← Chapters

ကျိုးကြောင်းကျကျ ဆင်ခြင် သုံးသပ်ခြင်း

Vol. 18 Ch. 175

ကျိုးကြောင်းကျကျ ဆင်ခြင် သုံးသပ်ခြင်း

Vol. 18 Ch. 175

‘လာနယ်ဗို့စ်... ပိုက်ဆံရော ကာမရော လိမ်ယူသွားတဲ့ လူဆိုးလား... သူက စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့အစည်းက ဟွတ်ယူဂျင်နဲ့ သိနေလိမ့်မယ်လို့ ထင်မထားဘူး...’

ကလိုင်းဟာ ဒီနာမည်ကို ကြားလိုက်ရတဲ့အခါ တစ်ခဏ အေးခဲသွားပါတယ်။ သူဟာ ဒီနာမည်နဲ့ ပတ်သက်တာတွေကို ချက်ချင်းပဲ တွေးမိလိုက်ပါတယ်။

‘ဒီကောင်က ပေါင် ၁၀,၀၀၀ ကျော်နဲ့ ထွက်ပြေးသွားတဲ့ ငလိမ်ပဲ’

‘သဲလွန်စ ပေးတာနဲ့တင် ၁၀ ပေါင်... ဖမ်းမိဖို့ ကူညီပေးရင် ပေါင် ၁၀၀ ရမှာ...’

‘ဒီကောင်က အပြစ်ကင်းစင်တဲ့ အမျိုးသမီးလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ခံစားချက်ကို အသားယူသွားတဲ့ လူဆိုးပဲ’

‘သူက စိတ္တဇဆေးရုံမှာ ရှိနေတဲ့ ဟွတ်ဂျင်ဆီကို သုံးခါတောင် သွားလည်ခဲ့တယ်... ဒီတော့ သူက သာလွန်သူလောကနဲ့ အဆက်အစပ် ရှိနေတာလား... ဒါမှမဟုတ် သူကိုယ်တိုင်က သာလွန်သူများ ဖြစ်နေမလား’

ကလိုင်းဟာ ရုတ်တရက်ဆိုသလို ဆေးရည် နာမည်တစ်ခုကို တွေးမိလိုက်ပါတယ်။

ဓားပြ ဆုံမှတ်လမ်းကြောင်း။ ဆုံမှတ် ၈ လူလိမ်။

ဒီသာလွန်သူတွေက သူတို့‌ ပျော်ရွှင်ရဖို့အတွက် သူများကို လိမ်လည်ကြပါတယ်

‘ဒီဟာက ဖြစ်နိုင်ခြေ တော်တော်များတယ်’

ကလိုင်းဟာ စဉ်းစားရင်း ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူ့မျက်နှာ အမူအရာနဲ့ ကိုယ်ဟန် အမူအရာကို ထိန်းချုပ်ပြီး အမှုမထားသလို ဟန်ဆောင်ကာ...။

“အဲဒါဆို မစ္စတာလာနယ်ဗို့စ်က ဟွတ်ယူဂျင်ဆီကို ဘယ်တုန်းက နောက်ဆုံး လာလည်ခဲ့တာလဲ”

“ဇူလိုင်လ အစောပိုင်းပဲ... ရက်အတိအကျ သိချင်ရင်တော့ ကျွန်တော် စိတ္တဇဆေးရုံက မှတ်တမ်းကို ပြန်ကြည့်ရလိမ့်မယ်” ဒက်တာ ဂျူဒေးရီယန်ဟာ သုံးလေးစက္ကန့်တွေးပြီးနောက် အဖြေပေးပါတယ်။

‘ဒီလူလိမ် လာနယ်ဗို့စ်က ဇူလိုင်လ အစောပိုင်းမှာ အလိမ်မပေါ်သေးဘူး... ထင်းဂန်ကနေလည်း ထွက်မသွားသေးဘူး...’ အဲဒီနောက် ကလိုင်းဟာ ဆက်မေးပါတယ် “ဟွတ်ယူဂျင်က ဒီလူအကြောင်းကို အမြဲလိုလို ပြောလား”

“မပြောဘူး... ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန်က တစ်စုံတစ်ရာကို ဘယ်တော့မှ မတော်တဆ ထုတ်မပြောဘူး... သူတို့ ပြောတာတွေ အကုန်လုံးက စေ့စပ်သေချာတယ်... သူတို့မှာ တခြားရည်ရွယ်ချက် မရှိရင် သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို သိရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... မနောဆက်သမား ဖော်မြူလာကို ဟွတ်ယူဂျင် ရူးသွားမှ ကျွန်တော် ရခဲ့တာ... အင်း ဟုတ်သားပဲ... ခင်ဗျား အဲဒီ ဖော်မြူလာ စစ် မစစ် ဆိုတာကို အတည်ပြုပြီးပြီလား”

ဒက်တာဟာ သူ့ဆုံမှတ်လမ်းကြောင်းက ဆေးရည်ပေါ် ဂုဏ်ယူတဲ့ ခံစားချက်ကို အထာကျကျ ဝှက်ထားပါတယ်။

ကလိုင်းဟာ ရယ်ပြီး ပြန်ပြောပါတယ်။

“စစ်တယ်... မင်း အဆင့်တက်ဖို့ အဆင်သင့်ဖြစ်ရင် အဲဒီဖော်မြူလာအတိုင်းသာ ဆေးရည်ဖော်စပ်ချည်... ဘာမှ စိုးရိမ်စရာ မလိုဘူး... စိတ်ပညာ အဂ္ဂိရတ်သမားတွေက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ မထောက်ပံ့နိုင်ရင် ငါတို့တွေ ထောက်ပံ့ပေးလို့ရတယ်... ဒါနဲ့ ဒီရက်ထဲ ဘယ်လိုနေလဲ”

“ဒီလိုပါပဲ... ဟွတ်ယူဂျင်ရဲ့ အခြေအနေကို နည်းနည်း စိုးရိမ်တာကလွဲရင် ကျန်တာက ပေါ့ပေါ့ပါးပါးပဲ... စရိုက်ကွဲလည်း မရှိတော့ဘူး... ခင်ဗျားရဲ့ ကူညီမှုကို ကျေးဇူးတင်ရမယ်” ဒက်တာ ဂျူဒေးရီယန်ဟာ ခံစားချက်အပြည့်နဲ့ ပြောပါတယ်။

ကလိုင်းဟာ ထောင်လွှားမှုမရှိတဲ့ အမူအရာနဲ့...။

“ရပါတယ်...”

“ခုနက အကြောင်းကို ပြန်ပြောရအောင်... စိတ်ပညာ အဂ္ဂိရတ်သမားတွေက သူတို့ရဲ့ စကားလုံးတိုင်းကို သေချာစဉ်းစားပြီးမှ ပြောလို့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို အလွယ်တကူ ထုတ်မပြောဘူးဆိုရင် ဟွတ်ယူဂျင်က မင်းကို အယ်ရဲ့ နာမည်ရင်းက လာနယ်ဗို့စ်ပါလို့ ဘာလို့ ပြောရတာလဲ... သူက တစ်ခုခုကို အရိပ်ပြတာလား... ဒါမှမဟုတ် တစ်ခုခုကို သတိပေးဖို့ ကြိုးစားတာလား”

ဒက်တာဟာ တစ်ခဏ အေးခဲသွားပြီးနောက် မျက်မှောင်ကြုတ်သွားပါတယ်။

“ဒါက တကယ်ကို ထူးဆန်းတယ်... ကျွန်တော် အရင်က အဲဒါကို မတွေးမိခဲ့ဘူး... အဲဒါကလွဲရင် ဟွတ်ယူဂျင်က တခြား ဘာမှ မပြောဘူး... သူ့ရည်ရွယ်ချက်က သူ ပြဿနာတစ်ခုခုနဲ့ ကြုံရင် လာနယ်ဗို့စ် နာမည်ကို အဖွဲ့အစည်းမှာရှိတဲ့ အထက်လူကြီးတွေဆီ ပြန်ပြောစေချင်တာလား”

“အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုကလည်း ထူးဆန်းတယ်... ကျွန်တော် သူတို့ကို ဟွတ်ယူဂျင် ရူးသွားတဲ့အကြောင်း တင်ပြတော့ သူတို့က လူတော့ လွှတ်တယ်... ဒါပေမဲ့ ကျွန်တော် လာနယ်ဗို့စ်ကိစ္စ အပါအဝင် အကုန်လုံးကို အသေးစိတ် ပြောပြီးတော့ အထက်လူကြီးတွေဆီက ဘာတုံ့ပြန်မှုမှ မရတော့ဘူး... ရေထဲ ပစ်ချလိုက်တဲ့ ကျောက်တုံးလိုပဲ စုံးစုံးမြုပ်သွားတယ်... သူတို့တွေ တစ်ခုခုကို ရှာတွေ့သွားလို့လားတော့ မပြောတတ်ဘူး”

“ကျိုးကြောင်းဆီလျော်တဲ့ တွက်ဆမှုပဲ”

ကလိုင်းဟာ နတ်ဆိုးပစ် ကျည်ဆံကို ထုတ်ပြီး ခြောက်လုံးပြူးထဲ ထည့်ကာ ပစ်မှတ်ကို ချိန်လိုက်ပါတယ်။

“ဒီအတိုင်း ဆက်ပြီး စဉ်းစားရင် ဟွတ်ယူဂျင်က သူ ရူးသွားမှာ ဒါမှာမဟုတ် သူ သေမှာကို ကြိုတွက်ဆထားပြီးသား ဖြစ်နိုင်တယ်... ပြီးတော့ ဒါက လာနယ်ဗို့စ်နဲ့ ဆက်စပ်နေတာာလး... ဒါပေမဲ့ သူက ဒါကို ကြိုတွက်ဆထားတယ်ဆိုရင် ဘာဖြစ်လို့ အထက်လူကြီးတွေဆီကနေ အကူအညီ မတောင်းရတာလဲ” ဒက်တာဟာ ရှေ့တည့်တည့်ကို ကြောင်ကြည့်ပြီး ပြောပါတယ်။ အဲဒီနောက် သူဟာ စဉ်းစားရင်း ဆက်ပြောပါတယ်။

“ကံဆိုးချင်တော့ သူက အခု ရူးသွားပြီ... သူနဲ့ ထိထိရောက်ရောက် ဆက်သွယ်လို့ မရတော့ဘူး”

“မက်လုံးတစ်ခုခုကြောင့် သူ စွန့်စားဖို့ ရွေးချယ်လိုက်တာ ဖြစ်နိုင်တယ်” ကလိုင်းဟာ ခန့်မှန်းချက် ထုတ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ ဟွတ်ယူဂျင် တကယ်ရူးသွားတဲ့အတွက် နှမြောတသ ဖြစ်သွားပါတယ်။ ဟွတ်ယူဂျင် မရူးရင် သူ့ဆီကနေ သတင်းအချက်အလက်တွေ ရနိုင်သေးတယ် မဟုတ်ပါလား။

‘ဟင်း... လူသေဆိုရင်တောင် အရူးထက် ကောင်းသေးတယ်... လူသေကို ဝိညာဉ်ခေါ် အစီအရင်နဲ့ စကားပြောအောင် လုပ်နိုင်ပေမဲ့ အရူးကို ငါ ဘာလုပ်နိုင်မှာလဲ... အင်း ဟုတ်သားပဲ... မဒမ်ဒေလီက ဝိညာဉ်ခေါ် အစီအရင်သုံးပြီး ငါ့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် ကြိုးစားခဲ့ဖူးသေးတယ်... ဒီဝိညာဉ်ခေါ် အစီအရင်ရဲ့ နောက်ကွယ်မှာရှိတဲ့ သီအိုရီက စိတ်ပညာ အဂ္ဂိရတ်သမားတွေဆီကနေ လာတာနဲ့ တူတယ်... အဲဒီတော့ ငါ ဝိညာဉ်ခေါ် အစီအရင်ကို သက်ရှိတွေအပေါ်မှာ သုံးပြီး သူ့စိတ်ဝိညာဉ်နဲ့ ငါ့စိတ်ဝိညာဉ် ကူးလူး ဆက်သွယ်တဲ့ အခြေအနေ ရောက်အောင် ဖန်တီးလို့ ရလောက်တယ်... အဲဒီလို အခြေအနေမှာ ဟွတ်ယူဂျင်က ရူးနေဦးမှာလား’

‘ကံမကောင်းချင်တော့ ငါက ဒီနယ်ပယ်မှာ သိပ်မကျွမ်းဘူး... အဲဒီတော့ ငါ ဒီဟာကို လုပ်နိုင်မှာ မဟုတ်ဘူး... မဒမ်ဒေလီဆီ အရင်ဆုံး တမန်နဲ့ စာပို့ပြီး အကျိုးအကြောင်း မေးကြည့်တာ ကောင်းမယ်... သူ ငါ့ကို နည်းပေးရင် ပေးနိုင်မှာ... အဲဒီလိုမှ မဟုတ်ဘဲ သူပဲ လုပ်နိုင်မယ်လို့ ထင်ရင်လည်း ကပ္ပတိန်ကို ပြောပြီး ဘက်ကလင်ဆီ အကူအညီတောင်းတဲ့ ကြေးနန်းပို့ခိုင်းရမယ်...’

‘ငါ ဒီနည်းလမ်းကို လေ့လာချင်တာနဲ့ တမန်ဆင့်ခေါ်တာကို စမ်းကြည့်ချင်ရုံပဲဆိုရင် ဒီလောက် ကရိကထများတဲ့ အလုပ်ကို သေချာပေါက် မလုပ်ဘူး...’

ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားပြီး တဖြည်းဖြည်းနဲ့ ပြဿနာ ဖြေရှင်းနိုင်တဲ့ အတွေးဆီ ရောက်သွားပါတယ်။

ဒက်တာ ဂျူဒေးရီယန်ဟာ သူ့ခန့်မှန်းချက်ကို ထောက်ခံပါတယ်။

“လောဘက လူတွေကို အမြဲတမ်း ရူးမိုက်စေတယ်... ‌ရှေ့မှာ အသူရာချောက်နက်ကြီး ရှိနေမှန်း သိရင်တောင် အစွန်းကနေလျှောက်ပြီး လှမ်းကြည့်သေးတာပဲ”

‘ဒါက ကံကြမ္မာရဲ့ ကန့်သတ်မှုကို အရူးအမူး စမ်းသပ်တာပဲ...’ ကလိုင်းဟာ စိတ်ထဲကနေ သရော်လိုက်ပါတယ်။

“စိတ္တဇဆေးရုံကို ပြန်ရောက်ရင် ဟွတ်ယူဂျင်ကို ကုသဖို့ အကောင်းဆုံး ကြိုးစားချည်... သူ့ဆီကနေ သဲလွန်စတချို့ ရအောင် အချိန်အတိုင်းအတာ တစ်ခုအထိ သတိဝင်လာအောင် ကြိုးစား...”

“နောက်ပြီးတော့ မင်းရဲ့ စိုးရိမ်သောကတွေကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့... စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့အစည်းနဲ့ ပိုဆက်သွယ်ပြီး ဟွတ်ယူဂျင် ပြဿနာကို ဖြေရှင်းဖို့ ဖိအားပေးချည်... ဒါက သာမန်ရိုးအကျဆုံးနဲ့ ကျိုးကြောင်းအကျဆုံး တုံ့ပြန်မှုပဲ”

ဒက်တာဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”

ကလိုင်းဟာ ဘာမှ ထပ်မပြောတော့ဘဲ တစ်ခဏကြာမှ...။

“ဒီကြားထဲ ဟွတ်ယူဂျင်ရဲ့ ခန္ဓာကိုယ်က မူမမှန်တာ တစ်ခုခု ရှိလား... ဥပမာ သူ့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ကြေးခွံပါးတွေ ကြီးထွားလာတာလိုမျိုးပေါ့”

ရူးခါနီးတာ၊ တကယ် ရူးသွားတာနဲ့ စိတ်လွတ်သွားတာတွေက သာလွန်သူတွေ တစ်ခုခု မှားနေပြီဆိုတာကို ကိုယ်စားပြုတဲ့ အဆင့်တွေပါ။ မပြင်းထန်ဆုံး အဆင့်ကတော့ တခြားလူတစ်ယောက် ဖြစ်သွားသလိုမျိုး စိတ်နေသဘောထားတွေ ခံယူချက်တွေ ပြောင်းလဲသွားတာပါ။ ဒီအဆင့်မှာ သာလွန်သူတွေက ကျိုးကြောင်းကျကျ တွေးခေါ်ပြီး မှန်မှန်ကန်ကန် လုပ်ကိုင်နိုင်စွမ်း ရှိပါသေးတယ်။

ရူးခါနီးတာနဲ့ တကယ် ရူးသွားတာက ဒီထက် ပိုပြင်းထန်ပါတယ်။ ယုတ္တိကျကျ တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးပြီး ဆက်သွယ်ဖို့ မဖြစ်နိုင်လောက်အောင် ရူးသွပ်သွားတာပါ။ လုံးဝ စိတ်လွတ်သွားတဲ့ သာလွန်သူတွေကတော့ စိတ်ရော ခန္ဓာကိုယ်ရော မွန်းစတားဖြစ်သွားပြီး ကယ်တင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတစ်လေမှာ သေသေချာချာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရူးတာကနေ စိတ်လွတ်တဲ့ အဆင့်ကို ရောက်နိုင်ပါတယ်။

ဒီမတိုင်ခင်မှာ စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့အစည်းထဲ သတင်းပေးရှိတာကို မပေါ်စေချင်တဲ့အတွက် ဒန်းစမစ်ဟာ ဟွတ်ယူဂျင်ကို ဘာမှမလုပ်ဖို့ ညသိမ်းငှက်တွေကို ပြောထားပါတယ်။ ဟွတ်ယူဂျင် စိတ်မလွတ်တာ သေချာအောင်ပဲ စောင့်ကြည့်ခိုင်းထားပါတယ်။ ဒါပေမဲ့ ဟွတ်ယူဂျင်က စိတ်လွတ်မဲ့ အရိပ်အယောင် ပြရင်တော့ သူတို့တွေဟာ ဒီကိစ္စကို ချက်ချင်း ဖြေရှင်းမှာပါ။

ဒက်တာဟာ ခေါင်းခါပြီး ခါးခါးသီးသီး ရယ်ပါတယ်။

“မရှိဘူး... ဒီကိစ္စကိုတော့ စိတ်ချထားလို့ရတယ်... ကျွန်တော်လည်း ဟွတ်ယူဂျင် စိတ်လွတ်မှာကို အသေ ကြောက်တယ်... အဲဒါကြောင့် ကျွန်တော် သူ့ကို အမြဲတမ်း သေချာဂရုစိုက်တယ်... ကျွန်တော်က စိတ္တဇဆေးရုံမှာ တစ်ပတ်ကို ၆ ရက် ရှိနေတာလေ”

စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် သူတို့နှစ်ယောက်ဟာ သေနတ်ပစ်ကွင်းကနေ ဆယ်မိနစ်ခြား ထွက်ခွာပါတယ်။

ကလိုင်းဟာ အလွန်အမင်း အိပ်ချင်စိတ်ကို မနည်းထိန်းသိမ်းပြီး အများသုံး မြင်းလှည်းစီးကာ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။

သူ တံခါးဖွင့်လိုက်တဲ့အခါ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့ညီမကို တွေ့လိုက်ရပါတယ်။ သူ့ညီမဟာ စာလည်း ဖတ်မနေသလို စက်ပစ္စည်းတွေနဲ့လည်း အလုပ်ရှုပ်မနေပါဘူး။ သူမဟာ စိတ်နဲ့လူ မကပ်သလိုမျိုး ရှေ့ကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေပါတယ်။

ကလိုင်းဟာ အံသွားကို အသာကိုက်ပြီး စိတ်ဝိညာဉ်အာရုံဖွင့်ကာ ပဟေဠိမျက်နှာနဲ့ မေးပါတယ်။

“မလီဆာ တစ်ခုခု ဖြစ်လို့လား”

‘သူ့ရောင်ဝါတွေကို ကြည့်ရတာ ကျန်းမာပါတယ်... အရင်ကလိုမျိုး အာဟာရ မချို့တဲ့တော့ပါဘူး...’

မလီဆာဟာ သတိပြန်ဝင်လာပြီး နှုတ်ခမ်းကို စုဝိုင်းလိုက်ပါတယ်။ အဲဒီနောက် အသံတွေ ထွက်နေတဲ့ မီးဖိုချောင်ထဲကို လှမ်းကြည့်လိုက်ပါတယ်။

“ဗယ်လာက သူတို့အိမ်မှာ မနက်စာချက်တဲ့ နည်းလမ်းက အရမ်း ကောင်းတယ်လို့ ညွှန်းလွန်းတာနဲ့ ညီမ သူ့ကို ဒီမနက် စမ်းချက်ခိုင်းလိုက်တယ်”

“ဘယ်လိုချက်တာလဲ” ကလိုင်းဟာ မကောင်းတဲ့ ခံစားချက် ရလိုက်ပါတယ်။

“ဟင်းကျန်တွေ အကုန်လုံးကို တစ်အိုးထဲမှာ ရောသမမွှေပြီး ရေနဲ့ ပေါင်မုန့် ထည့်ချက်တာ...” မလီဆာဟာ အသာ ဖြေပါတယ်။

‘ဒါ... ဒါက ဘာမှန်းမသိတဲ့ဟင်းရဲ့ စံဟင်းချက်နည်းပဲ...’ ကလိုင်းဟာ သူ့နဖူး သူပြန်ရိုက်မိလိုက်ပါတယ်။

“အဲဒီတော့...”

“ညီမတို့တွေ အစားအစာကို မဖြုန်းတီးသင့်ဘူး...” မလီဆာဟာ နှုတ်ခမ်းကိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။

‘ငါ့ညီမရယ်...’ ကလိုင်းဟာ လည်ချောင်းရှင်းပြီး ရယ်ချင်စိတ်ကို မျိုသိပ်ကာ မေးလိုက်ပါတယ် “ဒါနဲ့ ဘန်ဆင်ရော...”

“ရေချိုးခန်းထဲမှာ...” မလီဆာရဲ့ မျက်လုံးတွေဟာ ကြောင်တောင်တောင် ဖြစ်နေရာကနေ ပြန်တောက်ပသွားပါတယ်။

အဲဒီအချိန်မှာ သူဟာ ရေချိုးခန်းထဲကနေ ရေသံ ကြားလိုက်ရပြီး သတင်းစာ ကိုင်ထားတဲ့ ဘန်ဆင် ထွက်လာပါတယ်။

“ငါ့ရဲ့ ချစ်ညီလေး ကလိုင်း... မနက်စာ ခူးပေးရမလား”

“မစားတော့ဘူး... ကျွန်တော် စားပြီးပြီ” ကလိုင်းဟာ ခေါင်းကို ယမ်းနေအောင် ခါပြီး ဒီမနက်ပိုင်း ဒက်တာနဲ့ တွေ့ဖို့ စီစဉ်လိုက်တာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ မဟုတ်ရင် သူ ရိုဇန်းကို မနက်စာ စီစဉ်ခိုင်းဖြစ်မှာ မဟုတ်ပါဘူး။

“ဝမ်းနည်းဖို့ ကောင်းလိုက်တာ... မဟုတ်ရင် မင်း ငါ့ရဲ့ ဟင်းချက်စွမ်းရည်အပေါ် အမြင် ပြောင်းပြီး ယုံကြည်ချက် ရှိသွားလိမ့်မယ်” ဘန်ဆင်ဟာ သူ့ကိုယ်သူ သရော်သံနဲ့ ဆိုပါတယ်။

အဲဒီအချိန်မှာ မလီဆာဟာ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ကလိုင်းကို ကြည့်ကာ ပြောပါတယ်။

“အစ်ကို ဒီနေ့ပြန်လာတာ နောက်ကျတယ်နော်”

‘ငါ့ညီမ... မလည်မဝယ်နဲ့ တက်တက်ကြွကြွ နေလို့ မရဘူးလား... ငါ့ကို တစ်ချိန်လုံး စိုးရိမ်မနေစမ်းပါနဲ့...’ ကလိုင်းဟာ ချက်ချင်း ပြုံးလိုက်ပါတယ်။

“အစ်ကိုမှာ သတင်းကောင်း ရှိတယ်”

“အစ်ကို ရဲဌာနက စာမေးပွဲ အောင်ပြီး လစာတိုးသွားလို့လား” မလီဆာဟာ ဘာမှ မတွေးဘဲ ကောက်ကာငင်ကာ မေးပါတယ်။

ဘန်ဆင်ဟာလည်း ပြုံးပြီး ခေါင်းညိတ်ပါတယ်။

“...”

ကလိုင်းဟာ ဦးထုပ်ကို ကိုင်ပြီး ဧည့်ခန်းရဲ့ အစွန်းမှာ ရပ်ရင်း အပြုံးနဲ့ ပြောပါတယ်။

“အစ်တို့တို့က ကြိုသိနေမှတော့ ကျွန်တော်က အစ်ကိုတို့ကို အံ့အားသင့်အောင် ဘယ်လိုလုပ်ရမှာလဲ”

အဲဒီနောက် သူဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပြီး...။

“ဟုတ်တယ်... ကျွန်တော့်လစာက သုံးလေးဆ တိုးသွားပြီ”

သူဟာ မကြာသေးခင်က တိုးထားတဲ့ တစ်ပတ် လေးပေါင်ကိုတော့ ထုတ်မပြောပါဘူး။ သူ့ကိုယ်ပိုင် အသုံးစရိတ်အတွက် စုထားချင်လို့ပါ။ တခြားနည်းလမ်းနဲ့ ရတဲ့ ပိုက်ဆံကို တစ်ချိန်လုံး မှီခိုနေလို့ မဖြစ်ဘူး မဟုတ်ပါလား။ နောက်ပြီး သူ့လစာ သုံးလေးဆ တိုးသွားတယ်လို့ ပြောတာနဲ့တင် သူ့မောင်နှမတွေကို လန့်အောင်လုပ်ဖို့ လုံလောက်နေပါပြီ။

“ခြောက်ပေါင်တောင်လား” မလီဆာဟာ အံ့ဩတကြီး ဖြစ်သွားပြီး သူ့နားကိုသူ မယုံနိုင် ဖြစ်သွားပါတယ်။

“ငါ တကယ်ကို အလုပ်ပြောင်းဖို့ လိုနေပြီ” ဘန်ဆင်ဟာ ဆံပင်သပ်ရင်း ပြောပါတယ်။ ဒီအတောအတွင်းမှာ သူဟာ ကလိုင်းပေးတဲ့ သတင်းကြောင့် တော်တော်လေး ဖိဖိစီးစီး စာလေ့လာထားပါတယ်။

ကလိုင်း ဘာမှ မပြောခင်မှာဘဲ မလီဆာက ဝမ်းသာတဲ့ မျက်နှာနဲ့ ပြောပါတယ်။

“အဲဒီလိုဆို ညီမတို့ ပုံမှန် အသုံးစရိတ် နှုတ်ပြီး ကျန်တာကို စုထားမယ်ဆိုရင် ၂ နှစ် ၃ နှစ်အတွင်း အစ်ကို လူကြီးလူကောင်း တစ်ယောက်လို လက်ထပ်နိုင်တဲ့ အဆင့်ကို ရောက်ပြီ... အင်း... အဲဒီအဆင့်အတန်း ဆိုတာကို အဲလစ်ဇဘတ် ညီမကို ပြောပြတာ”

“...” ကလိုင်းဟာ ဘာပြောရမှန်းမသိ ဖြစ်သွားပြီးနောက် ပြုံးရယ်လိုက်ပါတယ်။ အဲဒီနောက်...။

“အဲဒါက နောက်ကျမှ စဉ်းစားရမဲ့အရာ... အခု လောလောဆယ် ကျွန်တော်တို့တွေ အောင်ပွဲမခံသင့်ဘူးလား... ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့ ပုံမှန်အစားအစာက ပေါင်မုန့်ဖြူပဲ... နောက်ကျလို့ အလုပ်ပါးသွားရင် စားသောက်ဆိုင်တွေဆီ သွားပြီး စားစရာတွေစုံအောင် လျှောက်စားကြတာပေါ့”

မလီဆာဟာ သူ့ကို တစ်ချက်ကြည့်ပြီး သူပြောတာကို မကြားသလိုနဲ့...။

“ဘန်ဆင်နဲ့ ညီမက သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်း စုဝေးပွဲကို သွားတက်မလို့... အစ်ကို လိုက်မလား”

‘ငါက အရှင်မရဲ့ ကျေးဇူးတော်ကို နေ့တိုင်း ချီးကျူးနေတာ...’ ကလိုင်းဟာ ရယ်လိုက်ပါတယ်။

“မလိုက်တော့ဘူး... အိပ်ရေးဝအောင် အိပ်ရဦးမယ်”

အဲဒီနောက် သူ တစ်ရေးအိပ်လိုက်တာ နေ့ခင်း ၁၂ နာရီခွဲတဲ့အထိပါပဲ။ ဘန်ဆင်၊ မလီဆာတို့နဲ့ နေ့လည်စာ စားပြီးတဲ့နောက်မှာတော့ သူဟာ မီးခိုးရောင်ခေါင်းတိုင်နီနဲ့ အိမ်ကို ဆက်ပြီးတော့ ရှာဖွေပါတယ်။

ညရောက်တဲ့အခါမှာတော့ သူ့အခန်းကို စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်ပြီး ဒေလီရဲ့ စာပို့တမန် ဆင့်ခေါ်တဲ့ အစီအရင်ကို စမ်းကြည့်ဖို့ ပြင်ဆင်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters