← Chapters

တရားမျှတမှုမရှိ(1)

Vol. 16 Ch. 157

တရားမျှတမှုမရှိ(1)

Vol. 16 Ch. 157

ယန်ဇီ၏ မျက်နှာက မင်သက်ထိတ်လန့်သွားသော်လည်း မစ်စ်လျှို့ကတော့ ဒေါသကို ထိန်းမထားနိုင်တော့ချေ။

သူမက အရှေ့ကို တိုးကာ သူငယ်ချင်းဖြစ်သူအား ဆွဲ၍ အက်ကွဲသြရှနေသော အသံဖြင့် မေးမိသည်။

“တကယ့် ‘နတ်ဘုရားရဲ့ အပါးတော်’က နျူနျူမဟုတ်ဘဲ နင့်သားဖြစ်နေတာလား? နင် ဒါကို သိပြီးသား မဟုတ်လား ?

နင်က နင့်သား ငယ်ငယ်ရွယ်ရွယ်နဲ့ မသေရအောင် ငါ့သမီးလေး အသက်နဲ့ လဲလိုက်တာလား!?

နင်‌ တော်တော်ကို အဆိပ်ပြင်းတဲ့ မိန်းမပဲ! သမီးလေး နျူနျူက နင့်ကို မွေးစားအမေတို့ နေ့တိုင်းခေါ်တာ၊

နင့်နှလုံးသားက ဘာလို့ အဲ့လောက်တောင် သွေးအေးရတာလဲ?”

ယန်ဇီက မစ်စ်လျှို့ ဆွဲထားသည်မှ ရုန်းကန်လိုက်ရင်း  ငြင်းဆန်လိုက်သည်။

“ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ? ငါ့သားလေးက ဒီလောက်တော်ပြီး ထက်မြက်တာ ငါက ဘာလို့ နင့်သမီးနဲ့ လဲရမှာလဲ!?”

ကုကျစ်စုန့် ဘေးမှ အသာပြုံးလိုက်ရင်း ပြောလိုက်သည်။

“မှန်တာပေါ့. ရှင့်သားက အရမ်းကို ဉာဏ်ကောင်းတဲ့ ဉာဏ်ကြီးရှင်၊ ပြီးတော့ တကယ့် ‘နတ်ဘုရားရဲ့ အစေခံ’လေ၊ ဒီတော့ ဘာလို့ သူများကလေးနဲ့ လဲလိမ့်မတုန်း? ရှင်အလဲအထပ်အနေနဲ့ လိုချင်တာက နျူနျူလေးရဲ့ ရွှေရောင်တောက်နေတဲ့ ဝိဉာဉ်ကိုပဲလေ”

“ဘယ်လိုလုပ်ပြီး ရှင့်ရဲ့ အဖိုးတန်သားကို သာမန်လူအဖြစ်ခံမလဲ? ရှင်က သူ့ကို ကျန်းမာစေချင်တယ်၊ တစ်ချိန်တည်းမှာလည်း ဉာဏ်ကောင်းစေချင်သေးတယ်၊

ဒါမှ အနာဂတ်မှာ စိတ်မပူရမှာလေ သူက ရှင့်ကို သေသည်ထိ စောင့်ရှောက်သွားနိုင်မှာပေါ့”

နျူနျူသည်ကား ‘နတ်ဘုရားအစေခံကလေးငယ်’မဟုတ်သော်လည်း သူမသည် ‘အရိပ်ကလေးငယ်တစ်ဦး’ပင်ဖြစ်သည်။

‘ကံတရား၏ အရိပ်ကလေးငယ်တစ်ဦး’

ယင်အချိန်၏ ရှစ်မတ်တင်းသည် နျူနျူ၏ မွေးဖွားချိန်မဟုတ်ဘဲ မောင်အချိန်အား တစ်မတ်တင်းကျော်ပြီးချိန်ကသာလျှင် မွေးဖွားချိန်အမှန်ဖြစ်သည်။

ဆိုရိုးစကားအတိုင်းဆိုပါက ‘ဆောင်းရာသီ သို့မဟုတ် နွေရာသီတွင် ဖွားပါက နေ့အချိန်၊ နာရီအချိန်သည် မောင်၊ ဝေ သို့မဟုတ် ချန်းတို့နှင့် ဆုံသည့် အချိန်တွင် မွေးဖွားရမည့်ကြမ္မာ။ နှစ်၏ မာန်တိုင်သည် ရွှေ သို့မဟုတ် သစ်ဖြင့် ပြုလုပ်ထားပြီး နေ့အချိန်၊နာရီအကိုင်းအခက်တို့သည် ဝူ သို့မဟုတ် မောင်အား ညွှန်ပြနေရမည်’

ရှောင်ဟုန်ကဲ့သို့ သူမသည်လည်း အောက်တိုဘာလ၏ ရွှေရောင်ဆောင်းဦးအချိန်တွင် မွေးဖွားခြင်းဖြစ်သည်။

သို့သော် ဆောင်းဦးအချိန်တွင် မွေးဖွားသည့် ကလေးငယ်တွင် လစန္နာနှင့် နေ့အမြစ်လက်တံများ သုံးခုရှိသည်။ ယီ၊ မောင်နှင့် ရှင်းတို့ ဖြစ်ပြီး သူမသည် ‘ကံတရား၏ အရိပ်ကလေးငယ်’တစ်ဦးသာဖြစ်သည်။

တောက်ဓမ္မလောကတွင် ပြောကြသည့် စကားရှိသည်။ နတ်ဘုရားအစေခံ ကလေးငယ် ဆယ်ယောက်တွင် ကိုးယောက်သည်ကား အရိပ်ကလေးငယ်များသာ ဖြစ်ကြသည်။

ပြောချင်သည်မှာ တကယ့်နတ်ဘုရားအစေခံကလေးငယ်သည် အင်မတန်ရှားပါးပြီး အများစုမှာ ‘အရိပ်ကလေးငယ်’များသာ ဖြစ်ကြသည်။

ထို’အရိပ်ကလေးငယ်များ’၏ အချက်အလက်များသည် ရှုပ်ထွေးသကဲ့သို့ ကွဲပြားမှုများလည်း ရှိသည်။

ကလေးငယ်များမှ အရွယ်ရောက်သူများထိ မွေးရာပါ အကျင့်စရိုက်နှင့် အရည်အသွေးများမှာလည်း ကွဲပြားခြားနားလှသည်။

တစ်ချို့ ‘အရိပ်ကလေးငယ်’များသည် နာမည်အတိုင်း နတ်ဘုရားအစေခံကလေးငယ်အစစ်၏ အရိပ်သာလျှင် ဖြစ်သည်။

သူတို့သည် အရင်ဘဝက နတ်ဘုရားအစေခံကလေးငယ်ဖြင့် တွေ့ဆုံခဲ့ဖူးပြီးနောက် ထိုကလေးငယ်၏ ဝိဉာဉ်ဆိုင်ရာ ကောင်းချီးအရိပ်အယောင်ကျန်နေခဲ့သည်။ ထိုကောင်းချီးကပင် နောက်ဘဝပြန်ဝင်စားသည့် အချိန်ထိ ပါလာတတ်သည်။

နျူနျူသည်ကား အင်မတန် ထူးခြားသည်။ သူမ၏ ဝိဉာဉ်သည် ‘ရွှေရောင်အလင်းခပ်ဖျော့ဖျော့’ လင်းနေပြီး မှားစရာအကြောင်းမရှိနိုင်၊ သူမသည် ‘အရိပ်ကလေးငယ်လေး’ပင် ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် မသေမျိုးကမ္ဘာအား ပြန်မသွားနိုင်ကြသည့် ‘အရိပ်ကလေးငယ်များ’မှာ သေဆုံးပြီးချိန်တွင် မြေအောက်ကမ္ဘာသို့သာ ဝင်ရောက်ကြရသည်။

တစ်ချို့ကတော့ မသေမျိုးကမ္ဘာသို့ ပြန်မသွားချင်ကြချေ။ ရှီဟိုင်ဟုန် မြင်တွေ့ခဲ့ရသော ယင်အရာရှိကဲ့သို့ပင် မြေအောက်ကမ္ဘာတွင် အရာရှိငယ်များ ဖြစ်လာကြသည်။

တချို့ကတော့ မြေအောက်ကမ္ဘာ၏ အငွေ့အသက်အား မနှစ်မျို့။ သူတို့သည် မသေမျိုးကမ္ဘာ၏ ချမ်းသာစည်းစိမ်အား ပြန်လည်တောင့်တကြပြီး နတ်ဘုရား၏ အစေအပါးကလေးငယ်များအဖြစ် ပြန်လည်ဝင်စားကြသည်။

ထို ‘အရိပ်ကလေးငယ်’များသည်ကား မသေမျိုးမိသားစုအား စွန့်ခွာလာပြီး ဖြစ်သော်ကြောင့် သူတို့သည် တကယ့် ‘နတ်ဘုရားအစေခံကလေးငယ်များ’ကဲ့သို့ ရုတ်တရက်သေဆုံးမည်မဟုတ်။

ဖျားနာခြင်း၊ နေမကောင်းခြင်းအနည်းငယ်ကိုသာ ကြုံတွေ့ရတတ်သည်။

တခြားတစ်ဖက်တွင်တော့ သူတို့ထံတွင် အစအနကျန်နေသည့် အသိပညာအမြစ်များကြောင့် သာမန်လူများထက်တော့ ပို၍ ထက်မြက်ကြသည်။

ကုကျစ်စုန့်၏ ခန့်မှန်းချက်အရတော့ ယန်ဇီသည်က ထိုကလေးနှစ်ယောက်၏ ထူးခြားသည့် ကံကြမ္မာအကြောင်း ရှာဖွေသိရှိပြီး ဖြစ်လိမ့်မည်။

ထို့ကြောင့်သာ သူမ မစ်စ်လျှို့နှင့် ပြန်လည်ဆက်သွယ်ကာ နျူနျူ၏ ခေါင်းကိုင်မိခင်ဖြစ်လာခြင်းပင်။

သူမအနေနဲ့ နျူနျူအတွက် အကြံအစည်ရှိနှင့်နေပြီး ဖြစ်သည်။

ရှောင်ဟုန်လေး အင်မတန် ထက်မြက်ရသည့် အကြောင်းရင်းမှာ သူ၏ ‘နတ်ဘုရားအစေခံကံကြမ္မာ’ကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမသာ အစားထိုးရန် သာမန်ကလေးငယ်တစ်ဦးကို ရှာခဲ့ပါက သူသည် ကျန်းမာရေးကောင်းမည်ဖြစ်သော်လည်း သူ၏ ထက်မြက်မှုကတော့ တဖြည်းဖြည်းပျောက်ကွယ်သွားမည်ဖြစ်သည်။

သို့သော် နျူနျူကတော့ ထူးခြားသည်။

သူမသည်က ‘အရိပ်ကလေးငယ်တစ်ဦး’ဖြစ်ကာ သာမန်ကလေးများထက် ပို၍ ဉာဏ်ရည်မြင့်သည်။

နျူနျူ၏ ကံကြမ္မာနှင့် ရှောင်ဟုန်ကို လဲလှယ်လိုက်မည်ဆိုပါက ရှောင်ဟုန်သည် သူ၏ ဉာဏ်ရည်ထက်မြက်မှုကိုပါ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ယန်ဇီ နျူနျူအပေါ် အရမ်းကောင်းရသည့် အကြောင်းရင်းမှာ သူမက နျူနျူအပေါ် အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်သည့်အနေဖြင့် နျူနျူလေးအား ‘လျော်ကြေးပေး’နေသည့် သဘောမျိုးသာဖြစ်နိုင်ပေသည်။

ထို ‘လျော်ကြေး’သည်ကား တစ်ဖက်ကကြည့်လျှင်တော့ အင်မတန်မှပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။

အဖြစ်မှန်အား ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှု့သူများ၏ အမြင်ပြောင်းသွားကာ မျက်နှာပြင်တစ်ခုလုံးတွင်လည်း မေးခွန်းများ၊ ဒေါသများ၊ အံ့ဩထိတ်လန့်မှုများနှင့် ပြည့်သွားတော့သည်။

[ဒါက  သူငယ်ချင်းအရင်းကြီးက လုပ်နိုင်တဲ့ ကိစ္စမျိုးလား? သူငယ်ချင်းဆိုတဲ့ စကားနဲ့တောင် မတန်ပါဘူး၊ ဒါကြီးက လက်စားချေဖို့လာတဲ့ မကောင်းဆိုးရွားလို လုပ်ရပ်မျိုးပဲ!]

[ကောင်လေးရဲ့ မျက်နှာကို ကြည့်ရတာ သူလည်း သိပုံတော့ မပေါ်ဘူး၊ အဲဒီလို ဉာဏ်ကြီးရှင်မျိုးတွေက ကိုယ့်ဂုဏ်သိက္ခာကို အရမ်း တန်ဖိုးထားကြတယ်၊ ပြီးတော့ သူက ကြင်နာတတ်ပြီး ထက်လည်း ထက်မြက်တော့ အခုပြောနေတာတွေကို သေချာပေါက် နားလည်မှာပဲ၊

အနာဂတ်ကျရင်တော့ သူ့အနေနဲ့ စိတ်ဒဏ်ရာရသွားပြီး လူတွေကို ယုံရဲမှာ မဟုတ်တော့ဘူး၊ သေချာတာကတော့ နျူနျူလေးက သနားစရာအကောင်းဆုံးပဲ]

[ငါနားလည်သလောက်ကတော့ ဒီမိန်းမက သားကို အကြောင်းပြပြီး ဇွတ်အတင်း လက်ထပ်ထားတာမဟုတ်လား?

သူ့သားလေး အမြဲတမ်း ကျန်းမာထက်မြက်နေမှ သူ့နေရာက မြဲမှာလေ၊ မဟုတ်ရင် သူ့သားသေရင် သူလည်း သူဌေးကတော်နေရာကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး၊

ဒါက ကလေးတွေအတွက် ကောင်းစေချင်လို့တဲ့လား? သူက ကလေးကို သူတို့ရဲ့ ဂုဏ်ဒြပ်တွေကို ကာကွယ်ပေးနိုင်မယ့် အရာသက်သက်ပဲလို့တွေးနေတာမလား?]

[သူ့သားကတော့ ရတနာ၊ သူများသမီးကတော့ အဖိုးမတန်တဲ့ မြက်ပေါ့၊ အံ့ဩစရာပါပဲ!]

မစ်စ်လျှို့နှင့် မစ်စတာဟဲတို့ မျက်နှာပေါ်မှ ရွံရှာမုန်းတီးမှုများအား မြင်တွေ့ရပြီးနောက် ယန်ဇီက သူမလုပ်ခဲ့သည့် လုပ်ရပ်များ ဘူးပေါ်သလို ပေါ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူငယ်ချင်း မိသားစုက သူမ ကလေးနှစ်ယောက်၏ ကံကြမ္မာများအား လဲလှယ်ထားကြောင်း သိသွားပြီဖြစ်သည်။

သူမသည်ကား လက်ရှိတွင် ရိုက်ကူးရေးအဖွဲ့ ဆက်ပြီး ရိုက်ကူးနေသည်လား၊ မရိုက်တော့သည်လားလည်း သတိမရ၊ ဂရုမစိုက်နိုင်တော့။

သူမ၏ ခေါင်းထဲတွင် ရှိသည့် တစ်ခုတည်းသော် အတွေးမှာ သူတို့နှစ်ယောက် ကံကြမ္မာ လုံးဝပြန်ပြောင်းဖို့ မဖြစ်နိုင်စေရ!

သားဖြစ်သူ ရှောင်ဟုန်အား အသေမခံနိုင်!

ခြောက်လတိတိ ကြိုးစားမှု၊ ပူပန်မှုနှင့် စိတ်တုန်လှုပ်မှုတို့သည် အသက် ၄၀ ပြည့်ကာစ မစ်စ်လျှို့နှင့် မစ်စတာဟဲတို့အား ပို၍ အိုမင်းစေခဲ့သည်။

သူတို့ မျက်နှာတွင် အရေးအကြောင်းများ ပေါ်ကာ ဆံစပ်များတွင်လည်း ဆံပင်ဖြူစ,ပြုနေပြီဖြစ်သည်။

လက်ရှိ သူတို့၏ ရုပ်ရည်မှာ အသက် ၅၀ကျော်ဟုပင် ထင်နေရသည်။

တစ်ဖက်မှ မိတ်ကပ်အပြည့်၊ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ယန်ဇီနှင့်တော့ လုံးဝဆန့်ကျင်ဘက်သာ ဖြစ်ပေသည်။

ထိုအချိန်တွင် ယန်ဇီက မစ်စ်လျှို့ ၏ အင်္ကျီစကို ဆွဲကာ တောင်းပန်တော့သည်။

“ညီမလေးနဲ့ မတ်လေး၊ ငါ အမှားလုပ်မိမှန်း သိပါပြီ၊ ဒါပေမယ့် ငါ့မှာလည်း အခြားနည်းလမ်း မရှိတော့လို့ပါ၊ ငါမှ အဲ့လို မလုပ်ရင် ရှောင်ဟုန်လေး သေမှာလေ!

အဲဒီအချိန်ကျ ငါ့မှာ ဘာမှ ရှိမှာ မဟုတ်တော့ဘူး!”

သူမနှင့် အိမ်ခြံမြေသူဌေး ခင်ပွန်းသည်တို့၏ ဆက်ဆံရေးသည်က လူအများမြင်သလောက် မသာယာပါချေ။

ထိုလူသည်ကား အမြဲတစေ ပေါ့ပေါ့နေတတ်ကာ ယခင်မိန်းမမှ သမီးဖြစ်သူ၏ စကားအား မြေဝယ်မကျ နားထောင်သည်။

သူတို့ တွဲလာသည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်သော်လည်း သမီးဖြစ်သူက မိထွေးမလိုချင်ကြောင်း ပြောထား၍ သူမနှင့် လက်ထပ်ရန်ကို ငြင်းဆိုခဲ့သည်။

နှစ်ဦးကြားက ဆက်ဆံရေး ကျဲလာသည်ကြောင့် ထိုလူက သူမအပြင် အခြားတစ်ယောက်နှင့် တွဲနေခဲ့သည်။ ထိုအချိန်မျိုးတွင် သူမ ကိုယ်ဝန်ရလာခဲ့ပြီး ကလေးငယ်သည် သားယောင်္ကျားလေးဖြစ်ကြောင်း သိရပြီးသည်နှင့် တပြိုင်နက် သူမ ယောက္ခမနှင့် ယောက္ခထီးထံသို့ တန်းသွားလိုက်ချေသည်။

ထိုနောက်အမြှောင် မိန်းကလေး မည်သို့ပင် တားပါစေ၊ သူမကတော့ ခင်ပွန်းသည်တို့ မိသားစုကို အလွယ်တကူ ဝင်လာနိုင်ခဲ့သည်။

သို့သော် ထိုအချက်ကြောင့်ပင် သူမနှင့် ခင်ပွန်းသည်ကြားတွင် အနည်းငယ် ကသိကအောက်ဖြစ်သွားသည်။

ကံကောင်းစွာပင် သားဖြစ်သူ ရှောင်ဟုန်သည်ကား မွေးဖွားပြီးနောက် ချောမောထက်မြက်သောကြောင့် သူမယောင်္ကျား၏ အကျင့်က အနည်းငယ်ပြောင်းသွားခဲ့သည်။

နှစ်တော်တော်ကြာသည်ထိ သူမသည်ကား ဉာဏ်ကြီးရှင် သားယောင်္ကျားလေး တစ်ဦး မွေးဖွားပေးခဲ့သောကြောင့် ရေကန်ထဲကျသည့် ငါးကဲ့သို့ပင် အိမ်ကြီးရှင်မ ဖြစ်လာခဲ့သည်။

ယခင်မိန်းမနှင့် ရသော သမီးကိုပင် အဝေးသို့ ပို့နိုင်ခဲ့သည်။

ခင်ပွန်းသည်တွင် နောက်ထပ်ချစ်သူနှင့် တရားမဝင်ကလေးရှိမှန်း သူမသိသည်။

သို့သော် ရှောင်ဟုန်ရှိနေသရွေ့ သူမနေရာကို မည်သူမှ လုနိုင်လိမ့်မည်မဟုတ်။

ရှောင်ဟုန်အား လက်လွှတ်လိုက်ရသည်နှင့် အိမ်ပြင်မှ တရားမဝင်ကလေးသည်က အခွင့်အရေးကို အသုံးချကာ အိမ်တွင်းသို့ ဝင်လာပြီး သူမနေရာကို လုယူလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူမ ဆယ်နှစ်လုံးလုံး ကြိုးစားခဲ့သမျှ သဲထဲ ရေသွန်ဖြစ်ရလိမ့်မည်!

ထို့ကြောင့် ယန်ဇီ သားဖြစ်သူက နတ်ဘုရားအစေခံဖြစ်ကြောင်း သိလျှင်သိချင်း သားဖြစ်သူ၏ ကံကြမ္မာအား ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

သူမ မီးဖွားခဲ့သည့် ဆေးရုံသို့ သွားကာ နျူနျူ၏ မွေးဖွားသည့် အချိန်ကို ရှာ၍ သူမ ရှာတွေ့ထားသော ထူးခြားပညာရှင်အား မေးခွန်းထုတ်ခဲ့သည်။

နျူနျူသည်က ‘အရိပ်ကလေးငယ်’ဖြစ်သောကြောင့် ထက်မြက်၍ ချက်ချင်းသေဆုံးနိုင်သည့် ကံကြမ္မာမရှိ။ နျုနျူသည် သူမအတွက် အကောင်းဆုံးရွေးချယ်မှုသာ ဖြစ်သည်။

ထိုအချိန်မှသာလျှင် သူမ မစ်စ်လျှို့အား ပြန်လည်ဆက်သွယ်ခဲ့သည်။

သူမတို့ ကျောင်းသားဘဝသည်က ယန်ဇီ လုံးဝ အစဖျောက်ပစ်ချင်သော မှတ်ဉာဏ်များ ဖြစ်သော်ကြောင့် သူမ တမင် မစ်စ်လျှို့နှင့် ခပ်ကင်းကင်းနေချင်ခဲ့သည်။

ထိုအချိန်က အားလုံးသိကြသည့်အတိုင်း သူမနှင့် မစ်စ်လျှို့တို့သည် ‘အချစ်ဆုံးသူငယ်ချင်းများ’ဖြစ်ကြပြီး မစ်စ်လျှူက သူမအပေါ် မည်မျှ ဂရုစိုက်ကြောင်း အားလုံးကလည်း သိကြသည်။

မစ်စ်လျှို့သည်ကား ရက်ရောကာ ခင်မင်တတ်သည်။ သူမ ပြိုင်ပွဲတစ်ခုဝင်ပြိုင်တိုင်း၊ သူငယ်ချင်းအသစ်များနှင့် မိတ်ဆက်တိုင်း အားလုံး၏ အကြည့်သည် မစ်စ်လျှို့အပေါ်တွင်သာ ရှိပြီး ယန်ဇီကတော့ သူမ၏ အရိပ်သာသာပင်။

အချိန်ကြာသည်နှင့်အမျှ သူမ မစ်စ်လျှူကို သဘောလည်း ကျသလို မနာလိုလည်း ဖြစ်မိသည်။

သို့သော် နောက်ဆုံးတွင် ထိန်းမရလောက်သည်ထိ မနာလိုမိကာ မစ်စ်လျှို့ကို အနိုင်ဖြင့် ပိုင်းချင်ခဲ့သည်။

မစ်စ်လျှို့၏ မိသားစုအခြေအနေ အဆင်မပြေတော့သည့်အချိန်မှသာ သူမ သက်ပြင်းချနိုင်ကာ ပုခုံးပေါ်တွင် ထမ်းထားရသော တောင်ကြီးပင် မရှိတော့သယောင် ခံစားလိုက်ရသည်။

လက်ထပ်ပြီးနောက် သူမသည်ကား ဇိမ်ခံကားစီးကာ နေရာအနှံ့ခရီးသွားနိုင်သည့် အမျိုးသမီးတစ်ယောက်ဖြစ်လာကာ ဘဝသည်လည်း သက်သာလွန်းလှသည်။

မစ်စ်လျှို့ကတော့ သာမာန်ရှေ့နေငယ်တစ်ဦးဖြင့် လက်ထပ်ကာ နေ့တိုင်း မိသားစုကို ထောက်ပံ့နိုင်ရန် အလုပ်ကြိုးစားနေခဲ့ရသည်။

သူငယ်ချင်းကောင်းဖြစ်သူက သူမ၏ ‘အကူအညီ’အား လက်ခံချိန်တွင် သူမက စိတ်ထဲ၌ ပို၍ပင် ကြိတ်ပျော်မိသေးသည်။

သူမ နျူနျူနှင့် ပထမဆုံးတွေ့ဆုံချိန်တွင်တော့ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။

ကလေးမလေးသည်ကား ချစ်ဖို့ကောင်းကာ မျက်နှာလည်း ကြည်လင်လှသည်။

သူမကို မြင်တိုင်း ချစ်စရာကောင်းစွာ ‘မွေးစားအမေ’ဟု ခေါ်တတ်သေးသည်။

နျူနျူလေးအား ချစ်သောကြောင့် တစ်ခါတစ်လေတေ့ သူမ တွေဝေနေမိသေးသည်။ ပညာရှင်ကိုပင် အခြားလူရှာလို့ ရပါက ထပ်ရှာရန် ပြောထားခဲ့သည်။

ဝမ်းနည်းစရာကောင်းစွာ သူတို့သည်ကား အစားထိုးရန် လူရှာ၍ မရခဲ့ပေ။

ထိုအပြစ်ရှိသည့် ခံစားချက်ကြောင့် ယန်ဇီ နျူနျူလေးအား ‘လျော်ကြေး’ ပေးခဲ့သည်။

ကလေးငယ်အား ဈေးကြီး၊ ရှားပါး၊ တန်ဖိုးရှိသော လက်ဆောင်များ ဝယ်ပေးကာ မင်းသမီးလေးကဲ့သို့ အလိုလိုက်ထားသည်။

သူမ ‘လျော်ကြေး’များများ ပေးလေ၊ သူမရင်ထဲမှ ‘အပြစ်ရှိစိတ်’တို့သည်လည်း လျော့လျော့လာလေဖြစ်သည်။

သို့နှင့် အချိန်မကြာလိုက်ဘဲ သူမ လုပ်ငန်းစခဲ့တော့သည်။

*

All Chapters