← Chapters

ဖီဂျီကလန်အား မျိုးဖြုတ်ခြင်း

Vol. 4 Ch. 385

ဖီဂျီကလန်အား မျိုးဖြုတ်ခြင်း

Vol. 4 Ch. 385

ထိုအချိန်၌ ခရမ်းသည် ချန်းဖန်ထံမှ ဝေးနိုင်သမျှ ဝေးအောင် ပြေးနေခဲ့၏။

သူမက အမှောင်ထုအား ကျွမ်းကျင်စွာပင် ကူးခပ်ကာ မှုန်ဝါးဝါး အရိပ်တစ်ခု အလား ရွေ့လျားနေခဲ့၏။ သူမ၏ ရှည်လျားသွယ်လျသော ခြေထောက်များမှာလည်း အလွန် ကြံ့ခိုင်သော ကြွက်သားများအား ပိုင်ဆိုင်ထားရာ တစ်နေရာမှ တစ်နေရာသို့ ခုန်ကူးနိုင်စွမ်း ရှိသည်။

သို့သော်လည်း ခရမ်းကား အလွန် ကြောက်ရွံ့မိနေဆဲ ဖြစ်သည်။ ချန်းဖန်က သူမအား လိုက်လံ သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်းကို သူမ ကောင်းစွာ သိသည်။ သူမကား ချန်းဖန်၏ နောက်သို့ ရက်အတန်ကြာအောင် လိုက်ခဲ့သည် ဖြစ်ရာ ချန်းဖန်၏ ဒေါသကြီးမှုအား ကောင်းစွာ သိထားသည်။ ထို့အပြင် အခြား ယောက်ျားများကဲ့သို့ ချန်းဖန်သည် သူမ၏ ခန္ဓာကိုယ်အား စိတ်ဝင်စားခြင်း မရှိချေ။ ထို့ကြောင့် သူ့အား သွေးဆောင် ဖြားယောင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

"ဒါက … ဘယ်လို ဖြစ်ရတာလဲ။ သူက စစ်တပ်ကို ဘယ်လို အနိုင်ယူခဲ့တာလဲ…"

ယခု အချိန်အထိ ခရမ်းသည် အမှန်တရားအား ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်၏။

"ငါ စခန်းကို ပြန်သွားမှ ဖြစ်မယ်။ အဲဒီနေရာမှာ ရှိတဲ့ ခံစစ်က ချန်းပေ့ရွှမ်းကို နှေးကွေးအောင် လုပ်နိုင်လိမ့်မယ်။ နောက်ပြီး ဆရာကြီးလည်း ရှိနေသေးတယ်။ ချန်းပေ့ရွှမ်းက ငါ့နောက်ကို ခဏအတွင်း ရောက်လာနိုင်တယ် ဆိုပေမဲ့ ငါက ပုန်းကွယ်တဲ့ နေရာမှာ ထူးချွန်တဲ့ နင်ဂျာ တစ်ယောက်ပဲလေ"

ဖီဂျီ နင်ဂျာ ကလန်မှာ နှစ်ပေါင်းရာချီ၍ တည်တံ့ခဲ့သော ကလန်တစ်ခု ဖြစ်ရာ ထိုနေရာတွင် ဆိုပါက ခရမ်းအနေဖြင့် လုံခြံသည်ဟု ခံစားရ၏။

ခရမ်း၏ စိတ်များကား မြင်းစီးသလိုပင် လှုပ်ရှားနေခဲ့၏။ သို့သော်လည်း သူမသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ခြေရာ၊ လက်ရာများ မကျန်အောင် သတိထားကာ ပြေးနေဆဲဖြစ်သည်။

ထိုအချိန်၌ ချန်းဖန်သည် သူမ၏ နောက် ကီလိုမီတာ တစ်ဒါဇင်ခန့်မှ အေးဆေးစွာပင် လိုက်ပါလာခဲ့သည်။။ ခရမ်း၏ ကိုယ်ပေါ်၌ သူမှတ်ထားသော နတ်ဘုရား စိတ်အာရုံရှိရာ သူမ လွတ်မြောက်သွားစရာ မရှိချေ။

"ဖီဂျီ နင်ဂျာကလန် ကိစ္စပြီးရင် တိုကျိုကိုသွားမယ်။ နောက်ပြီး ငါ့ကို တိုက်ခိုက်ဖို့ စေခိုင်းခဲ့တဲ့သူကို ဖယ်ရှားပစ်ရမယ်။ ပြီးရင်တော့ တရုတ်ကိုပြန်ပြီး ကာလရှည် တံခါးပိတ် ကျင့်ကြံတော့မယ်"

ချန်းဖန်၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားကာ မီတာသုံးဆယ်ခန့် ကွာဝေးသော နေရာ၌ ပြန်ပေါ်လာခဲ့သည်။

ဂျပန်ပြည် ခရီးစဉ်၌ ဒဏ်ရာရခဲ့သည့်တိုင် ထိုအရာက ထိုက်တန်သည်ဟု ဆိုနိုင်သည်။ သူ့အနေဖြင့် နတ်ဆိုးပုလွေအတွင်း အလွန် အားကောင်းသော တန်ခိုးရှင် အစောင့်အရှောက်ကို ရရှိခဲ့သည့် အပြင် ဆယ့်လေးခုမြောက် ကြည်းတပ်နှင့် တိုက်ခိုက်ရာတွင်လည်း အများအပြား သင်ယူနိုင်ခဲ့သည်။

ချန်းဖန်က တွေးရင်းဖြင့်ပင် ခရမ်း၏ နောက်သို့ နှေးကွေးစွာ လိုက်နေခဲ့သည်။ မကြာခင် တိတ်ဆိတ်သော တောင်ကြားနေရာ တစ်ခုသို့ ရောက်လာခဲ့၏။

ထိုနေရာကား ဖီဂျီ နင်ဂျာကလန်၏ အခြေစိုက် စခန်းပင်။ စခန်းမှာ ဖူကူအိုကာ အပြင်ဘက် တောင်ခြားနေရာ တစ်ခုတွင် တည်ရှိသည်။

"ဟူး …"

ခရမ်းကား ချိုင့်ဝှမ်း အဝသို့ ရောက်မှ သက်ပြင်း ချနိုင်တော့သည်။ ထို့နောက် သူမက အမျိုးမျိုးသော ထောင်ချောက်များအား ရှောင်ရှားရင်း ချိုင့်ဝှမ်းအတွင်း ဝင်လာခဲ့သည်။ ချိုင့်ဝှမ်းအတွင်း၌မူ တောကြီးမျက်မည်းနှင့် ဆန့်ကျင်စွာပင် ရွာငယ်တစ်ခု တည်ရှိနေ၏။

ထိုရွာငယ်ကား ဖီဂျီနင်ဂျာကလန်၏ မျိုးဆက်များစွာ နေထိုင်သည့် နေရာပင်။

"ကလန် ခေါင်းဆောင် ပြန်လာပြီဟေ့ …"

ခရမ်း၏ ပေါ်ထွက်လာမှုက ရွာသားများအား လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။

များစွာသော နင်ဂျာများမှာ သူတို့၏ အိမ်ငယ်လေးများမှ ထွက်၍ ခရမ်းအား ကြိုဆိုကြသည်။ ထိုရွာထဲတွင် နေထိုင်သည့် လူအားလုံး လိုလိုမှာ နင်ဂျာများ ဖြစ်ကြသည်။ သူတို့သည် တိုက်ကွမ်ဒို၊ ကရာတေး ခါးပတ်နက် အဆင့် ရထားသူများကိုပင် လွယ်ကူစွာ အနိုင်ယူနိုင်ကြသည်။ ထို့ကြောင့် သူတို့ အားလုံး၏ တိုက်ခိုက်မှုက အထွတ်အထိပ် အဆင့် တစ်ယောက်ကိုပင် အခက်တွေ့စေနိုင်သည်။

"ခရမ်း … တစ်ယောက်တည်း ပြန်လာတာလား။ အင်နူးတို့ရော …"

ကျေးရွာ အကြီအကဲ တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

အင်နူးမှာ ကျေးရွာ အတွင်းရှိ နင်ဂျာများတွင် အတော်ဆုံး နင်ဂျာတစ်ယောက် ဖြစ်သည်။ ခရမ်း၏ အမိန့်ပေးမှုအား မငြင်းဆန်ပဲ ချန်းဖန်အား ပထမဆုံး တိုးဝင် တိုက်က်ခိုက်ခဲ့သူ မှာလည်း သူပင် ဖြစ်၏။ သူကား ခရမ်း၏ ညာလက်ရုံး ဆိုလျှင်လည်း မမှားချေ။

ချန်းဖန်အား သစ္စာဖောက်ခြင်းက ခရမ်း၏ တစ်ကိုယ်ရည် ရွေးချယ်မှု ဖြစ်သည်။ ကလန်သား အားလုံးမှာ ဤကိစ္စ၌ မည်သည်ကိုမျှ မသိကြချေ။ ခရမ်း သစ္စာဖောက်ခဲ့သည့် အဓိက အကြောင်းအရင်းမှာ တိုကျိုရှိ ခေါင်းဆောင်များက ဖီဂျီ နင်ဂျာ ကလန်ကို ခူးရှူးကျွန်း မြေအောက် လောကအား ပိုင်စားစေမည်ဆိုသော ကတိကြောင့်ပင်။

"ကျွန်မ ဆရာကြီးနဲ့ တွေ့ချင်တယ်။ သူ့ဆီကို မြန်မြန် ခေါ်သွားပေးပါ"

ခရမ်းက အဘိုးအို၏ အမေးကို ပြန်မဖြေဘဲ သုန်မှုန် ခက်ထန်သော မျက်နှာဖြင့် ပြောလိုက်သည်။

အကြီးအကဲ၏ နှလုံးကား အောက်ခြေမှ စ၍ ခုန်နေခဲ့ပြီ ဖြစ်၏။ တစ်ခုခု ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း သူကောင်းစွာ သိသည်။ သူက ချက်ချင်းပင် ခရမ်းအား ရွာအတွင်းပိုင်းသို့ ဦးဆောင် ခေါ်သွားတော့သည်။

"ဆရာကြီး … ကျွန်မတို့တော့ ဒုက္ခရောက်နေပြီ"

သစ်သားအိမ်ငယ် တစ်ခုထံသို့ ရောက်သည်နှင့် ခရမ်းက ဒူးထောက်ရင်း ပြောလိုက်သည်။

"ဖီဂျီ နင်ဂျာ ကလန် ပျက်စီးမဲ့ ကိစ္စက လွဲရင် ငါ့ကို မနှောင့်ယှက်ဖို့ မပြောထားခဲ့ဘူးလား"

အသံတစ်ခုက အတွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံကား သဲပြားစက္ကူ နှစ်ချပ်ကို ပွတ်တိုက်သကဲ့သို့ ခြောက်သွေ့ပြီး ကွဲအက်နေ၏။

"ကျွန်မတို့ ဖီဂျီ နင်ဂျာ ကလန်က ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့ အကြီးမားဆုံး ရန်သူတစ်ယောက်ကို ရင်ဆိုင် ရပါတော့မယ်"

ခရမ်းက ပြောလိုက်သည်။

"ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ။ သူ့နာမည်က တရုတ်အသံထွက်နဲ့ ဆင်နေတယ်"

အသံက ခရမ်းအား မေးလိုက်သည်။

ခရမ်းက အစမှ အဆုံးထိ ဖြစ်ပျက်သမျှကို ရှင်းပြလိုက်သည်။ ထိုအဘိုးကြီးကား ဖီဂျီ နင်ဂျာ ကလန်၏ သူမ မတိုင်ခင် ခေါင်းဆောင်ကြီး ဖြစ်သည်။ သူသည် ထိုအိမ်ငယ်လေး အတွင်းတွင်သာ နေထိုင်၍ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ သူ၏ နာမည်ကား ဖီဂျီ တာကီပင် ဖြစ်၏။

သူကား ချီဇူရူ မာစာဟီရို၊ ဂျန်ကာဇာ တာကီဒါတို့နှင့် ခေတ်ပြိုင် ကျော်ကြားခဲ့သူ ဖြစ်သည်။ အထွတ်အထိပ် အဆင့်၏ ထိပ်ဆုံးတွင် ရပ်တည်နေသူ များပင်လျှင် သူ့အား ကြောက်ရသည်။

ခရမ်းက ချန်းပေ့ရွှမ်း အကြောင်း အကုန်အစင် ရှင်းပြပြီးသည့် အချိန်တွင်မူ ဖီဂျီ တာကီကား အလွန်အမင်း အံ့အား သင့်နေတော့သည်။

"ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ … သူက ဂျပန် စစ်တပ်ကိုတောင် အနိုင်ယူခဲ့တယ်ပေါ့။ သူက တန်ခိုးရှင် အဆင့်လား"

ခရမ်း ပြန်မဖြေရသေးခင် မှာပင် ရင်းနှီးနေသော အသံတစ်ခုက အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"သူက နင့်ရဲ့ နောက်ဆုံးဝှက်ဖဲပေါ့ ဟုတ်လား"

ခရမ်းက စကားသံ ကြားရသည့် နေရာသို့ ကပျာကယာ ကြည့်လိုက်ရာ လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေသော ချန်းဖန်အား မြင်လိုက်ရသည်။

"မင်းက ဘယ်သူလဲ … ငါတို့ ဖီဂျီ နင်ဂျာ ကလန်ထဲကို ကျူးကျော်ရဲတယ်ပေါ့။ သေချင်နေတာပဲ"

ဖီဂျီ တာကီက မျက်လုံးများအား ကျည်းမြောင်း လိုက်သည်နှင့် အလွန် ကြီးမားသော စွမ်းအင် အငွေ့အသက်တို့က အခန်းအတွင်း ပျံ့နှံ့လာသည်။ ထိုစွမ်းအင်များက လှိုင်းသဖွယ် အဆင့်ဆင့် ပြောင်းလဲကာ ချန်းဖန်အား ဖိအားပေးသည်။

"ဆရာကြီး … သူက …"

ခရမ်းက အော်ဟစ် သတိပေးရန် ကြိုးစားသော်လည်း သူမ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က ဖြတ်၍ အော်ဟစ်လိုက်၏။

"အသုံးမကျလိုက်တာ …"

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။ သူ၏ လှုပ်ရှားမှုက အလွန်အမင်း ပျင်းရိနေဟန်ရသည်။ ရုတ်တရက် ဓားတစ်ခုက သူ၏ လက်တွင် ဖြစ်ပေါ်လာကာ လေထုအား ခုတ်ပိုင်းလိုက်သည်။ အဇူရာ ဓားအလင်းတစ်ခုက လေထဲတွင်ပင် ဖြစ်ပေါ်လာကာ အဘိုးအိုထံ ပြေးဝင်သွား၏။

ဖီဂျီ တာကီ၏ မျက်နှာက မည်းမှောင်သွားကာ အခိုးအငွေ့သဏ္ဌာန် ပြောင်းလဲ၍ လေထဲတွင်ပင် ပျောက်ကွယ် သွားတော့သည်။ ဓားအလင်းက အဘိုးအို ထိုင်ခဲ့သည့် နေရာအား အပိုင်းပိုင်း ဖြတ်လိုက်တော့သည်။

အကယ်၍ ချန်းဖန်သာ အရိပ်တစ္ဆေ သီးဆပ်နှင့် မတိုက်ခိုက်ခဲ့ရပါက ထိုအဘိုးအို၏ လှည့်ကွက်၌ အံ့ဩသွားလောက်သည်။

သို့သော်လည်း ထိုအဘိုးအို လုပ်ရန် ကြိုးစားနေသော အရာကို သူ ရိပ်မိခဲ့ပြီး ဖြစ်သည်။ ချန်းဖန်က ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်နှင့် မူလနေရာမှ ပျောက်ကွယ်သွားကာ မီတာ တစ်ဒါဇင်ခန့် ဝေးသော နေရာ၌ ပြန်ပေါ်လာခဲ့၏။ ထို့နောက် သူက မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

ရုတ်တရက် မြေပြင်က ငလျင်လှုပ်သည့် အလား တုန်လှုပ်သွားကာ အနက်ရောင် အရိပ်တစ်ခုက ချန်းဖန်၏ ခြေထောက်အောက်တွင် ပေါ်လာခဲ့သည်။

ထိုအရိပ်ကား ဖီဂျီ တာကီပင် ဖြစ်၏။ သူ၏ မျက်နှာတွင်မူ မယုံကြည်နိုင်ခြင်းများက ကြီးစိုးနေခဲ့သည်။ ထိုကောင်လေးက မိမိအား မည်ကဲ့သို့ ရှာတွေ့သွားသနည်း။

ထိုအချိန်မှာပင် ခရမ်း၏ အသံက ထိတ်လန့်စွာ ထွက်ပေါ်လာခဲ့တော့၏။

"သူက ချန်းပေ့ရွှမ်းပဲ …"

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကမူ တဆတ်ဆတ် တုန်ယင်နေကာ ဒူးအား ထောက်ချလိုက်သည်။

"ဆရာ … ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျွန်မ …"

သူမ၏စကား မဆုံးခင်မှာပင် အဇူရာ အလင်းရောင် တစ်ခုက လက်ခနဲ တောက်ပသွားသည်။

"ရွှပ် …"

ရုတ်တရက်ပင် သူမ၏ ဦးခေါင်းသည် ခန္ဓာကိုယ်မှ လွင့်ထွက်သွားတော့၏။ ထိုတိုက်ခိုက်မှုအား ခရမ်း မဆိုထားနှင့် ဖီဂျီ တာကီပင် မမြင်လိုက်ရချေ။

"မင်း ငါတို့ရဲ့ ကလန်ခေါင်းဆောင်ကို သတ်ပစ်လိုက်တယ်"

ကလန်သား အချို့က ချန်းဖန်အား လက်ညှိုးထိုးရင်း ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

ထိုအဖြစ်အပျက်ကြောင့် ဖီဂျီ နင်ဂျာ ကလန် တစ်ခုလုံး ပွက်ပွက်ဆူ သွားတော့သည်။ မရေမတွက်နိုင်သော နင်ဂျာများက သူတို့၏ လက်နက်များကို ယူဆောင်ကာ ချန်းဖန်ထံ တိုးဝင် လာကြတော့သည်။ သူတို့ အနေဖြင့် ကလန်ခေါင်းဆောင်အား သတ်ဖြတ်ခဲ့သူကို မခွင့်လွှတ်နိုင်ချေ။

ချန်းဖန်ကမူ သူ့ထံသို့ မရေမတွက်နိုင်အောင် ရောက်ရှိလာသည့် တိုက်ခိုက်မှုများအား ဂရုစိုက်ဟန် မရချေ။ သူက လက်တစ်ဖက်အား ဝှေ့ယမ်းရင်း အဇူရာ ဓားအလင်းကို ဖော်ထုတ်လိုက်သည်။

သူ၏ စိတ်တွင်မူ ဖီဂျီ နင်ဂျာ ကလန် တစ်ခုလုံးအား အပြတ်ရှင်းရန် ပိုင်းဖြတ်ထားပြီး ဖြစ်၏။

***

All Chapters