← Chapters

အခန်း (၁၅၈)

Vol. 16 Ch. 158

အခန်း (၁၅၈)

Vol. 16 Ch. 158

မစ်စ်လျှို့တစ်ယောက် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးပင် တုန်ရီနေခဲ့သည်။ သူမက ယန်ဇီ၏ လက်အား ဆွဲခါထုတ်ပစ်လိုက်ချင်သော်လည်း ထိုမိန်းမက တင်းကျပ်အောင် ဆွဲထားခဲ့လေသည်။

ဤရင်းနှီးနေသော်လည်း သွေးအေးလွန်းသည့် သူငယ်ချင်းသည်ကား သူမရှေ့တွင်‌ အော်ဟစ်ငိုကြွေးကာ ခြေထောက်ကို ဖက်ထားပြီး တောင်းပန်နေခဲ့သည်။

“လျို့ကျဲ၊ ငါ့မှာလည်း အခြားနည်းလမ်း မရှိတော့လို့ပါ၊ ငါသာ ထပ်ပြီး ကလေးရနိုင်သေးတယ်ဆိုရင် အဲဒီလိုမျိုး လုံးဝမလုပ်ပါဘူး၊ ငါ့မှာက ထပ်ပြီး ကလေးမွေးလို့ မရတော့လို့ပါ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး နျူနျူလေးကို ထိခိုက်အောင် လုပ်နိုင်ရမှာလဲ?

လျို့ကျဲနှင့်ခဲအို၊ ငါတို့ နှစ်ယောက်ကို သနားပါဦး။ ငါ့မှာ ရှောင်ဟုန်လေးကလွဲလို့ ဘယ်သူမှ မရှိပါဘူး!”

“ရှောင်ဟုန်၊ သား ဒီနားကိုလာပြီး အန်တီကို ကန်တော့တောင်းပန်လိုက်၊ အန်တီတို့ကို အနာဂတ်မှာ ပြုစုပြီး မသေမချင်း စောင့်ရှောက်ပါ့မယ်လို့ ပြောလိုက်ပါဦး”

“တစနည်းအားဖြင့် ပြောရရင်”

ကုကျစ်စုန့် အချိန်ကိုက် ကြားဖြတ်ပြောလိုက်သည်။

“ရှင့်သူငယ်ချင်းပြောချင်တဲ့စကားက:

‘သူ့သားလေးကတော့ တော်လွန်း၊ထက်မြက်လွန်းတော့ သေရမှာ နှမြောစရာကောင်းလွန်းပါတယ်၊ ရှင်တို့ရဲ့သမီးကို နှစ်တွေဒီလောက်ထိကြာအောင် ပျော်ပျော်နေခိုင်းပြီးပြီပဲ၊ လျော်ကြေးလည်း လုံလောက်ပါပြီ၊

သူက မိန်းကလေးဆိုတော့ သေချိန်တန်ရင် သေလိုက်လို့ ရပြီ၊ သူမရဲ့ သားကတော့ ပိုပြီး တန်ဖိုးရှိတယ်၊ အနာဂတ်မှာလည်း အရမ်းကို ထက်မြက်တဲ့ သားကောင်းရတနာဖြစ်လာလိမ့်မယ်

သူမရဲ့ အဖိုးတန်သားကပဲ ရှင်တို့ကို အိုမင်းသည်ထိ ကျွေးမွေးစောင့်ရှောက်သွားမှာ၊ ရှင်တို့အတွက် ဘာများ မကျေနပ်စရာရှိလို့လဲ’

‘သူတို့ မိသားစုက စိတ်မချမ်းသာစရာကောင်းပြီး သူမရဲ့ယောကျ်ားနဲ့ ဆက်ဆံရေးကလည်း အဆင်ပြေမနေဘူး၊ သူမရဲ့ယောကျ်ားက အပြင်ဘက်မှာ အပျော်မယားရှိနေပြီး နေရာလုဖို့ချောင်းနေတဲ့ တရားမဝင်ကလေးတစ်ယောက်လည်း ရှိတယ်၊

သူမ သားရဲ့ ဖြစ်တည်မှုက အရမ်းကို အရေးကြီးတယ်၊ သူမရဲ့သားကိုသာ လက်လွှတ်လိုက်ရရင် သူမရဲ့ အိမ်တွေ၊ ကားတွေနဲ့ ရာထူးဂုဏ်ဒြပ်တွေကိုလည်း ဆုံးရှုံးရလိမ့်မယ်၊ ဒါပေမဲ့ ရှင်တို့ လင်မယားကတော့ ဆက်ဆံရေးကလည်း အဆင်ပြေချောမွေ့ပြီး ငယ်လည်း ငယ်သေးတယ်၊

ရှင်တို့ရဲ့ သမီးသေသွားရင်လည်း နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးလို့ ရသေးတယ်၊ နျူနျူက အဲဒီလောက်ထိမှ အရေးမကြီးတာပဲလေ၊ သူမရဲ့သားအတွက် ကိုယ်စားပေးပြီး သေခိုင်းလိုက်ပါ…’”

“တိတ်စမ်း!!”

ယန်ဇီ ကုကျစ်စုန့်အား ဒေါသတကြီးဖြင့် စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

“ဒါက ငါတို့ မိသားစုနှစ်ခုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါ! နင်တို့ အပြင်လူတွေနဲ့ ဘာဆိုင်လို့လဲ!?”

သူမသာ မစ်စ်လျှို့ ၏ အင်္ကျီစကို ဆွဲကာ သနားစရာကောင်းယောင်ဆောင်မနေခဲ့ပါလျှင် သူမ၏အကြံအစည်များအား ဖျက်စီးလိုက်သည့် ကုကျစ်စုန့်ကို ခုန်အုပ်၍ တစ်စစီ ဆွဲဖြဲနေပြီဖြစ်သည်။

သူမကို ပို၍ တုန်လှုပ်စေသည်မှာ ကုကျစ်စုန့် ပြောလိုက်သမျှ စကားတိုင်းသည်ကား သူမ စိတ်ထဲတွင် တွေးနေသည့်အတိုင်းပင်ဖြစ်သည်!!

ဤမိန်းမသည်က မကောင်းဆိုးဝါးမ၊ လူတွေ၏ စိတ်တွင်းမှ စကားသံများအား ကြားနိုင်သည့် မိစ္ဆာဖြစ်ရမည်!

“ရှောင်ဟုန်! ပြောနေတာ နားမထောင်သေးဘူးလား? ဒီနားကို လာပြီး မင်းရဲ့ မွေးစားအမေကို တောင်းပန်လိုက်စမ်း!!”

ယန်ဇီက မျက်ရည်များအား ထိန်းထားသည့် နျူနျူလေးဘက်ကိုလည်း လှည့်ကာ တောင်းပန်ပြန်သည်။

“နျူနျူ၊ မွေးစားအမေတောင်းပန်ပါတယ်ကွယ်!!”

အနီးအနားတွင် ရပ်နေသော ကလေးငယ်သည်က ဖြူဆုတ်နေခဲ့ကာ အမေဖြစ်သူ၏ ခေါ်ရာကိုလည်း မသွားချင်သကဲ့သို့၊ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရသည့် သူငယ်ချင်း၏ အဖြစ်ကိုလည်း မကြည့်နိုင်ပေ။

သူ နားလည်နိုင်သည်။

နေမကောင်းဖြစ်ရမည့်သူမှာ သူကိုယ်တိုင် ဖြစ်သော်လည်း သူ၏အမေက နျူနျူအား သူ့ကိုယ်စား နေမကောင်းဖြစ်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

ရှောင်ဟုန်လေး၏ မျက်လုံးများ နီမြန်းနေပြီး သူ ခေါင်းမာစွာ ဆိုသည်။

“သား မလိုချင်ဘူး အမေ!! အရင်အတိုင်း ပြန်ပြောင်းပေးပါ၊ အမေ မကောင်းတဲ့အလုပ်ကို လုပ်နေတာပဲ!!”

“ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျေးဇူးမသိတတ်တဲ့ ကလေး!!?”

မစ်စ်လျှို့မှာ ဆက်လက်ပြီး သည်းမခံနိုင်တော့သောကြောင့် ယန်ဇီ၏လက်မှ ရုန်းထွက်လိုက်ရင်း ဒေါသကို ထိန်းချုပ်ကာ ဆိုသည်။

“နင်က နင့်သားလောက်တောင်မှ အကြင်နာတရားမရှိဘူး၊ အခု ဒီကနေ ထွက်သွား! နောက် ငါတို့ရှေ့မှာလည်း မျက်နှာကို မပြနဲ့၊

နင့်ကို မြင်တာနဲ့ ငါ အန်ချင်မိတယ်၊ ငါ့ကလေးရဲ့ ဘဝနဲ့ ကျန်းမာရေးကိုတော့ ငါ ပြန်ယူရမှာပဲ၊ ငါက ဘယ်တုန်းကမှ ရှောင်ဟုန်လေးကို ထိခိုက်မိအောင် မလုပ်ခဲ့ဘူး၊ ငါလိပ်ပြာလုံတယ်!!”

“နင် အမြဲတမ်းပြောတာက ယောကျ်ားလေးတွေက ဘယ်လိုမျိုး တန်ဖိုးရှိကြောင်းတွေပဲ၊ သူတို့ကို မွေးထား၊ပျိုထောင်ထားရင် အသက်ကြီးသည်ထိ ပြုစုမှာဆိုပြီးတော့လေ၊

ငါက အဲဒီတုန်းက နင့်ကို ငါ့သူငယ်ချင်းဆိုပြီး အားနာလို့ မပြောခဲ့ဘူး၊ အခု သေချာပြောပြမယ်၊ နျူနျူကလည်း ငါတို့ မိသားစုရဲ့ ရတနာပါ၊ သူ့အဖေနဲ့ ငါက လိုအပ်သမျှ ပြည့်စုံပြီးသား၊ ငါတို့ရဲ့ ပင်စင်နဲ့ဆိုရင် နျူနျူလေးက အနာဂတ်မှာ ငါတို့ကို မထောက်ပံ့နိုင်မှာကို စိုးရိမ်စရာမလိုသလို ငတ်လည်းမသေပါဘူး၊ နင် ငါတို့ကို စိတ်ပူစရာ မလိုဘူး!!!”

“ငါက မျက်လုံးကန်းပြီး နင့်လိုမျိုး မြွေလိုမိန်းမနဲ့ သူငယ်ချင်းဖြစ်ခဲ့ရတာ! အခုကစပြီး ငါတို့ မိသားစုတွေ ဘာမှ မသက်ဆိုင်တော့ဘူး!

ငါတို့လို မိသားစုသေးသေးလေးက နင်တို့လို သူဌေးကတော်တွေနဲ့ မတန်ပါဘူး၊ နျူနျူလေးကလည်း နင့်ရဲ့ မွေးစားသမီးဖြစ်ဖို့ မတန်ပါဘူး”

ယန်ဇီကတော့ လက်မလျှော့ဘဲ ဆက်ပြီး နှောင့်ယှက်နေခဲ့သည်။

မစ်စ်လျှို့ သည်းမခံနိုင်တော့သည့်အဆုံးတွင် ခင်ပွန်းသည်အား ခေါ်ကာ အပြင်မှ ဆေးရုံအကူများအား ခေါ်ခိုင်းလိုက်သည်။ သူမက ထိုမိန်းမအား ဆေးရုံခန်းထဲမှ ချက်ချင်းနှင်ထုတ်ပေးရန်ပင် ခိုင်းစေခဲ့တော့သည်။

ယန်ဇီအား ဆွဲထုတ်သွားချိန်တွင် သူမ၏ အဝတ်အစားနှင့်ဆံပင်တို့သည်က ယခင်ကဲ့သို့ မသပ်ရပ်တော့ချေ။

သူမအား ဆွဲထုတ်သွားသည့် လုံခြုံရေးဝန်ထမ်းအား ကုတ်ခြစ်ကာ သူမ၏ ‘ကံကြမ္မာခြင်းပြောင်းလဲသည့်’ အိပ်မက်သည်လည်း တစ်စစီ ကျိုးပျက်သွားကြောင်း သိရပြီးနောက် သူမလည်း လုံးဝ ပြိုလဲသွားခဲ့သည်။

နောက်ဆုံးတွင် သနားချင်စရာကောင်းသည့် ပုံစံပင် ဟန်မဆောင်နိုင်တော့ပေ။

သူမက မစ်စ်လျှို့အား အော်ဟစ်ဆဲဆိုကာ သူမ ကူညီပေးထားခဲ့သည့် ငွေများအား ချက်ချင်းပြန်ပေးရန်၊ သူမ စီစဉ်ပေးထားသော ဆေးရုံခန်းမှ ချက်ချင်းထွက်သွားရန်နှင့် ထွက်မသွားပါက တရားစွဲဆိုမည့်အကြောင်း ပြောဆိုနေခဲ့သည်။

နောက်ထပ်လည်း နျူနျူလေးမှာ ကျိန်စာပြယ်လျှင်တောင်မှ အသက်ရှည်လိမ့်မည်မဟုတ်ကြောင်း ကျိန်စာတိုက်နေခဲ့သည်။

သူမ၏အသံက စူးရှကျယ်လောင်လွန်းသောကြောင့် ဘေးခန်းမှ လူနာများနှင့် လျှောက်လမ်းမှ လူများပင် ခေါင်းလှည့်ကာ ကြည့်လာခဲ့ကြရလေသည်။

မစ်စ်လျှို့ ဒေါသကြောင့် တစ်ကိုယ်လုံး တဆက်ဆက်တုန်နေခဲ့ရသည်။

ရှောင်ဟုန်၏ မျက်လုံးများသည်ကား နီရဲနေကာ မစ်စ်လျှို့ တို့ မိသားစုအား အရိုအသေပြုတောင်းပန်ရှာသည်။

“သား တောင်းပန်ပါတယ်”

ထို့နောက် ဆေးရုံခန်းတွင်းမှ ခေါင်းငိုက်စိုက်ချကာ ထွက်သွားတော့သည်။

ဆူညံသံများ စဲကာ အသံတိတ်သွားချိန်တွင်တော့မစ်စ်လျှို့က  ကုတင်နားသို့ လျှောက်သွားရင် ပိန်လှီနေသော သမီးငယ်၏ လက်အား တင်းတင်းဆုတ်ကိုင်ကာ မျက်ရည်ကျမိသည်။

နျူနျူလေးက ရှိုက်ငိုလိုက်ရင်း ပြောလာလေ၏။

“အမေ၊ သမီးလေ .. သမီးကြီးလာရင်အဖေနဲ့ အမေကို သေသေချာချာဂရုစိုက်မှာပါ၊ သမီးက အသုံးမကျတဲ့ သမီးမဟုတ်ပါဘူးနော်..”

“အဲဒီမိန်းမရဲ့ ပေါက်ကရစကားတွေကို စိတ်ထဲမထားနဲ့ သမီး”

ဆူပွက်နေသည့် ကိစ္စများအား ကြည့်နေပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများမှာ ခံစားချက်အမျိုးမျိုး ဖြစ်နေခဲ့ကြသည်။

နာမကျန်းဖြစ်သည့် ခန္ဓာကိုယ်အား ကုသ၍ ရနိုင်သော်လည်း စိတ်ဒဏ်ရာကတော့ ကုသရ ခက်ပေသည်။

[ဒီကောင်လေးက တကယ်ကို အပြစ်မဲ့တာပဲ၊ ဒါပေမယ့် နျူနျူလေးက ပိုပြီး သနားဖို့ကောင်းတယ်၊ ပြန်လဲလိုက်တာ ကောင်းပါတယ်၊ လူတိုင်းအတွက် ကိုယ်ပိုင်ကံကြမ္မာရှိနေပြီးသားပဲလေ]

[ကြည့်ရင်းနဲ့ကို ဒေါသတွေ အလိပ်လိုက်ပဲ၊ ရဲတွေက အဲ္ီလို သဘာဝလွန်နည်းလမ်းတွေသုံးပြီး လူတွေကို ဒုက္ခပေးတဲ့ဟာတွေကို ဖမ်းလို့မရဘူးလား?

သူတို့ပဲ လူသတ်လိုက်၊ ပစ္စည်းဥစ္စာတွေကို မတရားသဖြင့်ယူလိုက် လုပ်နေကြတာလေ၊ အခုပဲ အဲဒီ ယန်ဇီဆိုတဲ့ မိန်းမကိုကြည့်၊ဘကလေးအပေါ်မှာ မကောင်းတာတွေလည်း လုပ်ထားသေးတယ်၊

ကျိန်စာက တိုက်သွားသေးတယ်၊ မျက်နှာကို ပယ်ပယ်နယ်နယ် နှစ်ချက်လောက် ထိုးပစ်ချင်တာ!]

[မစ်စ်လျှို့တို့ မိသားစုက သနားပါတယ်၊ အဲဒီမိန်းမ တော်တော်လေး ကျေးဇူးကန်းတာကို ဒီမိသားစုက ခါးစည်းခံနေရတယ် ၊ သူတို့အိမ်လည်း ရောင်းပြီး အကြွေးက တင်နေသေးတယ်၊

မစ်စ်လျှို့က အဲဒီမိန်းမအပေါ်ကို အကြွေးတင်နေသေးတယ်၊ ငါကတော့ သူ နောက်ထပ် အဲဒီလို မိန်းမမျိုးနဲ့ ဒီလို ထောင်ချောက်မျိုး ထပ်မမိပါစေနဲ့လို့ ဆုတောင်းတယ်၊

ငါ့မှာ ငွေတော့ သိပ်မရှိပေမယ့် တတ်နိုင်သလောက် ကူညီပေးပါ့မယ်]

[ငါလည်း နည်းနည်း လှူပေးပါ့မယ်၊ နျူနျူလေးအတွက် အလှူငွေကောက်လိုက်တာမျိုးဆိုရင်ရော? အခု ဒီတိုက်ရိုက်လွှင့်တာကို လူဆယ်သန်းတောင် ကြည့်နေတာ၊ တစ်ယောက်နည်းနည်းလောက် လှူပေးရင်ကို အဆင်ပြေပါတယ်]

[သဘာဝလွန်လောကက လူတွေက‌ ပြောတာတော့ ဒီလိုလူတွေကို လုံးဝအလွတ်မပေးဘူးတဲ့၊ ဒီနိုင်ငံမှာလည်း အဲယီလိုလူတွေကို မကောင်းတာလုပ်တာ တားဆီးနိုင်တဲ့ စွမ်းရည်ရှိတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေလည်း ရှိတာပဲလေ]

[သူတို့ အစီအရင်ကို ဖျက်လိုက်တာနဲ့ ရှောင်ဟုန်လေးက သေရမှာပေါ့နော်?]

[… …]

တိုက်ရိုက်ထုတ်လွှင့်မှုမှ လူများ၏ မေးခွန်းအတွက်ကတော့:

ယန်ဇီတစ်ယောက် ဆေးရုံခန်းတွင်းမှ ဆွဲထုတ်ခံလိုက်ရပြီးနောက် အံကို ကြိတ်ရင်း ပိတ်ထားသည့် ဆေးရုံတံခါးအား မျက်စောင်းခဲကာ ပွစိပွစိ ရေရွတ်နေဆဲဖြစ်သည်။

“အဲဒီကောင်မ မကောင်းတဲ့ကောင်မမှန်း ငါသိသားပဲ၊ ငါ့ကွယ်ရာမှ လူတွေခေါ်ပြီး သူ့သမီးကို စစ်ခိုင်းနေတာ၊ ပြောတော့ ငါ့ကို ဒုက္ခမပေးချင်လို့တဲ၊

ပြီးတော့ နင်! နင်က တော်တော် တုံးတဲ့,အတဲ့ ကောင်ပဲ၊ ငါ ဒါတွေကို လုပ်နေတာ ဘယ်သူ့အတွက်လဲ? အကုန် နင့်အတွက်ချည်းပဲ!!”

ပတ်ဝန်းကျင်မှ လူများက ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ကို မြင်သော်လည်း သူမက သားဖြစ်သူ ရှောင်ဟုန်၏ နဖူးအား ဆက်တိုက် လက်ညိုးဖြင့် ထိုး၍ ဆူပူနေခဲ့သည်။

ရှောင်ဟုန်၏ မျက်လုံးများ နီမြန်းနေသည်ကို မြင်ရပြီးနောက် သူမက  နောက်ထပ် ဒေါသထွက်လာပြန်သည်။

“နင် ကိုယ့်အမေကို ဘယ်လို ကြည့်နေတာလဲ? နင်လည်း နင့်အဖေလိုပဲ အသည်းနှလုံးမရှိတဲ့အကောင်၊ ငါ ဒါမျိုးတွေ လိုက်လုပ်နေရတာ နင့်အတွက်ပဲ…”

ရှောင်ဟုန် မထိန်းထားနိုင်တော့ပဲ ငိုချလိုက်မိသည်။

“အဲဒါတွေက သားလုပ်ခိုင်းတာ မဟုတ်ဘူးလေ ၊သူများရဲ့ ဘဝကို ခိုးပြီး အသက်ရှင်ရမယ့်အစား သား သေပဲ သေပစ်လိုက်မယ်!!”

“နင်!!”

ယန်ဇီ ဒေါသတကြီးဖြင့် သားဖြစ်သူ မျက်နှာအား ရိုက်ရန် လက်ရွယ်လိုက်သည်။

သို့သော် သူမ လက်ဖဝါးနှင့် ရှောင်ဟုန်၏ ပါးပြင်တို့ မိတ်မဆက်ခင်မှာပင် လက်တစ်ဖက်က သူမလက်ကောက်ဝတ်အား ဆွဲထားလိုက်လေသည်။

ထိုဆွဲအားက အားပြင်းလွန်းသောကြောင့် သူမဒလက်ကောက်ဝတ်အရိုးပင် နာကျင်သွားရပြီး ရုန်းလည်း ရုန်းမထွက်နိုင်ခဲ့ပေ။

ယန်ဇီ လှည့်ကြည့်လိုက်ချိန်တွင် သူမနောက်၌ ရပ်နေသော လူငယ်သုံးဦးအား တွေ့လိုက်ရသည်။

ဦးဆောင်သူသည်ကား သူမလက်အား ဆွဲထားသူပင်ဖြစ်သည်။ သူသည်က အရပ် ၁၉၀ စင်တီမီတာခန့် ရှည်သည်။ ခရမ်းရောင် ခေတ်ပေါ်အင်္ကျီကို ဝတ်ဆင်ထားကာ ဆံပင်မှာလည်း တစ်ခေါင်းလုံး ကျစ်ဆံမြီးကျစ်ထားသည်။

ပါးစပ်ထဲတွင်လည်း ချိုချဉ်ဝါးနေခဲ့ပြီး သူ့ဒပုံစံမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်ပုံပေါ်သော်လည်း လူကောင်းပုံတော့ မပေါက်ပါချေ။

**

All Chapters