စစ်ပွဲ၏ နောက်ဆက်တွဲ
Vol. 4 Ch. 382
ချန်းဖန်နှင့် ဂျပန်စစ်တပ် အကြားမှ တိုက်ပွဲကား လျင်မြန်စွာပင် ပျံ့နှံ့သွားပြီ ဖြစ်၏။ ဂျပန် ခေါင်းဆောင်များနှင့် ကာကွယ်ရေး တပ်မတော်တို့မှာ သူတို့၏ ရှုံးနိမ့်မှု သတင်းအား ပိတ်ပင် တားဆီးနေသော်လည်း အကြောင်း မထူးချေ။ နောက်ဆုံး၌ သူတို့သာ လက်လျှော့ လိုက်ကြတော့သည်။
ထိုစစ်ပွဲ၌ ချန်းဖန်သည် ပုံမဖော်နိုင်သော စွမ်းအားများအား ခင်းကျင်းပြသခဲ့၏။ ရိုင်ဖယ်များနှင့် စက်သေနတ်များပင် သူ့အား ထိခိုက်အောင် မလုပ်နိုင်ချေ။ သူ၏ အပြောင်မြောက်ဆုံး စွမ်းဆောင်ရည်ကား F-15 တိုက်လေယာဉ် သုံးစင်းနှင့် AH-1 ဟယ်လီကော်ပတာ ဆယ့်ရှစ်စင်းကို ပစ်ချခဲ့ခြင်းပင်။
သူ၏ နောက်ဆုံး ဓားပျံအလင်း တိုက်ခိုက်မှု ဆိုလျှင် မော်ဒန်ခေတ်တွင်ပင် မည်သူမျှ မတွေ့ဖူးသော တိုက်ခိုက်မှုမျိုး ဖြစ်သည်။
"ကျုပ်တို့သာ သူ့ကို တိုက်ခိုက်ရရင် ဒုံးကျည်တွေ အများအပြား သုံးပြီး အဝေးကနေ ပစ်မယ်။ လိုအပ်ရင် အက်တမ်ဗုံးတွေကိုပါ သုံးမယ်"
ရုရှားစစ်တပ်၊ မြောက်ပိုင်းခရိုင် ခေါင်းဆောင်များ အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်တစ်ယောက်က တင်ပြလိုက်သည်။
သူတို့၏ ဒုံးကျည်များမှာ လေထုထဲတွင်ပင် ပေါက်ကွဲနိုင်စွမ်း ရှိကာ မီတာသောင်းချီသော ဒေသတစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်သည်။ နျူထရွန်ဗုံးများဆိုလျှင် ပို၍ပင် ကြောက်စရာ ကောင်းသေးသည်။ ထိုအရာများက နျူကလိယဗုံး အသေးစား တစ်မျိုးဖြစ်ကာ ကီလိုမီတာ ထောင်ဂဏန်း အတွင်းရှိ ဒေသတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
ထိုလက်နက်များမှာ ချန်းဖန်အား ကောင်းကောင်း ခြိမ်းချောက်နိုင်သည့်တိုင် ရုရှား၊ အမေရိကန်၊ တရုတ်ကဲ့သို့သော အင်အားကြီး နိုင်ငံများသာ ပိုင်ဆိုင်သည်။
"သူ့ကို တိတိကျကျ ပစ်နိုင်ဖို့ဆိုရင် လေဆာ အမြောက်တွေကိုပါ သုံးရမယ်။ သူ ဘယ်လောက်မြန်မြန် လေဆာထက်တော့ ပိုမမြန်နိုင်ဘူးမလား"
အစည်းအဝေးအတွင်း ဗိုလ်ချုပ်အဆင့် တစ်ယောက်က လေဆာ အမြောက်မြား သုံးရန်ပင် အကြံပေးသည်။ များစွာသော စစ်အရာရှိများကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။
လေဆာ လက်နက်များမှာ အလင်း၏ အမြန်နှုန်း အထိပင် ပစ်ခတ်နိုင်သည်။ ထို့ကြောင့် အမြန်နှုန်းက ပြဿနာတစ်ခု မဟုတ်ချေ။ ချန်းပေ့ရွှမ်း မည်မျှပင် မြန်စေကာမူ အလင်းထက်တော့ ပိုမြန်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်၌ တရုတ်စစ်တပ်ကမူ ချန်းပေ့ရွှမ်း သုံးခဲ့သည့် ဓားပျံအကြောင်းကိုသာ အာရုံစိုက်နေခဲ့သည်။
"ကြားရတဲ့ အတိုင်းဆို အဲဒါက တကယ်ပဲ ဓားပျံပေါ့… အဲဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
"အဲဒါက အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ လုပ်ဆောင်ပုံချင်း နည်းနည်း တူတယ်တဲ့။ ဒါပေမဲ့ သူ့မှာက ရေဒါမပါဘူး။ ဒါကြောင့် F-15 တိုက်လေယာဉ်တွေ မပြောနဲ့။ F-22 တွေတောင် လွတ်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ ချန်းပေ့ရွှမ်း အနေနဲ့ နောင်တစ်ကြိမ် အဲဒီလို တိုက်ခိုက်ဖို့ မလွယ်ဘူး ထင်တယ်နော်။ ဓားပျံလို အစွမ်းထက်တဲ့ လက်နက်မျိုးက လွယ်လွယ် သုံးနိုင်မှာ မဟုတ်ဘူး"
အစည်းအဝေး၌ ငယ်ရွယ်သော ဗျူဟာမှူး အချို့က တစ်ယောက်တစ်ပေါက် သုံးသပ်နေကြသည်။ ရာထူးမြင့်မားသော ဗိုလ်ချုပ်ကြီးများမှာမူ မှုန်ကုပ်သော မျက်နှာဖြင့်သာ ထိုင်နေခဲ့ကြသည်။
ချန်းပေ့ရွှမ်း၏ စွမ်းအားများက သူတို့အား စိုးရိမ်ရေမှတ် အထက်ကို ရောက်စေသည်။ အဆိုးဆုံးကား ချန်းပေ့ရွှမ်းမှာ တရုတ်တွင် နေထိုင်သည့် လူတစ်ဦး ဖြစ်နေခြင်းပင်။
ချန်းပေ့ရွှမ်းနှင့် တရုတ် စစ်တပ်ကြားတွင် အပေါ်ယံအားဖြင့် အဆင်ပြေသလို ထင်ရသော်လည်း လက်တွေ့တွင်မူ ထင်သလောက် မလွယ်ကူချေ။ ချန်းပေ့ရွှမ်းမှာ ဖိအားပေး၍ မရသောသူ ဖြစ်သည်။
အကယ်၍ သူတို့သာ ချန်းပေ့ရွှမ်းကို အပိုင် သိမ်းသွင်းနိုင်ပါက အမေရိကန်၏ စိုးမိုး ခြယ်လှယ်မှုကို လျှော့ချရာတွင် အကူအညီ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ နှစ်ဖက်ပါ ဓားသွားကဲ့သို့ ကိုင်တွယ်ရန် ခက်ခဲလွန်းသည်။ သူက စိတ်ပြောင်းလဲ၍ တရုတ်စစ်တပ်အား တိုက်ခိုက်မည် ဆိုလျှင် သူတို့ အခက်တွေ့ပေလိမ့်မည်။
"ချန်းပေ့ရွှမ်းက တပ်ရင်းတစ်ခု ထက်တောင် ပိုပြီး အစွမ်းထက်တယ်"
ဗိုလ်ချုပ်ကြီး လီဝူချန်းက မှတ်ချက်ချလိုက်သည်။
များစွာသော အစည်းအဝေး တက်ရောက်သူများက လီဝူချန်းအား မနာလိုစွာ လှမ်းကြည့်မိသည်။ ထိုအဘိုးကြီးနှင့် ချန်းပေ့ရွှမ်းတွင် ကောင်းမွန်သော ဆက်ဆံရေးများ ရှိသည် မဟုတ်ပါလား။ လီဝူချန်းကမူ အခြားလူများ၏ အကြည့်များအား ပြုံးရွှင်သော မျက်နှာဖြင့်သာ ခံယူနေခဲ့သည်။ သူ၏ စိတ်တွင်မူ အပျော်များက ပန်းပွင့်လျက်။
သူကား ချန်းပေ့ရွှမ်းအား စစ်တပ်သို့ ဖိတ်ခေါ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်ရာထူးနှင့် ထန်လုံတပ်ဖွဲ့ ခေါင်းဆောင် ရာထူးကိုပါ ပေးအပ်ခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်က စစ်တပ် အကြီးအကဲများ၏ ချီးကျူးမှုကို ရပေလိမ့်မည်။
***
တိုက်ပွဲ၏ ရလဒ်က မြေအောက်လောကအား လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။
"ချန်းပေ့ရွှမ်း နိုင်တယ်…"
"ချန်းပေ့ရွှမ်းက ဆယ့်လေးခုမြောက် ကြည်းတပ်ကို အနိုင်ယူခဲ့တယ်…"
"ချန်းပေ့ရွှမ်းက ဟယ်လီကော်ပတာ ဆယ့်ရှစ်စင်းကို ဖျက်ချပစ်ခဲ့တယ်…"
အင်တာနက် ဖိုရမ်အတွင်း ပို့(post)များက အဆက်မပြတ် တက်နေခဲ့သည်။ ဖိုရမ်အတွင်းရှိ လူများကား အလွန် အံ့အားသင့်နေကြရာ မည်သို့ ပြန်ရေးရမည်ကိုပင် မစဉ်းစားနိုင်တော့ချေ။
စစ်တပ်… ထိုအရာကား စစ်တပ် ဖြစ်သည်။ စစ်တပ်များမှာ ကမ္ဘာဂြိုလ်ပေါ်၌ အင်အား အကြီးဆုံးသော ဖြစ်တည်မှုများ ဖြစ်သည်။
အမှောင် သတ်မှတ်ချက် ထိပ်ဆုံး ပုဂ္ဂိုလ်များပင် အမေရိကန် စစ်တပ်နှင့် ဝေးရာ၌ ပုန်းအောင်း နေကြရသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက ဂျပန်စစ်သား တစ်ထောင်ကျော်ကို သတ်ခဲ့သည့် အပြင် တိုက်လေယာဉ်များကိုပါ ဖျက်ချပစ်ခဲ့သည်။
သူကား မည်မျှအထိ အစွမ်းထက်နေသနည်း။ သူ့အား မည်သည့်အရာက ဒူးထောက် စေနိုင်ဦးမည်နည်း။
"ငါတို့က ချန်းပေ့ရွှမ်းကို လျှော့တွက်မိတာလား …"
အင်တာနက် ဖိုရမ်၏ ဆွေးနွေးပွဲကဏ္ဍ၌ ခေါင်းစဉ်ကြီး တစ်ခု ပေါ်လာခဲ့သည်။ သိပ်မကြာခင်တွင်ပင် ထိုခေါင်းစဉ်သို့ လူပေါင်းများစွာ ဝင်ရောက် ဆွေးနွေးကြတော့သည်။
"အိုးမိုင်ဂေါ့… ဒီတိုက်ပွဲက ငါ့ဘဝတစ်ခုလုံးမှာ ကြားဖူးတာတွေထက် အများကြီး ကြီးကျယ်လွန်းတယ်။ ငါတို့က ရေအိုင်ထဲက ဖားတွေပဲ"
"စစ်တပ်ကတောင် မလုပ်နိုင်ရင် ချန်းပေ့ရွှမ်းကို ဘယ်သူက အနိုင်ယူနိုင်တော့မှာလဲ"
"မြေအောက်လောကတော့ မြင့်တက်လာတော့မယ် ထင်တယ်။ ငါ့နားထဲမှာ ဒရမ်တီးသံတွေတောင် ကြားလာရပြီ"
"ချန်းပေ့ရွှမ်း … မင်းက တကယ့် ပြိုင်ဘက်ကင်းပဲဟေ့ …"
မှတ်ချက်များကား ပလူပျံအောင် တက်နေတော့သည်။
"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့် တစ်ယောက်လား ဆိုတဲ့ မေးခွန်းကို အရင်က လူတိုင်း ခေါင်းခါကြတယ်။ ချန်းပေ့ရွှမ်းမှာ တန်ခိုးရှင် အဆင့်တွေရဲ့ လက္ခဏာတွေ မရှိဘူးတဲ့။ ဒါဆို အခုကျတော့ရော။ တန်ခိုးရှင် အဆင့်တောင် သူ့လို တပ်ရင်းတစ်ခုလုံးနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
"ဟေ့ … ကောင်လေးတွေ … ချန်းပေ့ရွှမ်းရဲ့ နောက်ဆုံး တိုက်ခိုက်မှု ဗီဒီယိုကို မင်းတို့ ကြည့်ပြီးပြီလား။ တကယ့်ကိုကွာ … အဲဒါက အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်။ သူက ဟယ်လီကော်ပတာ ဆယ့်သုံးခုနဲ့ တိုက်လေယာဉ် သုံးစင်းကို တစ်ချက်တည်း တိုက်ခိုက်လိုက်တာ။ အသံထက် မြန်ပါတယ်ဆိုတဲ့ တိုက်လေယာဉ်တွေတောင် မလွတ်ဘူး …"
"တွေ့တယ်ဟ … ချန်းပေ့ရွှမ်းရဲ့ နောက်ဆုံး တိုက်ခိုက်မှုက အရမ်းကြမ်းလွန်းတယ်။ သူ့အတွက် ဆိုးကျိုးတွေတောင် ရှိနိုင်လောက်တယ်။ အဲဒီတိုက်ခိုက်မှုကို ဖော်ထုတ်ဖို့ သူအချိန်တွေ အကြာကြီး ယူခဲ့ရတယ်မလား"
အင်တာနက် ဖိုရမ်အတွင်း လူများစွာ ငြင်းခုံနေကြချိန်၌ မစ္စတာ လေ့လာသူက ဝင်ရေးလိုက်၏။
"ဘာပဲဖြစ်ဖြစ် ချန်းပေ့ရွှမ်းက အမှောင် သတ်မှတ်ချက် နံပါတ်သုံးနဲ့ ထိုက်တန်တယ် ဆိုတာ သက်သေပြလိုက်တာပဲ"
"မစ္စတာ လေ့လာသူ ပါလာပြီဟေ့။ မစ္စတာ လေ့လာသူ … မိုးကြိုးဘုရင် ဇူးရပ်နဲ့ အမှောင်သတ်မှတ်ချက် ထိပ်ဆုံး နှစ်ယောက်တို့သာ ချန်းပေ့ရွှမ်းနဲ့ တိုက်ခိုက်ရင် ဘယ်လိုနေမယ် ထင်လဲ။ နောက်ပြီး ချန်းပေ့ရွှမ်းက တကယ်ပဲ တန်ခိုးရှင် အဆင့်လား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
လူတိုင်းက မစ္စတာ လေ့လာသူ ပြန်ရေးမည့် မှတ်ချက်အား စိတ်ရှည်စွာပင် စောင့်နေကြသည်။ မစ္စတာ လေ့လာသူမှာ ထိုအင်တာနက် ဖိုရမ်တွင် ထင်ရှားသူ တစ်ယောက်ဖြစ်ကာ သူ့ထံမှ လာသော သတင်းများမှာလည်း အများအားဖြင့် တိကျသည်။
"ပြောဖို့ခက်တယ်ဗျ … ချန်းပေ့ရွှမ်းနဲ့ သူတို့က ပန်းသီးနဲ့ လိမ္မော်သီးတွေလိုပဲ။ ဒါပေမဲ့ ချန်းပေ့ရွှမ်းကပဲ အမှောင်လောကရဲ့ အစွမ်းအထက်ဆုံးလို့ ကျုပ်ယုံကြည်တယ်"
မစ္စတာ လေ့လာသူက ပြန်ဖြေလိုက်သည်။
"ဒုတိယ မေးခွန်းအတွက်တော့ အဖြေက မလိုဘူး ထင်တာပဲ။ သူ တန်ခိုးရှင် အဆင့်ကို ရောက်မရောက် ဆိုတာက အရေးမကြီးဘူး။ ဘာလို့လဲဆိုတော့ သူက တကယ့် ဂန္ထဝင်ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီမို့လို့ပဲ"
***