အခန်း (၁၅၃)
Vol. 16 Ch. 153
ကုကျစ်စုန့်၏ ‘ပရိတ်သတ်များ’ မှာ ငွေသုံး၍ မှတ်ချက်များ ရေးနေခဲ့ကာကို လူတော်တော်များများ၏ အမြင်ကို ပြန်ပြည်ပြောင်းလဲလာသည်အား မြင်လိုက်ရပြီးနောက် screen ရှေ့မှ လူ ခပ်မဲ့မဲ့ပြုံးလိုက်သည်။
သူက ပြဿနာအား မီးထွန်းရှာပြီးနောက် သစ္စာရှိပရိတ်သတ်ယောင်ဆောင်ကာ မှတ်ချက်ဧရိယာထဲတွင်လည်း မီးမွှေးလိုက်သေးသည်။
[ဘာလဲ? လူတွေက အခု အမှန်တောင် ပြောလို့မရတော့ဘူးလား? စုန့်စုန့်က အခြားပြိုင်ပွဲဝင်တွေထက် အသာကြီး..! လူတွေက ဘာလို့များ အဲ့လို သာမန်ပညာရှင်တွေကို သဘောကျနေကြမှန်း နားကို မလည်နိုင်ဘူး]
သူမ ထိုပို့စ်အား တင်လိုက်ပြီးသည်နှင့် အောက်တွင် ပြန်စာများ အမြောက်အမြား ဝင်လာခဲ့သည်။
[ဒီက ညီမလေး၊ အဲဒီလို မဟုတ်တာတွေ မပြောဘဲ ဒီမှတ်ချက်ကို ဖျက်လိုက်ပါ။မင်းက စုန့်စုန့်ကို လူမုန်းများအောင် လုပ်နေတာပဲ!]
[မင်း တမင်လုပ်နေတာလား? အမှန်က မင်းက black fanမလား၊ အခြား ကစားသမားတွေကလည်း တကယ့်ပညာရှင်တွေချည်းပဲ။ ဒီလို မဟုတ်မမှန် စကားတွေ မပြောနဲ့]
သူမ ထိုကဲ့သို့ မှတ်ချက်များအား ကျော်သွားပြီးနောက် ဖြတ်သွားဖြတ်လာများနှင့် အခြားကစားသမားများ၏ ပရိတ်သတ်များကိုသာ စာပြန်ကာ မီးဆက်ရှို့နေခဲ့သည်။
ပို၍ ကြီးမားကာ ပြတ်သားသော စကားများကိုပင် ပြောင်း၍ သုံးလာခဲ့သည်။
လုယောင်လင်း: [ကုကျစ်စုန့်ရဲ့ ပရိတ်သတ်တွေက ရိုင်းစိုင်းလိုက်တာ။ မင်းတို့ရဲ့ စုန့်စုန့်ကို နတ်ဘုရားလို့ ထင်နေတာလား? နတ်ဘုရားဆိုရင် လူတွေနဲ့ ရောပြီး ဝင်ပြိုင်နေပါ့မလား?
ရယ်ချင်စရာကောင်းလိုက်တာ။ သူမသာ ဒီကောင်မလေးကို ကယ်နိုင်တယ်ဆိုရင် ငါ ကင်းမြီးကောက်ထောင်ပြီး ခေါင်းလျှော်ပြလိုက်မယ်]
မှတ်ချက်ဧရိယာထဲတွင် စစ်မြေပြင်ဖြစ်နေချိန်၌ တင်ဆက်သူလျှို့မှ နောက်ဆုံးပြိုင်ပွဲဝင် နံပါတ်(၇) ကုကျစ်စုန့်အား ဆေးရုံခန်းသို့ ဝင်လာရန် ခေါ်လိုက်သည်။
ကုကျစ်စုန့်ကတော့ နားနေချိန်များအား အဝါရောင်စက္ကူရုပ် တုန်ယင်းထံမှ သရုပ်ဆောင်ပညာရပ်ကို သင်ယူနေခဲ့သည်။
ပရိုဂရမ်အဖွဲ့မှ သူမအား စင်ပေါ်သို့ တက်ရန် ပြင်ဆင်ဖို့ ပြောလိုက်ချိန်တွင် သူမသည်ကား အင်မတန်မှ စိတ်ခံစားချက်ပြင်းထန်သည့် အခန်းတစ်ခုအား လေ့ကျင့်ပြီးချိန်ဖြစ်သည်။
အလောတကြီး ရိုက်ကူးရေးသို့ လာရသောကြောင့် သူမ၏ ဇာတ်ကောင်စရိုက်မှ သေချာ ပြန်မပြောင်းလိုက်နိုင်ပေ။ ထို့ကြောင့် သူမ ဇာတ်ကောင်အတွက် တမင်ထုတ်လွှင့်ထားသော မာန်နှင့် အရှိန်အဝါတို့ ကျန်ရစ်နေသေးသည်။
သူမသည်ကား လှပသော ဝတ်ရုံများ၊ သေချာပြင်ဆင်ထားသော မိတ်ကပ်လည်းမပါဝင်သလို၊ ဆံပင်ရှည်များအားလည် ပုခုံးပေါ်တွင် ခပ်လျော့လျော့သာ စည်းနှောင်ထားသော်လည်း မြင်လိုက်ရသူတိုင်းအား အသက်ရှူမှားသွားစေနိုင်သည့် အလှမျိုး ပေါ်လွင်နေခဲ့သည်။
သူမ မော့ကြည့်ကာ မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ?”
“ဘာမှ မဖြစ်ပါဘူး။ စုန့်စုန့်က ဒီနေ့ အရင်နေ့တွေနဲ့ မတူဘဲ နည်းနည်း ထူးခြားနေတယ်လို့ ခံစားရလို့ပါ”
ဇာတ်ညွှန်းအား ဖတ်ပြလိုက်ပြီးနောက် တင်ဆက်သူလျှို့ သူ၏ ခုံအား ကုကျစ်စုန့်ကို ပေးလိုက်သည်။
ကုကျစ်စုန့် ရောက်လာသည်အား မြင်ရပြီးနောက် မစ်စ်လျှို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။
သူမ ယခင်အပိုင်းများ၌ ပြိုင်ပွဲကို ယှဥ်ပြိုင်ခြင်းအား ကြည့်ရှုခဲ့ပြီးနောက်တွင် သူသည်လည်း အွန်လိုင်းပေါ်မှ ကြည့်ရှုသူ အများစုကဲ့သို့ပင် စိတ်ထဲတွင် ကုကျစ်စုန့်သည်သာ စွမ်းအားအကြီးဆုံးပြိုင်ပွဲဝင်ဟု ကြိတ်၍ ယုံကြည်ထားသည်။
ကုကျစ်စုန့်ကတော့ တစ်ချက်ကြည့်လိုက်ရင်း စကားစသည်။
“ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်က လုံးဝကို ယိုယွင်းနေပြီပဲ။ သူမရဲ့ အသက်ရှုသံကလည်း မရှင်းလင်းဘူး။ ခန္ဓာကိုယ်အတွင်းထဲက အင်္ဂါတွေ တစ်ခုခုယိုယွင်းနေပြီး စိုးရိမ်ရတဲ့ အဆင့်ပဲ”
“သူမရဲ့ကိုယ်ပေါ်မှာတော့ ဝိဉာဉ်ကုသခြင်းအငွေ့အသက်တွေ ကျန်နေသေးတယ်။ ပိုင်စစ်က ကုပေးထားတာလား?”
သူမ ပိုင်စစ်၏ နာမည်ကို တိုက်ရိုက်ပြောလိုက်ခြင်းပင်။ ပရိုဂရမ်အဖွဲ့ကသာလျှင် သူမသည် အခြားပြိုင်ပွဲဝင်များနှင့် အဆက်အသွယ်မရှိသလို ပြင်ပလောကနှင့်လည်း အဆက်အသွယ်မရှိကြောင်း အတည်ပြုမထားနိုင်ပါက သူမသည်က အစီအစဉ်အား တိုက်ရိုက်ကြည့်နေသည်ဟုပင် အထင်မှားနိုင်စရာဖြစ်သည်။
ကုကျစ်စုန့်က အေးဆေးညင်သာစွာ ဆက်ပြောသည်။
“ပိုင်စစ်ရဲ့ ကုသမှုပြီးတာတောင်မှ သူ့ရဲ့ အသက်နန်းတော်- တောင်ခြေနဲ့ ယင်တန်နဲ့ ဆက်သွယ်တဲ့နေရာက မီးခိုးရောင်မည်းနေတုန်းပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ သေဆုံးခြင်းရဲ့ လက္ခဏာပဲ”
“ဘာကြောင့်ဖြစ်ရတာလဲ? ဖြေရှင်းဖို့ နည်းလမ်းရော ရှိနိုင်မလားဟင်?”
ရှီဟိုင်ဟုန်သည်က နျူနျူ၏ ဝိဉာဉ်အား မြင်နိုင်သကဲ့သို့ ကုကျစ်စုန့်သည်လည်း သူမ၏ စိတ်ဝိဉာဉ်အာရုံခံနိုင်စွမ်းအား အသုံးပြုကာ ပထမဆုံးကြည့်လိုက်မိချိန်တွင် သူမသည် နျူနျူ၏ ရွှေရောင်ဖျော့ဖျော့ ဝိဉာဉ်ကြောင့် အံ့ဩသွားရသည်။
သူမ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“နတ်ဘုရားရဲ့ အစေခံတစ်ယောက်အနေနဲ့ သူမက သေဆုံးခြင်းကို ရင်ဆိုင်ရမှာပဲ။ ရှင်သန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ‘သူများနဲ့ အစားထိုးတဲ့နည်းလမ်း’ပဲ”
ဤတစ်ကြိမ်တွင်တော့ မစ်စ်လျှို့နှင့် မစ်စတာဟဲတို့ မျှော်လင့်ချက်မဲ့သွားကြသည်။
ကုကျစ်စုန့် မျက်မှောင်ကျုတ်ကာ ဆေးရုံကုတင်နားသို့ လျှောက်သွားလိုက်ပြီး နျူနျူအား သေချာစိုက်ကြည့်လိုက်သည်။ မျက်စ,ပင့်ထားသော သူမ၏ မီးငှက်မျက်လုံးများသည် လူများအား ခန္ဓာအတွင်းထိ ဖောက်တွင်းကြည့်နေဟန် ပေါ်သောကြောင့် နျူနျူ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။
သူမ၏ သွယ်လျသော လက်ချောင်းရှည်များဖြင့် ကလေးငယ်၏ မည်းမှောင်နေသော ဝိဉာဉ်ချုပ်အား နှစ်ကြိမ်ထိတွေ့လိုက်ပြီး ရင်ထဲမှပင် အဖြေမရှာနိုင်၊ တွေဝေနေခဲ့သည်။
“ဒီကောင်မလေး ဘာလို့ အခုထိ အသက်ရှိနေသေးတာလဲ?”
တင်ဆက်သူလျှို့ ချောင်းဟန့်ကာ သူမအား ကင်မရာရှေ့တွင် စိတ်ထဲရှိသမျှ စကားအကုန်မပြောရန် သတိပေးလိုက်သည်။
ကုကျစ်စုန့် လက်ကို ခါရင်း:
“ငါ သူ့ရဲ့ အသက်နန်းတော်နေရာက ဝိဉာဉ်မီးတောက်ကိုကို စစ်ဆေးပြီးပြီ။ သူမရဲ့ အရင်ဘဝတုန်းက ‘သဘာဝနတ်ဘုရား’ရဲ့ အစေခံဖြစ်ခဲ့တာပဲ။ သူ့ကိုသာ ပြန်ခေါ်ခံရတယ်ဆိုရင် သူ့ရဲ့ ဝိဉာဉ်က သုံးရက်အတွင်း ခန္ဓာကို စွန့်ရလိမ့်မယ်”
‘သဘာဝနတ်ဘုရား’များဆိုသည်မှာ တောက်မှ သဘာဝဆန်စွာ ကွဲပြားဆင်းသက်လာသော နတ်ဘုရားများဖြစ်ပြီး သူတို့သည်က လူသားမသေမျိုးနတ်ဘုရား၊ တစ္ဆေမသေမျိုးနတ်ဘုရားနှင့် တိရိစ္ဆာန်မသေမျိုးနတ်ဘုရားတို့ထက် အဆင့်မြင့်သည်။
ဥပမာ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားနှင့် အိမ်ထောင်ရေးနတ်ဘုရားတို့ ဖြစ်သည်။
‘သဘာဝနတ်ဘုရားများ’၏ စောင့်ရှောက်မှုအောက်တွင်ရှိသော အပါးတော်ကလေးငယ်များ၏ အဆင့်သည်လည်း မြင့်မားကာ အရေအတွက်အကန့်အသတ်လည်း ရှိသည်။
သူမသာ မြေအောက်ကမ္ဘာ သို့မဟုတ် သက်ရှိကမ္ဘာသို့ ခေတ္တနယ်နှင်ခံရပါက သေချာပေါက် ပြန်ခေါ်ခံရမည်ဖြစ်သည်။
နျူနျူ၏ ရောဂါတာရှည်နေခြင်းမှာ အဓိပ္ပာယ်မရှိသည့် ကိစ္စပင်။
သို့သော် သူမ၏ ဝိဉာဉ်မီးတောက်အရ သူမသည်က အမှန်တကယ်လည်း နတ်ဘုရားအစေခံတစ်ဦးဖြစ်သည်။
ကုကျစ်စုန့် သူမ၏ ဖီးနစ်ငှက်မျက်လုံးများအား မှေးစင်းကာ အာရုံစူးစိုက်လိုက်သည်။ သူမ တစ်ခုခုအား ကျော်သွားမိသည်ဟု ခံစားနေရသော်လည်း တော်တော်ကြာသည်ထိ စဉ်းစား၍မရပေ။
သူမ၏ ရှေးအကြွေစေ့များအား ထုတ်ကာ ခန့်မှန်းချက်များ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိ။ ထို့နောက် နျူနျူ၏ ဇာတာရှစ်လုံးနှင့် နတ်ဘုရားဆယ်ပါးတို့အား စစ်ဆေးကြည့်လိုက်သည်။
ရှေးအခါက နတ်ဘုရား၏ အစေခံအစစ်ဟုတ်မဟုတ် စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခုရှိသည်။ ကံကြမ္မာသည် နွေဦး သို့မဟုတ် ဆောင်းဦး(လအစဉ်လိုက်တွက်ချက်၍)တွင် မွေးဖွားမည်ဆိုပါက နေ့အချိန် သို့မဟုတ် နာရီအချိန်ပိုင်းသည် ယင် သို့ ဇီ နေ့များတွင် ဖြစ်ခြင်း။
မွေးဖွားချိန်သည် ဆောင်းတွင်း၊ နွေရာသီတို့တွင်ဆိုပါက နေ့အချိန် သို့မဟုတ် နာရီအချိန်ပိုင်းသည် မောင်၊ ဝေ့ နှင့် ချန်း အချိန်တွင် ဖြစ်ခြင်း။
နှစ်၏ မာန်တိုင်သည် ရွှေ သို့မဟုတ် သစ်သားဖြစ်ပါက နေ့အချိန် သို့မဟုတ် နာရီအချိန်ပိုင်းသည် ဝူ သို့မဟုတ် မောင် တို့ ဖြစ်ခြင်း။
နှစ်၏ မာန်တိုင်သည် ရေ သို့မဟုတ် မီးဖြစ်ပါက နေ့အချိန် သို့မဟုတ် နာရီအချိန်ပိုင်းသည် ယို သို့ ရှု့ တို့ ဖြစ်ခြင်းတို့ ဖြစ်သည်။
နျန်မာန်တိုင်၏ နာယင်သည် မြေ၏ မင် ဖြစ်ကာ နေအချိန်ပိုင်းသည် ချန် သို့မဟုတ် စီ ဖြစ်သည်။
နက္ခတ်ဗေဒင်အရ နျူနျူသည်က အောက်တိုဘာလ၏ ရွှေရောင်နွေဦးအချိန်တွင် မွေးဖွားခြင်းဖြစ်သည်။
မွေးလနှင့် နေ့အချိန်ပိုင်းတို့သည် ကျား၊ ယင်နှင့် ဇီ အချိန်ပိုင်း သုံးခုဖြစ်သည်။
ထို့အပြင် သူမ၏ ဓာတ်ကြီးငါးပါးသည်လည်း ရေနှင့် မြေဖြစ်ကာ ရွှေနှင့် သစ်သားဓာတ်တို့ မရှိ။ လ၏ လက်တံ၊ နေ၏ လက်တံနှင့် ယီ၊ မောင်နှင့် ဝေ့တို့၏ လက်တံသုံးခုတို့မှာလည်း ယှက်နွယ်နေသည်။
အဓိပ္ပာယ်မှာ သူမသည်က အမှန်တကယ် ‘နတ်ဘုရား၏ အစေခံ’တစ်ဦးဖြစ်သည်။
လူအများကြားတွင် နေထိုင်သည့် ‘နတ်ဘုရားအစေခံကလေးများ’သည် အမြဲလိုပင် မှား၍ နာမည်တပ်ခံရကာ တစ်ခါတစ်ရံ အင်မတန်ရှားပါးသော ‘အရိပ်ကလေးငယ်’အဖြစ် မှားယွင်းသမုတ်ခံရတတ်သည်။
ကုကျစ်စုန့်ကတော့ သူမ၏ စိတ်အထင်ကို ယုံကြည်သည်။
သူမ၏ စိတ်ဝိဉာဉ်သည် မြေကမ္ဘာမသေမျိုးများ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဝိဉာဉ်စွမ်းအင်များအား အာရုံခံနိုင်ကာ သူမ၏ စိတ်အထင်သည်လည်း မှားယွင်းလေ့မရှိချေ။
နျူနျူသည်က သူမ အသက်ပြန်ရှင်လာပြီးနောက် ပထမဆုံးကြုံရသည့် ခေါင်းရှုပ်စရာကိစ္စဖြစ်သည်။
သူမ ပို၍ပင် စိတ်ဝင်စားလာကာ နျူနျူ၏ မိဘများကို စစ်ဆေးကြည့်မိသည်။
ထိုစစ်ဆေးချက်မှ သူမ တစ်စုံတစ်ခုအား ရှာတွေ့လိုက်သည်။
ကုကျစ်စုန့် စိတ်ဓာတ်ကျနေသည့် မစ်စ်လျှို့၏ မျက်နှာအား အချိန်တော်တော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
“မစ်စ်လျှို့၊ ရှင့်ရဲ့ မိဘတွေက ဆုံးပါးသွားပြီ။ ရှင့်မှာ မောင်နှမသားချင်းလည်း မရှိဘူး။ ဒီတော့ ရှင့်ရဲ့ တစ်ခုတည်းသော ဆွေမျိုးရင်းချာက ခင်ပွန်းနဲ့ သမီးပဲရှိတယ်”
မစ်စ်လျှို့ ကုကျစ်စုန့်အား လှမ်းကြည့်ရင်း ဖြည်းညင်းစွာ ခေါင်းငြိမ့်သည်။
သူမဘဝတွင် အကြီးမားဆုံး နောင်တမှာ မိဘနှစ်ပါးလုံး စောစီးစွာ ဆုံးပါးသွားခြင်းသာ ဖြစ်သောကြောင့် သူမ၏ လက်ရှိမိသားစုသည်က သူမဘဝ၏ အရေးကြီးဆုံးလူများဖြစ်ကြသည်။
သူမနှင့် ခင်ပွန်းသည်တို့သည် လက်ထပ်ပြီးနောက် ချစ်ခင်ကြသော်လည်း သူမအတွက်တော့ နျူနျူလေးသည်က သူမ၏ တစ်ဦးတည်းသော သွေးသားရင်းဖြစ်ကာ ဤကမ္ဘာတွင် အရေးကြီးဆုံးလူသားလည်းဖြစ်သည်။
ထို့ကြောင့် နျူနျူ နာမကျန်းဖြစ်ချိန်တွင် သူမသည် သမီးငယ်အား ခေါင်းမာစွာ ဆေးကုသပေးနေခဲ့ခြင်းပင်။
ကုကျစ်စုန့် သေချာစဉ်းစားပြီး ဆက်ပြောသည်။
“နားလည်ပါတယ်။ သမီးနဲ့ ခင်ပွန်းကလွဲပြီးတော့ နောက်ထပ် ရှင့်ဘေးမှာ ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်မဟုတ်လား?
သူက ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်လားတော့ မသိဘူး။ ရှင်တို့ရဲ့ ဆက်ဆံရေးက လေးနက်တယ်။ ဒါပေမယ့် အဲဒီလူနဲ့ ရှင် သိပ်ပြီးတော့ အရောတဝင် မပေါင်းသင့်ဘူး။
ရှင့်မျက်နှာပေါ်က မြင်နေရတာတော့ သူက ရှင့်အတွက် သူငယ်ချင်းကောင်းမဟုတ်ဘူး”
နျူနျူ၏ မျက်နှာတွင် သိပ်မမြင်ရသော်လည်း မစ်စ်လျှို့၏ မျက်နှာမှ မြင်နေရသည်မှာ သူမသည် ဆိုးရွားယုတ်မာသည့် လူတစ်ယောက်နှင့် ဆုံခဲ့ရကြောင်းပင်။
ကုကျစ်စုန့် စကားအား ကြားရပြီးနောက် မစ်စ်လျှို့၏ စိတ်ထဲတွင် လူတစ်ယောက်ပေါ်လာခဲ့သည်။
သူမ ချက်ချင်းငြင်းဆိုလိုက်သည်။
သူမ၏ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းကို ကြည့်၍ ကုကျစ်စုန့် အတပ်ပြောနိုင်လိုက်သည်။
“စိတ်ထဲမှာ ထင်မိတဲ့သူ တစ်ယောက်ရှိနေတာပဲ”
“ဟင့်အင်း…”
မစ်စ်လျှို့ ငြင်းဆန်စကားဆိုသည်။
“ကျွန်မမှာက အပေါင်းအသင်းသိပ်မရှိဘူးလေ။ ကုတောက်ကျန့်ပြောသလို ကျွန်မကို ခဏခဏဆက်သွယ်ပြီး ဆက်ဆံရေးကောင်းတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။
ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် သိတာလည်း ကြာပါပြီ။ သူမကို ကျွန်မ ကလေးဘဝတည်းက သိတာ။ မိသားစုကလွဲရင် ကျွန်မအတွက်တော့ အရေးကြီးဆုံးလူပါပဲ။ သူမက လူဆိုး မဖြစ်နိုင်ပါဘူးရှင်”
ကုကျစ်စုန့် မျက်ခုံးပင့်ကာ စကားထောက်သည်။
“လောကကြီးမှာ ဘယ်အရာကိုမှ ပုံသေတွက်ထားလို့ မရဘူးနော်”
မစ်စ်လျှို့ကတော့ သေချာသည်။
“အမှန်ပါ၊ ကျွန်မရဲ့ သူငယ်ချင်းက ကျွန်မအပေါ်ရော၊ သမီးလေးအပေါ်မှာပါ အရမ်း..အရမ်းကို ကောင်းတာပါ”