ကံကြမ္မာခြင်း ဖလှယ်ခြင်း(2)
Vol. 16 Ch. 152
မစ်စ်လျှို့တစ်ယောက် အသက်မဲ့နေသော ပုံစံဖြစ်နေခဲ့ရကာ ကြားရသည့် အဖြစ်အပျက်များအား လက်မခံနိုင်စွာဖြင့် ခင်ပွန်းသည်၏ အင်္ကျီစအား တင်းကြပ်စွာ ဆုတ်ကိုင်ထားရှာသည်။
သူမ သူမ၏ ဝမ်းဗိုက်ဖြင့် ကိုးလလွယ်၊ ဆယ်လဖွားခဲ့ရသော သမီးငယ်လေးအား သေချာ စိုက်ကြည့်နေခဲ့မိသည်။ ဒီကလေးလေးကို လက်လွှတ်ရတော့မည်ဆိုသော အဖြစ်အား သူမ မည်သို့ လက်ခံရမည်နည်း?
သို့သော် နောက်ထပ် နည်းလမ်းမှာ အခြားကလေးတစ်ယောက်အား သမီးငယ်အစား သေခိုင်းရမည်ဆိုသောကြောင့် သူမ ဘယ်လိုမှ မလုပ်နိုင်ပါချေ။
ဆေးရုံခန်းထဲမှ အငွေ့အသက်များသည်လည်း မှုန်မှိုင်းသွားတော့သည်။
တင်ဆက်သူလျှို့က အသံခပ်တိုးတိုးဖြင့် ဇာတ်ညွှန်းအား ဆက်ဖတ်သည်။
“ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ်၁ ရှင်းယိချင်းကတော့ နျူနျူလေးရဲ့ ထူးခြားတဲ့ မွေးဖွားမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ နျူနျူလေးက တကယ့်ကို ရှားပါးတဲ့ ‘နတ်ဘုရားအစေခံ’တစ်ဦးဖြစ်နေခဲ့ပြီး သူ့ရဲ့ အဲ့ဒီထူးခြားတဲ့ မွေးဖွားမှုကြောင့်ပဲ အပြင်းအထန် နေမကောင်းဖြစ်နေရတာဖြစ်ပါတယ်”
“နောက်ထပ် ပြိုင်ပွဲဝင် နံပါတ် (၁၀) ရှီဟိုင်ဟုန်ကို ဆေးရုံခန်းထဲကို ဖိတ်ခေါ်ပြီး နောက်ထပ်များ ဘယ်လို အချက်အလက်အသစ်တွေ ဖော်ထုတ်နိုင်ဦးမလဲဆိုတာကို ကြည့်ရအောင်ပါ”
ရှီဟိုင်ဟုန်ကတော့ ပေါ့ပေါ့ပါးပါး အဝတ်အစားနှင့်ပင် ဆေးရုံခန်းထဲသို့ ဝင်လာခဲ့သည်။
“ကောင်းသော နေ့လယ်ခင်းပါ၊ အားလုံးပေ် မင်္ဂလာပါ”
နျူနျူ၏ အဖြစ်အပျက်အကြောင်းကို တင်ဆက်သူလျှို့ ထံမှ အကြမ်းဖျင်းသိရပြီးနောက် သူမ ဆေးရုံကုတင်နားသို့ သွားပြီး နေမကောင်းဖြစ်နေသည့် ကလေးငယ်အား ကြည့်လိုက်သည်။
အစကတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများသည်က နျူနျူလေးအတွက် မျှော်လင့်ချက်မဲ့နေခဲ့သည်။ မထင်မှတ်ထားစွာပင် ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရှီဟိုင်ဟုန် ထူးဆန်းသည့်အရာ တစ်ခုခုအား မြင်တွေ့လိုက်ရသကဲ့သို့ ‘ဟင်?’ ဆိုသော အသံထွက်လာခဲ့သည်။
ရှီဟိုင်ဟုန် ခေါင်းကို ပြန်မော့လာပြီးနောက်:
“ဒီကလေးမလေးရဲ့ ဝိဉာဉ်က ရွှေရောင်တောက်နေတယ်”
မတည်မြဲခြင်းတမန်တစ်ယောက်အနေဖြင့် မြေအောက်ကမ္ဘာမှ သူ့အား ဝိဉာဉ်များကို ဆွဲဆောင်နိုင်သည့် စွမ်းအင်တစ်ခုပေးထားသောကြောင့် သူမသည်ကား လူတစ်ယောက်၏ အတွင်းမှ စိတ်ဝိဉာဉ်အား မြင်နိုင်စွမ်းရှိသည်။
ရှီဟိုင်ဟုန်၏ မျက်လုံးထဲတွင်တော့ နျူနျူ၏ ဝိဉာဉ်သည် ရွှေရောင်သမ်းနေခဲ့သည်။
အားလုံးသိကြသကဲ့သို့ သာမန်လူများ၏ ဝိဉာဉ်သည်ကား အဖြူရောင်ဖြစ်သည်။ မကောင်းမှုများ ကျူးလွန်ထားသူများသည် မကောင်းသော ဝိဉာဉ်များ၏ သက်ရောက်ခြင်းခံရသောကြောင့် မီးခိုးရောင်သမ်းနေသည်။
ရွှေရောင်သည်က ရှားပါးလွန်းပြီး သူတို့သည် အသက်ရှင်စဉ်က ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခဲ့မှသာလျှင် ဝိဉာဉ်သည် ကုသိုလ်ရွှေရောင်သမ်းနေတတ်သည်။
ထိုကဲ့သို့ ကောင်းမှုကုသိုလ်များအား ဘဝတစ်လျှောက်လုံး ပြုခဲ့သူများ၏ ဝိဉာဉ်သည် ရွှေရောင်ဖြစ်သည်။
သို့သော် ယခု နျူနျူ၏ ဝိဉာဉ်တွင် မြင်တွေ့နေရသည့် ရောင်ခြည်အလင်းတန်းသည် ပို၍ လင်းလက်ကာ ထူးခြားနေပြီး ကောင်းမှုကုသိုလ်၏ စွမ်းအားသည်လည်း ပို၍ သန့်စင်နေခဲ့ပြီး မျက်လုံးထဲတွင် ထင်ရှားနေခဲ့သည်။
သေသေချာချာ ထပ်၍ စိုက်ကြည့်နေပြီးနောက် ရှီဟိုင်ဟုန် အံ့အားသင့်စွာ ခေါင်းမော့လာသည်။
ထိုကဲ့သို့ ဝိဉာဉ်မျိုးကိုလည်း သူမအနေဖြင့် မည်သည့်နေရာတွင် ဆုံခဲ့ဖူးကြောင်း ပြန်စဉ်းစားမိသည်။
မြေအောက်ကမ္ဘာ!!
သူမသည် မတည်မြဲခြင်း ဝိဥာဥ်လမ်းပြ တမန်တစ်ဦးအနေဖြင့် ကျွန်တစ်ယောက်ကဲ့သို့ အလုပ်ကြိုးစားကာ သရဲတစ္ဆေများအား မြေအောက်ကမ္ဘာတွင် တရားစီရင်ရန် ပို့ဆောင်ပေးချိန်တွင် ထိုကဲ့သို့သော ရွှေရောင်အလင်းတန်းအား ယင်အရာရှိတစ်ဦး၏ ကိုယ်ပေါ်တွင် မြင်တွေ့ဖူးခဲ့သည်။
ရှီဟိုင်ဟုန် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ ထိုယင်အရာရှိသည်ကား အသက် ၁၃၊ ၁၄နှစ် အရွယ်ခန့်သာ ရှိပြီး ချောမောသော်လည်း မရင့်ကျက်သေးသည့် မျက်နှာဖြင့် အနည်းငယ် မောက်မာသည်။
ယေဘုယျအားဖြင့် ဝိဉာဉ်များ မြေအောက်ကမ္ဘာသို့ ရောက်ရှိလာချိန်တွင် သူတို့၏ အသွင်အပြင်သည် သေဆုံးစဉ်က အသွင်အပြင်ရှိသည်။
ဆိုလိုသည်မှာ ထိုယင်အရာရှိလေးသည်ကား အသက် ဆယ်နှစ်ကျော်အရွယ်တွင် သေဆုံးပြီးနောက် ရာထူးကြီး ယင်အရာရှိတစ်ဦး ဖြစ်လာခြင်းပင်။
ထိုအချိန်က သူမ အင်မတန် သိချင်စိတ်ကြီးကာ ထိုအရာရှိလေးက အသက်ရှင်စဉ်က အတော်လေးကို ထူးချွန်အောင်မြင်သည့်သူဖြစ်လိမ့်မည်ဟု တွေးမိသည်။
အခြားရင်းနှီးသည့် ယင်အရာရှိများအား လိုက်လံမေးမြန်းပြီးနောက် ထိုအရာရှိငယ်လေး၏ ထူးခြားသော ဝိဉာဉ်ခန္ဓာအကြောင်း သိလိုက်ရသည်။
သို့သော် ယင်အရာရှိ၏ အသံမှာ မကြည်လင်ပါချေ။
“သူက အရင်တုန်းက ရာထူးကြီး မသေမျိုးနတ်ဘုရားတစ်ပါးရဲ့ အောက်က အစေခံလေ၊ သူက ငါတို့လို သာမညဝိဉာဉ်မဟုတ်ဘူး၊ ဒီတော့ သူ မြေအောက်ကမ္ဘာကို ရောက်လာတာနဲ့ အဆင့်မြင့် ယင်အရာရှိငယ် တန်းဖြစ်သွားတာပဲ၊
သူ့ရဲ့ အရင်ဘဝက မသေမျိုးဘဝကြောင့် ငါတို့လို နှစ်တစ်ရာ တရားကျင့်ကြံစရာတောင် မလိုဘူး၊ ဒါပေမယ့် သူက နတ်ဘုရားရဲ့ တောက်တိုမယ်ရ အစေခံမို့သာ တော်,တော့တယ်၊ အပေါက်ဆိုးချက်ပဲ”
နတ်ဘုရား၏ အစေခံကလေးများသည်ကား မသေမျိုးဘဝသို့ ပြန်မသွားနိုင်လျှင်တောင်မှ သူတို့က မြေအောက်ကမ္ဘာတွင် အလုပ်ကောင်းကောင်းရနိုင်သေးသည်။
ရှီဟိုင်ဟုန် ထိုကဲ့သို့ မသေမျိုးနတ်ဘုရား၏ အစေခံကောင်လေးတစ်ယောက်ကို မြင်ဖူးသည်။ သူ၏ အဆင့်သည် ငရဲပြည်မှ သာမန်ကောင်လေးများထက် အဆမတန် မြင့်မားသည်။
မြေအောက်ကမ္ဘာသို့ ရောက်သည်နှင့် တပြိုင်နက် ရာထူးကြီးအရာရှိတစ်ဦး၏ လက်ထောက်ဖြစ်သွားခဲ့သော်လည်း မာနထောင်လွှားသည်ဟု ကြားရသည်။
ယခု နျူနျူ၏ စိတ်ဝိဉာဉ်တွင် မြင်နေရသော ရွှေအိုရောင်အလင်းတန်းသည် သူ ထိုအချိန်က မြင်တွေ့ခဲ့ရသော နတ်ဘုရားအစေခံ ကောင်လေးနှင့် တစ်ပုံစံတည်းပင်!
သူ ဝေခွဲရခက်စွာ ပြောလိုက်သည်။
“ဒီကလေးလေးက နတ်ဘုရားရဲ့ အစေခံကလေးပဲ”
ပညာရှင်နှစ်ယောက်ဆက်တိုက် တစ်ပုံစံတည်း ပြောသွားသောကြောင့် မစ်စ်လျှို့ ပို၍ပင် ပူပန်လာခဲ့သည်။
“နည်းလမ်းတစ်ခုခုများ….”
ရှီဟိုင်ဟုန် ခေါင်းကို ရမ်းသည်။
“ပြောချင်တဲ့အဓိပ္ပာယ်ကို သိပါတယ်။ ဒါပေမယ့် ‘ကြမ္မာချင်းဖလှယ်’တယ်ဆိုတာ ခက်ခဲတဲ့အလုပ်ပဲ၊ သိထားရမှာတစ်ခုက သူတို့ရဲ့ လူ့ခန္ဓာကိုယ်နဲ့ ဝိဉာဉ်နဲ့က သဟဇာတမဖြစ်လို့ အခုလို ဖြစ်နေရတာပဲ”
“ပြီးတော့ တချို့ နတ်ဘုရားအစေခံကလေးတွေက လူ့ပြည်ကို လေ့ကျင့်ဖို့သက်သက်လည်း လာလေ့ရှိတယ်၊ တချို့က လူ့ပြည်ရဲ့ တိုးတက်ချမ်းသာမှုတွေကို သဘောကျလို့ ခိုးဆင်းလာကြတာမျိုးလည်း ရှိတယ်၊ မသေမျိုးနတ်ဘုရားတွေ သိတာနဲ့ သူတို့ကို ချက်ချင်း ပြန်ခေါ်မှာပဲ…”
သူ မစ်စ်လျှို့ နှင့် မစ်စတာဟဲတို့အား ကိုယ်ချင်းစာသည်။ မသေမျိုးနှင့် သေမျိုးများကြားမှ ကြီးမားသော ကွာခြားချက်သည် လူသားတို့၏ စွမ်းအားဖြင့် တားမြစ်၍ မရနိုင်ပေ။
သို့သော် သူမအား မျက်စိလည်စေသည့် အရာတစ်ခုရှိသည်။
နျူနျူသည် ပြင်းထန်စွာ နာမကျန်းဖြစ်နေသည်ဆိုသည့်အချက်မှာ သူမအတွက် ထွက်သွားရတော့မည့် အချိန်ပင်ဖြစ်သည်။
ပြန်ခေါ်ခံရသော ကလေးငယ်အများစုသည် ရုတ်တရက် ပြင်းထန်စွာ သေဆုံးလေ့ရှိပြီး ဝေဒနာအများကြီး ခံစားရလေ့မရှိပေ။
သို့သော် နျူနျူ နေမကောင်းဖြစ်နေသည်မှာ နှစ်ဝက်ကျော်ပြီဖြစ်သည်။
ထိုအဖြစ်အပျက်သည်ကား ‘နတ်ဘုရားအစေခံ’အဖြစ် အစားထိုးခံရပြီးနောက် အခြားကလေးတစ်ယောက်အစား ဝေဒနာခံပေးနေရခြင်းဖြင့်ပင် ဆင်တူသည်။
သို့သော် သေချာ စစ်ဆေးကြည့်ပြီးနောက် ရှီဟိုင်ဟုန်အနေဖြင့် သေချာသည့်အချက်မှာ နျူနျူ၏ ဝိဉာဉ်မှ ထွက်နေသော ရွှေရောင်အလင်းတန်းသည် နျူနျူ၏ ကိုယ်ပိုင်အလင်းတန်းပင်ဖြစ်သည်။
သူမ စိတ်ထဲတွင်တော့ ထူးဆန်းသည်ဟု တွေးမိသော်လည်း မစ်စ်လျှိုကိုတော့ ဤသို့သာပြောနိုင်ခဲ့သည်။
“မတည်မြဲခြင်းရဲ့ တမန်တော်တစ်ယောက်အနေနဲ့ ကျွန်မ ဒီကိစ္စတွေမှာ ဝင်ပြီး စွက်ဖက်လို့ မရပါဘူး၊ မကူညီပေးနိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်”
[ပြောရရင် ဒီနတ်ဘုရားရဲ့ အစေခံတွေက အပြစ်ကို ရှောင်ဖယ်ဖို့အတွက် လူ့ပြည်ကို ဆင်းလာတာဖြစ်ပြီး သေပြီးသွားရင်တော့ မသေမျိုးပြန်ဖြစ်သွားတယ်၊ ကြည့်ရတာ သေခြင်းတရားကလည်း အဆိုးကြီး မဟုတ်လှပါဘူး၊ တကယ့် ဝေဒနာခံစား ရင်ကွဲရမှာကတော့ မိဘနဲ့ ဆွေမျိူးတွေပဲ….]
[ငါသာ အဲ့ကလေးရဲ့ မိဘဆိုရင်လည်း သမီးလေး ကျန်းမာဘေးကင်းဖို့ပဲ ဖြစ်စေချင်မှာပဲ၊ နောက်ဘဝပျော်တာမပျော်တာ အပထား၊ ဒီဘဝက အရေးကြီးတာပဲ]
[ကြည့်ရတာ အကုန်လုံးက ဒီကလေးကို လူ့ပြည်ဆင်းလာတဲ့ နတ်ဘုရားအစေခံလို့ ယုံကြတာပဲ၊ ငါတစ်ယောက်ပဲ လက်တွေ့ကို ယုံပြီး သူ့မှာ ကင်ဆာရှိတာလို့ ထင်နေတာလား?]
[အပေါ်ကတစ်ယောက်၊ ငါလည်း အတူတူပဲ၊ မယုံဘူး။ ဒါပေမယ့် ဒါတွေကြောင့် အံ့ဩထူးဆန်းရတာတော့ အမှန်ပဲ]
[တခြားကစားသမားတွေက မြင်တော့ မြင်ရပေမယ့် ကုကျစ်စုန့်ကပဲ ပြဿနာရှင်းတာပါ။ စုန့်ကျဲ ပေါ်လာတာနဲ့ အားလုံးပြောင်းပြန်ဖြစ်သွားစေရမယ်]
[တကယ်တော့ ဒါရိုက်တာက စုန့်စုန့်ကို အမြဲနောက်ဆုံးမှ ခေါ်တာက သူသာ အစောကြီးပေါ်လာရင် ပြိုင်ပွဲလည်း အစောကြီးပြီးသွားမှာလေ၊
စုန့်ကျဲက သူ့ဘာသာသူ တစ်ယောက်တည်း ဖြေရှင်းနိုင်တယ်။ အခြားပြိုင်ပွဲဝင်တွေ ဘာမှတောင် လုပ်စရာမလိုဘူး]
[ပြိုင်ပွဲဝင်တွေ တစ်ယောက်ချင်းစီက သူတို့ကိုယ်ပိုင်စွမ်းရည်နဲ့ အရည်အချင်းရှိပြီးသားဆိုတာ ပြောစရာကိုမလိုဘူး၊ တစ်ယောက်ချင်းက တော်ကြပါတယ်။ ဒါက ပရိတ်သတ်တွေကို ဆားဗစ်ပေးနေတာ မဟုတ်ဘူး]
‘ကုကျစ်စုန့်က တခြားပြိုင်ပွဲဝင်တွေကို အေးဆေးနိုင်တယ်’ ‘ကုကျစ်စုန့်က သဘာဝလွန်ပညာမှာတော့ နံပါတ်တစ်ပဲ’ စသော မှတ်ချက်များ၊ ဆိုရှယ်မီဒီယာတွင် ပို့စ်အသစ်များ တစ်ခုပြီး တစ်ခုပေါ်လာသည်အား မြင်ရပြီးနောက် ဖန်အစုအဖွဲ့၏ အထာနပ်နေသော ပရိတ်သတ်အစစ်များက တစ်ခုခု မသင်္ကာစရာဖြစ်နေသည်ကို သတိထားမိလိုက်သည်။
ဤစကားများသည်ကား ကုကျစ်စုန့်အား ချီးကျူးရန်မဟုတ်ဘဲ ချောက်ချရန်သာဖြစ်သည်။
သူတို့သည်ကား အခြားပြိုင်ပွဲဝင်များ၏ ပရိတ်သတ်များနှင့် ကုကျစ်စုန့်အား ရန်တိုက်ပေးနေကြခြင်းသာဖြစ်သည်။
ကုကျစ်စုန့်သာ ဒီတစ်ခေါက်ပြိုင်ပွဲတွင် ကောင်းကောင်းမလုပ်နိုင်ပါက အောက်ဆုံးအထိ ထိုးကျသွားမည်ဖြစ်သည်။
ပြာယာခတ်ရန် အလုပ်များနေကြသော ‘ပိုးစာရွက်’ပရိတ်သတ်များမှာ အခြေအနေမကောင်းသည်ကို ခံစားမှုကာ ချက်ချင်း လှုပ်ရှားကြသည်။
တော်တော်ကြာသည်ထိ ဖန်ဂရုအကြီးများနှင့် ပရိတ်သတ်အကြီးများက ချက်ချင်း မကောင်းသူရှာသည့် လှုပ်ရှားမှုများ စတင်ကြသည်။
[ပိုးစာရွက်ငယ်: ကျဲကျဲတို့၊ မိန့်မိန့်တို့။ သတိထားကြပါ! စုန့်စုန့်ရဲ့ အရည်အချင်းကို တိုက်ခိုက်လို့ မရတာနဲ့ အဲ့ဒီ antiတွေက စပြီး ယုတ်မာနေကြပြီ။ သူတို့က စုန့်စုန့်ကို ချီးကျူးတာမဟုတ်ဘဲ စုန့်စုန့်ကို အခြားပြိုင်ပွဲဝင်တွေရဲ့ ပရိတ်သတ်တွေနဲ့ ရန်တိုက်ဖို့ တည်ပေးနေတာပဲ။ သေချာ သတိထားဂရုစိုက်ပြီး သူတို့ ထောင်ချောက်မှာ မမိပါစေနဲ့!]
ထင်သည့်အတိုင်းပင် အင်တာနက်ပေါ်တွင် ကုကျစ်စုန့်အား ချီးကျူး၍ အခြားပြိုင်ပွဲဝင်များအား ကဲ့ရဲ့သည့် ပို့စ်များ၊ မှတ်ချက်များ ချက်ချင်း တက်လာတော့သည်။
ဥပမာ ‘ဒီပြိုင်ပွဲက အခြားပြိုင်ပွဲဝင်မလိုတော့ဘူး’ ‘စုန့်စုန့်က တစ်ယောက်တည်း ဖြေရှင်းနိုင်ပြီးသား’ စသည် စသည်။
ထိုကဲ့သို့ မှတ်ချက်များ မြင်သည်နှင့် ‘ပိုးစာရွက်များ’က ချက်ချင်း တိုက်ခိုက်ကာ black fanများ၏ လုပ်ရပ်အား ဖော်ထုတ်နေကြသည်။
သာမန် ဖြတ်သွားသူများအတွက်တော့ ထိုနည်းလမ်းသည် antiများ၏ နည်းလမ်းဖြစ်ကြောင်း သိသာနေသည်။
သို့သော် အချို့ပြိုင်ပွဲဝင်များ၏ ပရိတ်သတ်များကတော့ သိပ်၍ အမြင်မကြည်လှချေ။
ထိုစကားများသည်ကား သူတို့၏ ကုကျစ်စုန့်အပေါ် အထင်အမြင်အား ပြောင်းလဲစေနိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်များကတော့ ငြိမ်းချမ်းမှုမရှိနေခဲ့ပါချေ။
*