← Chapters

နစ်နာကြေး(3)

Vol. 16 Ch. 156

နစ်နာကြေး(3)

Vol. 16 Ch. 156

မစ်စ်လျှို့တ၀်ယောက်  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း ကုကျစ်စုန့်ကို ကြည့်ကာ ဆက်ပြောသည်။

“အဖြစ်က ဒီလိုလေ၊ ဆရာဝန်တွေ ပြောတာက နျူနျူရဲ့ ထူးဆန်းတဲ့ ရောဂါက ကုလို့မရဘူးတဲ့၊ ဒါနဲ့ ငါလည်း ကြံရာမရတဲ့အဆုံး ပြီးခဲ့တဲ့ နှစ်ရက်က ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို စာတင်လိုက်တာ၊

အဲဒါက သဘာဝလွန်ပညာတွေနဲ့ ဆိုင်တဲ့ ပြိုင်ပွဲမျိုးလေ၊ အဲဒီပြိုင်ပွဲက ပြိုင်ပွဲဝင်တွေဆိုတာလည်း စွမ်းအားကြီးတဲ့ ဆရာ့ဆရာတွေချည်းပဲ”

“အခု တောက်ကျန့်တွေ အကုန်လုံး ဆေးရုံကို ရောက်လာကြတယ်၊ သူတို့တွေက နျူနျူလေးကို  စစ်ဆေးကြည့်ပြီးတော့ သူမက နေမကောင်းဖြစ်တာ မဟုတ်ဘူးတဲ့လေ၊ အဲဒါက တစ်ယောက်ယောက်က လုပ်ထားတာတဲ့!

တခြားတစ်ယောက်က နျူနျူလေးရဲ့ ဘဝနဲ့ အခြားကလေးရဲ့ ဘဝကို လဲပစ်လိုက်လို့ အခုလိုမျိုး ဝေဒနာခံစားနေရတာတဲ့!”

ဖုန်းတစ်ဖက်မှ သူငယ်ချင်းဖြစ်သူ ယန်ဇီက မေးခွန်းထုတ်သည်။

“အဲဒီအစီအစဉ်မှာ ပါဝင်မဲ့အကြောင်းကို နင် ဘာလို့ ငါ့ကို မပြောတာလဲ?”

မစ်စ်လျှို့ ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။

“ငါ့အနေနဲ့ နင့်ကိုပဲ အချိန်တိုင်း နှောင့်ယှက်နေလို့ မရဘူးလေမလား၊ ပြီးခဲ့တဲ့ ၆လအတွင်း ငါ့ကြောင့် နင်လည်း တော်တော်လေး အနှောင့်အယှက်ဖြစ်ခဲ့ရမှာပဲလေ၊

ပြောရရင် ငါလည်း ပရိုဂရမ်အဖွဲ့က ငါ့ကို အဲ့လောက်မြန်မြန် ရွေးလိုက်မယ်လို့ ထင်မထားဘူး၊  နျူနျူလေးကို ဆရာတွေက ကြည့်ပြီး ကုလို့မရဘူးလို့ ပြောလိုက်မှာလဲ ကြောက်မိတယ်၊ အလာဟာသဖြစ်စေမဲ့ မျှော်လင့်ချက်တွေကို မထားချင်ဘူး”

“အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ တောက်ကျန့်တစ်ယောက်က ပြောတာ အဲ့ဒီပြဿနာက ဖြေရှင်းလို့ ရတယ်တဲ့၊

ဒီ ‘ကံကြမ္မာချင်း ပြောင်းလဲတဲ့ အစီအရင်’ကို ဖျက်လိုက်နိုင်တာနဲ့ နျူနျူလေးရဲ့ ရောဂါက သက်သာသွားမှာတဲ့၊

သူနဲ့ တိတ်တိတ်လေး ခိုးပြီး ကံချင်းလဲထားတဲ့ ကလေးဆီမှာပဲ ဖြစ်သင့်တာတွေ ပြန်ဖြစ်လိမ့်မယ်၊

တောက်ကျန့်ပြောတာက ‘ကံကြမ္မာပြောင်းလဲတဲ့အစီအရင်’က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းဆိုတော့ အဲဒီကလေးအပေါ်မှာ တန်ပြန်သက်ရောက်မှုရှိပြီး ပြန်ပြောင်းပြီးတာနဲ့ သေဆုံးရလိမ့်မယ်တဲ့…”

“ကောင်းပြီ၊ ငါလည်း အကြာကြီး မပြောတော့ဘူး၊  တောက်ကျန့်က အဆင်သင့်ဖြစ်နေလောက်ပြီ၊ နောက်တစ်နာရီ၊နှစ်နာရီလောက်ဆိုရင် ပြီးသွားမှာပါ၊

သတင်းကောင်းကြားရရင် ငါ ဖုန်းပြန်ခေါ်လိုက်မယ်လေ။ ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်….”

သူမ စကားပင် မဆုံးလိုက်၊ တစ်ဖက်မှ အမျိုးသမီး အသံကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မလုပ်နဲ့!!!”

နားစည်ကွဲမတတ်အော်ဟစ်လိုက်သည့်အသံကြောင့် မစ်စ်လျှို့  တုန်လှုပ်သွားခဲ့သည်။

ယန်ဇီ၏ လေသံမှာ ပြာယာခတ်နေပြီး စကားများပင် ဖြောင့်အောင် မပြောနိုင်တော့။

“နင် အဲဒီလို လုပ်လို့ မရဘူးနော်၊ လုံးဝ မလုပ်ရဘူး။ မဟုတ်ဘူးလေ.. ငါ ပြောချင်တာက.. အဲဒီကလေးက အပြစ်ကင်းပါတယ်၊ အဲဒီလိုကိစ္စမျိုးကို သူတစ်ယောက်တည်း လုပ်နိုင်မှာမဟုတ်ဘူးလေ။

နင်သာ ပြန်ပြောင်းလိုက်ရင် တစ်ဖက်က အဲဒီကလေးလေးက သေသွားမှာလေ၊ သူ့အတွက် သနားစရာမကောင်းဘူးလား!!”

“ဒါဆို ငါ့သမီးလေးကရော!?”

မစ်စ်လျှူ အံကို ကြိတ်ရင်း မေးလိုက်မိသည်။

“ငါ့သမီးလေးရဲ့ တစ်ကိုယ်လုံးက အင်္ဂါတွေက အလုပ်မလုပ်တော့ဘူးလေ။ သူ့မှာ စားရင်လည်း နာတယ်၊ ရေသောက်ရင်လည်း နာတယ်၊ အသက်ရှူရင်တောင် နာနေရတာပါ!

သူမက အညစ်အကြေးစွန့်ရင်တောင် ဝေဒနာခံစားနေရာတာ! သူမရဲ့တစ်ကိုယ်လုံးမှာ နာကျင်မှုတွေနဲ့ နှစ်ဝက်လောက် ခံစားနေရတာ ငါ့သမီးလေးပါ!

ငါ့သမီးလေးက ဘာအပြစ်တွေများ ကျူးလွန်ခဲ့လို့ ဒီလို ဝေဒနာတွေကို ခံစားနေရတာလဲ၊ ဟင်?!

အဲဒီတစ်ယောက်၊ ငါ့သမီးလေးရဲ့ ကံကြမ္မာကို ခိုးခဲ့တဲ့ လူက သူရွေးချယ်ခဲ့တဲ့ အဲ့ဒီ နည်းလမ်းက ကလေးငယ်တစ်ယောက်အတွက် ရက်စက်လွန်းတယ်လို့ မတွေးခဲ့မိဘူးလား!!”

“သေရမှာက နျူနျူလေး မဟုတ်ဘူး၊ အဲ့ဒီလူမဆန်တဲ့သူရဲ့ ကလေးပဲ”

“သူငယ်ချင်း နင် အဲဒီလို လုပ်လို့ မရဘူးလေ။ ပြီးတော့ အင်တာနက်ပေါ်က အဲ့ဒီတောက်ကျန့်ဆိုတာတွေက အကုန်အလိမ်တွေချည်းပဲ!

ငါရှာပေးခဲ့တဲ့ တောက်ကျန့်တွေကတောင် ဘာမှ လုပ်လို့ မရတော့ဘူးလို့ မပြောခဲ့ဘူးလား?

နင် ကလေးကို ဒီထက်ပိုပြီး မနှိပ်စက်နဲ့တော့၊ ငါအခုပဲ လာခဲ့မယ်။ နင်စောင့်ဦး…”

မစ်စ်လျှို့

ဖုန်းချလိုက်ရင်း ကုကျစ်စုန့်အား အသံတိတ် စိုက်ကြည့်နေမိသည်။

သူမက ယန်ဇီစကားမဆုံးခင်ပင်  ဖုန်းကို ချပစ်လိုက်လေသည်။

သူမ လက်ကို ချလိုက်သည်နှင့် ခန္ဓာကိုယ်တွင်းမှ ကြွက်သားများနှင့် ခြေထောက်များ ပျော့ခွေကာ လဲကျသွားရတော့သည်။

ခင်ပွန်းဖြစ်သူသာ အချိန်မှီမထိန်းလိုက်နိုင်ပါလျှင် သူမ ကြမ်းပေါ်ထိ ပုံကျသွားလိမ့်မည်ဖြစ်သည်။

ကုကျစ်စုန့် လက်ခုပ်တစ်ချက်တီးလိုက်ရင်း ခုံပေါ်မှ ထ,လာသည်။

“ကောင်းပြီ၊ ငါးစာကတော့ ချလိုက်ပြီးပြီ၊ ငါးကြီးက လာဟပ်မလားဆိုတာကို စောင့်ကြည့်ကြတာပေါ့”

သူမက အိတ်ထဲမှ ကျမ်းစာရွက်တချို့အား ထုတ်လိုက်ပြီး နျူနျူ၏ ဘေးပတ်လည်တွင် ဖွဲ့စည်းပုံတစ်ခု ဖန်တီးလိုက်သည်။

ထို့နောက် သူမ ဖြူဖျော့နေသော မျက်နှာ၊ အသက်မဲ့သော မျက်လုံးများဖြင့် ပျော့ခွေနေသော မစ်စ်လျှူအား ကြည့်လိုက်မိသည်။

ပြီးနောက်တွင် သူမ၏ မေးစေ့အောက်တွက် လက်ကို ထောက်ရင်း မေးခွန်းထုတ်သည်။

“ဘယ်လိုလဲ မစ်စ်လျှို့ ? သူငယ်ချင်းက တကယ့်ကို အပြစ်ကင်းပါတယ်လို့ ယုံကြည်သေးလား?”

မဟုတ်ဘူး။

သူမ သူငယ်ချင်းအား ကောင်းကောင်းသိသည်။

ယခု ဖုန်းခေါ်ဆိုမှုတစ်ခုတည်းကပင် သူငယ်ချင်းဖြစ်သူသည်က ‘ကံကြမ္မာပြောင်းလဲခြင်း’အကြောင်း သိထားပြီးမှန်း ပေါ်လွင်နေခဲ့သည်။

ပြီးခဲ့သည့် ၆လအတွင်း နျူနျူလေးသည်ကား ဝေဒနာအပြင်းအထန် ခံစားခဲ့ရသည်။ သူမ ခင်ပွန်းနှင့် သူမတို့ အိမ်နှင့်ကားအား ရောင်းချကာ နယ်လှည့်ဆေးကုနေချိန်တွင် ယန်ဇီသည်လည်း သူမ၏နောက်သိုး တကောက်ကောက် ပူပန်စွာဖြင့် လိုက်လာပြီး သူမ၏ စိတ်ရင်းအမှန်ကိုတော့ ဖုံးကွယ်ထားခဲ့သည်။

ယခုအချိန်ထိ သူမသည်သာ ကံကြမ္မာအား ပြန်လည်မပြောင်းလဲနိုင်အောင် တားဆီးနေခဲ့ခြင်းပင်ဖြစ်သည်။

သူမ နျူနျူလေးကိုရော တကယ်ချစ်ရဲ့လား?

ကံကြမ္မာပြောင်းလဲမည့်အကြောင်း ပြောလိုက်ချိန်တွင် အဘယ်ကြောင့် ယန်ဇီ တုန်လှုပ်သွားရသနည်း?

ကုကျစ်စုန့် ပျင်းရိစွာ ပြုံးလိုက်သည်။

“ကျွန်မ ထင်တာ မမှားဘူးဆိုရင် ဒီဆေးရုံကလည်း အဲဒီ ‘သူငယ်ချင်းကောင်း’ကပဲ စီစဉ်ပေးထားတာ မဟုတ်လား? အရင်က ခေါ်လာတဲ့ ထူးခြားပညာရှင်တွေဆိုတာလည်း သူခေါ်လာပေးတာပဲ မဟုတ်လား?”

မစ်စ်လျှူ အက်ကွဲစွာ အဖြေစကားဆိုသည်။

“မှန်ပါတယ်….”

ယန်ဇီသည် နျူနျူလေးအား ထိခိုက်အောင် လုပ်လိမ့်မည်ဟု သူမ အိပ်မက်ထဲမှာပင် မမက်ခဲ့ဖူးပေ။

ယန်ဇီကပင် ထူးခြား ပညာရှင်တွေနဲ့ မိတ်ဆက်ပေးခဲ့သည်။ ဆေးရုံခန်းကို ပြင်ဆင်ပေးကာ နာမည်ကြီးဆရာဝန်များနှင့် မိတ်ဆက်ပေးခဲ့သည်။

သူမ သူငယ်ချင်းအား ရင်ထဲမှပင် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားခဲ့သည်။

မစ်စ်လျှို့က သူမ မေးခွန်းများအတွက် အဖြေကို သိနှင့်နေပြီးဖြစ်သည်။

နာရီဝက်အကြာခန့်တွင် မောဟိုက်နေသော အမျိုးသမီးတစ်ဦးက ဆေးရုံခန်းထဲသို့ ပြေးဝင်လာကာ သူမ၏ မျက်လုံးများမှာလည်း နီမြန်းနေခဲ့သည်။

ဝင်လာသည့် အမျိုးသမီးသည်ကား ဒေါက်မြင့်ဖိနပ်စီးထားကာ သိုးရေခွံလက်ကိုင်အိတ်တစ်လုံး လွယ်ထားသည်။

ကောက်ထားသည့် ဆံနွယ်များသည်က အနည်းငယ် ရှုပ်ပွနေပြီး သူမလက်ထဲတွင် အံ့ဩမင်သက်နေသော ကလေးတစ်ယောက်လက်ကိုလည်း ဆွဲထားခဲ့သည်။

“မွေးစားအမေနဲ့ မွေးစားအဖေ? ညီမလေးနျူနျူ…”

ကောင်လေးက အခန်းထဲမှ လူများအား မြင်တွေ့လိုက်ရချိန်တွင် အံ့အားသင့်စွာ အော်ခေါ်လိုက်သော်လည်း ပြန်ဖြေစကားမရခဲ့ပေ။

သူ့အနေဖြင့် အိမ်တွင် အိမ်စာလုပ်နေစဉ် မိခင်ဖြစ်သူက သူ့လက်အား ဆွဲကာ ဆေးရုံသို့ ဇွတ်ခေါ်လာခဲ့ခြင်းပင်။

ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့နေသော မွေးစားအမေ၏ မျက်လုံးများသည်ကား နီမြန်းနေပြီး သူ့အား ဝေခွဲရခက်သော အမူအယာဖြင့် ကြည့်နေခဲ့သောကြောင့် သူအနည်းငယ်တော့ ကြောက်ရွံ့မိသည်။

နျူနျူ၏‌ ဆေးရုံကုတင်ရှေ့တွင် အဝါရောင်ကျမ်းစာရွက်အား ကိုင်ကာ ရပ်နေသည့် ကုကျစ်စုန့်အား မြင်လိုက်ရပြီးနောက် အမျိုးသမီးသည်က ဇွတ်အတင်းရှေ့တိုးကာ ဆွဲလုရန် ပြင်လိုက်သော်လည်း ဘေးမှ ဝန်ထမ်းများက တားထားခဲ့သည်။

“ဒီက အစ်မ၊ ဒါက ဘာလုပ်တာလဲ?”

ကုကျစ်စုန့် စိတ်မကျေမနပ်ဖြစ်သည့်ပုံ ဟန်ဆောင်ကာ စကားစသည်။

“မစ်စ်လျှို့ ၊ ဘယ်လိုဖြစ်ရတာလဲ? ဒီအစီအရင်ရဲ့ နောက်ဆုံးအဆင့်က နှောင့်ယှက်လို့ မရဘူးလို့ ကျွန်မပြောထားတယ်လေ”

ယန်ဇီ မစ်စ်လျှို့ ဘက်သို့ လှည့်ကာ စိတ်မရှည်သည့် အကြည့်မျိုးဖြင့် ကြည့်ရင်း အံကို ကြိတ်ပြီး ပြောလိုက်သည်။

“လျှို့ကျဲ နင် ဘာတွေ လျှောက်လုပ်နေတာလဲ? နျူနျူလေးက ဒီလောက် နေမကောင်းဖြစ်နေတာကို နင်က အခြားလူတွေ လျှောက်ခေါ်ပြီး ကလေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာပဲ။  ကလေးကို အေးအေးဆေးဆေး နေခိုင်းလို့ မရဘူးလား!!”

“ဆရာဝန်တွေကတောင် အသုံးမဝင်တော့ဘူး၊ ကုမရတော့ဘူးလို့ ပြောထားတာလေ။ ဒါကို နင်က ဒီအလိမ်အညာသမားတွေရဲ့ စကားကို ယုံနေတယ်ပေါ့? မတ်လေး? နင်ကရော သူ့ကို မတားဘူးလား!!?”

မစ်စ်လျှို့ မည်သည့်စကားမှ မပြောဘဲ စိုက်ကြည့်နေသောကြောင့် သူမ ဦးရည်များပင် ကြိမ်းလာသကဲ့သို့ ဖြစ်နေသော်လည်း စိတ်ပူပန်မှုကို မျိုချကာ ဆက်၍ ဆူပူနေခဲ့သည်။

“နင် အသိစိတ်မမှန်တော့ဘူးလား၊ ငါက နျူနျူလေးရဲ့ ခေါင်းကိုင်အမေပဲ။ နင့ ဒီလို ဆက်လုပ်နေတာတွေကို ခွင့်မပြုပေးနိုင်တော့ဘူး!”

“ဘာလို့ ဆက်ရိုက်နေသေးတာလဲ? ယုံချင်ယုံ၊ မယုံချင်နေ ငါအခုပဲ ရဲခေါ်ပြီး နင်တို့ကို လိမ်လည်ဖျားယောင်းမှုနဲ့ တရားစွဲပစ်မယ်!!”

မစ်စ်လျှို့ ၏ မျက်လုံးများသည် အေးစက်နေသည်။

“နင်က နျူနျူရဲ့ ခေါင်းကိုင်အမေဟုတ်တယ်။ ဒါပေမယ့် ငါက သူ့ရဲ့ အမေအရင်းပဲ! ဒီနေ့ ဒီကိစ္စကို ဖြစ်အောင်ကို လုပ်မှာ”

ယန်ဇီဆိုသော အမျိုးသမီးသည်ကား ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို မကြည့်သလို ဝေ့ပေါ် ဆော့ဖ်ဝဲကိုလည်း မသုံးချေ။ ထို့ကြောင့် သူမသည်က ပရိုဂရမ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်နေကြောင်း မသိထားခဲ့ပါပေ။

ထို့အပြင် သူမ၏ စိတ်ထဲတွင် ‘ကံကြမ္မာပြောင်းလဲခြင်း’အား မည်သို့ ရပ်တန့်ရမည်ဆိုသော အတွေးသာ ကြီးစိုးနေသောကြောင့် သူမ၏ မဲ့ရွဲ့ရှုံ့တွနေသော မျက်နှာသည်ကား ကင်မရာရှေ့တွင် အတိုင်းသားပင်။

သူမ ပြဿနာရှာနေချိန်တွင် ကုကျစ်စုန့်ကတော့ သူမ၏ နောက်မှ ကောင်လေး၏ မျက်နှာအား ဖတ်နှင့်ပြီးဖြစ်သည်။

သူမ နျူနျူ၏ ဇာတာအား သိရှိပြီးဖြစ်သောကြောင့် တစ်ရက်တည်း မွေးသည့် ရှောင်ဟုန်၏ ဇာတာဖတ်ရန်မှာလည်း ခက်ခဲလွန်းသည့် ကိစ္စတော့ မဟုတ်။

အချိန်အတိအကျအား သိလိုက်ရပြီးနောက် သူမ၏ ခန့်မှန်းချက်မှာ မှန်နေသောကြောင့် မဲ့ပြုံးတစ်ချက်ပြုံးမိသည်။

ဇာတာရာသီခွင်ဆိုသည်မှာ မွေးဖွားသည့် နှစ်၊ လ၊ ရက်နှင့် အချိန်တို့ဖြစ်သည်။ နောက်ဆုံးဖြစ်သည့် ‘အချိန်’မှာ တိကျမှု အနည်းဆုံးဖြစ်သည်။

လူတော်တော်များများသည်ကား မွေးဖွားသည့် အချိန်အတိအကျအား မသိကြ။ နေ့လည်ခင်းမွေးသည်၊ ညနေခင်းမွေးသည်၊ မနက်အစောပိုင်းမွေးသည်တို့လောက်သာ ပြောနိုင်ကြသည်။

ပညာရည်မြင့်သည့် သဘာဝလွန်ပညာရှင်တစ်ဦးသည် မွေးဖွားသည့်အချိန်၊ နာရီ၊ မိနစ်နှင့် စက္ကန့်အတိအကျကိုပင် ခွဲခြားဆုံးဖြတ်နိုင်သည်။

နျူနျူ၏ ဇာတာခွင်သည်ကား ကုကျစ်စုန့်ကိုယ်တိုင် တွက်ချက်ထားပြီးဖြစ်သည်။

ယင်အချိန်၏ ရှစ်မတ်တင်းဖြစ်သည်။

ထိုအချိန်မှာ ၄:၅၀ အချိန်ဖြစ်ပြီး မောင်အချိန်ဖြစ်သည့် မနက် ၅နာရီနှင့် နီးစပ်သော်လည်း မောင်အချိန်မဟုတ်။

သူမသည်ကား ရှောင်ဟုန်ထက် နောက်ကျ၍ မွေးသည်ဆိုသော်လည်း ရှောင်ဟုန်သည်က နျူနျူထက် အချိန်ပိုင်းသာ စော၍ မွေးဖွားခြင်းဖြစ်သော်ကြောင့် သူသည်လည်း ယင်အချိန်၏ ရှစ်မတ်တင်းအချိန်တွင် မွေးဖွားခဲ့ရမည်ဖြစ်သည်။

ဇာတာခွင်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါက သူတို့နှစ်ယောက်လုံးသည် ‘နတ်ဘုရား၏ အပါးတော်များ’ ဖြစ်ကြသည်။

သို့သော် ကုကျစ်စုန့်၏ တွက်ချက်မှုအရ ရှောင်ဟုန်၏ မွေးဖွားချိန်သည် မောင်အချိန်တွင် ဖြစ်သည်။

မနက် ၅နာရီ အတိထိုးပြီး နောက်ပိုင်းတွင် ဖြစ်သည်။

ဆယ်မိနစ်ခန့် ရှေ့နောက် အချိန်အနည်းငယ်သာ ကွာခြားခြင်းဖြစ်သော်လည်း လက္ခဏာဗေဒနှင့် ရုပ်ဖတ်ခြင်းပညာတို့တွင်တော့ ထိုအချက်သည် ကြီးမားလှသော ကွာခြားမှု တစ်ခု ဖြစ်သည်။

ယခုလက်ရှိ ကံကြမ္မာအရဆိုပါလျှင် ရှောင်ဟုန်သည် မောင်အချိန်တွင် မွေးဖွားခြင်းဖြစ်ပြီး အငယ်ဖြစ်သည့် နျူနျူသည် ယင်ရှီအချိန်တွင် မွေးဖွားခြင်းဖြစ်သော်ကြောင့် အမှန်တကယ်တမ်းတွင် နျူနျူကသာလျှင် အကြီးဖြစ်ရမည်။

ဆေးရုံတွင် ကလေးငယ်မွေးဖွားချိန်၏ မှတ်တမ်းမှတ်ရာများ ရှိသော်လည်း မှားယွင်းနေခဲ့သည်။

ဖြစ်နိုင်ချေ တစ်ခုသာရှိသည်။

တစ်စုံတစ်ယောက်က ကလေးငယ်နှစ်ဦး၏ မွေးဖွားသည့် ရက်နှင့် အချိန်တို့အား ပြောင်းလဲခဲ့ခြင်းပင်။

ကုကျစ်စုန့် ထိုမူမမှန်သည့် ကိစ္စအကြောင်း ပြောပြလိုက်သည်။

**

All Chapters