လူဝင်စားတယ်ဆိုတာက အပြစ်လုပ်မိလို့ နယ်နှင်ခံရတာလေ၊ လူ့ပြည်ကိုလာပြီး အပြစ်ခံဖို့ ဝင်စားရတာ၊ လူ့ဘဝရဲ့ ချမ်းသာစည်းစိမ်တွေ ခံစားဖို့ မဟုတ်ဘူးလေ၊ ဒီတော့ သူတို့က အမြဲဖျားနာအားနည်းနေတတ်ပြီး ကပ်ဆိုးတွေလည်း ကြုံရတတ်တယ်”

ထိုအရာသည်ကား တောက်ဓမ္မအခြေခံတွင် မှတ်သားထားပြီးဖြစ်သည်။

လူဝင်စား၍ ပထမဘဝတွင် အပြစ်ဒဏ်ခံပြီးပါက အများစုမှာ သူတို့ ဆက်သရာ မသေမျိုးနတ်ဘုရားထံသို့ ပြန်လည်ခစားလေ့ရှိကြသည်။

သူတို့သည်ကား ဝိဉာဉ်အရင်းအမြစ်ကောင်းကောင်းဖြင့် မွေးဖွားလာသောကြောင့် သူတို့၏ စိတ်ဝိဉာဉ်သည် သာမန်လူများထက် ပို၍ သန်မာသည်။

လူဝင်စားဖြစ်ချိန်တွင် သူတို့က သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် မွေးဖွားရခြင်းဖြစ်သည်။

ထို့ကြောင့် စွမ်းအားကြီးမားလှသော သူတို့၏ စိတ်ဝိဉာဉ်သည်ကား နူးညံ့သော လူ့ခန္ဓာကိုယ်ဖြင့် သဟဇာတမဖြစ်နိုင်ပါချေ။

ထိုဖြစ်စဉ်သည်ကား ဝိဉာဉ်နှင့် ခန္ဓာတို့ကြားတွင် တန်ပြန်တုံ့ပြန်မှု ဖြစ်ပေါ်စေကာ အားနည်းသော ခန္ဓာကိုယ်သည်လည်း ပို,ပို၍ ချိနဲ့လာသည်။

ထို့ကြောင့်လည်း သူတို့က အရွယ်မတိုင်ခင် ငယ်ငယ်ရွယ်ရွယ် သေဆုံးကြခြင်းဖြစ်သည်။

“ဆိုတော့ မစ်စ်လျှို့ ၊ သမီးဖြစ်သူရဲ့ ရုတ်တရက် အပြင်းအထန် နေမကောင်းဖြစ်တာက သူ့ရဲ့ စိတ်ဝိဉာဉ်မှာ ပါလာတဲ့ ကျိန်စာကြောင့် ဖြစ်ပြီး သူ့ခန္ဓာကိုယ်နဲ့ ဘာမှ မဆိုင်ဘူး”

သူမ၏ လက္ခဏာဗေဒအရတော့ နျူနျူသည်ကား ဤဘဝတွင် ကျန်းမာလုံခြုံစွာ ကြီးပြင်းလာရမည်ဖြစ်သည်။

ဘဝတစ်လျှောက်တွင် အနည်းငယ်ဖျားနာခြင်းနှင့် အခန့်မသင့်ထိခိုက်မိခြင်းတို့ ကြုံရနိုင်သော်လည်း သူမသည်ကား မီးစာကုန်၊ဆီခမ်းချိန်ထိ ထိုအဖြစ်များအား ကောင်းစွာ ကျော်လွှားနိုင်မည်ဖြစ်သည်။

သူမမှာ ယခင်ဘဝက မသေမျိုးနတ်ဘုရားတစ်ပါး၏ အပါးတော်ဖြစ်သော်ကြောင့် သူမဝိဉာဉ်က ခန္ဓာကိုယ်နှင့် မတွဲစပ်နိုင်သောကြောင့်သာ ဤကဲ့သို့ အဖြစ်မျိုး ကြုံရခြင်းဖြစ်ပေသည်။

မစ်စ်လျှို့နှင့် မစ်စတာဟဲတို့ အနည်းငယ်နားလည်လာပြီဖြစ်သော်လည်း မယုံကြည်ချင်ကြပေ။

“ဆရာရှင်း.. ဆရာ့ရဲ့စကားအရဆိုရင် ကျွန်မတို့ ဘာပဲလုပ်လုပ်… နျူနျူလေးကို ခေါ်မထားနိုင်ဘူးပေါ့…?”

ရှင်းယိချင်း ခေတ္တတိတ်ဆိတ်သွားပြီးနောက် စကားပြန်သည်။

“ပြောရရင်တော့ တော်တော်လေးကို ခက်ခဲလိမ့်မယ်”

မစ်စ်လျှူ ခေါင်းကို တွင်တွင်ရမ်းကာ စိတ်သည်လည်း လုံးဝ ပြိုလဲသွားသည်။

“ဘာလို့လဲ!? ဘယ်လိုကလေးမျိုးမှ မွေးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မသေသင့်ဘူး။ ကျွန်မတို့ မိသားစုအတွက် မတရားဘူးလေ!!”

ရောဂါသည် နျူနျူလေးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော်လည်း မစ်စတာဟဲ ဇနီးသည်၏ ပုခုံးပေါ်လက်တင်ကာ အသံအေးအေးဖြင့် နှစ်သိမ့်နေရှာသည်။

“မိန်းမ.. သမီးလေးရှေ့မှာ အဲ့လို မပြောနဲ့လေ…”

[အာ.. ဒါက.. ဒီဇနီးမောင်နှံက သမီးလေးကို ကုပေးဖို့ ရှိသမျှ စည်းစိမ်အကုန်သုံးခဲ့ပေမယ့် ကြည့်ရတာ သူတို့ သမီးက သေဖို့ ကြမ္မာပါလာတာပဲ၊

ဘယ်သူမှ လက်မခံနိုင်ဘူး။ နည်းနည်းရိုင်းရိုင်းပြောရရင် အဲ့တာက ဒီကို အကြွေးလာတောင်းတာနဲ့ပဲ မတူဘူးလား?]

[‘ကြမ္မာချင်းဖလှယ်တယ်’ဆိုတဲ့ စကားကို ကြားဖူးတယ်လေ၊ ဒီကလေးရဲ့ ကံကြမ္မာကို လဲလိုက်လို့ ရတယ်မဟုတ်ဘူးလား? လဲလိုက်ရင် ဒီကလေးလေးလည်း သေစရာမလိုတော့ဘူးလေ]

[ငါ့ကလေးတွေကို နည်းနည်းလေး တုံးလိုက်၊ အလိုက်တာလို့ တွေးနေမိတာ ၊ ဒါပေမဲ့  ကြည့်ရတာ သူတို့ ကျန်းမာနေသရွေ့တော့ နည်းနည်းလေး တုံးအတာက တော်ပါသေးတယ်…]

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်များအား မြင်ရပြီးနောက် တင်ဆက်သူလျှို့ မေးမိသည်။

“ဒီနတ်ဘုရားရဲ့ အပါးတော်ရဲ့ ကံကြမ္မာကရော လဲလို့ ရတာလား? တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက တစ်ယောက်ပြောတာကတော့ လဲလို့ ရတယ်တဲ့”

“မရဘူး”

ရှင်းယိချင်း မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ငြင်းဆိုသည်။

“’ကံကြမ္မာချင်းဖလှယ်’လို့ ရတယ်ဆိုတာကို ငါသိတယ်၊ ဒါပေမယ့် အားလုံးသိထားရမှာက အဲဒါက ကောင်းကင်ဘုံရဲ့ ဥပဒေက ခွင့်ပြုမထားသလို လက်ခံလို့ရတဲ့ နည်းလမ်းလည်း မဟုတ်ဘူး”

‘ကြမ္မာချင်းဖလှယ်ခြင်း’ဟု ခေါ်သော်ငြား အမှန်တကယ်ကတော့ ဘဝချင်း ဖလှယ်ခြင်းသာ ဖြစ်သည်။

အသက်အရွယ်ချင်းတူ၊ ဇာတာချင်းလည်း ဆင်တူသည့် ကလေးတစ်ယောက်ကို ရှာရမည်။ ထို့နောက် သဘာဝလွန်နည်းလမ်းများ အသုံးပြု၍ ထိုလူနှစ်ယောက်၏ ဇာတာနှင့် အမှတ်သညာတို့အား လဲလှယ်လိုက်ခြင်းပင်ဖြစ်သည်။

ထိုအချိန်မှစ၍ ‘ထိုကလေး၏ ဘဝ’သည်ကား အခြားကလေးထံသို့ ပြောင်းသွားမည်ဖြစ်သည်။

အခြားကလေးတစ်ယောက်သည်ကတော့ မူလကလေးအစား သေဆုံးရလိမ့်မည်။ အဓိပ္ပာယ်မှာ အခြားကလေးသည် ‘နတ်ဘုရား၏ အစေခံ’ဖြစ်သွားပြီးနောက် မသေမျိုးနတ်ဘုရားလက်အောက်တွင် အခစားဝင်ရမည်ဖြစ်သည်။

ပထမကလေးက သူ၏ ‘နတ်ဘုရားအစေခံ’ဘဝအား ဆုံးရှုံးလိုက်ရပြီးနောက်တွင် သာမန်လူတစ်ယောက်ဖြစ်သွားမည်။ သူ၏ မူလက ဒုက္ခအတိနှင့် ဘဝသည် သာမန်ပြန်ဖြစ်သွားမည်ဖြစ်သည်။

သူ့အနေဖြင့် ရုတ်တရက်သေဆုံးမည်ကိုလည်း စိတ်ပူရန်မလိုတော့ပေ။

တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ဝိဉာဉ်မှ ဝိဉာဉ်အရင်းမြစ်နှင့် ပညာအရင်းမြစ်တို့သည်လည်း ပျောက်ဆုံးသွားမည်ဖြစ်ကာ သူတို့သည် အရည်အချင်းနှင့် ဉာဏ်ရည်မြင့်မားမှုအား ဆုံးရှုံးရမည်ဖြစ်ပေသည်။

ရှင်းယိချင်း၏အမြင်မှာတော့ သေဆုံးခြင်းသည် ‘နတ်ဘုရား၏ အစေခံ ကလေးငယ်များ’ အတွက် ဆိုးလှသည်ဟု မထင်ပါချေ။

သူတို့သည်ကား မူလကတည်းက လူ့ဘဝနှင့် သက်ဆိုင်သူများ မဟုတ်ပေ။

သို့သော် မိဘများ၏ ဝေဒနာကိုလည်း သူနားလည်သည်။

သူ သက်ပြင်းဖွဖွချလိုက်ပြီးနောက် ဂရုဏာသက်သော မျက်နှာဖြင့် နှစ်သိမ့်သည်။

“တောင်းပန်ပါတယ်။ ငါကတော့ အဲ့ဒီ ‘ကြမ္မာချင်း ဖလှယ်’တဲ့ ကိစ္စကို လုံးဝလုပ်မပေးနိုင်ပါဘူး၊ ပြီးတော့ အခြားကလေးတစ်ယောက်ကို ရှာပြီး လုပ်ဖို့လည်း စိတ်မကူးကြပါနဲ့၊

ပထမအချက်၊ သာမန်လူတွေက အဲဒါကို မလုပ်နိုင်ဘူး၊ ဒုတိယအချက်၊ တခြားကလေးငယ်တစ်ယောက်ကို သုံးပြီး လုပ်ရမယ့်ကိစ္စပါ၊

ဒါက တခြားကလေးအတွက် မတရားဘူးလေ၊ မင်းတို့ တစ်မိသားစုလုံးလည်း မကောင်းမှုအကျိုးပေး ခံစားရလိမ့်မယ်”

သေချာ စဉ်းစားပြီးနောက် ရှင်းယိချင်း ကင်မရာကို တည့်တည့်စိုက်ကြည့်ကာ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူများအား ပြောလိုက်သည်။

“အခုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ ပရိတ်သတ်တွေအတွက်လည်း အကြံပေးချင်ပါတယ်၊ ဒီကြမ္မာဖလှယ်တဲ့ ကိစ္စကို အရမ်းကြီး မစွဲလမ်းကြပါနဲ့၊ အဲဒါက မင်းတို့ ထင်သလောက် လွယ်ကူတဲ့ အလုပ်မျိုးမဟုတ်ဘူး?

မူမမှန်တဲ့ ကိစ္စတွေကို လေ့လာတဲ့သူတွေက ဒါကို မလုပ်နိုင်ဘူး၊ ဒီကမ္ဘာကြီးမှာ ‘နတ်ဘုရားရဲ့ အစေခံ’ကလေးတွေ အများကြီးမရှိဘူး၊ ဒါပေမယ့် ပညာထက်မြက်ပြီး ထူးချွန်တဲ့ ကလေးတိုင်းကလည်း နတ်ဘုရားအပါးတော်ကလေးတွေ မဟုတ်ဘူး”

တချို့ကလေးများသည်ကား ကံကြမ္မာကောင်းကောင်းနှင့် အရည်အချင်းရှိကြသော်လည်း ကျန်းမာရေးမကောင်းကြပေ။

ထိုကဲ့သို့ ကလေးများအား စိတ်စွမ်းအင်ပညာရှင်အချို့က ‘နတ်ဘုရားအစေခံ’ဟု မှား၍ ကောက်ချက်ချတတ်ကြသည်။

အချို့ကတော့ ဇာတာကောင်းပြီး ကျန်းမာရေးမကောင်းကြ။

အရေးကြီးဆုံးအချက်မှာ ‘နတ်ဘုရား၏ အစေခံ’အား ခွဲခြားသတ်မှတ်ရာတွင် သူတို့၏ ဝိဉာဉ်အခြေအမြစ်နှင့် ပညာအရင်းအမြစ်တို့ကိုပါ သေချာ စစ်ဆေးရမည်ဖြစ်သည်။

ထိုကဲ့သို့သော ဝိဉာဉ်မျိုးအား အစားထိုးနိုင်ရန် ထူးခြားပညာရှင်သည်က လေ့ကျင့်မှုကောင်းကာ အဆင့်တစ်ခုသို့ ရောက်နေပြီးသား ဖြစ်မှ ရနိုင်သည်။

အလွယ်တကူ ဝိဉာဉ်အစားထိုးလို့ ရသူများသည် ‘နတ်ဘုရား၏ အစေခံ’မဟုတ်သောကြောင့်သာ ဖြစ်ပေသည်။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ။ အခြားသူတစ်ယောက်၏ ဘဝအား ခွင့်ပြုချက်မပါဘဲ အစားထိုးရန်ဆိုသည်မှာ မလုပ်သင့်သည့် ကိစ္စတစ်ခုပင်။   

**

All Chapters