ဂန္ထဝင်ပုဂ္ဂိုလ်ကြီး
Vol. 4 Ch. 383
ဒုတိယကမ္ဘာစစ် အတွင်းက ကမ္ဘာအရှေ့ခြမ်း၊ အနောက်ခြမ်းရှိ တန်ခိုးရှင် အဆင့် ပုဂ္ဂိုလ်ကြီးပေါင်း များစွာမှာ ပါဝင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ အလွန် ထူးချွန် ပြောင်မြောက်သော စွန့်စားခန်းများက သူတို့အား ဂန္ထဝင် တွင်စေခဲ့သည်။
သို့သော်လည်း အမေရိကန်က ဂျပန်အား အက်တမ် ဗုံးကြဲချလိုက်ချိန်မှ စ၍ သူတို့၏ အခန်း ကဏ္ဍမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ သူတို့ကား တစ်ဦး တစ်ယောက်ချင်း အနေဖြင့် အလွန်တရာ အစွမ်းထက်သော်လည်း အင်အားကြီး နိုင်ငံများကိုမူ အန်တုနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့်ပင် များစွာသော တန်ခိုးရှင် အဆင့် ပုဂ္ဂိုလ်များမှာ လူမြင်ကွင်းသို့ မထွက်ပြကြတော့ပဲ တံခါးပိတ်၍သာ ကျင့်ကြံ နေတတ်ကြတော့သည်။
ထို့ကြောင့်ပင် အမှောင် လောကသားများ အတွက် တန်ခိုးရှင် အဆင့်ဆိုသည်မှာ ဂန္ထဝင် ပုဂ္ဂိုလ်ကြီးများ အလား ဖြစ်နေခဲ့သည်။
ယခု ချန်းဖန် လုပ်ဆောင်ပြခဲ့သည်များက တန်ခိုးရှင် အဆင့်များပင် လုပ်ဆောင်ရန် ခက်ခဲလွန်းသည့် အရာများ ဖြစ်သည်။ ထိုစွမ်းဆောင်မှုများက သူ့အား စစ်မှန်သော ဂန္ထဝင် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စေသည်။
"တန်ခိုးရှင် အဆင့်တွေ ပျောက်ကွယ်သွားတဲ့ နောက်မှာ ဂန္ထဝင်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အသစ်က ချန်းပေ့ရွှမ်းပဲ …"
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တန်ခိုးရှင်တွေရဲ့ အခန်းကဏ္ဍကို ငါတို့တွေ တဖြည်းဖြည်း မေ့လျော့လာကြတယ်။ သူတို့ရဲ့ စစ်တပ် တစ်ခုလုံးကို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ဒဏ္ဍာရီတွေကိုရော ပဲပေါ့။ ဒါပေမဲ့ ချန်းပေ့ရွှမ်းက အဲဒီလို စွမ်းအားတွေ ရှိသေးတယ် ဆိုတာ ငါတို့ကို သတိပေးလိုက်တာပဲ"
"သူက တန်ခိုးရှင် အဆင့်တစ်ယောက် ဟုတ်သည် ဖြစ်စေ။ မဟုတ်သည် ဖြစ်စေ။ စစ်မှန်တဲ့ ဂန္ထဝင်ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်တယ် ဆိုတာကတော့ အမှန်အကန်ပဲ"
မစ္စတာ လေ့လာသူ၏ ချန်းပေ့ရွှမ်း အကြောင်း မှတ်ချက်များက ဖိုရမ်တစ်ခုလုံးအား ပျံ့နှံ့သွားတော့၏။
***
ထိုအချိန် တိုကျိုမြို့၊ ဇိမ်ခံ ခြံဝင်းတစ်ခု အတွင်း၌…
မစ်ဆု မိသားစု၏ အစေခံများကား စကားတစ်ခွန်းပင် မပြောရဲကြချေ။ သူတို့က ခေါင်းများကို အောက်စိုက်ရင်း တစ်ဦးကိုယ် တစ်ဦး တိတ်တခိုး ကြည့်နေမိကြ၏။ သူတို့၏ သူဌေးနေထိုင်သော အဆောက်အဦ အနီးတစ်ဝိုက်တွင်မူ အရာအားလုံးက တိတ်ဆိတ်ခြင်းဖြင့် မင်းမူနေသည်။
မစ်ဆု မိသားစု သခင်ကြီးမှာ စစ်ပွဲ ရလဒ်အား ကြားသည်နှင့် သူနေထိုင်ရာ အခန်းထဲမှ အရာအားလုံးကို ဖျက်ဆီး ပစ်ခဲ့သည်။ ထို့နောက် နှလုံးရောဂါဖြင့် မူးလဲသည် အထိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် မိသားစုက အတော်ဆုံး နှလုံးအထူးကု ဆရာဝန်ကို ခေါ်ယူကာ ကုသစေခဲ့ရသည်။
မစ်ဆု မိသားစုဝင် များစွာမှာ ခုတင်တစ်ခု ဘေးတွင် ရပ်နေကြ၏။ သူတို့ကား စကား တစ်ခွန်းတလေပင် မပြောရဲကြချေ။
မစ်ဆုကာဇူမှာမူ ယခုအချိန်၌ ဒေါသ အရိပ်အယောင်များ မရှိတော့ချေ။ သူက ခုတင်ပေါ်၌ ငြိမ်သက်စွာပင် လဲလျောင်းနေခဲ့၏။
မစ်ဆု လုပ်ငန်းစု၏ လုပ်ငန်းစု၏ လက်ရှိခေါင်းဆောင် မစ်ဆုယူတိုက သတ္တိမွေးမြူရင်း သူ့အနားသို့ တိုးကပ်ကာ ပြောလိုက်သည်။
"သခင်ကြီး … ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ကျုပ်တို့ ရှိလိမ့်မယ်လို့ ချန်းပေ့ရွှမ်း တွေးမှာ မဟုတ်ပါဘူး။ သူ လက်စားချေမယ် ဆိုရင်တောင် ဝန်ကြီးချုပ်ဆီပဲ သွားလိမ့်မယ်"
သခင်ကြီးအား နှစ်သိမ့်နေသည့်တိုင် သူကိုယ်တိုင်မှာ ကြောက်လန့်နေဆဲ ဖြစ်သည်။ ချန်းပေ့ရွှမ်း ဆယ့်လေးခုမြောက် ကြည်းတပ်ကို ဖျက်ဆီးလိုက်သည် ဆိုသော သတင်းက သူ့အား အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။ ထို့အပြင် ထိုကောင်လေးက လေကြောင်းစစ်ကူများ ကိုပင် ဖျက်ချပစ်ခဲ့သေးသည်။
တစ်စုံတစ်ယောက်က ဤမျှအထိ အဘယ်ကြောင့် စွမ်းအား ကြီးရသနည်း။
ဂျပန်စစ်တပ်မှ ချန်းပေ့ရွှမ်း၏ နောက်သို့ လိုက်နေကြောင်း ကြားရသည့် အချိန်၌ သူစိတ်မကောင်း ဖြစ်မိသေးသည်။ ထိုတရုတ် ဆယ်ကျော်သက် လူငယ်လေးကား စစ်တပ်၏ အောက်၌ မှုန်းမှုန်း ကြေလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော်လည်း ချန်းပေ့ရွှမ်းက မဖြစ်နိုင်သော အရာကို လုပ်ပြခဲ့သည်။ ဂျပန်စစ်တပ်ရင်း တစ်ခုလုံးကိုပင် သူက ချေမှုန်းပြခဲ့သည်။
ချန်းပေ့ရွှမ်း၏ အောင်မြင်မှုက ဂျပန် အစိုးရ၏ မျက်နှာကို ဖြတ်ရိုက်လိုက် သလိုပင်။ သူ၏ လက်ဝါးအောက်၌ ဂျပန် အစိုးရ၏ သွားများပင် ကျွတ်ထွက်ခဲ့ရသည် ဟုပင် သူတွေးနေခဲ့သည်။
တပ်မဟာကြီး တစ်ခုလုံးကို တိုက်ခိုက်ရသည်ထက် ချန်းပေ့ရွှမ်းနှင့် တိုက်ခိုက်ရသည်က ပိုမို ခက်ခဲလွန်းသည်။ အကယ်၍ ချန်းပေ့ရွှမ်းက မတိုက်ခိုက်ချင်ပဲ မြို့တစ်မြို့တွင် ဝင်ပုန်းနေလျှင်ပင် ဂျပန်စစ်တပ် အနေဖြင့် မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။
အကယ်၍ ချန်းပေ့ရွှမ်းသာ ရန်ငြိုးကြီးသော လူတစ်ယောက် ဆိုပါက ဂျပန် အစိုးရအား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ကျိန်းသေ လက်စား ချေပေလိမ့်မည်။
ထိုသို့ တွေးနေသူကား သူတစ်ယောက်တည်း မဟုတ်ချေ။ ဂျပန်ဝန်ကြီးချုပ် နေထိုင်ရာ ၂-၃-၄ နာဂါတာ ချီယိုဒါ-ခူ၌ အစောင့်အကြပ်များအား တင်းကျပ်စွာ ချထားခဲ့သည်ဟု သတင်းကြားရသည်။ ဂျပန် ဝန်ကြီးချုပ်ကား စစ်ပွဲ ပြီးဆုံးချိန်မှစ၍ အလွန်ပင် ကြောက်နေခဲ့ပုံ ရသည်။
မစ်ဆုယူတို တိတ်ဆိတ်စွာ စဉ်းစားနေစားရင်း ဂျပန် အစိုးရနှင့် ခပ်လှမ်းလှမ်းတွင် နေရန် ဆုံးဖြတ်လိုက်သည်။ မစ်ဆု မိသားစု အနေဖြင့် ထိုအကျပ်အတည်းတွင် ဝင်မပါလိုချေ။
"စစ်တပ်က ချန်းပေ့ရွှမ်းကို တိုက်ခိုက်တဲ့ အစီအစဉ်မှာ ငါပါဝင် ပတ်သက်မိတယ်။ ဝန်ကြီးချုပ်က ချန်းပေ့ရွှမ်းကို လွှတ်ထားဖို့ တွေးထားခဲ့တာ။ ငါနဲ့ အခြားအရာရှိ အချို့ကပဲ ချန်းပေ့ရွှမ်းနဲ့ တိုက်ခိုက်ဖို့ တွန်းအားပေးခဲ့တာ"
မစ်ဆုကာဇူ၏ အသံ ခပ်ယဲ့ယဲ့က ထွက်ပေါ်လာသည်။
"ဘယ်လို …"
မစ်ဆုယူတိုနှင့် အခြား မိသားစု ခေါင်းဆောင်များကား ဆွံ့အကုန်တော့သည်။ မစ်ဆု မိသားစု အနေဖြင့် ထိုပြဿနာတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက် နေလိမ့်မည်ဟု သူတို့ တွေးမထားခဲ့ချေ။
"အခု ငါတို့ လုပ်နိုင်တာ အားလုံးက ချန်းပေ့ရွှမ်း အနေနဲ့ ငါတို့ရဲ့ ပါဝင်မှုကို မသိအောင် ဆုတောင်းဖို့ပဲ ရှိတော့တယ်။ သူ့အနေနဲ့ တရုတ်ကို မြန်မြန် ပြန်သွားဖို့ပဲ မျှော်လင့်တယ်"
မစ်ဆု ကာဇူက သက်ပြင်းတစ်ချက် ချလိုက်သည်။
မစ်ဆုယူတိုကမူ မျက်မှောင်ကြုတ်ရင်း တစ်ခုခုကို အသည်းအသန် တွေးနေခဲ့သည်။ သူ၏ အတွေးတွင် ပေါ်နေသူက "ခရမ်း" ဖြစ်သည်။ ခရမ်းကား ဤပြဿနာတွင် အဓိက လူတစ်ယောက် ဖြစ်သည်။
အကယ်၍ ချန်းပေ့ရွှမ်းကသာ ခရမ်းအား တွန်းအားပေးပြီး အတင်းအကျပ် စစ်ဆေးလျှင် မစ်ဆု မိသားစု၏ ပါဝင်မှုက ရှင်းရှင်းလင်းလင်း ပေါ်သွားပေလိမ့်မည်။ ဤသို့ဆိုလျှင် မစ်ဆု မိသားစုအတွက် ရှောင်တိမ်းစရာ မြေမရှိတော့ချေ။
"ငါတကယ်ပဲ မှားခဲ့တာလား …"
သူတွေးနေစဉ်တွင်ပင် မစ်ဆုကာဇူ၏ အသံက လေးပင်စွာ ထွက်ပေါ်လာသည်။
"ဒီဂြိုလ်ကမ္ဘာကို အင်အားကြီး အဖွဲ့တွေနဲ့ အစိုးရကပဲ ပိုင်စိုးလိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တန်ခိုးရှင် အဆင့်တွေတောင် ငါတို့ရှေ့မှာ ဒူးထောက်ခဲ့ရတယ်"
"ဒါပေမဲ့ ချန်းပေ့ရွှမ်းက ကမ္ဘာကြီး အပေါ် ငါ့ရဲ့အမြင်ကို ရိုက်ချိုးပစ်ခဲ့တယ် …"
မစ်ဆု ကာဇူကား အဖြစ်အပျက်များကို ယခုထိ ယုံနိုင်စွမ်း မရှိသေးပေ။ ချန်းပေ့ရွှမ်း ပြုလုပ်ခဲ့သော အပြုအမူများက သူ၏ ဆယ်စုနှစ်များစွာ ယုံကြည်မှုများအား ဖျက်ဆီးပစ်ခဲ့သည်။ ပထမဆုံး အနေဖြင့် ကြောက်ရွံ့မှုအား သူခံစားလာရသည်။
***
ထိုအချိန်၌ ချန်းဖန်ကမူ ခူးရှူးကျွန်းသို့ ဦးတည် ရွေ့လျားနေပြီ ဖြစ်၏။
ခူးရှူးကျွန်း၊ ယူကီရှီရို မိသားစု အတွင်း…
မိန်းမတစ်ယောက်ကား ယူကီရှီရိုဆာ၏ ရှေ့၌ ရပ်နေ၏။ ယူကီရှီရိုဆာက ထိုမိန်းမ၏ အလွန်အမင်း လှသော ခန္ဓာကိုယ်ကို ဂရုစိုက်ပုံ မရချေ။
သူမက ထိုမိန်းမအား ရေခဲကဲ့သို့ အေးစက်စွာ ကြည့်ရင်း…
"ခရမ်း… နင်က ဆရာ့ကို သစ္စာဖောက်ရဲတယ်ပေါ့"
ယူကီရှီရိုဆာအား အနက်ရောင်ဝတ် နင်ဂျာများက ဝန်းရံထားသည်။ နင်ဂျာများထဲမှ တစ်ယောက်က သူမအား ချုပ်ထားကာ လည်ပင်းကို ဓားဖြင့် ထောက်ထားသည်။ ထိုနင်ဂျာများကား ဖီဂျီနင်ဂျာကလန်မှ လူများဖြစ်သည်။ သူမ မထင်မှတ်ထားစွာပင် ခရမ်းက သူမကို တိုက်ခိုက်ခဲ့သည်။
ယူကီရှီရိုဆာ၏ မျက်နှာတွင်မူ မယုံကြည်နိုင်မှုနှင့် ဒေါသများက လွှမ်းခြုံထားသည်။ ခရမ်း အနေဖြင့် ချန်းဖန်ကို သစ္စာဖောက်လိမ့်မည် ဖြစ်ကြောင်း သူမ မထင်မှတ် ထားခဲ့ချေ။ အထူးသဖြင့် ချန်းဖန်က ဓားသူတော်စင် တာကီမီယာ ဟီရိုအား သတ်ကာ သူ၏ စွမ်းအားကို သက်သေပြပြီးသည့် နောက်တွင် ဖြစ်၏။
"ဟမ့် … ချန်းပေ့ရွှမ်းရဲ့ နေ့တွေက ကုန်သွားပြီ။ အခုဆိုရင် နိုင်ငံ အစိုးရကတောင် သူ့ကို သည်းမခံနိုင်တော့ဘူး"
ခရမ်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ဆရာက အရှေ့အာရှမှာ အစွမ်းအထက်ဆုံးပဲဟာ … သူ့ကို ဘယ်သူမှ ထိုခိုက်အောင် မလုပ်နိုင်ပါဘူး"
ယူကီရှီရိုဆာက ငြင်းဆိုလိုက်သည်။
"ဟဟ … အမှန်ပါပဲ။ ဘယ် သိုင်းသမားကမှ သူ့ကို အနိုင်မယူနိုင်ဘူး။ နတ်ဆိုးသခင် လေးယောက်ပေါင်း တိုက်တာတောင် သူ့ကို မနိုင်ဘူး။ ဒါပေမဲ့ စစ်တပ်က သူ့ကို တိုက်ခိုက်နေတယ် ဆိုရင်ရော…"
ခရမ်းက မပြုံးတပြုံးဖြင့် မေးလိုက်ပြန်သည်။ ယူကီရှီရိုဆာ ပြန်မဖြေခင်မှာပင် သူမက ဆက်လက် ပြောလိုက်ပြန်သည်။
"ငါဒီကို မလာခင်မှာ ဆယ့်လေးခုမြောက် ကြည်းတပ်က သူ့ကို ဝန်းရံထားပြီးပြီ။ စစ်တပ်ရဲ့ လက်က သူလွတ်လာမယ်လို့ နင်ထင်နေတာလား"
ခရမ်း၏ မေးခွန်းအား ကြားသည်နှင့် ယူကီရှီရိုဆာ၏ မျက်နှာ တစ်ခုလုံးကား ဖြူရော်သွားတော့၏။
***