မင်းက နိုင်ငံရေးကို ပုံဖော်တယ် ငါက မင်းရဲ့ သေခြင်းတရားကို ပုံဖော်တယ်
Vol. 4 Ch. 386
"ရွှပ် ..."
တစ်ဒါဇင်ခန့်ရှိသော နင်ဂျာများစွာ၏ လက်နက်များကား လေထုအား ဖြိုခွင်းရင်း ချန်းဖန်ထံ တိုးဝင်လာခဲ့ပြီ ဖြစ်၏။ ထိုနင်ဂျာများကား နင်ဂျစ်ဆု ကိုသာ လေ့ကျင့်ထားခြင်း မဟုတ်ကြချေ။ အတွင်းအားပညာ အပါအဝင် သိုင်းပညာမျိုးစုံကိုလည်း လေ့ကျင့်ကြသေးသည်။ ထို့ကြောင့် သူတို့ ပစ်လွှတ်လိုက်သော လက်နက်များတွင် ကြီးမားသော အင်အားများ ပါဝင်ရာ ကြီးမားသော သစ်ပင်ကြီးများ၊ သတ္တုပြားများကိုပင် ခုတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
"ဘန်း ဘန်း ဘန်း ..."
များစွာသော လက်နက်များကား ချန်းဖန်၏ ဘေးရှိ အဇူရာ အလင်းနှင့် ထိတွေ့ကာ မြေပြင်ပေါ်သို့ ကျရောက် သွားတော့သည်။ သူတို့၏ တိုက်ခိုက်မှုများက အလွန် အစွမ်းထက်စေကာမူ ချန်းဖန်ကဲ့သို့သော လူမျိုးအတွက် မည်ကဲ့သို့ ထူးခြားပါမည်နည်း။
"ဟမ့် ..."
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် အဇူရာ ဓားအလင်းတစ်ခု ပေါ်ထွက်လာကာ နင်ဂျာများထံ တိုးဝင်သွားသည်။ တစ်မိနစ်မျှ မကြာသေးသော အချိန်အတွင်းမှာပင် ဓားအလင်းက နင်ဂျာ နှစ်ရာကျော်အား အညှာအတာ ကင်းမဲ့စွာ ခုတ်ဖြတ် ပစ်လိုက်သည်။
"ဘာကာယိုကို ..."
နင်ဂျာများ အစုလိုက် အပြုံလိုက် သေဆုံးနေသည်ကို ကြည့်၍ ရွာအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူက ပါးလွှာသော ဓားငယ်အားထုတ်ရင်း ချန်းဖန်ထံ ပစ်ဝင်သွားသည်။
သူ၏ ဓားမှာ ကျောက်မီးသွေးကဲ့သို့ မည်းနက်နေကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါ်ထွက်နေခဲ့၏။ ထိုလက်နက်ကား အမှောင်ထဲတွင် လှုပ်ရှားရသော သတ်ဖြတ် လုပ်ကြံသူများ အတွက် အပြည့်စုံဆုံး လက်နက်ပင် ဖြစ်၏။
ကလန်၏ ထိပ်တန်း နင်ဂျာ တစ်ယောက် အနေဖြင့် နင်ဂျာ အကြီးအကဲ၏ တိုက်ခိုက်မှုက ခရမ်းထက် အားနည်းခြင်း မရှိချေ။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုကား ချန်းဖန်၏ လက်တစ်ဖက် အဝှေ့တွင်ပင် အလုံးစုံ ပျက်စီးသွားရ၏။ တစ်ဆက်တည်းပင် အဇူရာ ဓားအလင်းက သူ့အား ခုတ်ပိုင်းရာ သွေးမြူများအဖြစ် ပြောင်းလဲကာ သေဆုံးသွားတော့သည်။
အကြီးအကဲ သေဆုံးသည်အား မြင်သည်နှင့် နင်ဂျာများမှာ ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။ သူတို့၏ စိတ်များ အတွင်း၌ ချန်းဖန်ကို မုန်းတီးနေသည့်တိုင် ကြောက်ရွံ့စိတ်များ ကလည်း ထိန်းမရအောင် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် လက်နက်များ ပစ်ချကာ ထွက်ပြေးကြတော့၏။
"ဟမ့် ... မင်းတို့က ဘယ်ကို ထွက်ပြေးမှာလဲ ..."
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားကာ ထွက်ပြေးနေသော နင်ဂျာ တစ်ယောက်၏ နောက်၌ ပြန်ပေါ်လာသည်။ ထိုနင်ဂျာအား သတ်ဖြတ်ပြီးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က အခြား နင်ဂျာ တစ်ယောက်ရှေ့တွင် ပြန်ပေါ်လာပြန်၏။
နင်ဂျာများစွာမှာ လျှို့ဝှက် ပညာရပ်များ၊ ကျင့်စဉ်များကို အသုံးပြု၍ လွတ်မြောက်ရန် ကြိုးစားကြသော်လည်း မည်သို့မျှ အသုံးမဝင်ချေ။ ထိုအားနည်းသော နင်ဂျာများကား ချန်းဖန်၏ လက်မှ မည်သို့ လွတ်မည်နည်း။
နင်ဂျာကလန်ရှိ လူတိုင်းအား သတ်ဖြတ်ပြီးချိန်၌ ချန်းဖန်က ရွာငယ်အား မီးရှို့ကာ တောင်ကြားထဲမှ ထွက်လာခဲ့တော့သည်။
ဖီဂျီ နင်ဂျာ ကလန်ကား ကမ္ဘာပေါ်၌ ဆက်လက် တည်ရှိတော့မည် မဟုတ်ချေ။
ဖီဂျီ နင်ဂျာကလန် ကိစ္စပြီးသည်နှင့် ချန်းဖန်သည် ယူကီရှီရိုတာထံသို့ ဦးတည်လိုက်၏။ ယခုအချိန်၌ ယူကီရှီရိုဆာမှာ ဖူကူအိုကာ အပြင်ဘက်ရှိ တိုက်ခန်းငယ် တစ်ခုတွင် ပုန်းအောင်းနေလျက် ရှိသည်။ ချန်းဖန်နှင့် ပတ်သက်မှုကြောင့် သူမအား ဂျပန် အစိုးရမှ အလိုရှိနေသည်။
ချန်းဖန်အား တွေ့သည်နှင့် ယူကီရှီရိုဆာက ပုန်းကွယ်နေရာမှ အပြေးတစ်ပိုင်း ထွက်လာခဲ့သည်။
"ဆရာ ... ကျွန်မ ထွက်ပြေးလာတဲ့ နောက်မှာ ရဲတွေ ယူကီရှီရို မိသားစုကို ရောက်လာတယ်။ ကျွန်မလည်း အလျင်စလို ထွက်လာရတော့ ပိုက်ဆံနည်းနည်းနဲ့ ဘဏ်ကဒ်တစ်ခု၊ နှစ်ခုပဲ ပါလာပါတယ်။ ယူကီရှီရို မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အစိုးရက သိမ်းသွားပြီ။ အခု ကျွန်မမှာ ဘာမှကို မရှိတော့ဘူး ..."
ယူကီရှီရိုဆာက ငိုသံပါဖြင့် ဆီးကြိုပြောလိုက်သည်။ သူမကား အလွန် စိတ်ဓာတ်ကျနေပုံ ပေါ်သည်။
"ကိစ္စ မရှိပါဘူး ... ပိုက်ဆံဆိုတာ အချိန်တစ်ခု ကြာရင် ကုန်သွား တတ်တာပဲလေ။ ငါတို့ အသက်ရှင်နေသမျှ ပြန်ရှာလို့ ရပါတယ်"
ချန်းဖန်က ဆိုဖာပေါ်တွင် ထိုင်ရင်း ညင်သာစွာ ပြောလိုက်သည်။
"ဆရာ ... ကျွန်မ ဆရာနဲ့ လိုက်ခဲ့ချင်တယ်။ ဂျပန်မှာ ဘယ်လိုမှ ဆက်နေလို့ မရတော့ဘူး"
ယူကီရှီရိုဆာက အံကြိတ်ရင်း ဆက်ပြောလိုက်သည်။
"ဆရာဆီကနေ သိုင်းပညာ သင်ယူချင်တယ်။ ကျွန်မ အသုံးမကျတဲ့သူ ဆက်မဖြစ်ချင်တော့ဘူး။ ခရမ်းကို စောင့်ကြည့်ဖို့ ဆရာက ကျွန်မကို ခိုင်းထားခဲ့ပေမဲ့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး။ အဲဒါက တကယ်ပဲ ရှက်ဖို့ ကောင်းပါတယ်"
သူမ၏ မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် တလက်လက် တောက်ပနေ၏။ ချန်းဖန်က မိန်းကလေးအား ကြည့်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"အင်း ... ငါ မင်းကို ကျင့်ကြံခြင်း နည်းစနစ်တွေ သင်ပေးမယ်။ နောက် နှစ်အနည်းငယ် အတွင်းမှာ ခရမ်းကို မီစေရမယ်လို့ ငါ ကတိပေးတယ်"
ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း ဆက်ပြောလိုက်တော့သည်။
"ဒါပေမဲ့ တရုတ်ကို မပြန်ခင် တိုကျိုကို သွားပြီး အကြွေးတောင်းရဦးမယ်"
စစ်တပ်က သူ့ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် အချက်အလက် အချို့အား နင်ဂျာကလန်တွင် သူရရှိလာခဲ့သည် မဟုတ်ပါလား။
***
ထိုအချိန် တိုကျိုမြို့၊ မစ်ဆုမိသားစု ခြံဝင်းတွင် ...
ခြံဝင်း တစ်ခုလုံးကား အနက်ရောင်ဝတ် သက်တော်စောင့်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ မျက်မှာများကမူ ကျောက်တုံးများ အလား မာကျောနေ၏။
ထိုသက်တော်စောင့် များကား ဂျပန် ကာကွယ်ရေး တပ်မတော်မှ အထူးစစ်သားများ ဖြစ်ကြသည်။ မစ်ဆု မိသားစု ခေါင်းဆောင်မှာ ဂျပန်၌ လွှမ်းမိုးနိုင်စွမ်း အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရာ စစ်သားများအား သက်တော်စောင့် အဖြစ် ခေါ်ထားနိုင်ခြင်းက မထူးဆန်းချေ။
"မိသားစု ခေါင်းဆောင်က နည်းနည်း အပိုတွေ လုပ်နေတယ်လို့ မင်းမထင်ဘူးလား။ ငါတို့နောက်မှာ ဂျပန် အစိုးရနဲ့ စစ်တပ်ရှိနေတယ် ဆိုတာ ချန်းပေ့ရွှမ်း သိမယ်လို့ ငါထင်တယ်"
မစ်ဆု မိသားစု ခေါင်းဆောင် တစ်ယောက်က ခေါင်းအား ခါယမ်းရင်း ပြောလိုက်သည်။
"ငါတို့ မိသားစု ခေါင်းဆောင်က အသက်ကြီးလာတာနဲ့ ဇီဇာကြောင်လာတယ်။ ဒါကလည်း အဘိုးကြီးတွေရဲ့ သဘာဝပါပဲလေ"
အခြား ခေါင်းဆောင် တစ်ယောက်က ပြုံးရင်း ပြောလိုက်သည်။
"ဝန်ကြီးချုပ်က အမေရိကန် စစ်တပ်နဲ့ ဆွေးနွေးပြီးပြီလို့ ကြားတယ်။ ငါ့အထင် မကြာခင်မှာ အမေရိကန် စစ်တပ်က ဝင်ပါလိမ့်မယ်။ သူတို့သာ ချန်းပေ့ရွှမ်းကို ကိုင်တွယ်ပြီးရင် ဒီသက်တော်စောင့်တွေ ငါတို့ မလိုတော့ပါဘူး"
သူတို့ကား စကားဝိုင်းတွင် နစ်မြောနေရာ အရိပ်တစ်ခုက သူတို့အား ဖြတ်ကျော်သွားသည် ကိုပင် သတိမထားမိကြချေ။
ချန်းဖန်ကား ကိုယ်ပျောက် အစီအရင်ကို သုံးကာ မစ်ဆု မိသားစု အတွင်း ဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုကိုယ်ပျောက် အစီအရင်မှာ ဓမ္မ နည်းစနစ် တစ်ခုဖြစ်ပြီး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ဝင်ရောက်မှသာ စတင် အသုံးပြုနိုင်သည်။
သို့သော်လည်း အနီအောက် ရောင်ခြည်နှင့် သတ္တု ရှာဖွေစက်များကိုမူ ဖြတ်သန်း၍ သွားနိုင်စွမ်း မရှိသေးပေ။ ဝိညာဉ် ပင်လယ်အဆင့်(တန်ခိုးရှင် အဆင့်) ၊ မူလ ဝိညာဉ် အဆင့်များသို့ ရောက်မှသာ ကိုယ်ပျောက် အစီအရင် နည်းစနစ်ကို ပြည့်စုံစွာ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။
"ဒါဆို အမေရိကန် စစ်တပ်က ဝင်ပါတော့မယ်ပေါ့ ..."
မစ်ဆုမိသားစု ခေါင်းဆောင် နှစ်ယောက်၏ စကားအား ဆက်စပ်ကာ ချန်းဖန်က တွေးလိုက်၏။
"ဒါဆို ငါမြန်မြန် လှုပ်ရှားမှပဲ။ အမေရိကန် စစ်တပ်ကို ငါမကြောက်ပေမဲ့ လောလောဆယ် ငါ့ရဲ့ ခန္ဓာကိုယ် အခြေအနေက အခြားစစ်ပွဲတစ်ခု မတိုက်နိုင်သေးဘူး"
အမေရိကန်စစ်တပ်ကား ကမ္ဘာ့အင်အား အကြီးဆုံး စစ်တပ်ဖြစ်သည်။ သူတိုက်ခိုက်ခဲ့သည့် ဂျပန် စစ်တပ်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။ တရုတ်နှင့် ရုရှားတို့ကဲ့သို့ နိုင်ငံကြီးများသာ အမေရိကန် စစ်တပ်နှင့် နှိုင်းယှဉ်နိုင်သည်။ အဆိုးဆုံးကား သူတို့ ပိုင်ဆိုင်ထားသည့် နျူကလိယဗုံးများ ဖြစ်သည်။
ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း မစ်ဆု ကာဇူနေထိုင်ရာ အခန်းအတွင်း ဝင်လာခဲ့သည်။
"မစ်ဆု ယူတိုလား ... မင်းကို ထွက်သွားဖို့ ငါပြောထားတယ်လေ"
တံခါးဖွင့်ပြီး ဝင်လာသော ခြေသံများအား ကြားသည်နှင့် မစ်ဆုကာဇူက အေးစက်စွာ လှမ်းပြောလိုက်သည်။
ချန်းဖန်က သူ၏ အမေးကို ပြန်မဖြေဘဲ အေးဆေးစွာပင် သူ့ထံသို့ လျှောက်လာလိုက်သည်။
"မင်း ဘယ်သူလဲ။ မစ်ဆုယူတိုရော ဘယ်မှာလဲ"
ဝင်လာသူမှာ မစ်ဆုယူတို မဟုတ်ကြောင်း တွေ့သည်နှင့် မစ်ဆုကာဇူက တင်းမာစွာ မေးလိုက်သည်။ မစ်ဆုကာဇူကား ထိုလူငယ်မှာ သူ တစ်ချိန်လုံး ကြောက်ရွံ့နေရသော ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ချန်းဖန်က အနားရှိ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ငှဲ့ယူရင်း ...
"မင်းက ငါ့ကို တိုက်ခိုက်ဖို့ ဂျပန်စစ်တပ်ကို တွန်းအားပေးခဲ့တယ်မလား။ အခုလည်း အမေရိကန် စစ်တပ်နဲ့ ဆက်သွယ်နေပြန်ပြီ။ ဒါတောင် ငါဘယ်သူလဲ မသိသေးဘူးလား"
ရုတ်တရက် မစ်ဆုကာဇူ၏ မျက်နှာက မည်းမှောင်သွားကာ လက်များမှာလည်း တဆတ်ဆတ် တုန်လာခဲ့သည်။ နောက်ဆုံး၌ လူငယ်နှင့် နာမည်တစ်ခုအား သူဆက်စပ်မိသွားပြီ ဖြစ်သည်။ သူက တုန်ယင်စွာဖြင့် နာမည် တစ်ခုအား ရေရွတ်လိုက်သည်။
"ချန်းပေ့ရွှမ်း ..."
"အင်း ... ဟုတ်တယ်... စိတ်လျှော့ပါဦး မစ္စတာ မစ်ဆု ... ခင်ဗျားရဲ့ လက်ဘက်ရည်က တကယ် ကောင်းတယ် ... တစ်ခွက်လောက် သောက်ကြည့်သင့်တယ်"
ချန်းဖန်က ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် မစ်ဆုကာဇူမှာ မမြင်ရသော အားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံရသည့် အလား ချန်းဖန်၏ ရှေ့သို့ ရောက်လာခဲ့သည်။ ထို့နောက် လက်များက သူ၏ ထိန်းချုပ်မှု မပါပဲ ရွေ့လျားရင်း လက်ဘက်ရည်ခွက်ကို ကောက်ယူကာ မော့ချလိုက်၏။
ပူပြင်းပြင်း လက်ဘက်ရည်က သူ၏ လည်ချောင်းအတွင်း အညှာအတာ ကင်းမဲ့စွာ စီးဝင်သွားသည်။
"ချန်းပေ့ရွှမ်း ... မင်း ဘာလိုချင်လဲ ... အမေရိကန် စစ်တပ်ရဲ့ အော်ပရေးရှင်းကို ပြန်ရုပ်သိမ်းဖို့ အထိ ဝန်ကြီးချုပ်ကို ငါ ပြောပေးနိုင်တယ်။ မင်းလိုချင်တာကိုသာ ပြောလိုက်"
မစ်ဆုကာဇူကား မျှော်လင့်ချက် မရှိသလောက် နည်းပါးနေသည်ကို သိသော်လည်း ချန်းဖန်အား အစွမ်းကုန် ကြိုးစား၍ ဆွဲဆောင်လိုက်သည်။
"ငါ့ကို သတ်တာက မင်းအတွက် ဘာအကျိုးကျေးဇူးမှ မရှိဘူး။ မင်းငါ့ကို သတ်ရင် ဝန်ကြီးချုပ်ရဲ့ ဒေါသကို ပိုဆွပေးသလိုပဲ ဖြစ်မှာ။ အဲ့လိုဆိုရင် အမေရိကန် စစ်တပ်ကတောင် မင်းကို ထုတ်ပေးဖို့ တရုတ်ကို အမိန့်ပေးလိမ့်မယ်"
"မစ္စတာ ချန်းပေ့ရွှမ်း ... မင်းက နားလည်လွယ်တဲ့ လူတစ်ယောက်ပါ။ မင်းအတွက် ဘာက အကောင်းဆုံးလဲ ဆိုတာကို မင်းနားလည်မှာပါ။ ငါ့ကိုလွှတ်ပေးပြီး မင်း ငါတို့နဲ့ အတူ အလုပ်လုပ်နိုင်တယ်။ မင်းရဲ့အင်အားနဲ့ မစ်ဆုမိသားစု အင်အားနဲ့ ပေါင်းရင် ငါတို့ မရနိုင်တာ ဘာမှရှိတော့မှာ မဟုတ်ဘူး"
သူ၏စကားက ဆွဲဆောင်မှု ရှိသည့်တိုင် ချန်းဖန်အတွက် မည်သို့မျှ မထူးခြားပေ။
သူက အဘိုးအိုအား ကြည့်ကာ ပြုံးလိုက်ရင်း ...
"ငါ့အတွက် လက်ထောက် တစ်ယောက် မလိုဘူး။ လိုချင်တာတိုင်းကို ငါ့ဘာသာငါ ယူနိုင်တယ်"
မစ်ဆုကာဇူ၏ အံ့အားသင့်နေသော အကြည့်အောက်တွင်ပင် ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်ကာ အခန်းအတွင်းမှ ထွက်လာခဲ့သည်။
"မှတ်ထားပါ ... မင်းက နိုင်ရေးကို ပုံဖော်တယ် ... ငါကတော့ မင်းရဲ့ သေခြင်းတရားကို ပုံဖော်တယ်"
ချန်းဖန် ပျောက်ကွယ် သွားသည်နှင့် မစ်ဆုကာဇူကား လည်ပင်းနှစ်ဖက်အား နာကျင်စွာ ဆုပ်ကိုင်ရင်း လဲကျသွားတော့သည်။ မကြာခင်မှာပင် ကမ္ဘာတစ်ခုလုံး မည်းမှောင်ကျ သွားတော့၏။
၂ဝဝ၉၊ ဇန်နဝါရီ ၂၁ ရက် ...။
ချန်းပေ့ရွှမ်း မစ်ဆုမိသားစု ခေါင်းဆောင်အား သတ်ဖြတ်လိုက်သည် ဆိုသော သတင်းကား ဂျပန် အထက်တန်းစား အသိုင်းအဝိုင်းအား အလွန် ချောက်ချား သွားစေတော့သည်။
***