← Chapters

တရားမျှတမှု မရှိ (3)

Vol. 16 Ch. 159

တရားမျှတမှု မရှိ (3)

Vol. 16 Ch. 159

သူမ အံ့ဩထိတ်လန့်သွားသည်။

“နင်ဘယ်သူလဲ? ဘာကိစ္စကြောင့် ငါ့ကို လာဆွဲနေရတာလဲ?”

ဘေးမှ မိန်းမငယ်လေးမှ လက်ကို မြှောက်၍ သူမ၏ အစိုးရရဲဌာနတံဆိပ်အား ထုတ်ပြလိုက်သည်။

“ကျွန်မတို့က X မြို့ရဲ့ ဝိဉာဉ်ရေးရာအထူးဌာနအဖွဲ့ကပါ၊ ယန်ဇီ ဟုတ်တယ်နော်? ရှင်က သဘာဝလွန်ပညာကို သုံးပြီး လူတစ်ယောက်ကို သတ်ရန် ကြံစည်မှုမှာ သံသယရှိသူဖြစ်ပါတယ်၊ ကျွန်မတို့နဲ့ လိုက်ခဲ့ပေးပါ”

ယန်ဇီတစ်ယောက်  သွေးပျက်တုန်လှုပ်သွားခဲ့သည်။

“နင်တို့ ဘာတွေ ပြောနေတာလဲ? ငါ ဘာမှမသိဘူး! ဘာဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့လဲ? ငါ့ကို လွှတ်!!”

သို့သော် သူမ၏ ရုန်းကန်မှုများသည် အချည်းနှီးသာဖြစ်ပြီး သူတို့ခေါ်ဆောင်ရာသို့ ပါသွားခဲ့ရလေသည်။

ဆေးရုံခန်းတွင်း

မစ်စ်လျှို့၏ စိတ်အခြေအနေတည်ငြိမ်သွားပြီးနောက် ကုကျစ်စုန့် စကားစသည်။

“တကယ့် နတ်ဘုရားအစေခံကလေးနဲ့ အရိပ်ကလေးငယ်တို့ရဲ့ ကံကြမ္မာကို ပြန်ပြောင်းဖို့ အချိန်ကျပြီနော်”

မစ်စ်လျှို့က ခေါင်းကို အကြိမ်ကြိမ်ငြိမ့်၍ ခင်ပွန်းနှင့်အတူ သူမအား ဆက်တိုက် ကျေးဇူးတင်စကားဆိုခဲ့သည်။

“ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်၊ တောက်ကျန့်သာ သူမရဲ့ လုပ်ရပ်တွေကို မမြင်ခဲ့၊ မပြောခဲ့ဘူးဆိုရင် ကျွန်မတို့ လင်မယားတော့ နျူနျူလေး မရှိတော့ရင်တောင်မှ…. သူ့ကို ကျေးဇူးရှင်တစ်ယောက်လိုမျိုး ဆက်ဆံနေမိမှာပဲ”

ကုကျစ်စုန့်မှ သူတို့၏ သမီးငယ်လေးအနားသို့ ကပ်လာသည်ကို မြင်တွေ့ရပြီးနောက် မစ်စ်လျှို့မျက်နှာသည်က အနည်းငယ် တွေဝေနေခဲ့သည်။

“ကုတောက်ကျန့် ပြန်ပြောင်းလိုက်မယ်ဆိုရင်… ရှောင်ဟုန်လေးက…?”

“ကံကြမ္မာအတိုင်းပဲ”

“ဒါဆိုရင် ကံကြမ္မာချင်း‌ ပြောင်းလဲတာကလွဲပြီး သူ့ကို အသက်ဆက်ရှင်နိုင်မယ့် အခြားနည်းလမ်းများ မရှိဘူးလားဟင်? ကျွန်မက အရမ်းကို သဘောထားကြီးလွန်းတဲ့သူတော့ မဟုတ်ပေမယ့် အဲဒီကလေးက နျူနျူလေးကို အရမ်းဂရုစိုက်တာ၊

ကျွန်မကိုလည်း နှစ်တော်တော်ကြာ မွေးစားအမေလို့ ခေါ်လာခဲ့တာ ၊ ပြီးတော့ တကယ့်ကိုလိမ္မာတဲ့ ကလေးပါ၊ ကျွန်မစိတ်ထဲကနေ သူ့ကို ဂရုဏာသက်မိတယ်၊

ဒါပေမယ့် ကျွန်မ သူ့ကို ဘယ်လောက်ပဲ သနားပါစေ၊ သမီးအသက်နဲ့တော့ မလဲနိုင်ပါဘူး”

ကုကျစ်စုန့်: “???”

“ခဏလေးနေပါဦး။ နတ်ဘုရားရဲ့ အပါးတော်ကလေးဖြစ်ရတာက သနားစရာကောင်းတဲ့ ဘဝလို့ ဘယ်သူက ပြောတာလဲ?”

မစ်စ်လျှို့ ကြက်သေ,သေသွားရသည်။

“ဟင်? သူတို့က သနားစရာမကောင်းဘူးလား?”

“သာမန်လူတွေရဲ့ မျက်လုံးအမြင်မှာတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်၊ ‘နတ်ဘုရားရဲ့ အပါးတော်ကလေး’တွေက လူ့ပြည်ကို လာပြီး ဒုက္ခခံရတယ်ပေါ့၊ ဒါပေမယ့် အဲဒီ ‘နတ်ဘုရားအပါးတော်ကလေး’ တော်တော်များများကလည်း မသေမျိုးကမ္ဘာကိုပဲ ပြန်ချင်ကြတာနော်”

“ရှေးခေတ်ကနေ အခုအချိန်ထိတောင်မှ ပညာရပ်ထွန်းပေါက်ပြီး မသေမျိုးဘဝကို မကူးပြောင်းနိုင်ခဲ့တဲ့ ကျင့်ကြံသူတွေ အများကြီးပဲ၊

ဒီတော့ ‘မသေမျိုးဘဝ’နဲ့ မွေးလာတဲ့ နတ်ဘုရားအပါးတော်တွေက ဘယ်လိုလုပ်ပြီး သနားစရာ ကောင်းသွားတာလဲ?”

သူမ တကယ်နားမလည်နိုင်တော့။

ဘယ်လိုလူတွေကများ ‘နတ်ဘုရားအပါးတော်’ကလေးများဘဝက သနားစရာကောင်းတယ်လို့ တွေးမိပြီး နည်းလမ်းမျိုးစုံကိုအသုံးပြုပြီး သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲကို ကြိုးစားခဲ့ကြတာပါလိမ့်?

[အာ၊ အဲဒီလိုကျတော့လည်း ဟုတ်သားပဲ။ မသေမျိုးဖြစ်ရတာကပျော်စရာမကောင်းဘူးလား? မင်းသာ မသေမျိုးဆိုရင် ရောဂါကင်းပြီး ဆင်းရဲကင်းမှာပဲလေ နော်?]

[ရယ်ရတယ်၊ ငါ သေချာပေါက်ပြောနိုင်တယ်၊ နတ်ဘုရားအပါးတော်တွေက ပြောနေရကြမှာပဲ၊ ‘ငါ့ကို လူစားမထိုးနဲ့!’]

ကုကျစ်စုန့်ကတော့ အတည်ပြောနေခြင်းဖြစ်သည်။

“တကယ်တော့ နတ်ဘုရားအပါးတော်ကလေးတွေရဲ့ ကံကြမ္မာအပြောင်းခံလိုက်ရတာက သူတို့ မိဘတွေ၊ ဆွေမျိုးတွေက သူတို့ကို လက်မလွှတ်ချင်ကြလို့လေ၊

သူတို့ကတော့‌ တွေးမှာပေါ့၊ ကလေးအတွက် လုပ်ပေးနေတာဆိုပြီးတော့၊ ဒါပေမယ့် သူတို့က ‘ဒီနတ်ဘုရားအပါးတော်ကလေး’ကရော သူ့ရဲ့ ကံကြမ္မာကို ပြောင်းချင်ရဲ့လားလို့ ဘယ်တော့မှ မမေးကြဘူး”

ရှောင်ဟုန်နှင့် ယန်ဇီကဲ့သို့သော မိသားစုမျိုးတွင် သူတို့သည်ကား မိခင်နှင့် ရင်သွေးဆက်ဆံရေး တည်မြဲမည့် ကံကြမ္မာမျိုးမဟုတ်ချေ။ ၎င်းသည်က ယန်ဇီ၏ မကောင်းသော အကျင့်စရိုက်ကြောင့်ပင်ဖြစ်သည်။

ဆိုရလျှင် ကောင်းကင်ဘုံမှ ‘နတ်ဘုရား၏ အပါးတော်’အား ချစ်ခင်ကြင်နာတတ်သော မိသားစုမျိုးတွင် မဟုတ်ပဲ ယန်ဇီကဲ့သို့ မိခင်မျိုးထံတွင် ဝင်စားစေခဲ့သည်။

ရှောင်ဟုန်သာ သူ၏ သက်မှတ်ထားသည့် ကံကြမ္မာအတိုင်း ပြန်ခေါ်ခံခဲ့ရပါလျှင် ဝေဒနာခံစားရမည်မဟုတ်ပေ။

မတော်တဆမှု တစ်ခုခုဖြစ်ကာ အသက်အား ချက်ချင်းဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

သို့သော် သူမ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် လောဘတို့ကြောင့် ယန်ဇီသည်ကား ရှောင်ဟုန်နှင့် နျူနျူတို့၏ ကံကြမ္မာအား ပြောင်းလဲခဲ့သည်။

ထိုအချက်ကြောင့်ပင် မူလက ‘အရိပ်ကလေးငယ်တစ်ဦး’ဖြစ်သည့် နျူနျူတစ်ယောက် ဒုက္ခဝေဒနာကို ခံစားရခြင်းပင်ဖြစ်ပေသည်။

သူမ၏ ဝိဉာဉ်သည်ကား နေကမ္ဘာမှ မကောင်းသော စွမ်းအင်များ စုဝေးနေပြီး မြေအောက်ကမ္ဘာမှ တဖန်ဝင်စားသည့်အတွက် ယင်စွမ်းအင်များလည်း စုစည်းနေခဲ့သည်။

“မင်းက ကံကြမ္မာပြောင်းချင်လို့လား? ပြောင်းချင်လို့လား? ငါ ဒီကလေးနဲ့ သဘောတူညီပြီး လဲပေးပါ့မယ်၊ ငါ ပထမဆုံး နာမည်စာရင်းပေးမယ်!! စုန့်စုန့် ငါ့ကို ကြည့်ပါဦး၊ ငါလည်း မသေမျိုးကမ္ဘာကို ပြန်သွားချင်တယ်လို့!!”

ပုံမှန်ဆိုလျှင် ဒေါသကြီး၊ မာနကြီးကြသော ယင်အရာရှိများ စိတ်လှုပ်ရှားနေကြသည်ကို မြင်ရပြီးနောက် သရဲများလည်း ရယ်မောချင်နေခဲ့ကြသည်။

“သူတို့တွေ အဲဒီလောက်အများကြီး စိတ်လှုပာရှားနေတာကို အခုမှ မြင်ဖူးတာပဲ၊ ဖြစ်နိုင်တာက မြေအောက်ကမ္ဘာမှာရှိတဲ့ သရဲပေါင်းသန်းပေါင်းများစွာထဲက နတ်ဘုရားအစေခံတွေအကုန်လုံးများက တိုင်တမ်းမှုတွေလုပ်ဖို့ ထွက်လာကြသလားပဲ”

“အင်း….မသေမျိုးဘဝကနေမှ ယင်အရာရှိဘဝကို… တော်တော်လေးကို အဆင့်နိမ့်ကျသွားတာပဲ၊ မင်း နှစ်ထောင်ချီပြီး ကျင့်ကြံရင်တောင်မှ အဲ့ဘဝကို ပြန်ရောက်နိုင်ဖို့ မသေချာဘူး၊

ပြောရရင်  တော်တော်လေး သနားစရာကောင်းတာပဲ၊ သူတို့ အမြဲတမ်း စိတ်တိုနေတာ မထူးဆန်းတော့ပါဘူး”

“မသေမျိုးနတ်ဘုရားတွေရဲ့ အောက်မှာဆိုရင် တာဝန်ထမ်းဆောင်နေပြီး ကုသိုလ်တွေ စွမ်းအားတွေ အများကြီး စုထားလို့ ရတယ်နော်၊ နှမြောစရာကြီး”

“ကုကျစ်စုန့်လိုမျိုး တွေးခေါ်တတ်တဲ့ တောက်ကျန့်မျိုးက ရှားတယ်၊ ငါဆို သေကာစဆိုရင် အသုဘကို သွားပြီး အလှူအတန်းစာတွေပဲ စားချင်ခဲ့တာ၊ ဒါပေမဲ့ ငါ ဘာမှတောင် မလုပ်ရသေးဘူး၊ တောက်ကျန့်တစ်ယောက်က အော်ဟစ်ပြီး သတ်ပစ်ဖို့လုပ်ခဲ့တာပဲ!!”

“… …”

ယင်အရာရှိများ၏ စောဒင်္ဂတက်မှုများကြောင့် မြေအောက်ကမ္ဘာမှ သရဲများလည်း ကုကျစ်စုန့် ပြောစကားကို စောင့်ဆိုင်းနေကြသည်။

တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာ၏ ဝေ့ပေါ်ဗားရှင်းမှ ပရိတ်သတ်များလည်း တစ်ဟုန်တည်း ထိုးတက်သွားပြီး သန်း ၅၀၀ ပင်‌ ကျော်သွားသည့်အပြင် ထပ်တိုးလာနေဆဲလည်းဖြစ်နေခဲ့လေသည်။

*

All Chapters