← Chapters

မဒမ်ရှယ်ရွန် “ဘာ...”

Vol. 18 Ch. 174

မဒမ်ရှယ်ရွန် “ဘာ...”

Vol. 18 Ch. 174

ဝက်ဝံနဲ့တူတဲ့ ထောလ်ဟာ အလန့်တကြား ထခုန်ပြီး ကလိုင်းကို ကြည့်ပြီးတာနဲ့ အခန်းထဲ လှမ်းကြည့်ပါတယ်။ အဲဒီနောက် သူ့ခန္ဓာကိုယ်နဲ့ မတန်တဲ့ လျင်မြန် ဖျတ်လတ်မှုမျိုးနဲ့ အခန်းထဲ ပြေးဝင်သွားပါတယ်။

သူဟာ အလောင်းကို အုပ်ထားတဲ့ အဝတ်ဖြူကို လှန်ပြီး အလောင်းကို သေချာ ဂရုတစိုက် စစ်ဆေးပြီးမှ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“တော်သေးတယ်... ငါ ထင်ထားတာလောက် မဆိုးလို့... ဒါက ပြဿနာကြီး မဟုတ်ဘူး...”

‘ငါ ခြောက်လုံးပြူးထုတ်ပြီး နတ်ဆိုးပစ်ကျည်ဆံနဲ့ လေးငါးခြောက်ချက်လောက် ပစ်လိုက်ရမှာ... အဲဒါဆို ပြဿနာကြီး မကြီး သိရလိမ့်မယ်...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပြီး တံခါးအပြင်ဘက်ကို ထိုးပြပါတယ်။

“ကျွန်တော် လုပ်စရာ ကုန်ပြီမလား”

“မကုန်သေးဘူး” ထောလ်က အော်ပြောပါတယ် “ခဏနေဦး”

ကလိုင်းက နားမလည်တဲ့ မျက်နှာနဲ့ မေးပါတယ်။

“ဘာလုပ်ဖို့ ကျန်သေးလို့လဲ”

ထောလ်ဟာ လေးလေးနက်နက် ရှင်းပြပါတယ်။

“ငါတို့တွေ မတော်တဆမှု တစ်ခုမှ မဖြစ်အောင် ကာကွယ်ရမယ်... မဒမ်ရှယ်ရွန်နဲ့ စကားပြောပြီး ထွက်ဆိုချက်ရမှ ငါ မင်းကို ဇိုးတလန်လမ်းဆီ ပြန့်ပို့ပေးမယ်”

‘သေနေတာ ၁၀ နာရီကြာသွားတဲ့ မေနာတောင် အသက်ပြန်ဝင်လာနိုင်ရင် မဖြစ်နိုင်တာ ဘာရှိသေးလို့လဲ... မင်း ပြန်သွားလို့ တစ်ခုခုဖြစ်ရင် ငါတို့တွေ ကိုယ်ကျိုးနည်းရချည့်ရဲ့’ ထောလ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

“အဲဒါဆိုလည်း ပြီးတာပဲ”

ကလိုင်းဟာ နားထင်ကို နှိပ်လိုက်ပြီး...။

“အခုတော့ ကျွန်တော် နားဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခန်း ပြင်ပေး”

သူဟာ အဆင့်တက်တာ တစ်ရက်ပဲ ရှိသေးတဲ့အတွက် အကုန်လုံးက အကောင်းဆုံး အခြေအနေမှာ ရှိမနေပါဘူး။ အစီအရင် တစ်ခါမက စီရင်ရပြီး အဆောင်နှစ်ခု သုံးရတဲ့အပြင် သေရေးရှင်ရေးနီးပါး ခြောက်လှန့်ခံလိုက်ရတဲ့အတွက် သူဟာ တွေးခေါ်မှု အခြေအနေထဲဝင်ပြီး ပြဿနာတွေကို ရှင်းလင်းပစ်ဖို့ လိုအပ်နေပါတယ်။

ကလိုင်းဟာ အခုအချိန်မှာ စိတ်လွတ်တာကို တော်တော်လေး သတိထားလာပါတယ်။

ထောလ်ဟာ အလောင်းကို အဝတ်ဖြူနဲ့ ပြန်အုပ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ်။

“ရတယ်... ကိစ္စမရှိဘူး”

သူဟာ ကလိုင်းကို တိုက်အိမ်ရဲ့ နေရောင်ရတဲ့ဘက်နားက ဧည့်သည်ခန်းတစ်ခန်းဆီ ခေါ်သွားပါတယ်။ အဲဒီနောက် အခန်းထဲ ထိုးပြပြီး...။

“ရဲအုပ် မိုရက်တီ... မစိုးရိမ်ပါနဲ့... ဘယ်သူမှ မင်းကို နှောင့်ယှက်မှာ မဟုတ်ပါဘူး... ငါကတော့ မဒမ်ရှယ်ရွန်ဆီ သွားလိုက်ဦးမယ်”

ကလိုင်းဟာ အသာခေါင်းညိတ်ပြီး ထောလ် ထွက်သွားတာကို ကြည့်နေပါတယ်။ အဲဒီနောက် သူဟာ တံခါးပိတ်ပြီး လိုက်ကာကို ဆွဲပိတ်လိုက်ပါတယ်။

အလင်းရောင် မှေးမှိန်ပြီး တိတ်ဆိတ်တဲ့ အိပ်ခန်းထဲမှာ သူဟာ လှုပ်ကုလားထိုင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သက်သောင့်သက်သာ ဖြစ်အောင် ထိုင်ပါတယ်။ အဲဒီနောက် လှုပ်ကုလားထိုင်ကို စည်းချက်ကျကျ ရှေ့နောက် လွှဲလိုက်ပါတယ်။

သူ့စိတ်ထဲမှာ အလင်းစက်လုံး အမြောက်အမြား ပေါ်လာပါတယ်။ သူ့နားထဲက တဝီဝီအသံနဲ့ တဆစ်ဆစ် ခေါင်းကိုက်မှုဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါတယ်။

သူ့အခြေအနေ တည်ငြိမ်သွားလို့ မျက်လုံးဖွင့်ပြီး အမှောင်ထုထဲ ကြည့်လိုက်တဲ့အခါ ခုတင်၊ ဗီရိုနဲ့ တခြားပရိဘောဂ ပစ္စည်းတွေကို အကြမ်းဖျင်း မြင်လိုက်ရပါတယ်။ အဲဒီနောက် သူဟာ စောစောက ကြိုးစားမှုတွေကို ပြန်ပြီးတော့ တည်တည်ငြိမ်ငြိမ် သုံးသပ်ပါတယ်။

‘ဟာသပြောတာကနေ တုံ့ပြန်မှု များများစားစား မရဘူး...’

‘ငါ လူရွှင်ဆေးရည်ရဲ့ စွမ်းအားကို မထိန်းချုပ်နိုင်သေးလို့ လက်ကျန် ဆိုးကျိုး ရှိနေတာ ဖြစ်နိုင်တယ်... ဒီလိုဆိုပေမဲ့ ဒီလို သရုပ်ဆောင်တာက အကျိုးနည်းနည်းပဲ ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထားလို့ မရဘူး’

‘ငါ့သဘောအတိုင်းဆို လူရွှင်လို သရုပ်ဆောင်ချင်တာ မဟုတ်ဘူး... ဒါပေမဲ့ ငါ ဒီဆုံမှတ်လမ်းကြောင်းကို ရွေးချယ်ခဲ့မှတော့ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်ရမှာပဲ...’

‘တကယ်တော့ လူတိုင်းက သူတို့ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ လူရွှင်လို သရုပ်ဆောင်ရတာချည်းပဲ... ငါ ဒီလို သရုပ်ဆောင်ရတာကို သိပ်ပြီးတော့ မသက်မသာ မဖြစ်သင့်ဘူး’

‘ငါ လူရွှင်ရဲ့ အဓိက အခြင်းအရာတွေကို မြန်မြန် နားလည်ဖို့ လိုတယ်...’

သူ့စိတ်ထဲမှာ အတွေးမျိုးစုံ ပေါ်လာတဲ့အခါ ကလိုင်းဟာ ရုတ်တရက်ဆိုသလို ပဲနိဝက်တန် အကြွေစေ့ကို ထုတ်ယူလိုက်ပါတယ်။ သူဟာ သူ့အကျင့်အတိုင်း မေနာရဲ့ သေဆုံးမှုက သဘာဝလွန် လွှမ်းမိုးမှု ရှိ မရှိ တွက်ချက်ပါတယ်။

‘ငါလည်း ဒီဗေဒင်တွက်တာကို တော်တော်လေး အကျင့်ပါနေပြီ...’ ကလိုင်းဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ်။ အဲဒီနောက် သူ့မျက်လုံးတွေ မည်းနက်သွားပြီး အောက်ပါစာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ်။

“ဂျွန်မေနာရဲ့ သေဆုံးမှုက သဘာဝလွန်စွမ်းအား လွှမ်းမိုးမှုကြောင့်ပဲ”

...

“ဒင်...”

သူဟာ အကြွေစေ့ကို လေထဲမြှောက်ပြီး လှုပ်ကုလားထိုင်ပေါ်မှာ အေးအေးလူလူ ထိုင်ရင်း အကြွေစေ့ လေထဲမှာ လည်သွားတာကို ကြည့်နေပါတယ်။

“ဖတ်”

အကြွေစေ့ဟာ သူ ဖြန့်ထားတဲ့ လက်ဖဝါးပေါ် ပြုတ်ကျပြီး နှစ်ပိုင်တစ်ပိုင်းကို ပြပါတယ်။

မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ရှင်းအောင်ပြောရရင် ဂျွန်မေနာရဲ့ သေဆုံးမှုမှာ သဘာဝလွန် စွမ်းအားရဲ့ လွှမ်းမိုးမှု မရှိပါဘူး။

‘ဒီလူက ကာမပျော်ရွှင်မှုကြောင့် သေတာ ဖြစ်မယ်... သေတဲ့လူကို မလှောင်သင့်ဘူးဆိုတော့ ငါ သူ့ကို မလှောင်တော့ပါဘူး...’

ကလိုင်းဟာ အကြွေစေ့ကို ပြန်သိမ်းပြီးနောက် တွေးချင်ရာ လျှောက်တွေးကာ အိပ်မောကျလုနီး ဖြစ်သွားပါတယ်။

“ဒေါက်... ဒေါက်... ဒေါက်...”

နှေးကွေးပြီး စည်းချက်ကျတဲ့ တံခါးခေါက်သံကို ကြားလိုက်ရတဲ့အခါ ကလိုင်းဟာ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပြီး ရဲဦးထုပ်ဆောင်းကာ တံခါးဆီ လျှောက်သွားပါတယ်။ သူ့ညာလက်က တံခါးလက်ကိုင်ဘုကို ထိလိုက်တယ်ဆိုရင်ပဲ သူ့စိတ်ထဲမှာ မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။

ဝက်ဝံနဲ့တူတဲ့ ရဲအုပ်ထောလ်ဟာ တံခါးအပြင်ဘက်မှာ ကော်လာကိုင်ပြီး ရပ်နေပါတယ်။ သူ့မျက်နှာဟာ စိတ်ရှုပ်ပြီး ဘာမှမတတ်နိုင်တဲ့ မျက်နှာ ဖြစ်နေပါတယ်။

ကလိုင်းဟာ တံခါးလက်ကိုင်ဘုကို လှည့်ပြီး တံခါးကို အေးအေးလူလူ ဖွင့်ပါတယ်။ တံခါးပွင့်သွားတဲ့အခါ ကော်လာကိုင်ထားတဲ့ ရဲအုပ်ထောလ်ဟာ သူ့မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။

“စောင့်ရတာ ကြာသွားရင် တောင်းပန်ပါတယ်”

“ငါတို့တွေ မဒမ်ရှယ်ရွန်ဆီကနေ ထွက်ဆိုချက် ရပြီ... မင်း ဇိုးတလန်လမ်းကို ပြန်လို့ရပြီ”

“မင်းရဲ့ တန်ဖိုးရှိတဲ့အချိန်ကို အလကား ကုန်ဆုံးစေမိလို့ တကယ်ကို တောင်းပန်ပါတယ်”

ကလိုင်းဟာ ရဲအုပ်ထောလ် ခံစားချက်ရဲ့ အကြောင်းရင်းကို မမေးမြန်းဘဲ အပြုံးနဲ့ ပြောပါတယ်။

“မဒမ်ရှယ်ရွန်က မေနာနဲ့ အတူရှိခဲ့တာကို ဝန်ခံလား”

“ဝန်ခံတယ်... အရက်ကြောင့် သူနဲ့ မေနာက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ပြောတယ်... မေနာ နှလုံးဖောက်ပြီး သေသွားတော့ အကြောက်လွန်ပြီး ထွက်ပြေးခဲ့တာလို့ ဝန်ခံတယ်... အဲဒီနောက်ပိုင်း သူ့ရဲ့ ဧည့်သည်ခန်းထဲမှာ ပုန်းနေခဲ့တာတဲ့... ငါတို့မှာ သူ့ကို တရားစွဲဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘူး... အဲဒီတော့ ခြေချုပ်နဲ့ လွှတ်ပေးလိုက်ရတယ်... အလောင်းကို ရင်ခွဲစစ်ဆေးတာ စောင့်ရမှာပဲ”

ရဲအုပ်ထောလ်ဟာ အသေးစိတ် ရှင်းပြပါတယ်။

ကလိုင်းဟာ ခေါင်းကို ဘေးစောင်းပြီး ပြုံးလိုက်ပါတယ်။

“ကျွန်တော်ကို ဘာဖြစ်လို့ အသေးစိတ် ရှင်းပြနေတာလဲ”

ထောလ်ဟာ ခေါင်းခါပြီး မချိပြုံး ပြုံးပါတယ်။

“အို... ဟုတ်သားပဲ... ငါ မင်းကို ရှင်းပြစရာမှ မလိုတာ... မဒမ်မေနာက စိတ်အနှောင့်အယှက် ပေးတာနဲ့ စကားများမိသွားတာ”

“မေနာရဲ့ မိန်းမက ပြန်ရောက်လာပြီလား” ကလိုင်းက ပြန်မေးပါတယ်။

“ဟုတ်တယ်... ကံဆိုးတာာပဲ... ဒီရေနွေးငွေ့ မီးရထားက တစ်ခုခုတော့ မဟုတ်ဘူး... ဒီတစ်ခါကျမှ ဘာဖြစ်လို့ အချိန်မှန်နေတာလဲ မသိဘူး” ထောလ်ဟာ ဟာသနှောပြီး အတည်ပြုပါတယ်။

ကလိုင်းဟာ ဘာမှ ထပ်မမေးတော့ဘဲ သူ့ပစ္စည်းတွေ စုံ မစုံ စစ်ဆေးပြီးတာနဲ့ ထောလ်နောက်ကနေ လှေကားဆီလျှောက်သွားကာ အောက်ထပ်ကို ဆင်းပါတယ်။

“ရှင်တို့တွေ ဘာဖြစ်လို့ သူ့ကို မဖမ်းတာလဲ”

“သူက လူသတ်သမား... ကျွန်မ သူ့ကို တရားစွဲမယ်... ရှင်တို့ အကုန်လုံးကိုလည်း တာဝန်ပေါ့လျော့မှုနဲ့ တရားစွဲမယ်”

“အတော်ဆုံး ရှေ့နေကို ငှားပြီး တရားစွဲပစ်မယ်”

...

စူးရှတဲ့ စကားသံတွေ နားထဲကို ဝင်လာတာကြောင့် ကလိုင်းဟာ အလိုလို လှမ်းကြည့်မိလိုက်တဲ့အခါ သူနဲ့ ဓားလွယ်ခုတ်မှာ ရပ်နေတဲ့ စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်က သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ လူငယ်နှစ်ယောက်ဟာ သူမရဲ့ လက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ ကိုင်ထားတာတောင် သူမဟာ ဆက်ပြီးတော့ အော်ဟစ်ဆဲဆိုနေတုန်းပါ။

‘ဒီနှစ်ပိုင်းမှာ ခေတ်စားလာတဲ့ ဖက်ရှင်ပဲ...’ အမျိုးသမီးဖက်ရှင် မဂ္ဂဇင်းကို မကြာခဏ ဖတ်ဖြစ်တဲ့ ကလိုင်းဟာ လက်ရှိ အခြေအနေနဲ့ မသက်ဆိုင်တဲ့ အတွေးကို ပထမဆုံး တွေးမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ကာကွယ်ထားတဲ့ အမျိုးကောင်းသား တချို့ တွေ့လိုက်ရပါတယ်။

ဒီအမျိုးသမီးဟာ အနက်ရောင် အဝတ်အစားရှည်ကြီးကို ဝတ်ဆင်ထားပြီး ချောမွေ့ပြေပြစ်တဲ့ အသားအရေ၊ ရေတံခွန်လို ဖြောင့်စင်းတဲ့ အညိုရောင်ဆံပင်တွေနဲ့ စွဲမက်ဖွယ် မျက်လုံးညိုတွေ ရှိပါတယ်။ သူမဟာ တောအုပ်ထဲက သမင်လေးလို သနားစရာကောင်းလှပြီး လူတွေကို ကာကွယ်ပေးချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာစေပါတယ်။

‘မဒမ်ရှယ်ရွန်...’ ကလိုင်းဟာ သူမကို ကြည့်ပြီး စောစောတုန်းက ကာမဆက်ဆံတဲ့ မြင်ကွင်းကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ အဲဒါကြောင့် သူဟာ ညာလက်ကို မြှောက်ပြီး ပါးစပ်ကို အုပ်ကာ ချောင်းနှစ်ချက် ဟန့်လိုက်ပါတယ်။

အကျင့်ဖြစ်နေတဲ့အတိုင်း သူဟာ ဘယ်အံ့သွား နှစ်ချက် ကိုက်ပြီး ဒီနေရာမှာ ရှိနေတဲ့လူတွေကို စိတ်ဝိညာဉ်အာရုံနဲ့ အကဲခတ်ပါတယ်။

‘မစ္စမေနာရဲ့ ခန္ဓာကိုယ်က ပြဿနာ တချို့ ရှိနေတယ်... သူ့ရောင်ဝါရဲ့ အရောင်က ပါးတယ်... ခံစားချက်အရောင်က ဒေါသနဲ့ မုန်းတီးမှုကို ပြနေတာဆိုတော့ အပြင်ပန်း သွင်ပြင်နဲ့ ကွက်တိပဲ...’

‘ဟင်... မဒမ်ရှယ်ရွန်ရဲ့ ခံစားချက်အရောင်က ကျိုးကြောင်းကျကျ တွေးခေါ်နိုင်မှုနဲ့ တည်ငြိမ်မှုကို ပြတဲ့ အပြာရောင် ဖြစ်နေတယ်... ဒါ သူ့ရဲ့ အပြင်ပန်းက ကြောက်လန့်တကြားဖြစ်ပြီး စိုးရိမ်ထိတ်လန့်နေတဲ့ အမူအရာနဲ့ တခြားစီပဲ... သူက တကယ်ကို အပြစ်ကင်းစင်တဲ့ ယုန်သူငယ်လေး မဟုတ်ဘူးဘဲ... ဒါပေမဲ့ သူ့ခန္ဓာကိုယ်က တော်တော်လေး ကျန်းမာတယ်’

သူမကို စစ်ဆေးပြီးတာနဲ့ အကြည့်ပြန်ရုပ်တော့မဲ့ ကလိုင်းဟာ မဒမ်ရှယ်ရွန်က ခေါင်းမော့ပြီး သူ့ရှိတဲ့ဘက်ကို တစ်ချက်လှမ်းကြည့်တာ ရုတ်တရက် တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူမဟာ ခေါင်းပြန်ငုံံ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ တုန်တုန်ယင်ယင် ဖြစ်သွားပါတယ်။

‘ငါ နင့် ခံစားချက်တွေကို မမြင်ရရင် နင်အရူးလုပ်တာ ခံရမှာ သေချာသလောက် ရှိတယ်... နင် သရုပ်ဆောင် လုပ်သင့်တယ်...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပါတယ်။ အဲဒီနောက် သူဟာ မေနာရဲ့ အိမ်မှာ ဆက်ပြီးတော့ ကြာကြာမနေဘဲ ရဲအုပ်ထောလ်နဲ့အတူ ထွက်ခွာပါတယ်။ သူတို့တွေဟာ ရဲဌာနက စီစဉ်ပေးတဲ့ မြင်းလှည်းစီးပြီး ဇိုးတလန်လမ်းဆီ ပြန်ပါတယ်။

ကပ္ပတိန်နဲ့ တာဝန်ပြန်လဲပြီးနောက် သူဟာ ချန်စီဂိတ်ကို ဆက်ပြီးတော့ စောင့်ကြပ်ပါတယ်။ အဲဒီနောက် သူဟာ ရတဲ့အချိန်ကို မဖြုန်းတီးဘဲ အသုံးစရိတ် တောင်းခံလွှာ ရေးပါတယ်။

အကြောင်းထူးမရှိတဲ့ ညတစ်ည ကုန်ဆုံးသွားတဲ့အခါမှာတော့ ကလိုင်းဟာ အပေါ်ထပ် ပြန်တက်ပြီး သူ ရိုဇန်းကို ပြင်ခိုင်းထားတဲ့ မနက်စာကို စားပါတယ်။

“မုန့်က စားလို့ကောင်းတယ်” သူဟာ ချီးကျူးလိုက်ပါတယ်။

သူဟာ ရိုဇန်းကို မနက်စာအတွက် ပိုက်ဆံ ကြိုပေးထားပြီးပါပြီ။

“တကယ်လား... အဲဒါဆို ကျွန်မ မနက်ဖြန်လည်း လုပ်ပေးမယ်လေ”

ကလိုင်းဟာ နှုတ်ခမ်းထောင့် တွန့်သွားပြီး မုန့်နဲ့ နို့မှုန့်ကိုပဲ အာရုံစိုက် စားသောက်ပါတယ်။

၈ နာရီ ၂၅ မိနစ် အရောက်မှာတော့ သူဟာ သေနတ်ပစ်ကလပ်နား ရောက်သွားပါတယ်။ သူဟာ တစ်ချက် သမ်းဝေလိုက်ပြီး အိပ်ချင်စိတ်ကို တိုက်ထုတ်ပါတယ်။ စိတ္တဇဆေးရုံက ဆရာဝန် ဒက်တာ ဂျူဒေးရီယန်နဲ့ ချိန်းထားလို့ သူ ဒီကို ရောက်လာတာပါ။

…

“ဒိုင်း... ဒိုင်း... ဒိုင်း...”

သေနတ်ပစ်ကွင်းလေးထဲမှာ ကလိုင်းနဲ့ ဒက်တာဟာ ပစ်မှတ်ကိုယ်စီရွယ်ပြီး ကျည်အိမ်ထဲက ကျည်ကုန်အောင် ပစ်ပါတယ်။

“ကလစ်... ကလင်...”

ဒက်တာဟာ ကျည်အိမ်ဖွင့်ပြီး ကျည်ခွံတွေ သွန်ချကာ ကလိုင်းကို စိတ်ဝင်တစား ကြည့်ပါတယ်။

“ခင်ဗျား ကြည့်ရတာ အရင်ကထက် ပိုပြီးတော့ ယုံကြည်မှု ပိုရှိလာသလိုပဲ”

‘ရှိတာပေါ့... ငါက ဆုံမှတ် ၈ ကို တက်သွားပြီလေ... တိုက်ခိုက်နိုင်စွမ်းလည်း တကယ် ရှိသွားပြီ...’

ကလိုင်းဟာ သူ့ရဲ့ မျက်နှာအသွင်အပြင်နဲ့ ကိုယ်အမူအရာကို စိတ်ထဲမှာ ပြန်ကြည့်ရင်း တမင် မောက်မာတဲ့ပုံ သရုပ်ဆောင်ပါတယ်။

“ဟုတ်တယ်... ငါက ဆေးရည်ရဲ့ စွမ်းအားကို တစ်လအတွင်း လုံးဝ ပိုင်နိုင်ခဲ့တယ်လေ”

ဒက်တာဟာ နှုတ်ခမ်းမသိမသာ ထော်သွားပါတယ်။

“ဒါက ဂုဏ်ယူစရာကောင်းတဲ့ကိစ္စ ဆိုပေမဲ့ တစ်ချိန်လုံး ပြောနေဖို့ မလိုပါဘူး”

‘ဟေး... မင်းက ပွဲကြည့်သမားလေ... ငါ သရုပ်ဆောင်တာကို မမြင်ဘူးလား... ကြည့်ရတာ လူရွှင်ဆေးရည်ရဲ့ စွမ်းအားက ပွဲကြည့်သမားရဲ့ စွမ်းရည်ကို နှိပ်ကွပ်နိုင်တာပဲ’

ကလိုင်းဟာ အသစ်တစ်ခု ရှာတွေ့သွားတဲ့အတွက် ပြုံးလိုက်ပြီး တခြားအကြောင်း မေးပါတယ်။

“ဒီကြားထဲ ဟွတ်ယူဂျင် ဘယ်လိုနေလဲ”

“… သူ တကယ်ကို ရူးသွားပြီ” ဒက်တာဟာ တစ်ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ကျွန်တော် သူ့ကို နည်းလမ်း အမျိုးမျိုးနဲ့ စမ်းသပ်ကြည့်တယ်... သူ တကယ်ကို ရူးသွားပြီဆိုတာ သေချာတယ်... ကျွန်တော် သူ့ကို ဘယ်တော့ ဆေးစကုရင် ကောင်းမလဲ စဉ်းစားနေတာ... ကုလို့ ရ မရ သိရတာပေါ့”

‘ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန်က တကယ်ကို စိတ်ဝေဒနာရှင်ယောင် ဆောင်တာပဲ... သူက တခြားလူနာတွေကို ကုသပေးတယ်ဆိုပေမဲ့ ဒါက ဆေးရည်နာမည်ရဲ့ အဓိက အခြင်းအရာနဲ့ မလိုက်ဘူး... ဒါက သရုပ်ဆောင်တဲ့ နည်းလမ်းကို မမှန်မကန် အသုံးပြုတာပဲ... သူ ရူးသွားတာ မဆန်းပါဘူး...’

ကလိုင်းဟာ တွေးတောပြီး ပြောပါတယ်။

“သူ မရူးခင် တစ်ယောက်ယောက်နဲ့ အဆက်အသွယ် လုပ်ခဲ့သေးလား”

“စိတ္တဇဆေးရုံမှာရှိတဲ့ ဆရာဝန်တွေ လူနာတွေ သူနာပြုတွေနဲ့ အောက်ခြေဝန်ထမ်းတွေကလွဲရင် အပြင်လူနဲ့ အဆက်အသွယ် လုံးဝ မရှိဘူး” ဒက်တာဟာ ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေပါတယ်။

“အဲဒီမတိုင်ခင်ကရော... သူ့ဆီ တစ်ယောက်ယောက် လာလည်သေးလား... သူ စိတ္တဇဆေးရုံကနေ အချိန်တစ်ခုလောက် ထွက်သွားသေးလား”

ကလိုင်းဟာ သူပေးထားတဲ့ ကတိအတိုင်း အစောပိုင်း တွေ့ဆုံမှုတွေမှာ ဟွတ်ယူဂျင်အကြောင်းကို တစ်စက်မှ မမေးမြန်းခဲ့ပါဘူး။

ဒက်တာဟာ စဉ်းစားခန်း ဝင်သွားပြီး တစ်ခဏကြာမှ...။

“စိတ်ပညာ အဂ္ဂိရတ်သမားတွေကလွဲရင် သူ့ဆီကို လာလည်တဲ့လူက ငါးယောက်ထက် မပိုဘူး... အဲဒီထက်က တစ်ယောက်က သုံးခါလာတယ်... သူ့နာမည်က အယ်...”

ကလိုင်း ဘာမှ မမေးခင်မှာဘဲ သူက ဆက်ပြောပါတယ်။

“ဒါပေမဲ့ ကျွန်တော် ဟွတ်ယူဂျင်ဆီကနေ ကြားတာတော့ အယ်က နာမည်ဝှက်...”

“သူ့နာမည်အရင်းက လာနယ်ဗို့စ်တဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters