နစ်နာကြေး(2)
Vol. 16 Ch. 155
“အဲဒီအချိန်တုန်းက ရှင်တို့ မိသားစုမှာ ဘာပြဿနာမှ မရှိသေးဘူး။ မိသားစုအခြေအနေကလည်း အဆင်ပြေတယ်။ နေထိုင်စားသောက်ပုံစံတွေကလည်း သာမန်ကျောင်းသားတွေထက်တော့ အဆင့်မြင့်တယ်လို့ ပြောလို့ရတယ်။
ရှင်က ရှင့်ရဲ့သူငယ်ချင်း ကျပ်တည်းမှန်းသိတော့ အမြဲတမ်း သူမကို ဂရုစိုက်ပေးချင်တယ်။ အပြင်ကို ထွက်လည်ကြတိုင်းလည်း ရှင်ပဲ ငွေရှင်းလေ့ရှိတယ်”
ထိုစကားများအား ကြားလိုက်ရချိန်တွင် မစ်စ်လျှို့ အနည်းငယ်တော့ အံ့ဩသွားသည်။ ကုကျစ်စုန့် ပြောစကားများမှာ သူတို့၏ ငယ်ဘဝနှင့် တစ်ထပ်တည်းပင်။
သူငယ်ချင်းဖြစ်သူ၏ မိသားစုသည်ကား အမှန်လည်း ဆင်းရဲလှသည်။ သူမ ကောလိပ်တက်နေစဉ်ကဆိုလျှင် တစ်လကို အသုံးစရိတ် ယွမ်၆၀၀သာ ပေးနိုင်သည်။
ထိုအချက်ကြောင့်ပင် သူမသည်က အပြင်သွားတိုင်း သူငယ်ချင်းပိုက်ဆံကိုတောင်းရမည်အား အားနာမိခဲ့သည်။
သူမ တောင်းလိုက်လျှင် သူငယ်ချင်း၏ အသုံးစရိတ်ပြတ်သွားပြီး စားစရာမရှိတော့မည်ကို စိတ်ပူခဲ့မိသည်။
သူတို့သည်က အထက်တန်းကျောင်းတည်းက သူငယ်ချင်းများဖြစ်ကြသည်။ ယခုအချိန်တွင် သူငယ်ချင်းဖြစ်သူက နျူနျူလေး၏ ဆေးရုံစရိတ်ရှင်းရန် ငွေချေးပေးချိန်တွင် ပြောလေ့ရှိသည်။
‘နင်က အမြဲတစေ ငါ့ကို ကူညီခဲ့တာလေ။ အခု ငါ့မှာ နင့်ကို ကူညီဖို့ ငွေရှိနေတဲ့အချိန်မှာ ပြန်ကူညီတာကို ဘာလို့ လက်မခံနိုင်ရမှာလဲ?’
မစ်စ်လျှို့ တိတ်တိတ်လေး ဆက်နားထောင်နေခဲ့မိသည်။
“ရှင့်သူငယ်ချင်းရဲ့ လက်ရှိယောကျားက အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်ပဲ။ သူ့မှာ စီးပွားရေးလုပ်ငန်းအကြီးတစ်ခု ရှိပြီး ငွေလည်း တော်တော်ချမ်းသာတယ်။
ရှင့် သူငယ်ချင်းကတော့ အခု အိမ်ထောင်ရှင်မ လုံးလုံးဖြစ်နေပြီ၊ ဒါပေမယ့် သူတို့က လိုက်ဖက်တဲ့အတွဲတော့ မဟုတ်ဘူး။ ရှင့်သူငယ်ချင်း လက်ထပ်တဲ့အချိန်တုန်းက သိပ်ပြီး အဆင်မချောသလို ပြဿနာသေးသေးလေးတွေလည်း ဖြစ်ခဲ့သေးတယ်”
ကုကျစ်စုန့် အသံက အေးစက်နေသော်လည်း မစ်စ်လျှို့မျက်နှာကတော့ ရှက်စိတ်ကြောင့် ပူထူနေခဲ့သည်။
သူမ သူငယ်ချင်း၏ အချစ်ဇာတ်လမ်းသည်ကား ရွှေရောင်တောက်နေသည့် အိမ်ထောင်ရေးမဟုတ်ကြောင်း သူမ စိတ်ထဲတွင် သိနှင့်နေပြီးဖြစ်သည်။
သူမ ကောလိပ်တတိယနှစ် တက်ချိန်တွင် မိသားစုလေး ပြိုလဲသွားရသည်။ မိဘနှစ်ပါးလုံးကွယ်လွန်သွားပြီးနောက် မိသားစုအခြေအနေမှာလည်း ထိုးကျသွားခဲ့သည်။
သူမ၏ ကျူရှင်စရိတ်နှင့် နေထိုင်စရိတ်တို့အား ရှင်းနိုင်ရန် အချိန်ပိုင်းအလုပ်များ လုပ်ကာ အလုပ်ရှုပ်နေခဲ့သည်။ သူမ အပြင်ထွက်ချိန်လည်း အင်မတန်နည်းသွားခဲ့သည်။
ထိုအချိန်က သူငယ်ချင်းဖြစ်သူသည်ကား ငွေကြေးချမ်းသာလာကာ ဝတ်ပုံ၊စားပုံနှင့် နေပုံထိုင်ပုံတို့သည်လည်း ပြောင်းလဲနေပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။
သူမ မေးလိုက်မိချိန်တွင် သူငယ်ချင်းဖြစ်သူ၏ အဖြေမှာ သူမတွင် ငွေချမ်းသာသည့် ရည်းစားတစ်ယောက်ရနေပြီဟုသာ ဖြစ်ခဲ့သည်။
သူငယ်ချင်းတစ်ယောက် ချစ်သူထံမှ ငွေများ ဖြုန်းတီးနေသည်ကို သူမ မနှစ်သက်သော်လည်း ကိုယ်ကိုယ်တိုင် အလုပ်ရှုပ်နေခဲ့သောကြောင့် သူငယ်ချင်းအား ဂရုစိုက်ချိန်ပင် မရှိခဲ့ပေ။
သူမ ဘွဲ့ရကာနီးအထိ မသိခဲ့သည်အချက်မှာ သူငယ်ချင်း၏ ချစ်သူသည် အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ကာ သူမတို့ထက် အသက် ဆယ်နှစ်ကျော်ကြီးသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်းပင်။
ထိုယောင်္ကျားသည်ကား အိမ်ထောင်တစ်ခါကျဖူးကာ သမီးတစ်ယောက်လည်းရှိသည်။ ထိုသမီးက သူမ၏ သူငယ်ချင်းအား သိပ်၍ မနှစ်သက်သောကြောင့် အိမ်ခြံမြေအကျိုးဆောင်သည်လည်း သူမအပေါ် မည်သို့ ကတိကဝတ်မှ မထားခဲ့ပေ။
မစ်စ်လျှို့ကတော့ ထိုဘဝသည် မသေချာ၊မရေရာဟု တွေးမိကာ သူငယ်ချင်းအား ချစ်သူနှင့် လမ်းခွဲရန် တိုက်တွန်းခဲ့ဖူးသော်လည်း တစ်ဖက်မှ နားမဝင်ခဲ့ပေ။
မစ်စ်လျှို့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိချိန်တွင် သူငယ်ချင်းသည်လည်း သူမနှင့် အတူ တစ်ချိန်တည်း ကိုယ်ဝန်ရနေကြောင်း သိလိုက်ရသည်။ သို့သော် အိမ်ခြံမြေအကျိုးဆောင်ကတော့ သူငယ်ချင်းအား လက်ထပ်မယူခဲ့ပါချေ။
ဓာတ်မှန်ရိုက်ပြီး၍ ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်ကြောင်း သိရပြီးမှသာလျှင် ထိုသူဌေးက သူငယ်ချင်းနှင့် လက်မှတ်ထိုးကာ လက်ထပ်ခဲ့သည်။
ရိုင်းရိုင်းပြောရလျှင် ထိုသူဌေးသည် မကောင်းမှုနှင့် အကျိုးပေးသည်ဟု ပြောရမည်။
ဆေးရုံတက်နေချိန်တွင် မစ်စ်လျှို့နှင့် ထိုသူဌေးတို့ ခဏခဏတွေ့ဖူးကြသည်။
သူက အိမ်ခြံမြေအကျိုးဆောင်သည် လုပ်ငန်းများအကြောင်းသာ ပြောနေတတ်ပြီး သူမ၏အမျိုးသား ရှေ့နေနှင့် သူမတို့အား အာရုံထဲတွင် သိပ်မထား။ ထိုလူနှုတ်ထွက်မှ ကြားရသည်မှာ သူသည်ကား မှီခိုဆောက်လုပ်ရေးလုပ်သားများ၏ သွေးချွေးများနှင့် ရှာဖွေထားသော လုပ်အားခများလည်း မပေးကြောင်းကိုပင်။
ထို့ကြောင့် ရှေ့နေတစ်ဦးဖြစ်သူ ခင်ပွန်းသည်ကတော့ သူ့အား မနှစ်သက်ခဲ့ချေ။
နောက်ပိုင်းတွင်လည်း ကလေးနှစ်ယောက်မွေးဖွားပြီးနောက် မစ်စ်လျှို့အနေဖြင့် သူငယ်ချင်းက သူမနှင့် သီးသန့်ဆန်လာနေကြောင်း ခံစားနေခဲ့ရသည်။
နှစ်ဝက်လောက်ထိ အဆက်အသွယ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သွားခဲ့သည်။
သူငယ်ချင်းသည်ကား သူမ၏ အပေါင်းအသင်းများအား ဇိမ်ခံကားများနှင့် လက်ဝတ်ရတနာများ လက်ဆောင်ပေးနေသည်ကိုလည်း မြင်တွေ့နေခဲ့ရသည်။
ခင်ပွန်းသည်၏ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကလည်း ပို,ပို၍ အောင်မြင်တိုးတက်လာကာ သူမ၏ ဘဝသည်လည်း ပို,ပို၍ ကောင်းလာခဲ့သည်။
ထိုအချိန်က မစ်စ်လျှို့ကတော့ သူငယ်ချင်းဆိုသည်မှာ တွေ့ဆုံ၊ကြုံတွေ့ရပြီးလျှင် ခွဲရစမြဲဟုတွေးကာ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့သည်။
သူငယ်ချင်းနှင့် သူမ၏ ကြားက ဘဝသည်လည်း ကွာခြားလွန်းနေပြီဖြစ်သော်ကြောင့် သူတို့ ခဏခဏ မတွေ့နိုင်တော့သည်မှာ မထူးဆန်းလှချေ။
မမျှော်လ့င့်ထားစွာ လွန်ခဲ့သည့်တစ်နှစ်၊နှစ်နှစ်ခန့် အကြာက သူငယ်ချင်းဖြစ်သူမှ ပြန်လည်ဆက်သွယ်လာခဲ့ပြီး သူတို့၏ ရင်းနှီးမှုလည်း ပြန်အသက်ဝင်လာခဲ့သည်မှာ ယခုအချိန်ထိပင်။
မစ်စ်လျှူ ပြန်စဉ်းစားမိပြီး တွေဝေသွားမိပြန်သည်။
သူတို့ မိသားစုတွေ ဘယ်လိုကြောင့် ပြန်ပြီး ဆက်သွယ်မိသွားတာပါလိမ့်?
သူမ မှတ်မိသလောက်တော့ သူငယ်ချင်းက သူမအား ဆက်သွယ်ကာ အကြာကြီးလာမရှာ၊လာမတွေ့သည့်အတွက် အပြစ်တင်စကားဆိုလာပြီး အိမ်တွင် ကိစ္စတစ်ခုခုရှိလားဟု မေးလာခဲ့သည်။
သူတို့ကြားတွင် အဆက်အသွယ်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။
တစ်ဖက်လူ၏ အပြစ်တင်စကားအား ကြားလိုက်ရပြီးနောက် မစ်စ်လျှို့ အနည်းငယ်တော့ ရှက်သွားသည်။
သူမက သူငယ်ချင်းဖြစ်သူ၏ ဝီချက် moment များကို ကြည့်ကာ အလုပ်ရှုပ်နေသည်ဟု ခံစားမိကြောင်း၊ ခရီးသွားရ၊ ပြပွဲများ တက်ရနှင့် ဈေးဝယ်ထွက်ရခြင်းတို့ဖြင့် အချိန်မရှိပုံပေါ်ကြောင်း၊ သူမဆက်သွယ်လိုက်ပါက သူငယ်ချင်းအတွက် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်မိကြောင်း ပြောပြခဲ့သည်။
‘အိုး၊ ငါက ဘာတွေနဲ့ အလုပ်ရှုပ်ရမှာလဲ? အဲ့ဒီအပေါ်ယံအသိုင်းအဝိုင်းတွေက အပြင်လူတွေပါဟာ၊ မတိုင်ခင်တုန်းက ငါ စိတ်ပူနေခဲ့ရတာ၊ ငါ့သားကလေ ၃ရက်တစ်ခါလောက်ကို ဖျားနေခဲ့တာ။ ပြီးခဲ့တဲ့ လကဆိုရင် တော်တော်ကို ဆိုးဆိုးဖြစ်ခဲ့တယ်၊
တော်သေးတာက သူ့ရဲ့ကျန်းမာရေးက အခုတော့ ပြန်ငြိမ်သွားပြီ၊ ငါ့မှာလည်း အချိန်နည်းနည်းပိုနေတာဆိုတော့ နင့်ကို ဆက်သွယ်ချင်နေတာ၊
သူငယ်ချင်းအရင်းတွေကို နင်က တကယ်ကို သွေးအေးလွန်းတာပဲ၊ နည်းနည်းလေးတောင် စ,ပြီး ဆက်သွယ်ဖို့ မရဘူး၊ နင့်ရဲ့သမီးလေးရော ဘယ်လိုရှိလဲ?”
မစ်စ်လျှို့အနေဖြင့် နျူနျူနှင့် တစ်ရက်တည်းမွေးသော ကောင်လေးအား ချူချာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူငယ်ချင်း၏ အပြစ်တင်စကားကြောင့် အနည်းငယ်လည်း ရှက်မိကာ ကလေးများအကြောင်းကို ပြောရင်း၊ ဆွေးနွေးရန် ချိန်းလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် အဆက်အသွယ်ပြန်လုပ်ဖြစ်ကာ ကလေးငယ်နှစ်ယောက်ကိုလည်း တွေ့ဆုံစေခဲ့သည်။ သူတို့သည်ကား ကျောင်းတက်တုန်းကထက်ပင် ပို၍ ရင်းနှီးလာသကဲ့သို့ပင်။
ထိုအချိန်တွင် ကုကျစ်စုန့် ဆက်ပြောသည်။
“သူမရဲ့ မျက်နှာအရဆိုရင် သူမရွေးချယ်ခဲ့တဲ့ ဖြတ်လမ်းတိုတွေက မကောင်းမှုစွမ်းအားတွေနဲ့ ရောယှက်နေတယ်၊ အဲဒီ မကောင်းမှုတွေက ငယ်စဥ်တုန်းကတော့ မဟုတ်ဘူး၊ သူမရဲ့ ကံကြမ္မာအသွားအလာအရ သက်လတ်ပိုင်းအရွယ်နဲ့ ဘဝနောက်ဆုံးချိန်တွေက အရမ်းကို မျှော်လင့်ချက်မဲ့ပြီး အထီးကျန်ရလိမ့်မယ်၊
သူ့မရဲ့ နာကျင်မှုတွေနဲ့ စုဆောင်းထားတဲ့ လက်ဖျားကငွေသီးမှုတွေကိုလည်း အကုန်ဆုံးရှုံးလိုက်ရလိမ့်မယ်။
သူမရဲ့ စိတ်သဘောထားက သေးသိမ်ပြီး မကောင်းတဲ့ စရိုက်ရှိတယ်၊ အဲဒါက ကလေးတွေအတွက် ကောင်းကျိုးမရှိဘူး။ ယေဘုယျအားဖြင့် ပြောရရင် အဲဒီလို မျက်နှာကျမျိုးက ကလေးကို တည်မြဲနိုင်တဲ့ လူမျိုးမဟုတ်ဘူး”
“ဒါပေမဲ့ အခု သူမရဲ့ကံကြမ္မာမှာ ကလေးလမ်းကြောင်းက စွမ်းအားကောင်းပြီး ထင်းနေတယ်၊ ပြတ်တောက်မယ့်ပုံစံမျိုးလည်း မရှိဘူး၊
ပြောရတာ ခက်ခဲပေမဲ့ တစ်ခုခု ပြောင်းလဲသွားလို့ပဲ”
မည်သူမှ မိမိ၏ကံကို ပိုဆိုးအောင် ပြောင်းလဲလိမ့်မည်မဟုတ်ချေ။
သူမ ငယ်စဉ်က ဓာတ်ပုံများထဲတွင်မြင်ရသော သူမ၏ ကံကြမ္မာအား သက်ရောက်နေသည့် နေရာများသည် ပြောင်းလဲခံထားရပြီး ဖြစ်နေသည်။
သူမသည်က အမြဲတစေ သားသမီးမထွန်းကားနိုင်သည့် လက္ခဏာအသွင်အပြင်ရှိသူဖြစ်သည်။
သို့သော် ယခုတွင်မူ သူမ၏ အသက်နန်းတော်မှ ထင်ရှားပြတ်သားနေသော ကလေးလမ်းကြောင်းရှိနေခဲ့ပြီး ၎င်းသည်က ပြင်ဆင်ထားခြင်းသာ ဖြစ်ရမည်။
သူမ၏ ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာအရ ထိုအမျိုးသမီးသည် သားဖြစ်သူအား ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးရမည်ဖြစ်သည်။
ရှောင်ဟုန်ဆိုသော ကလေးသည်သာ နတ်ဘုရား၏ အစေအပါးဖြစ်ပါက သူမက ကလေးငယ်၏ ကံကြမ္မာအား ပြောင်းလဲနိုင်ရန် လူတစ်ယောက်ရှာထားခြင်းသာလျှင် ဖြစ်ရမည်။
ကုကျစ်စုန့်က သူမ၏ နှုတ်ခမ်းပါးလေးများကို တွန့်ရုံပြုံးလိုက်ပြီး မေးခွန်းထုတ်သည်။
“မစ်စ်လျှို့ ၊ ရှင့်သူငယ်ချင်းက ရှင့်အပေါ်မှာ ကောင်းတယ်ဆိုတာ သေချာရဲ့လား?”
“သေချာတာပေါ့”
“သေသေချာချာလေး ပြန်စဉ်းစားကြည့်နော်? ဘယ်သူ့အပေါ်မှာ ကောင်းတာလဲ? သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ရှင့်အပေါ်လား? ဒါမှမဟုတ် ရှင့်ရဲ့သမီးအပေါ်လား?”
မစ်စ်လျှို့ ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း ပြောစရာစကားမရှိဖြစ်သွာစခဲ့သည်။ ကုကျစ်စုန့်၏ စကားများသည်က သူမအား အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များအား သေသေချာချာတွေးမိအောင် လှုပ်နှိုးလိုက်သကဲ့သို့ပင်။
ရှောင်ဟုန်သည်ကား သူ၏ ထက်မြက်မှုကြောင့် ဖခင်၏ အချစ်ခံရကာ အဖိုးတန်သားလေးဖြစ်သည်။
ရှောင်ဟုန်မွေးဖွားခြင်းကြောင့်သာလျှင် သူငယ်ချင်းဖြစ်သူသည်က လက်ရှိခင်ပွန်းသည်နှင့် လက်ထပ်စာချုပ် ချုပ်နိုင်ခဲ့ခြင်းပင်။
ရှောင်ဟုန်လေးကသာ သူမ၏ အသက်သည်းခြေဖြစ်သည်။
သူမ၏ သူငယ်ချင်းဖြစ်သူသည်က နျူနျူလေးအား အလိုလိုက်သော်လည်း နှစ်ကိုယ်ကြားရှိသည့်အချိန်တွင် သူမအား နောက်ထပ်ကလေးယူရန်၊ နျူနျူလေးအတွက် မောင်လေး တစ်ယောက်မွေးပေးရန် တိုက်တွန်းလေ့ရှိသည်။
သူငယ်ချင်းဖြစ်သူက သားယောကျ်ားလေးကို ပိုသဘောကျပါရက်နှင့် အဘယ်ကြောင့် သူမ၏ သမီးလေးအား အလိုလိုက်ရပါသနည်း?
ကုကျစ်စုန့်: “ကောင်းပြီလေ၊ စမ်းသပ်မှုတစ်ခုလုပ်ကြည့်ရအောင်”
သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲဒီသူငယ်ချင်းကို ဖုန်းဆက်ပြီး နျူနျူလေးကို ကုနိုင်မယ့် နည်းလမ်းရှာတွေ့ပြီလို့ ပြောလိုက်”
မစ်စ်လျှို့: “???”
“ဒါက… …”
“ရှင့်ရဲ့ သူငယ်ချင်းက လူကောင်းတစ်ယောက်၊ ရှင့်သမီး နေမကောင်းဖြစ်တာ သူနဲ့ ဘာမှမဆိုင်ဘူးလို့ ယုံတယ်ဆို? ရှင် ဘာလို့ တွေဝေနေတာလဲ?”
မစ်စ်လျှို့ စဉ်းစားလိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ သူငယ်ချင်းဖြစ်သူအား ဆက်သွယ်လိုက်သည်။
ထို့နောက် တစ်ဖက်မှ ဖုန်းပြန်ဖြေဆိုချိန်တွင် ကုကျစ်စုန့် သင်ပေးသည့်အတိုင်း စကားစလိုက်သည်။
“ယန်ဇီ၊ ငါ့ဆီမှာ သတင်းကောင်းရှိတယ်။ နျူနျူလေးကို ကယ်လို့ရပြီတဲ့!!”
“ဘယ်လို? ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တာလဲ?”
တစ်ဘက်မှ အမျိုးသမီးမှာ အလွန်အမင်း တုန်လှုပ်သွားပုံရကာ အသံမှာလည်း လုံးဝမယုံကြည်နိုင်သည့်အသံဖြစ်သွားသည်။
“မဟုတ်ဘူး၊ ငါပြောချင်တာ.. ဆရာဝန်တွေပြောတာကျ နျူနျူလေးက….”
**