← Chapters

ခရမ်း၏ အံ့အားသင့်မှု

Vol. 4 Ch. 384

ခရမ်း၏ အံ့အားသင့်မှု

Vol. 4 Ch. 384

ယူကီရှီရို မိသားစု၏ လက်ရှိခေါင်းဆောင် အနေဖြင့် ယူကီရှီရိုဆာသည် ဆယ့်လေးခုမြောက် ကြည်းတပ် အကြောင်းအား ကောင်းစွာ သိထားသည်။ ထိုဆယ့်လေးခုမြောက် ကြည်းတပ်မှာ ခူးရှူးကျွန်း၏ နံဘေး ရှီကိုးကူးကျွန်းတွင် အခြေစိုက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ချန်းဖန်အား သူမ အလွန် စိတ်ပူမိနေသည်။ ယနေ့ခေတ်၌ စစ်တပ်အား တိုက်ခိုက်နိုင်သော သိုင်းသမား မရှိချေ။

"အရူးမလေး … ငါနင့်ကို နာကျင်အောင် မလုပ်ပါဘူး။ နင်က ငါ့အတွက် တန်ဖိုးရှိတယ်။ ဒီသူဌေးကြီးတွေက နင့်လို မင်းသမီးမျိုးလေးကို သဘောကျကြတယ်။ ငယ်ရွယ်ပြီး နူးညံ့တာမျိုးပေါ့"

ခရမ်းက လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ယူကီရှီရိုဆာ၏ မေးစေ့အား ထိတွေ့လိုက်၏။ သူမ၏ မျက်လုံးတွင်မူ မနာလိုမှုများက အထင်းသား ပေါ်လွင်နေသည်။

ခရမ်း၏ အသက်ကား လေးဆယ်ကျော်နေပြီ ဖြစ်ရာ သူမ၏ အရေပြားများမှာ အနည်းငယ် လျော့ကျနေချေပြီ ဖြစ်၏။ ယူကီရှီရိုဆာမှာမူ ငယ်ရွယ်သည့် အပြင် အစိမ်းရောင် နဂါး အစီအရင်ထဲတွင် အချိန် အတန်ကြာအောင် နေကာ အမျိုးမျိုးသော ဆေးပင်များအား စားသုံးခဲ့ရသည်။ ထို့ကြောင့်ပင် သူမ၏ အရေပြားများက အခြား မိန်းမပျိုများထက်ပင် ပိုမို ချောမွေ့နေခဲ့သည်။

"ဆရာက နင့်ကို မိန်းမမျိုးကို ခွင့်လွှတ်မှာ မဟုတ်ဘူး …"

ယူကီရှီရိုဆာက ခရမ်း၏ လက်အား ခါထုတ်ရင်း ပြောလိုက်သည်။

"ဟမ့် … ချန်းပေ့ရွှမ်းက အသုံးမကျတဲ့ အရူးပဲ။ သူက တာကီမီယာ ဟီရိုကို သတ်နိုင်တာနဲ့တင် ဘဝင်မြင့်နေတာ။ အခုအချိန်ဆို စစ်တပ်ရဲ့ ဝိုင်းသတ်တာကို ခံနေရလောက်ပြီ"

ခရမ်းက နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောလိုက်သည်။

ထိုအချိန်မှာပင် တည်ငြိမ်သော အသံတစ်ခုက တံခါးဝမှ ထွက်ပေါ် လာခဲ့တော့သည်။

"မင်းတို့တွေ ငါ့အကြောင်း ပြောနေတာလား"

ခရမ်းက ထိုရင်းနှီးနေသော အသံကြောင့် အလန့်တကြား လှည့်ကြည့်လိုက်၏။

"ချန်းပေ့ရွှမ်း … ဒီကို ဘယ်လို ရောက်လာတာလဲ …"

ခရမ်း၏ မျက်နှာကား လုံးဝ ဖြူရော်သွားတော့၏။

"ဆရာ …"

ယူကီရှီရိုဆာကမူ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။

အခန်းအတွင်းရှိ နင်ဂျာများစွာမှာမူ ရုတ်တရက် ပေါ်ထွက်လာသော လူငယ်အား ကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်း ကုန်ကြတော့သည်။

"ကလန့် … ကလန့် …"

နင်ဂျာများစွာက ဓားများအား ဆွဲထုတ်ရင်း ချန်းဖန်အား စူးရဲစွာ စိုက်ကြည့် နေကြတော့သည်။

ချန်းဖန်ကမူ သူတို့အား ဂရုစိုက်ပုံ မရချေ။ သူက အခန်းအတွင်း ဖြည်းညင်းစွာ ဝင်လာရင်း မေးလိုက်သည်။

"ငါက ဘာလို့ ဒီကို လာလို့မရမှာလဲ"

ဆွံ့အနေသော ခရမ်းအား ကြည့်ရင်း ချန်းဖန်က ဆက်လက် ပြောလိုက်သည်။

"ဆယ့်လေးခုမြောက် ကြည်းတပ်က ငါဘယ်လို လွတ်လာလဲ ဆိုတာ တွေးနေတယ် ထင်တယ်။ အဲဒီတပ်ရင်း တစ်ခုလုံးကို ငါအနိုင်ယူလိုက်ပြီလေ"

"လုံးဝမဖြစ်နိုင်တာ …"

ခရမ်းက အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံးတွင်မူ မယုံကြည်နိုင်မှု များက ပြည့်နှက်လျက်။

ဆယ့်လေးခုမြောက် တပ်မတော်သည် အင်အား လေးထောင်ခန့် ရှိသော တပ်ဖွဲ့ကြီး ဖြစ်၏။ ဖီဂျီ နင်ဂျာကလန် တစ်ခုလုံးပင်လျှင် ထိုတပ်ဖွဲ့အား ရင်ဆိုင်ရပါက ချက်ချင်း ကျဆုံးရပေလိမ့်မည်။

ခရမ်းက တစ်ခုခုအား ထပ်မံ ပြောလိုက်စဉ်မှာပင် သူမ၏ ဖုန်းက မြည်လာခဲ့သည်။

"ဖုန်းကိုင်လိုက်လေ …"

ချန်းဖန်က သူမအား မေးငေါ့ပြလိုက်သည်။ ခရမ်းက ဖုန်းအား ကောက်ကိုင် လိုက်သည်နှင့် စိတ်လှုပ်ရှားနေသော အသံတစ်ခုက ပေါ်ထွက်လာခဲ့သည်။

"ခရမ်း … အခြေအနေတွေက အရမ်းဆိုးနေပြီ။ ချန်းပေ့ရွှမ်းက ငါတို့ ထင်တာထက် ပိုပြီး အစွမ်း ထက်လွန်းနေတယ်။ သူက ဆယ့်လေးခုမြောက် ကြည်းတပ် တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်လိုက်တယ်။ သူက F-15 တိုက်လေယာဉ် တွေကိုတောင် ဖျက်ဆီး ပစ်လိုက်တယ်။ ငါတို့ ရှုံးသွားပြီ။ အခု သူက ခူးရှူးကျွန်းကို ဦးတည်လာနေပြီ။ ယူကီရှီရို မိသားစုကနေ မင်း မြန်မြန်ထွက်သွားတော့"

ထိုစကားက နားထောင်သူများအား ဆွံ့အ သွားစေတော့သည်။ ထိုဖုန်းအရ ဆိုလျှင် ချန်းဖန်၏ စကားများက အမှန်ဖြစ်ပုံရသည်။ ခရမ်း၏ မျက်နှာကား စက္ကူတစ်ချပ် အလား ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ ဆယ့်လေးခုမြောက် တပ်မတော်၏ ရှုံးနိမ့်မှုက အလောင်းအစား၌ သူမ ရှုံးနိမ့်သွားခြင်းနှင့် အတူတူပင်။

"ချန်းပေ့ရွှမ်းက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။ သူက စစ်တပ်ကို ဘယ်လိုတွေ အနိုင်ယူလိုက်လာလဲ …"

နင်ဂျာများစွာက ချန်းဖန်အား မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်း၊ လေးစားခြင်း၊ ကြောက်ရွံ့ခြင်းများဖြင့် ကြည့်နေကြတော့သည်။ ဂျပန်လူမျိုးများကား အဆုံးမဲ့သော အင်အားကို ကိုးကွယ်ကြရာ သူတို့၏ မျက်လုံးတွင် ချန်းဖန်မှာ ဘုရားသခင် တစ်ပါး အလားပင်။

ယူကီရှီရိုဆာကမူ မယုံကြည်နိုင်မှုဖြင့် သူမ၏ ပါးစပ်အား ပိတ်ထားမိဆဲ ဖြစ်သည်။ စစ်တပ်ကပင် မကိုင်တွယ်နိုင်လောက်သည် အထိ ချန်းဖန် အစွမ်းထက်လိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ချေ။

"ကဲ … ငါတို့ အခု ဘာလုပ်ကြမလဲ"

ချန်းဖန်က ပြုံးလိုက်သည်။ သူ၏ အကြည့်များမှာမူ ခရမ်း အပေါ်တွင် စူးစိုက်လျက်။

ကမ္ဘာပေါ်ရှိ မြောက်မြားစွာသော ပစ်မှုများ အနက် သစ္စာဖောက်ခြင်းအား သူ အမုန်းတီးဆုံး ဖြစ်သည်။ အတိတ်ဘဝက မြောက်ပိုင်း ကောင်းကင် ဧကရာဇ် အနေဖြင့် သစ္စာဖောက် မြောက်မြားစွာကို သူကြုံဆုံခဲ့ရသည်။ အကြိမ်တိုင်းတွင်လည်း မည်မျှ ရင်းနှီးသော လူများပင်ဖြစ်စေ သတ်ဖြတ်ပစ်ခဲ့သည်သာ။

"ဆရာ… ကျွန်မတောင်းပန်ပါတယ်"

ခရမ်းက ဦးခေါင်းအား ငုံ့ရင်း ဒူးထောက်လိုက်သည်။ သို့သော်လည်း ဒူးနှင့် မြေပြင်ထိတွေ့သည်နှင့် သူက ခန္ဓာကိုယ်အား လှိမ့်လိုက်ရင်း အမည်းရောင် အရာဝတ္ထု တစ်ခုကို ချန်းဖန်ထံ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူမက အော်ဟစ်ကာ နင်ဂျာများအား အမိန့်ပေးလိုက်သည်။

"သူ့ကို သတ်ကြစမ်း …"

"ဘန်း …"

အမည်းရောင် အရာဝတ္ထုက လေထဲတွင် ပေါက်ကွဲရင်း နက်မှောင်သော မီးခိုးများစွာ ဖြစ်ပေါ်လာသည်။ ခဏအတွင်းပင် မီးခိုးများမှာ အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။ ထိုမီးခိုးများမှာ ဝေလငါး အဆီအနှစ် အပါအဝင် ပါဝင်ပစ္စည်း ရာချီဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ထိုအရာများမှာ ရှားပါးသည်။ ခရမ်းပင်လျှင် သေခြင်း ရှင်ခြင်း အခိုက်အတန့်မျိုးတွင်သာ ထိုမီးခိုးဗုံးအား သုံးနိုင်သည်။ မီးခိုးများက အလွန်ထူထပ်နေရာ အထွတ်အထိပ် အဆင့်တစ်ယောက်ပင် ဖောက်ထွင်း၍ မြင်နိုင်လိမ့်မည် မဟုတ်ချေ။

နင်ဂျာများမှာလည်း ကြောက်ရွံ့နေသည့် ကြားမှပင် လှုပ်ရှားလာကြသည်။ သူတို့က မီးခိုးထုအတွင်း တိုးဝင်ကာ ချန်းဖန်အား သတ်ဖြတ်ရန် ကြိုးစားတော့သည်။

"ရွှမ်း ရွှမ်း ရွှမ်း …"

ဒါဇင်ချီသာ ဓားဝှေ့ယမ်းသံများ ဆူညံနေတော့သည်။

ထိုနင်ဂျာများမှာ နင်ဂျစ်ဆုနှင့် ဓားပညာများတွင် ဆရာတစ်ဆူနှယ် ကျော်ကြားကြသူများ ဖြစ်သည်။ သူတို့၏ အစွမ်းအစက သိုင်းပညာရှင် အများစုထက် ပိုမိုသည်။ သူတို့ အထဲတွင် ကာဝါကာမီ ဂျန်စိုင်းကဲ့သို့ အစွမ်းထက်သူများပင် ပါဝင်နေသည်။ မီးခိုးများ အကာအကွယ် အပြင်၊ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှု အောက်တွင် အထွတ်အထိပ် တစ်ယောက်ပင် ချက်ချင်း အသက်ပျောက်သွား ပေလိမ့်မည်။

"ဟမ် … အသုံးမကျလိုက်တာ …"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်တစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။

အဖြူရောင် ချီအလင်းတစ်ခုက သူ၏ လက်ချောင်းမှ ထွက်ပေါ်လာကာ နင်ဂျာများထံ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ် အတွင်းတွင်ပင် သုံးဆယ်ကျော်မျှသော နင်ဂျာများ၏ အလောင်းများ ပြန့်ကျဲသွားတော့၏။ နင်ဂျာများစွာမှာ မြေပြင်ပေါ် လဲကျသွားချိန်အထိ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း မသိလိုက်ကြချေ။

ထို့နောက် ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် လေပြင်းများ ဖြစ်ပေါ်လာကာ မီးခိုးများအား သယ်ဆောင် သွားတော့သည်။

သူ၏ အခြေအနေက စစ်ပွဲပြီးခါစနှင့် ယှဉ်ပါက သိသိသာသာပင် ကောင်းမွန် လာနေသည်။ သို့သော်လည်း စစ်တပ်ကဲ့သို့သော အင်အားစုကြီးအား တိုက်ခိုက်ရသည်မှာ အမှန်ပင် မလွယ်ကူလှချေ။ ထိုတိုက်ပွဲ၌ သူ၏ ကျင့်ကြံခြင်း အခြေခံပင်လျှင် အနည်းငယ် ဒဏ်ရာရခဲ့သည်။ အပြည့်အဝ ပြန်လည် ကောင်းလာရန်မှာ အချိန် အတိုင်းအတာ တစ်ခု လိုအပ်သည်။

"ဆရာ …"

ယူကီရှီရိုဆာက ချန်းဖန်ထံ လျှောက်လာရင်း ခေါ်လိုက်သည်။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှု၊ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက် သူမက တစ်ခုခုအား သတိရသွားသည့်နှယ် အော်ဟစ်လိုက်၏။

"ဆရာ… သစ္စာဖောက် လွတ်သွားပြီ ထင်တယ်"

"စိတ်မပူနဲ့ … သူ ငါ့ဆီကနေ ထွက်မပြေးနိုင်ပါဘူး။ သူ့ရဲ့ ကိုယ်ထဲမှာ ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံကို စိုက်ပျိုးထားပြီးပြီ"

ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားကာ နေရာမှ ပျောက်ကွယ် သွားတော့သည်။ သူ၏ အသံတစ်ခုကမူ လေထဲတွင် ဝဲပျံ၍ ကျန်ရစ်နေခဲ့သည်။

"ဂျပန် အစိုးရက ငါ့ကို ရှာနေတယ်။ မင်းလည်း ဒီနေရာက ရှောင်ပြီး သိုသိုသိပ်သိပ် နေလိုက်ဦး။ မင်းကို ငါလာရှာလှည့်မယ်"

ယူကီရှီရိုဆာမှာ အခန်းထဲတွင်ပင် လေးပင်စွာ ထိုင်ချလိုက်သည်။ သူမ၏ ဘေးတွင်မူ နင်ဂျာ အလောင်းများက ကျဲပြန့်လျက်။ သူတို့ အားလုံး၏ နဖူးတွင်မူ အပေါက် တစ်ခုက အနီစက် တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။ ထိုအရာက သူတို့အား သေဆုံးသွားစေခြင်း ဖြစ်ရမည်။

"ဆရာ … ကျွန်မ ဆရာ့ကို စောင့်နေပါ့မယ်"

ယူကီရှီရိုဆာက တီးတိုးရေရွတ်ရင်း မတ်တတ်ရပ်လိုက်၏။ သူမ ချန်းဖန်အား ယုံကြည်သည်။ ချန်းဖန်က မည်သည့် အခါတွင်မျှ ရှုံးနိမ့်မည့်သူ မဟုတ်ချေ။

ဂျပန် အစိုးရက သူမအား ရန်သူ သဖွယ် သတ်မှတ်လျှင်ပင် ချန်းဖန်အား သူမ ဖက်တွယ်နေဦးမည် ဖြစ်သည်။

***

All Chapters