← Chapters

သေဆုံးရတဲ့ အကြောင်းရင်း

Vol. 18 Ch. 172

သေဆုံးရတဲ့ အကြောင်းရင်း

Vol. 18 Ch. 172

“လွှတ်တော်အမတ်က သေတာ ဘယ်လောက်ကြာပြီလဲ” ကလိုင်းဟာ သူ့ပစ္စည်းတွေ ကောက်ယူရင်း ပွင့်ပွင့်လင်းလင်း မေးပါတယ်။

သူ ဒီလိုမေးရတာက သေတာ ၁၅ မိနစ် ကျော်သွားရင် ရနိုင်တဲ့ သတင်းအချက်အလက်က သိသိသာသာ လျော့ကျသွားလို့ပါပဲ။ တစ်နာရီကျော်သွားရင်တော့ ရနိုင်တဲ့ သတင်းအချက်အလက်က နည်းနည်းပါးပါးပဲ ရှိပါတော့တယ်။

တစ်လကျော်ကတည်းက သေဆုံးထားတာဆိုရင်တော့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တဲ့နေရာမှာ အောင်မြင်ဖို့တောင် မလွယ်ပါဘူး။

“ကနဦးစစ်ဆေးမှုအရတော့ မစ္စတာမေနာက မနေ့ည ၉ နာရီနဲ့ ၁၁ နာရီကြားမှာ သေသွားတာ”

ဒန်းစမစ်ဟာ ခေါင်းခါပြီး ပြောပါတယ်။

“မင်း ကူညီပေးဖို့ပဲ လိုတယ်... အသုံးဝင်တာ မဝင်တာကို စဉ်းစားစရာ မလိုဘူး”

“အဲဒါဆိုလည်း ပြီးတာပဲ”

ကလိုင်းဟာ ကုတ်အင်္ကျီကို ယူပြီး ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို ကိုင်ကာ အခန်းထဲက ထွက်လိုက်ပါတယ်။ ဒန်းစမစ်ကတော့ သူ့နေရာ အစားဝင်ပြီး ချန်စီဂိတ်ကို စောင့်ကြပ်ပါတယ်။

သီအိုရီအရတော့ သာလွန်သူတစ်ယောက်က စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်သွားတာနဲ့ စိတ်ဝိညာဉ်အာရုံ၊ ဗေဒင်တွက်တာ၊ အစီအရင်မှော်၊ အစရှိတာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ အထူးသဖြင့် အအိပ်မဲ့ ဆုံမှတ်လမ်းကြောင်းက သာလွန်သူတွေဟာ စိတ်ဝိညာဉ်အားကောင်းမှုနဲ့ နာမည်ကြီးပါတယ်။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ဆုံမှတ်တွေကြားက ကွာခြားချက်ဟာ မိုးနဲ့မြေလိုပါပဲ။ ဒန်းစမစ်နဲ့ လန်နာ့ဒ်မစ်ချယ်ဟာ စိတ်ဝိညာဉ်အာရုံကို သင်ထားပေမဲ့ သူတို့မြင်နိုင်တဲ့ တခြားလူတွေရဲ့ ရောင်ဝါက အဖြူရောင်ယဲ့ယဲ့နဲ့ အပြာရောင်ဖျော့ဖျော့ပဲ ရှိပါတယ်။ သူတို့တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးရဲ့ မတူညီတဲ့ အခြေအနေတွေကို တိတိကျကျ မပြောနိုင်ပါဘူး။ ဒီလိုဆိုပေမဲ့ သူတို့တွေဟာ စိတ်ဝိညာဉ်အာရုံနဲ့ စိတ်ဝိညာဉ်တွေကို သေချာပေါက် မြင်ရပါတယ်။ ဒါပေမဲ့ ဒီဟာက သူတို့ရဲ့ စိတ်ဝိညာဉ်အမြင်လောက် အသုံးမဝင်ပါဘူး။

အဲဒါကြောင့် အအိပ်မဲ့၊ သန်းခေါင်ယံ ကဗျာဆရာနဲ့၊ အိပ်မက်ဆိုး ဆုံမှတ်က သာလွန်သူတွေဟာ စိတ်ဝိညာဉ်အာရုံ ဖွင့်ဖို့ ဆန္ဒမရှိကြပါဘူး။

အလားတူပဲ သူတို့တွေသာ ဆန္ဒရှိရင် စိတ်ဝိညာဉ်ချိန်သီးဗေဒင်၊ တုတ်ဗေဒင်၊ အိပ်မက်ဗေဒင်၊ စတာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုနှုန်းက စကားထဲ ထည့်ပြောလို့တော့ မရပါဘူး။

အစီအရင်မှော်မှာလည်း အဲဒီအတိုင်းပါပဲ။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားချိန်မှာ ဒန်းစမစ်က ရုတ်တရက် ထပ်ပြောပါတယ်။

“ငါ မင်းကို တစ်ခုပြောဖို့ မေ့သွားတယ်... ဒီအမှုကို ကိုင်တဲ့ ရဲအုပ်ထောလ်က ဧည့်ကြိုခန်းထဲမှာ မင်းကို စောင့်နေတယ်... ယူနီဖောင်း အသစ်လဲဖို့နဲ့ စာရွက်စာတမ်းအသစ် ယူဖို့ မမေ့နဲ့ဦး”

ကလိုင်းဟာ တအံ့တဩမဖြစ်ဘဲ အပြုံးနဲ့ ပြန်မေးပါတယ်။

“ယူနီဖောင်းအသစ်... စာရွက်စာတမ်းအသစ်... ထင်းဂန်မြို့ရဲဌာနက အလုပ်လုပ်တာ မြန်လှချည်လား”

သူ ထင်လည်း ထင်ချင်စရာပါ။ သူ ဆုံမှတ် ၈ ကို တက်တာ မနေ့ကမှ မဟုတ်ပါလား။

“အဲဒါ ဒီအမှုက တော်တော်လေး အရေးကြီးလို့...”

ဒန်းစမစ်ဟာ လက်နှစ်ဖက်ကို ကျယ်ကျယ် ဖြန့်လိုက်ပြီး ကလိုင်းရဲ့ နေရာကို ဝင်ယူပါတယ်။

ကလိုင်းဟာ အပေါ်ထပ်ကို ရောက်တဲ့အခါ ဧည့်ကြိုခန်းကို အလျင်စလို မသွားပါဘူး။ ညသိမ်းငှက်တွေရဲ့ နားနေခန်းထဲက သန့်စင်ခန်းထဲ အရင်ဝင်ကာ အပေါ့အပါး သွားပါတယ်။

ပြီးတော့မှာ ငွေကြယ်နှစ်ပွင့်ပါတဲ့ ရဲယူနီဖောင်းလဲပြီး ဓားနှစ်ချောင်း ကြက်ခြေခတ်နဲ့ သရဖူပါတဲ့ ရဲဦးထုပ်ကို ဆောင်းပါတယ်။ နေမီးတောက်အဆောင်၊ အက်ဇစ်ရဲ့ ကြေးခရာ၊ သူ့ရဲ့ အစီအရင်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို ပြောင်းထည့်ပြီးနောက် ကလိုင်းဟာ သူ့ယူနီဖောင်းကို ပြန့်နေအောင် လုပ်ပါတယ်။

အဲဒါတွေ အကုန်လုံး ပြီးတော့မှပဲ သူဟာ နားနေခန်းထဲက ထွက်ပြီး အခန်းခွဲထားတဲ့ အပိုင်းကို ဖြတ်လိုက်တဲ့အခါ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရဲအုပ်ထောလ်ကို တွေ့လိုက်ရပါတယ်။

သူတို့နှစ်ယောက် မတွေ့တာ တော်တော် ကြာသွားပါပြီ။ ဒေါင်ကောင်းကောင်းနဲ့ ရဲအုပ်ထောလ်ဟာ အရင်ကထက် ပိုဝလာတာတယ် ဆိုတာကို သူ့ဗိုက် ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဆံပင်ရော နှုတ်ခမ်းမွေးရော ထူတဲ့ ရဲအုပ်ထောလ်ဟာ ဆပ်ကပ်ကနေ လွတ်လာတဲ့ ဝက်ဝံညိုတစ်ကောင်လိုပါပဲ။

“မင်းနဲ့ အတူတူ အလုပ် ထပ်လုပ်ရလို့ ဝမ်းသာပါတယ်” ထောလ်ဟာ သူသိတဲ့ ညသိမ်းငှက် ဖြစ်နေမှန်း တွေ့လိုက်ရတဲ့အခါ သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး နှုတ်ဆက်ဖို့ သူ့ရဲ့ ဝက်ဝံလက်ဖဝါးကို ဆန့်လိုက်ပါတယ်။

‘မဟုတ်ဘူး... ဒါ လူလက်... ဝက်ဝံလက် မဟုတ်ဘူး’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောပြီး ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ပါတယ်။

“ကျွန်တော်လည်း ရဲအုပ်နဲ့ အတူတူ အလုပ်လုပ်ရလို့ ဝမ်းသာပါတယ်”

ထောလ်ဟာ ကလိုင်းရဲ့ ပခုံးပေါ်က ငွေကြယ်နှစ်ပွင့်ကို ကြည့်ပြီး မနာလိုတဲ့ မျက်နှာနဲ့...။

“ငါတို့တွေက အခု ရာထူး တူသွားပြီ... တစ်လတောင် မရှိသေးဘူး”

ပထမတော့ ကလိုင်းဟာ ဒီလိုမျိုး လေးလေးနက်နက် ပြောဖို့ ကြံလိုက်ပါတယ် “ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အန္တရာယ်က ခင်ဗျားရင်ဆိုင်ရတဲ့ အန္တရာယ်ထက် ဆယ်ဆမကဘူး” ဒါပေမဲ့ သူက ဆုံမှတ် ၈ လူရွှင်ဆိုတာကို သတိရလိုက်ပါတယ်။

‘ငါ စမ်းကြည့်ရင် ကောင်းမယ်...’ သူဟာ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး သူ့မျက်နှာအမူအရာရဲ့ ‌ရောင်ပြန်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် နှုတ်ခမ်းထောင့်ကို တွန့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။

“နောက်သုံးလေးလလောက်နေရင် ခင်ဗျား ကျွန်တော်ကို ဆရာလို့‌ ခေါ်ရလိမ့်မယ်”

“မင်းက တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ” ထောလ်ဟာ ရယ်ပြီး တံခါးကို ထိုးပြကာ “ငါတို့တွေ သွားကြမလား”

“သွားမယ်လေ”

ကလိုင်းဟာ လက်ကိုင်တုတ်ကို ကိုင်ထားဆဲပါ။ သူက အခု လူရွှင် ဖြစ်လာပြီဆိုတော့ လက်ကိုင်တုတ်က တကယ် အသုံးဝင်တဲ့ လက်နက်တစ်ခု ဖြစ်သွားပါပြီ။

ဆူးနက် လုံခြုံရေးကုမ္ပဏီကနေ ထွက်ပြီးနောက် ကလိုင်းနဲ့ ထောလ်ဟာ ရင်ဘောင်တန်း လမ်းလျှောက်ပါတယ်။ ဒါပေမဲ့ တစ်ယောက်က ပိန်ပြီး တစ်ယောက်က ဝတဲ့အတွက် ကြည့်ရတာ တော်‌တော်လေးကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

“ကျွန်တော်တို့တွေ ဆပ်ကပ်ထဲမှာဆိုရင် ပွဲကြည့်သမားတွေကို ရယ်အောင် လုပ်နိုင်လောက်တယ်” ကလိုင်းဟာ ရုတ်တရက် ဟာသ ပြောပါတယ်။

ထောလ်ဟာ ခေါင်းညိတ်ပြီး လုံးဝ သဘောတူပါတယ်။

“ဟုတ်တယ်... ငါတို့ရဲ့ ဆန့်ကျင်ဘက် အခြေအနေက လူရယ်အောင် လုပ်နိုင်တယ်... တချို့ဆပ်ကပ်တွေမှာဆိုရင် ဝတဲ့လူနဲ့ ပိန်တဲ့လူ၊ အရပ်ရှည်တဲ့လူနဲ့ အရပ်ပုတဲ့လူတွေကို သုံးပြီး ဖျော်ဖြေတတ်ကြတယ်”

‘ကျွန်တော် ပြောချင်တာက အဲဒီသဘောမျိုး မဟုတ်ဘူး... ကျွန်တော် ပြောချင်တာက တိရစ္ဆာန်ထိန်းသမားနဲ့ ဝက်ဝံညိုလို့ ပြောချင်တာ...’ ကလိုင်းဟာ ဒီလိုရိုင်းတဲ့ စကားကို ပါးစပ်ကနေတော့ ထုတ်မပြောပါဘူး။ ဒီအတိုင်း အလိုက်သင့်ပဲ ပြန်ပြောလိုက်ပါတယ်။

“ဟုတ်တယ်... ထင်းဂန်မြို့မှာ အထိုင်ပြတဲ့ ဆပ်ကပ်မရှိတာ နှမြောစရာပဲ”

“ဟုတ်တယ်... ဒါပေမဲ့ ငါတို့ဆီမှာ အော်ပရာတွေ ပြဇာတ်ရုံတွေနဲ့ ဂီတခန်းမတွေ ရှိတယ်လေ” ရဲအုပ်ထောလ်ဟာ တမ်းတသံနဲ့ ဖြေပါတယ်။

သူတို့နှစ်ယောက်ဟာ ရဲမြင်းလှည်းဆီ ရောက်တဲ့အထိ အာလာပသလ္လာပ ပြောကြပါတယ်။ အဲဒီနောက် ကလိုင်းဟာ အမှုအကြောင်း ဦးတည်လိုက်ပါတယ်။

“မစ္စတာမေနာ အသတ်ခံရတယ်ဆိုတာ အတည်ပြုပြီးပြီလား”

“တပ်အပ်ကြီးတော့ မပြောနိုင်ဘူး... ဒါပေမဲ့ သူ့မိန်းမနဲ့ သူ့သားနှစ်ယောက်က သူ ရုတ်တရက်ကြီး ရောဂါနဲ့ ကွယ်လွယ်သွားတယ် ဆိုတာကို လက်မခံနိုင်ကြဘူး... နောက်ပြီး အမှုဖြစ်တဲ့နေရာကလည်း တကယ်ကို တစ်ခုခု မှားနေတယ်... မေနာကို ရှာတွေ့တော့ သူက ဧည့်သည်ခန်းရဲ့ ခုတင်ပေါ်မှာ ကိုယ်တုံးလုံးကြီး”

“သူက သူ့မိန်းမနဲ့ အတူတူ မအိပ်ဘူးလား” ကလိုင်းဟာ မြင်းလှည်းနံရံကို မှီလိုက်ပြီး စုံထောက် ဇာတ်လမ်းတွေထဲက စုံထောက်ရဲ့ အသံကို တုပြီး မေးပါတယ်။

ထောလ်ဟာ ခေါင်းခါပါတယ်။

“မအိပ်ဘူး... သူ့မိန်းမက ပြီးခဲ့တဲ့ရက်တွေမှာ ထင်းဂန်မှာ မရှိဘူး... ဘက်ကလင်ကို အရေးကြီးတဲ့ ကပွဲတစ်ပွဲ သွားတက်နေတာ... မင်း မသိလောက်ဘူး... သူက ပါတီသစ်ရဲ့ ခေါင်းဆောင်... အောက်လွှတ်တော်က လွှတ်တော်အမတ်တစ်ယောက်ရဲ့ သမီး... အခု သူက ထင်းဂန်မြို့ဆီလာတဲ့ မီးရထားပေါ်မှာပဲ ရှိသေးတယ်... ငါတို့တွေ ဒီကိစ္စကို သူနဲ့ ကြေးနန်းသုံးပြီးတော့ပဲ ပြောထားတာ”

“မေနာကလည်း ပါတီသစ်ထဲမှာ ပါတယ်... သူက ထင်းဂန်မြို့ရဲ့ လွှတ်တော်အမတ်ဖြစ်တာ ဆယ်နှစ်ကျော်ပြီ... နောက်တစ်ကြိမ် ရွေးကောက်ပွဲကျရင် မြို့ဝန်နေရာအတွက် ယှဉ်ပြိုင်ဖို့ လျာထားတာ”

“ဒီတော့ ဒီကိစ္စက သူ့သေဆုံးမှုနဲ့ ပတ်သတ်ကောင်း ပတ်သတ်နေနိုင်တယ်ပေါ့”

ကလိုင်းဟာ သာမန်ကာလျှံကာ မေးပြီး ချက်ချင်းပဲ ရယ်လိုက်ပါတယ်။

“စိတ်မရှိပါနဲ့... ကျွန်တော်က သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့ ကူညီပေးရုံပဲဆိုတော့ ကျန်တာက ကျွန်တော့် ကိစ္စမဟုတ်ဘူး... အဲဒီတော့ ဒီမေးခွန်းကို မဖြေလည်း ရပါတယ်”

ထောလ်ဟာ စိတ်မရှိပါဘူး။ အဲဒီအစား ရယ်ပါတယ်။

“သေဆုံးရတဲ့ အကြောင်းရင်း... မင်းက သတိ တော်တော်ထားတာပဲ”

“မင်းရဲ့ ခန့်မှန်းချက်ကိုတော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ပြောချင်တယ်... မနေ့ညက မေနာရဲ့အိမ်မှာ တွေ့ဆုံပွဲ ရှိတယ်... ဧည့်သည်တွေက အများကြီးပဲဆိုတော့ ငါတို့တွေ အဓိက သံသယ တရားခံကို လောလောဆယ် မရှာနိုင်သေးဘူး... နောက်ပြီး ဒီဧည့်သည်တွေက နောက်ခံတောင့်တယ်... အဲဒီတော့ ငါတို့တွေ ဂရုစိုက်ဖို့လိုတယ်... အမှားလုပ်လို့ မရဘူး”

“ကျွန်တော် နားလည်ပါပြီ” ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး မှုခင်းဖြစ်တဲ့နေရာကို အသေးစိတ် မေးမြန်းပါတယ်။

မေနာရဲ့အိမ်က ရွှေရောင်စက်မှုန်ဇုန်မှာ တည်ရှိတဲ့ နှစ်ထပ် တိုက်အိမ်ပါ။ ဥယျာဉ်နဲ့ ကွင်းတွေ ဝန်းရံနေပြီး မြင်းဇောင်းနဲ့ ရေပန်းအပြင် ဘိလပ်မြေနဲ့ ခင်းထားတဲ့ လူသွားလမ်းကျယ်လည်း ရှိပါတယ်။

ကလိုင်းဟာ ရဲတံဆိပ်နဲ့ ဦးထုပ်ကို ဆောင်းပြီး ရဲအုပ်ထောလ်နောက်ကနေ လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ရဲသားတိုင်းရဲ့ အကြည့်အောက်မှာ ရဲတားကြိုးကို ဖြတ်ပြီး နှစ်ထပ် တိုက်အိမ်ထဲ ဝင်လိုက်ပါတယ်။

ဧည့်ခန်းထဲမှာ အစမ်းခန့်ရဲအုပ် အမျိုးသားလေးယောက်နဲ့ အမျိုးသမီးလေးယောက် ရှိပါတယ်။ သူတို့တွေဟာ ဧည့်သည်တွေနဲ့ တစ်ယောက်ချင်း စကားပြောပြီး ထွက်ဆိုချက် ယူနေပါတယ်။

ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ထက်စီဒိုဝတ်ထားတဲ့ အမျိုးကောင်းသားတွေနဲ့ သားသားနားနားဝတ်စားကာ ပိတ်ဦးထုပ်ပါး ဆောင်းထားတဲ့ အမျိုးကောင်းသမီး တချို့ကို တွေ့လိုက်ရပါတယ်။

“သူတို့တွေက မနေ့ညက ရှိနေတဲ့ ဧည့်သည်တွေ” ထောလ်ဟာ ကလိုင်းကို ရှင်းပြပြီး လှေကားကနေ ဒုတိယထပ်ကို တန်းခေါ်သွားပါတယ်။

လမ်းတစ်လျှောက်မှာ အခန်းတွေကို ရှာဖွေနေတဲ့ ရဲသားတွေဟာ သူတို့နှစ်ယောက်ကို တွေ့တဲ့အခါ သူတို့လုပ်နေတာတွေ ရပ်မသွားပေမဲ့ လေးစားတဲ့မျက်နှာတွေတော့ ဖြစ်သွားကြပါတယ်။ ရဲအုပ်ယူနီဖောင်းကြောင့် ဖြစ်မယ် ထင်ပါတယ်။

“ဒီအခန်းက မေနာရဲ့ အလောင်းကို ရှာတွေ့တဲ့ ဧည့်သည်ခန်းပဲ” ဗလတောင့်တောင့် ထောလ်ဟာ ကြက်သွေးရောင် သစ်သားတံခါးရှေ့မှာ ရပ်လိုက်ပါတယ်။

ကလိုင်းဟာ တစ်ချက်တွေးပြီး မေးပါတယ်။

“ဒီဧည့်ခန်းမှာ ဘယ်ဧည့်သည်နေတာလဲ”

“ဘယ်သူမှ မနေဘူး... ဒီအိမ်မှာ ဧည့်သည်ခန်းတွေ အများကြီး... ဒီအခန်းက မသုံးတဲ့အခန်း” ထောလ်ဟာ လက်အိတ်ဖြူစွပ်ပြီး ကြက်သွေးရောင် သစ်သားတံခါးရဲ့ လက်ကိုင်ဘုကို လှည့်လိုက်ပါတယ်။

အဲဒီနောက် သူဟာ စောင့်ကြည့်နေတဲ့ ရဲသားကို ခဏ ထွက်သွားခိုင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းကို ခေါင်းညိတ်ပြပြီး...။

“ရဲအုပ် မိုရက်တီ... ကျွန်တော် ကျန်တဲ့ကိစ္စကို ခင်ဗျား လက်ထဲ အပ်လိုက်ပြီ”

“အရှင်မက ကျွန်တော်တို့ကို ကောင်းချီးပေးပါစေ... တစ်ခုခု ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ” ကလိုင်းဟာ လက်အိတ်ဖြူစွပ်ပြီး သူ့နောက်က တံခါးကို ပိတ်လိုက်ပါတယ်။

သူဟာ ခုတင်ဘေးကို လျှောက်သွားတဲ့အခါ ကြက်သွေးရောင် အိပ်ရာခင်းတွေက ပုံမှန်မဟုတ်လောက်အောင် ရှုပ်ပွနေတာကို တွေ့လိုက်ရပါတယ်။ အိပ်ရာခင်းပေါ်မှာတော့ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်း လဲလျောင်းနေပါတယ်။

ဒီအချိန်မှာ ကလိုင်းဟာ အတွေ့အကြုံ အတော်အတန် ရှိနေပြီလိူ့ ယူဆလို့ရပါတယ်။ သူဟာ ပိတ်ဖြူကို အကြောက်အလန့်မရှိ ဆွဲလှန်ပြီး လွှတ်တော်အမတ် မေနာကို ကြည့်ပါတယ်။

ဒီလူဟာ အသက်လေးဆယ်ကျော် အရွယ် ရှိပြီး သူ့ရဲ့ ရွှေရောင်ဆံပင်တွေကို တိုတိုညှပ်ထားပါတယ်။ သူ့မျက်နှာကလည်း နာကျင်မှုနဲ့ ပျော်ရွှင်မှုတွေ ရောယှက်နေပါတယ်။

ကလိုင်းဟာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်ယူပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်ဆင့်ခေါ်တဲ့ အစီအရင်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ခပ်မြန်မြန် လုပ်ဆောင်ပါတယ်။

တည်ငြိမ်အေးချမ်းစေတဲ့ အမွှေးရနံ့က သူ့ဘေးပတ်လည် ရစ်ဝဲသွားချိန်မှာ သူ အစောကြီးကတည်းက တွေးထားခဲ့တာ ဗေဒင်တွက်မဲ့ စာကြောင်းကို ရွတ်ဆိုလိုက်ပါတယ်။

“မေနာ သေဆုံးရခြင်းရဲ့ အကြောင်းရင်း”

“မေနာ သေဆုံးရခြင်းရဲ့ အကြောင်းရင်း”

...

ဒီစာကြောင်းကို ရွတ်ဆိုရင်းနဲ့ ကလိုင်းဟာ ဘေးနားမှာရှိတဲ့ နောက်မြင့် ကုလားထိုင်တစ်လုံးဆီ နောက်ဆုတ်ပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်ပါတယ်။ သူ့မျက်လုံးတွေဟာ မည်းနက်သွားပါတယ်။ သူဟာ ကုလားထိုင်မှာ မှီထိုင်ပြီး အိပ်မောကျသွားပါတယ်။

ဝေဝါးလှတဲ့ ဝိုးတိုးဝါးတား ပုံရိပ်ယောင်လောကမှာ သူဟာ စောစောက အမျိုးကောင်းသားကို ရုတ်တရက် တွေ့လိုက်ရပါတယ်။

အပြာရောင်မျက်လုံးတွေနဲ့ မေနာဟာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး အသားအရေကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အပေါ်မှာ ဝမ်းလျားမှောက် အနေအထားနဲ့ လဲလျောင်းနေပါတယ်။ သူဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ကြိုးကြိုးစားစား ဆောင့်နေပါတယ်။

သူ့မျက်နှာဟာ ပထမတော့ အားရကျေနပ် နှစ်သက်မှုနဲ့ အဆုံးစွန်တဲ့ ပျော်ရွှင်မှုကို ပြပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ့ရင်ဘက်ကို ညာလက်နဲ့ဖိလိုက်ပြီး သူ့မျက်နှာဟာ ရှုံ့တွသွားပါတယ်။ အဲဒီနောက် အရုပ်ကြိုးပြတ် လဲကျသွားပါတယ်။

မေနာ လဲကျသွားတာနဲ့ ပုံရိပ်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ကွဲကြေသွားပါတယ်။ ကလိုင်းဟာ မျက်လုံးဖွင့်လိုက်ပြီး အိပ်မက်ကနေ နိုးသွားပါတယ်။

‘ငါ အပြာဇာတ်ကားကို ဒီလို ကြည့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားမိခဲ့ဘူး... ဒီတော့ မေနာက မိန်းမရှုပ်လို့ အားကုန်ပြီး သေသွားတာလား’

ကလိုင်းဟာ အသံတိတ်ရယ်ပြီး နားထင်ကို နှိပ်လိုက်ပါတယ်။

အဲဒီနောက် သူဟာ နောက်ထပ် အစီအရင်တစ်ခု မလုပ်ခင် ဖော့ပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကို ထုတ်လိုက်ပါတယ်။ သူဟာ ခုနက အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးရဲ့ ပုံတူပန်းချီကို အစီအရင်ရဲ့ ကူညီမှုနဲ့ ရေးဆွဲပါတယ်။ မျက်နှာပဲ အဓိကထား ဆွဲတာပါ။ လည်ပင်း အောက်ပိုင်းကိုတော့ ဆက်မဆွဲပါဘူး။

ဒီအမျိုးသမီးက အသက်အရွယ်ပြောဖို့ ခက်ပါတယ်။ သူမဟာ အသက် ၃၀ အရွယ် ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လို ခံစားရစေပေမဲ့ သူမရဲ့ မျက်နှာမှာ အပြစ်ကင်းစင်မှုတချို့ ကျန်ရှိနေပါသေးတယ်။ သူမရဲ့ မျက်လုံးတွေဟာ သလင်းကျောက်လို သန့်ရှင်းကြည်လင်ပြီး သူမရဲ့ မျက်နှာဟာ မိန်းကလေးတစ်ယောက်လို ပျိုမျစ်နုနယ်လှပါတယ်။

ကလိုင်းဟာ သူဆွဲထားတဲ့ ပုံတူပန်းချီကို ကြည့်ပြီးနောက် အစီအရင်ပစ္စည်းတွေကို ပြန်သိမ်းပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်တံတိုင်းကို ဖျက်လိုက်ပါတယ်။

သူဟာ လက်ကိုင်တုတ်ကို ကောက်ယူဖို့ ခန္ဓာကိုယ်ကို ဘေးကိုင်းလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူဟာ ပဲ့တင်ထပ်သွားတဲ့ တစ်ယောက်ယောက် လည်ချောင်းရှင်းသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ချက်ချင်းဆိုသလို သူ ကြက်သီးမွေးညင်း ထသွားပါတယ်။

ကလိုင်းဟာ ခုတင်ပေါ်ကို လှမ်းကြည့်လိုက်တဲ့အခါ မေနာက ကြက်သွေးရောင် အိပ်ရာခင်းကို တင်းတင်းဆုပ်ထားပြီး သူ့လက်ပေါ်က အကြောတွေဟာ အထင်းသား ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

တစ်ခဏအတွင်းမှာပဲ မနေ့ညက ၉ နာရီနဲ့ ၁၁ နာရီကြားမှာ သေသွားတယ်လို့ ယူဆထားတဲ့ လွှတ်တော်အမတ်ဟာ ရုတ်တရက် ထထိုင်ပါတယ်။ သူ့နှုတ်ခမ်းထောင့်ကနေ တံတွေးတွေ စီးကျနေပြီး မျက်လုံးကလည်း ပြူးပြူးကြီး ပွင့်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters