← Chapters

ဖုတ်ကောင်

Vol. 18 Ch. 173

ဖုတ်ကောင်

Vol. 18 Ch. 173

ကလိုင်း ဘာမှ မတွေးနိုင်ခင်မှာဘဲ တောင့်တင်းနေတဲ့ မေနာဟာ လက်နှစ်ဖက် မြှောက်ပြီး သူ့ကို ဝှစ်ခနဲ ခုန်အုပ်ပါတယ်။

အရင်တုန်းကဆိုရင် ကလိုင်းဟာ ဒီလိုမျိုး ရုတ်တရက် တိုက်ခိုက်မှုကို ရှောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို တိုက်ခိုက်မယ်လို့ ကြိုသိထားရင်တောင် မြန်ဆန်လှတဲ့ အလောင်းကောင်ကို ရှောင်ရှားဖို့ ဘေးကို လှိမ့်ချလိုက်ရမှာပါ။

ဒါပေမဲ့ အခုအချိန်မှာတော့ ကလိုင်းဟာ အလိုအလျောက်နီးပါး တုံ့ပြန်နိုင်နေပါပြီ။ သူဟာ သားရေဖိနပ်ကို ဆောင့်ပြီး ဓားလွယ်ခုတ်က နောက်မြင့် ကုလားထိုင်ပေါ် လှမ်းခုန်လိုက်ပါတယ်။ ဒါပေမဲ့ သူဟာ အဆင့်တက်တာ တစ်ရက်ပဲ ရှိသေးတာမလို့ သူ့ခွန်အားနဲ့ လျင်မြန် ဖျတ်လတ်မှုကို သိပ်ပြီးတော့ အသားမကျသေးပါဘူး။

အဲဒါကြောင့် အခုန်လွန်ပြီး နောက်မြင့် ကုလားထိုင်ရဲ့ ထိပ်ပေါ် ကျသွားပါတယ်။ ကုလားထိုင်ရဲ့ ထိပ်က ခြေထောက်ချလို့ အဆင်ပြေတဲ့နေရာ မဟုတ်ပါဘူး။ နောက်ပြီး ခုန်လိုက်တဲ့ အရှိန်ကလည်း ရှိပါသေးတယ်။

ကလိုင်းဟာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကို အမြန်ထိန်းချုပ်ကာ ဟန်ချက်ကို ပြောင်းယူပါတယ်။ သူဟာ တစ်ခဏ ယိမ်းယိုင်သွားပြီး ကြောင်တစ်ကောင်လို သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းနိုင်လိုက်ပါတယ်။

ယိမ်းယိုင်နေတုန်းမှာ သူဟာ ဘယ်လက်ကို မြှောက်ပြီး လက်ကိုင်တုတ်ကို ဝှေ့ယမ်းကာ ရှေ့ခုန်တက်လာတဲ့ အလောင်းကောင်ရဲ့ နံရိုးကို ရိုက်ချလိုက်ပါတယ်။ ဒီရိုက်ချက်ကြောင့် အလောင်းကောင်ဟာ ဟန်ချက်ပျက်ပြီး ယိမ်းယိုင်ကာ ကြမ်းခင်းပေါ် လဲကျသွားပါတယ်။

ကုလားထိုင်ထိပ်မှာ ရပ်နေတဲ့ ကလိုင်းရဲ့ ညာလက်ဟာ ခြောက်လုံးပြူးဆီ ရောက်သွားပါတယ်။ သူဟာ သူ့ရှေ့က ဖုတ်ကောင်ကို နတ်ဆိုးပစ် ငွေကျည်ဆံနဲ့ ပစ်ဖို့အတွက် ချိုင်းသေနတ်အိတ်ထဲကနေ ခြောက်လုံးပြူးကို ဆွဲထုတ်ဖို့ ကြိုးစားပါတယ်။

ဒါပေမဲ့ အဲဒီ တဒင်္ဂလေးအတွင်းမှာပဲ သူ သေနတ်နဲ့ ပစ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာ ရှင်းရမှာကို တွေးမိလိုက်ပါတယ်။

သူ လွှတ်တော်အမတ်ရဲ့ အလောင်းကို သေနတ်နဲ့ ပစ်လိုက်ရင် သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဒီကိစ္စကို အာရုံစိုက်နေကြတဲ့ လွှတ်တော်အမတ်တွေကို သူ ဘယ်လို ဖြေရှင်းချက် ပေးမှာလဲ။ သေနတ်လေး တစ်ချက်နှစ်ချက် ပစ်လိုက်တယ်လို့ပဲ ပြောရမှာလား။

ကလိုင်းဟာ စဉ်းစားရင်းနဲ့ ရဲယူနီဖောင်း အိတ်ကပ်ထဲ လက်ရောက်သွားတဲ့အခါ တြိဂံပြားတစ်ပြားကို စမ်းမိလိုက်ပါတယ်။

‘ဝိညာဉ်တေးအဆောင်...’

သူဟာ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ငွေပြားအဆောင်ကို ထုတ်ယူကာ ဟာမီးဘာသားစကားနဲ့ ခပ်တိုးတိုး ရွတ်ဆိုလိုက်ပါတယ်။

“ကြက်သွေးရောင်”

မန္တန်က အခန်းထဲမှာ ပဲ့တင်ထပ်သွားတဲ့အခါ အဆောင်ကနေ ငြိမ်သက် အေးချမ်းတဲ့ ရောင်ဝါကို စပြီးတော့ ထုတ်လွှတ်ပါတယ်။ ကလိုင်းဟာ စိတ်ဝိညာဉ်စွမ်းအားကို အဆောင်ထဲ ခပ်မြန်မြန် လောင်းထည့်ပြီး ရုန်းကန်ထနေတဲ့ ဖုတ်ကောင် မေနာကို ပစ်ပေါက်လိုက်ပါတယ်။

အဲဒီအခါ အေးစက်တဲ့ အပြာရောင်မီးလျှံ ထွက်ပေါ်လာပြီး တြိဂံပြားကို လွှမ်းမိုးသွားပါတယ်။ အဲဒီနောက် သိမ်မွေ့ညင်သာပြီး ငြိမ်သက်အေးချမ်းတဲ့ အနက်ရောင် ရောင်ဝါဟာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဝိညာဉ်တွေရဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ သောကတွေကို ဖယ်ရှား ရှင်းလင်းပါတယ်။

ဖုတ်ကောင်မေနာဟာ နေရာမှာ ရပ်သွားပြီး ကြမ်းခင်းကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေပါတယ်။ သူ့ရဲ့ သွားရည်တွေကလည်း ကြမ်းခင်းပေါ်ကို စီးကျနေပါတယ်။

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဖုတ်ကောင်မေနာကို အစီအရင်နဲ့ သန့်စင်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို မေနာဆီကနေ ညည်းတွားသံ ထွက်ပေါ်လာပြီး သူ့ရဲ့ ကြောင်တောင်တောင် မျက်လုံးတွေဟာ ကလိုင်းရဲ့ ရဲယူနီဖောင်းက ဘယ်ဘက် အိတ်ကပ်ဆီ ရောက်သွားပါတယ်။

‘သေစမ်း...’

ကလိုင်းဟာ ကုလားထိုင်ထိပ်ကနေ အပြင်စွန်းထွက်နေတဲ့ တံခါးဘောင်ပေါ် လှမ်းခုန်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလားထိုင် ကျိုးသွားတဲ့ အသံကို သူ ကြားလိုက်ရပါတယ်။

ကလိုင်းဟာ ရွေးချယ်စရာ မရှိတာကြောင့် ထောင့်မှန်စတုဂံ ငွေပြားကို ထုတ်ယူလိုက်ပါတယ်။ ဒီထောင့်မှန်စတုဂံ ငွေပြားက သူစီရင်ထားတဲ့ အိပ်မွေ့ချအဆောင်ပါ။

အိပ်ပျော်အောင် လုပ်တာက သက်ရှိတွေကိုပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ လူသေတွေကိုလည်း လုပ်လို့ရပါတယ်။ လူသေတွေကလည်း ထာဝရအိပ်စက်ခြင်း အခြေအနေမှာ ရှိနေတာပါ။ သူတို့က ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာပဲ နိုးထလာနိုင်ကြပါတယ်။

ဂမ္ဘီရစာအုပ်တစ်အုပ်မှာဆိုရင် ဖုတ်ကောင်တွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ တစ်ခုရှိပါတယ်။ ဖုတ်ကောင်တွေက နေ့ခင်းဘက်မှာအိပ်ပြီး ညဘက်ကျမှာ နိုးပါတယ်တဲ့။

“ကြက်သွေးရောင်”

ကလိုင်းဟာ ဟာမီးဘာသာစကားနဲ့ မန္တန် ထပ်ရွတ်လိုက်ပါတယ်။ ဒီတစ်ကြိမ် ကျရှုံးရင်တော့ သူဟာ နောက်ဆက်တွဲ ပြဿနာ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘဲ အလောင်းကို သေနတ်နဲ့ ပစ်မှာပါ။ ပြဿနာဆိုတာက သူ အသက်ရှင်နေမှ ရှင်းနိုင်မှာပါ။

သူ့လက်ဖဝါးပေါ်က ထောင့်မှန်စတုဂံ ငွေပြား အေးစက်သွားတဲ့အခါ ကလိုင်းဟာ စိတ်ဝိညာဉ်စွမ်းအား လောင်းထည့်ပြီး ပစ်ပေါက်လိုက်ပါတယ်။

သူ့မျက်လုံးရှေ့မှာ နီရဲမှောင်မိုက်တဲ့ မီးလျှံ တောက်ပသွားပြီး ခပ်အုပ်အုပ် ပေါက်ကွဲသံဟာ အခန်းထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

သိမ်မွေ့ညင်သာတဲ့ စွမ်းအားဟာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး သက်ရှိတိုင်းကို မောပန်းနွမ်းနယ် သွားစေပါတယ်။ ဖုတ်ကောင် မေနာဟာ ယိမ်းယိုင်သွားတဲ့အတွက် ကုလားထိုင် သုံးပြီး သူ့ကိုယ်သူ ထိန်းပါတယ်။ သူ့မျက်လုံးတွေဟာ မှိတ်သွားပြီး ကြမ်းပြင်ပေါ်ကို နောက်ပြန် လဲကျသွားပါတယ်။

အဲဒီလို ဖြစ်သွားပေမဲ့ ကလိုင်းဟာ စိတ်ချလက်ချ မနေရဲပါဘူး။ ညသစ်ခွပန်း၊ ညအိပ်ပန်း၊ ကပ်မိုမိုင်ကနေ ထုတ်ယူထားတဲ့ အမန်သာ ရေမွှေးဆီ၊ ဒရက်ဂိုပင်ရဲ့ အခေါက်၊ လစန္ဒာပန်းတွေကနေ ပြုလုပ်ထားတဲ့ လပြည့်ပန်းဆီတို့ကို ထုတ်ယူပြီး ယဇ်ခုံတစ်ခုံ မြန်မြန် ပြင်ဆင်ပါတယ်။

အဲဒီနောက် သူဟာ ဘေးပတ်ဝန်းကျင်ကို သိဒ္ဓိဝင်ပေါင်ဒါမှုန့်ရဲ့ အကူအညီယူပြီး စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်ကာ ယဇ်ခုံနဲ့ အိပ်ပျော်နေတဲ့ ဖုတ်ကောင် မေနာကို လွှမ်းခြုံလိုက်ပါတယ်။

မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုပြီး သက်ဆိုင်တဲ့ ဖယောင်းတိုင်တွေကို မီးညှိပြီးနောက် သူဟာ ပန်းဆီတွေနဲ့ ပေါင်ဒါမှုန့်တချို့ကို မီးလျှံထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခြေတစ်လှမ်း နောက်ဆုတ်ပြီး ဖုတ်ကောင် မေနာကို သတိကြီးကြီးနဲ့ ကြည့်ကာ ဟာမီးဘာသာစကားနဲ့ စတင် ရွတ်ဆိုပါတယ်။

“အို ကြယ်တကာတို့ထက် မွန်မြတ်ပြီး အနှိုင်းမဲ့ခြင်းထက် အနှိုင်းမဲ့တော်မူပါသော ထာဝရည နတ်ဘုရားမ”

“အရှင်မရဲ့ မေတ္တာတရားကို ဖြန့်ကြက်တော်မူပါ”

“အရှင်မရဲ့ သစ္စာရှိ စောင့်ရှောက်သူကို ကြည့်ရှု စောင်မတော်မူပါ”

“ကြက်သွေးရောင် စွမ်းအားကို ပေးသနားတော်မူပါ”

“အိပ်စက်ခြင်းနဲ့ တိတ်ဆိတ်ခြင်း စွမ်းအားကို ပေးသနားတော်မူပါ”

“ကျွန်တော်ရဲ့ ဘေးမှာရှိတဲ့ ဒီသန့်စင်မှု မရှိတဲ့ ဂျွန်မေနာကို သန့်စင်ပေးတော်မူပါ”

...

“လနီက ပိုင်ဆိုင်တဲ့ လပန်း သင့်စွမ်းအားကို ကျွန်တော်ရဲ့ မန္တန်ဆီ အပ်နှင်းတော်မူပါ”

“လနီက ပိုင်ဆိုင်တဲ့ ညအိပ်ပန်း သင့်စွမ်းအားကို ကျွန်တော်ရဲ့ မန္တန်ဆီ အပ်နှင်းတော်မူပါ”

...

စိတ်ဝိညာဉ်တံတိုင်းအတွင်းမှာ သန်းခေါင်ယံ လေပြေတိုက်ခိုက်လာပြီး ဖုတ်ကောင် မေနာကို လွှမ်းခြုံထားတဲ့ ပါးလွှာတဲ့ အနက်ရောင် အခိုးအငွေ့တွေဟာ တလိပ်လိပ် ထွက်သွားပါတယ်။

အကုန်လုံး ပြီးစီးသွားတဲ့အခါ ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံနဲ့ ဗေဒင်တွက်ပြီး ဖုတ်ကောင်မေနာက နောက်တစ်ခါ နိုးမလာတော့ဘူးဆိုတာကို သေချာအောင် ထပ်ခါထပ်ခါ အတည်ပြုပါတယ်။

သေချာပြီဆိုတော့မှာပဲ သူ့ရင်ထဲက စိုးရိမ်စိတ်တွေ ပြေလျော့သွားပါတယ်။ အဲဒီနောက် သူဟာ အစီအရင်ကို အဆုံးသတ်ပြီး စိတ်ဝိညာဉ်တံတိုင်းကို ဖျက်လိုက်ပါတယ်။

‘သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အသက်ပြန်ဝင်လာတာလဲ’ ကလိုင်းဟာ ကြမ်းခင်းပေါ်မှာ လဲကျနေတဲ့ အလောင်းကောင် မေနာကို ရပ်ပြီး စိုက်ကြည့်ကာ မျက်မှောင် ကြုတ်သွားပါတယ်။

စိတ်ဝိညာဉ် ခံစားမှု မြင့်မားတဲ့ သာလွန်သူ တစ်ယောက်ဟာ အလောင်းတစ်လောင်းရဲ့ လက္ခဏာတွေကို ကြည့်ပြီး အဲဒီအလောင်းက အသက်ပြန်ဝင်လာနိုင် မဝင်လာနိုင် ဆိုတာကို လွယ်လင့်တကူ သိနိုင်ပါတယ်။

ကလိုင်းလို အမြင်ဆရာ တစ်ယောက်ဆို ပိုတောင် သိပါသေးတယ်။ ဒီလိုကိစ္စမျိုးတွေမှာ သူဟာ ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်သွားတာက လုံးဝကို ရုတ်တရက် နိုင်လွန်းပါတယ်။

‘ဝတ်စုံနဲ့လူပြက်လိုမျိုး လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုခုရဲ့ လွှမ်းမိုးမှု ခံရတာလား...’ ကလိုင်းဟာ ခုနက မြင်ကွင်းကို ခေါင်းထဲမှာ ပြန်စဉ်းစားရင်း ပြဿနာကို ခပ်ရေးရေး မြင်သွားပါတယ်။

‘ဖုတ်ကောင်မေနာက ငါ့ ရဲယူနီဖောင်းရဲ့ ဘယ်ဘက်အိတ်ကပ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပဲ’

‘ဘယ်ဘက် အိတ်ကပ်...’

ကလိုင်းဟာ လက်ကိုင်တုတ်ကို ညာလက်နဲ့ ကိုင်ပြီး ဘက်လက်နဲ့ အိတ်ကပ်ထဲ နှိုက်ကာ အထဲက ရှေးဟောင်း ကြေးခရာကို ထုတ်ယူလိုက်ပါတယ်။ ဒီကြေးခရာက အက်ဇစ်ရဲ့ တမန်ကို ဆင့်ခေါ်ဖို့ သုံးတဲ့ လျှို့ဝှက်ဆန်းကြယ် ပုံစံကွက်တွေ ထွင်းထားတဲ့ ကြေးခရာပါ။

‘ဒီကြေးခရာကြောင့် မေနာက ဖုတ်ကောင် ဖြစ်သွားတာလား... ဒါ ဖြစ်နိုင်ခြေ များတယ်... မစ္စတာအက်ဇစ်က သေခြင်းရဲ့ မျိုးဆက် မဟုတ်ရင်တောင် သေချာပေါက် သေခြင်းနဲ့ အဆက်အသွယ် တစ်ခုခု ရှိရမယ်... သူ ဆောင်ထားတဲ့ ပစ္စည်းက ဒီလို သက်ရောက်မှုမျိုးရှိတာ ယုတ္တိရှိတယ်...’

ကလိုင်းဟာ တွေးတောစဉ်းစားရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ ကြေးပဲနိတစ်ပြား ထုတ်ပြီး သူ့ကောက်ချက် မှန်မမှန်ဆိုတာကို အတည်ပြုပါတယ်။

အမှုအခင်းနေရာမှာ ရှိနေတာရယ် သက်ဆိုင်တဲ့ ပစ္စည်းကို ကိုင်ထားတာရယ် လုံလောက်တဲ့ သတင်းအချက်အလက် ရှိနေတာရယ်ကြောင့် သူဟာ အဖြေကို ခပ်မြန်မြန်ပဲ ရလိုက်ပါတယ်။ သူ လေထဲကို မြှောက်လိုက်တဲ့ ကြေးပဲနိပြားက ခေါင်းကျပါတယ်။

‘ဒီတော့ ငါထင်တာ မှန်တယ်ပေါ့... မစ္စတာအက်ဇစ်က ဒီလိုကိစ္စတွေ ဖြစ်နိုင်တယ်လို့ ငါ့ကို ဘာဖြစ်လို့ သတိမပေးရတာလဲ... ဟုတ်သားပဲ... သူက အတိတ်မေ့နေတာ... ဒီကိစ္စကို မေ့နေတာ ဘာထူးဆန်းလို့လဲ... နောက်ပြီး ကြေးခရာက သူ့ဆီမှာရှိတုန်းက ဒီလိုမျိုး သက်ရောက်မှု မရှိလောက်ဘူး... ဖိနှိပ်ခံထားရတာ ဖြစ်နိုင်တယ်... ငါ ဒီကြေးခရာကို သရဲချောက်တတ်တဲ့ သင်္ချိုင်းတို့ ရှေးဟောင်းရဲတိုက်တို့ဆီ ယူသွားလို့ မဖြစ်ဘူး... မဟုတ်ရင် ပြဿနာ မီးထွန်းရှာပြီး ကိုယ့်သေတွင်း ကိုယ်တူးတာပဲ...’

ကလိုင်းဟာ စိတ်ထဲမှာ တေးမှတ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ကိုယ်တုံးလုံး မေနာကို ခုတင်ပေါ် ပြန်တင်လိုက်ပါတယ်။

အလောင်းမှာ ထင်ထင်ရှားရှား ကျန်နေခဲ့တဲ့ လက်ကိုင်တုတ်ရာကို ကြည့်ပြီး ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။ သူဟာ လူတွေ အလွယ်တကူ သတိမထားမိနိုင်အောင် အလောင်းကို အဝတ်ဖြူနဲ့ ပြန်အုပ်လိုက်ပါတယ်။

‘ငါ ဒီပြဿနာကို ရဲဌာနလက်ထဲ အပ်ရမှာပဲ... အင်း... နောက်ပြီး ငါ ခုနက သုံးလိုက်တဲ့ အဆောင်နှစ်ခုက တာဝန်အတွင်းမှာ သုံးတာဆိုတော့ အသုံးစရိတ် ပြန်တောင်းလို့ရတယ်...’

သူဟာ တွေးရင်းနဲ့ ပစ္စည်းတွေ သိမ်းပါတယ်။ အဲဒီနောက် ပုံတူပန်းချီကို ယူပြီး တံခါးဖွင့်လိုက်ပါတယ်။

ကျွီခနဲ တံခါးပွင့်သွားတဲ့အခါ အခန်းထဲ ဘယ်သူမှ မဝင်နိုင်အောင် အပြင်ဘက်မှာ တစ်ချိန်လုံး စောင့်ကြပ်နေတဲ့ ရဲအုပ်ထောလ်ကို ကလိုင်း တွေ့လိုက်ရပါတယ်။

“စောစောက ဘာဖြစ်တာလဲ” ထောလ်ဟာ စိုးရိမ်စိတ် သံသယစိတ်နဲ့ မေးပါတယ်။ သူဟာ အခန်းထဲမှာ ဖြစ်ပျက်နေတာကို ခပ်ရေးရေး ကြားရလို့ ဒီလိုမေးတာပါ။

ကလိုင်းဟာ ပြုံးပြီး တမင် အရွှန်းဖောက်လိုက်ပါတယ်။

“လွှတ်တော်အမတ် မေနာက အသက်ပြန်ဝင်လာပြီး ကျွန်တော်ကို အားပါတရ ဖက်ဖို့ ကြိုးစားတယ်လေ”

“မနောက်နဲ့..” ထောလ်ဟာ စိတ်ဆိုးသွားတဲ့ မျက်နှာနဲ့ အခန်းထဲကို လှမ်းကြည့်ပါတယ်။

“စိတ်မဆိုးပါနဲ့... အတည်မပြုနိုင်တဲ့ အကြောင်းရင်းတစ်ခုကြောင့် လွှတ်တော်အမတ် မေနာက ဖုတ်ကောင် ဖြစ်သွားတယ်... အင်း... သရဲဇာတ်လမ်းထဲကလိုမျိုးပဲ... ကျွန်တော် ရှိနေလို့ ကံကောင်းသွားတယ်မှတ်... ကျွန်တော် အစီအရင်သုံးပြီး ဖုတ်ကောင်ကို သန့်စင်လိုက်လို့ အခု ထာဝရ ပြန်အိပ်စက်သွားပြီ”

“ဒါက သူ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်နေတာလား” ထောလ်ရဲ့ မျက်နှာဟာ တင်းမာသွားပါတယ်။

“အဲဒါတော့ ကျွန်တော် မပြောတတ်ဘူး... ဘာပြဿနာ ဖြစ်လဲ ဆိုတာတောင် ကျွန်တော် သိတာ မဟုတ်ဘူး... ကျွန်တော်တို့ နယ်ပယ်မှာ ဒီလို ရှင်းပြလို့မရတဲ့ ကိစ္စမျိုးတွေကို သာမန်ပဲ”

အဲဒီနောက် ကလိုင်းဟာ သူ့လက်ထဲက ပုံတူပန်းချီကို ကြည့်လိုက်ပြီး...။

“ကျွန်တော် စိတ်ဝိညာဉ်နဲ့ ဆက်သွယ်မှု လုပ်တုန်းက မေနာ သေဆုံးတဲ့ မြင်ကွင်းကို မြင်ခဲ့တယ်... သူက အိမ်ထောင်သည်တွေ အိပ်ရာပေါ်မှာ လုပ်တဲ့ကိစ္စကို ဒီအမျိုးသမီးနဲ့ လုပ်နေတာ... ပျော်ရွှင်မှု ထိပ်ဆုံးလည်း ရောက်ရော နှလုံးရှိတဲ့ ရင်ဘက်နေရာကို လက်နဲ့ ဆုပ်လိုက်တာပဲ”

“မင်းပြောချင်တာ... သူ သေဆုံးရတဲ့ အကြောင်းရင်းက ခုတင်ပေါ်က ကိစ္စကြောင့်ပေါ့”

“သီအိုရ အရတော့ ဟုတ်တယ်... ဒါပေမဲ့ ရင်ခွဲစစ်ဆေးတာကို စောင့်သင့်တယ်” ကလိုင်းဟာ ပုံတူပန်းချီကို ရဲအုပ်ထောလ်ဆီ ကမ်းလိုက်ပါတယ်။

‌ထောလ်ဟာ တစ်ချက်ပဲ ကြည့်ပြီး အံ့ဩတကြီး ဖြစ်သွားပါတယ်။

“မဒမ်ရှယ်ရွန်ပါလား”

ကလိုင်းဟာ သူ့ကိုကြည့်ပြီး ကြောင်သွားပါတယ်။

“သူက နာမည်ကြီးလို့လား”

‘အင်း... သူ့ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရသလောက်တော့ နာမည်ကြီးလောက်တယ်...’ သူဟာ စိတ်ထဲမှာ သရော်လိုက်ပါတယ်။

ထောလ်ဟာ ဘေးဘီဝန်းကျင်ကို တစ်ချက်ကြည့်ပြီး စိတ်လှုပ်တရှား မျက်နှာနဲ့...။

“မဒမ်ရှယ်ရွန်က ထင်းဂန်မြို့မှာ အလှဆုံး မုဆိုးမ... တွေ့ဆုံပွဲတွေမှာ မပါမဖြစ်ပဲ... မြို့စားခွိုင်းရဲ့ ဒုတိယဇနီး... ဒါပေမဲ့ ကံဆိုးချင်တော့ မုဆိုးမ ဖြစ်သွားရရှာတယ်”

“သူက ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တွေနဲ့ အထက်တန်းလွှာတွေကြားမှာ ရေပန်းစားတယ်... ကွန်ဆားဗေးတစ်ပါတီရော ပါတီသစ်ရော... နှစ်ပါတီစလုံးက ဖိတ်ကြားတာကို ခံရတဲ့သူ”

“သူနဲ့ သူ့လင်ပါသား လက်ရှိခွိုင်းမြို့စားက... ဘက်ကလင်က အထက်တန်းလွှာတွေ အစိုးရအကြီးအကဲတွေနဲ့ သိကျွမ်းတယ်လို့တော့ ပြောကြတယ်... သူက ဩဇာကြီးမားတဲ့ အမျိုးသမီး တစ်ယောက်ပဲ... သူနဲ့ လွှတ်တော်အမတ် မေနာက ဒီလိုမျိုး ဆက်ဆံရေး ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး... ဟီးဟီး...”

‘ရှင်းရှင်းပြောရင် သူက သူမတူအောင် ရေပန်းစားတယ်ပေါ့...’ ကလိုင်းဟာ စိတ်ထဲမှာ ကောက်ချက် ချလိုက်ပါတယ်။ အဲဒီနောက် တစ်ဖက်လှည့်ကာ အခန်းထဲကို ထိုးပြပြီး...။

“နောက်ထပ် လုပ်ရမှာက ကျွန်တော့်အလုပ် မဟုတ်တော့ဘူး... မဒမ်ရှယ်ရွန်ကို ရဲအုပ်ဘာသာ ကြိုက်သလို စစ်ဆေးချည်”

“နောက်ပြီးတော့ ကျွန်တော် လွှတ်တော်အမတ် မေနာကို မသန့်စင်ခင် လက်ကိုင်တုတ်နဲ့ ရိုက်ထားတယ်... အဲဒါ ရဲအုပ်ဘာသာ ကြည့်ပြီးတော့ ဖြေရှင်းလိုက်ပါ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters