စာလွှာ
Vol. 18 Ch. 176
ကလိုင်းအတွက် ရိုးရိုး အစီအရင်တစ်ခု စီရင်ရတာက ထမင်းစား ရေသောက်ပဲ ရှိပါတယ်။ မကြာခင်မှာ သူဟာ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားပြီး သူ့ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်ပါတယ်။
သူဟာ စားပွဲပေါ်က တမှိတ်မှိတ် လင်းလက်နေတဲ့ ဖယောင်းတိုင်ကို ကြည့်ပြီး အကြောင်းတချို့ကြောင့် ရယ်စရာတစ်ခုကို တွေးမိလိုက်ပါတယ်။
‘ဒါက ငါ့ကိုယ်ငါ အမှတ်ရတဲ့အနေနဲ့ မီးထွန်း ဆုတောင်းတာလား...’
‘ငခွမ်း... ငါ ဘာတွေ တွေးနေတာလဲ’
...
သူဟာ အတွေးတွေကို ပြန်ထိန်းချုပ်ပြီး သေခြင်းနယ်ပယ်က ပိုင်ဆိုင်တဲ့ အနက်ရောင် ပန်းပုပ် ပေါင်ဒါမှုန့်ကို ကောက်ယူကာ ဖယောင်းတိုင်ပေါ် ဖြူးလိုက်တဲ့အခါ ၂၁ ရာစုက ဖော်မလင်ရရှိဖို့ ရေနဲ့ ရောစပ်ရတဲ့ အနံ့ပြင်းပြီး အရောင်မဲ့တဲ့ ဖော်မယ်ဒီဟိုက် အနံ့ကို ရလိုက်ပါတယ်။
အဲဒီနောက် သူဟာ ချက်ချင်းဆိုသလို ထာဝရည နှစ်သက်တဲ့ လပြည့်ပန်းဆီကို အစက်ချလိုက်ပါတယ်။
ရှဲခနဲ မြည်သွားပြီး သူ့ပတ်ဝန်းကျင်ဟာ ရုတ်တရက် တိတ်ဆိတ်ကာ သဏ္ဌာန်မဲ့ မှော်စွမ်းအားတစ်ခု ထွက်ပေါ်လာပါတယ်။
ကလိုင်းဟာ ခြေတစ်လှမ်း နောက်ဆုတ်ပြီး ရှေးဟောင်း ဟာမီးဘာသာနဲ့ ညင်ညင်သာသာ ရွတ်ဆိုပါတယ်။
“ငါ”
အဲဒီနောက် ဟာမီးဘာသာကို ပြောင်းပြီး ရွတ်ဆိုပါတယ်။
“ငါ့အမည်နာမနဲ့ ဆင့်ဆိုတယ်”
“ဒေလီဆမွန် ပိုင်ဆိုင်တဲ့ လူသားရဲ့ အမိန့်ကို နာခံတဲ့ အဆင့်မြင့် ဒိုင်မင်းရှင်းက လှည့်လည်သွားလာနေတဲ့ စိတ်ဝိညာဉ်”
“ဝှစ်...”
လေဟာ ရုတ်တရက် တိုက်ခိုက်လာပြီး မှေးမှိန်လှတဲ့ ဖယောင်းတိုင် အလင်းရောင်ဟာ ပြာလဲ့သွားပါတယ်။
ပြာလဲ့လဲ့ အလင်းရောင်အောက်မှာ စားပွဲနောက်က နံရံဟာ အကြည်သား လှိုင်းတွေ ထွက်ပေါ်လာပြီး ကြက်သီးမွေးညင်း ထစရာကောင်းတဲ့ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ဒီမျက်နှာမှာ ပါးစပ်ကလွဲရင် ကျန်တာ ဘာမှ မရှိပါဘူး။
သူ့ရဲ့ ထူထဲတဲ့ နှုတ်ခမ်းတွေဟာ ဟသွားပြီး အနီရောင် လျှာရှည်တစ်ချောင်း ထွက်လာပါတယ်။ သူ့ပါးစပ်မှာ စူးရှပြီး အရွယ်အစား မမှန်တဲ့ သွားတွေ တန်းစီပေါက်နေပါတယ်။ အဲဒါတွေအပြင် လျှာထိပ်မှာ လက်ငါးချောင်း ရှိနေပါတယ်။ ဒီလက်ငါးချောင်းဟာ ဆုပ်လိုက် ဖြန့်လိုက်နဲ့ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန် ရှိပါတယ်။
‘ဒါက ဒေလီရဲ့ တမန်လား... မစ္စတာအက်ဇစ်ရဲ့ တမန်နဲ့ ယှဉ်ရင် ကလေးလေးလိုပဲ... မဟုတ်ဘူး... ငါ ဒီနှစ်ကောင်ရဲ့ ကွာခြားချက်ကို တိတိကျကျ မပြောနိုင်ဘူး... တစ်ကောင်က အရွယ်ရောက်ပြီးသား ဘီလူးကြီးဆိုရင် တစ်ကောင်က မွေးကင်းစ ကလေးလေးပဲ... ဒီနှစ်ကောင် ဒီလောက် ကွာခြားတာ မှော်ပစ္စည်းကြောင့်လား... ဒါမှမဟုတ် မစ္စတာအက်ဇစ်ရဲ့ စွမ်းအားကြောင့်လား... ငါ သူ့ကို ပြန်ပြီးတော့ သုံးသပ်ရတော့မယ်... သူက အဆင့်မြင့် သာလွန်သူတောင် ဖြစ်နေနိုင်တယ်...’
‘အား... ငါ မေ့သွားတယ်... စာထဲမှာ အလောင်းကောက်သမား လမ်းကြောင်းက ဆုံမှတ် ၄ နဲ့ ဆုံမှတ် ၃ ရဲ့ နာမည်တွေး မေးလိုက်သင့်တာ... မစ္စတာအက်ဇစ်က ဒီလမ်းကြောင်းက ဖြစ်နိုင်တယ်... ဒီလိုဆိုပေမဲ့ သူက ဆေးရည်နဲ့ အဆင့်တက်တာ ဟုတ်ချင်မှ ဟုတ်မှာ... သူ့ဘိုးဘွားတွေ လက်ဆင့်ကမ်းလာတဲ့ မျိုးရိုးဗီဇလည်း ဖြစ်နိုင်တာပဲ... နောက်ကျမှပဲ မေးပါတော့မယ်... တမန်က စောင့်နေတာ...’
ကလိုင်းဟာ စာပို့တမန်ကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် သေချာခေါက်ထားတဲ့ စာရွက်ကို တမန်ရဲ့ လက်ထဲ ထည့်ပေးလိုက်ပါတယ်။ တမန်ဟာ သူ့စာရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပါတယ်။
“ဝှစ်...”
တမန်ဟာ သူလျှာကို ပြန်သိမ်းပြီး စာကို မျိုချလိုက်ပါတယ်။ အဲဒီနောက် ကြောက်စရာကောင်းပြီး ကြက်သီးမွေးညင်း ထစရာကောင်းတဲ့ အကြည်သား မျက်နှာဟာ နံရံထဲ ပြန်ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
‘ဒီမှော်ပညာက တကယ်ကို မိုက်တယ်... သုံးရတာ အဆင်ပြေတယ်... ဒါပေမဲ့ လူအများကို သင်ပေးလို့ မရဘူး...’ ကလိုင်းဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့ ဖယောင်းတိုင်ကို ကြည့်ပြီး ခေါင်းခါကာ အစီအရင်ကို အဆုံးသတ်လိုက်ပါတယ်။
...
တနင်္လာနေ့ မနက်ခင်း၊ ဘက်ကလင်၊ ဧကရီမြို့နယ်။
နယ်စားကြီးနီဂန် ဆောက်လုပ်ထားတဲ့ မြူနီစပယ် ဥယျာဉ်ရဲ့ မထင်မရှား ထောင့်တစ်နေရာမှာ ဇီယိုဒါရက်ချာနဲ့ ဖာ့စ်ဝေါလ်ဟာ စာပို့သမားကို ကြောင်ပြီး ကြည့်နေမိပါတယ်။ သူတို့တွေဟာ ဒီစာပို့သမားကို ဘယ်လို နှုတ်ဆက်ရမှန်းမသိ ဖြစ်နေပါတယ်။
ချောမောလှပပြီး အရပ်တစ်မီတာခွဲကျော်ပဲ ရှိတဲ့ ဇီယိုဟာ အမြီးနန့်ပြီး လျှာတစ်လစ်လုပ်နေတဲ့ ရွှေရောင်ခွေးကို ကြည့်နေပါတယ်။ သူမဟာ စစ်သူရဲလေ့ကျင့်ရေး ဝတ်စုံကို သပ်ရပ်အောင် ပြုပြင်ပြီးနောက် သေချာစဉ်းစားကာ ပြောပါတယ်။
“နင်က မစ္စအော်ဒရီရဲ့ စာပို့တမန်လား”
“အို အရှင်မ... ငါ ခွေးတစ်ကောင်ကို ဘာတွေ မေးနေမိတာလဲ...”
သေးသွယ်တဲ့ စီးကရက်ကို ကိုင်ထားတဲ့ ဖာ့စ်ဟာ အသံတိတ် ရယ်ပြီး...။
“မှော်သတ္တဝါ ဖြစ်လောက်တယ်”
“ငါ ခွေးနဲ့ ဒီလောက်တူတဲ့ မှော်သတ္တဝါကို တစ်ခါမှ မမြင်ဖူးဘူး...” ဇီယိုဟာ လေးလေးနက်နက် ပြန်ပြောပါတယ်။
ဆူဇီဟာ မြေကြီးပေါ်မှာ ထိုင်ပြီး ပါးစပ်ပိတ်လိုက်ပါတယ်။ အဲဒီနောက် သူမရဲ့ ဗိုက်ကို ခြေဖဝါးနဲ့ ထိုးပြပါတယ်။ သူမရဲ့ ရွှေရောင် အမွှေးထူတွေကြားထဲမှာ သားရေအိတ်ငယ် တစ်လုံးကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်ချည်ထားပါတယ်။
ဇီယိုဟာ ဘယ်ညာကြည့်ပြီး သူတို့ကို ဘယ်သူမှ ကြည့်မနေဘူးဆိုတာ သေချာအောင် လုပ်ပြီးမှ ခွေးနား အမြန် ကပ်သွားပါတယ်။ အဲဒီနောက် ခါးကုန်းပြီး အိတ်ငယ်ကို ဖြုတ်ယူလိုက်ပါတယ်။
ဖာ့စ်ဟာ ဘေးကနေ မျက်နှာတည်ကြီးနဲ့ ကြည့်နေပြီးနောက် ရုတ်တရက် တစ်မျိုး ဖြစ်သွားပါတယ်။
“မိကျောင်းသားရေနဲ့ လုပ်ထားတာပဲ... ဒီဇိုင်နာ မစ္စတာစေ့ထ်ရဲ့ လက်ရာနဲ့ တူတယ်... သူက စာပို့ဖို့အတွက် ဒီလိုမျိုး အိတ်ကို တကယ်ကြီး သုံးတာလား”
“...ဒီအိတ်က ဈေးတော်တော် ကြီးလို့လား” ဇီယိုဟာ သားရေအိတ်ကို မြှောက်လိုက်ပါတယ်။
ဖာ့စ်ဟာ နှုတ်ခမ်းကို စုဝိုင်းပြီး လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။
ဇီယိုဟာ ချက်ချင်းပဲ သူမရဲ့ လက်ကို အလွန်တရာ နှေးကွေးလိုက်ပြီး ဇစ်ကို သေချာဂရုတစိုက် ဆွဲဖွင့်ကာ အထဲက စာကို တယုတယ ထုတ်လိုက်ပါတယ်။ တန်ဖိုးကြီး ရှေးဟောင်း ကြွေထည်ကို သေချာ ဂရုတစိုက် ကိုင်တွယ်နေတဲ့ အတိုင်းပါပဲ။
စာဖတ်ပြီးတဲ့အခါမှာတော့ သူမဟာ စာကို ဖာ့စ်ဆီ ကမ်းပေးပါတယ်။
ဖာ့စ်ဟာ စာကို သေချာဂရုတစိုက် ဖတ်ပြီးတာနဲ့ စီးကရက်မီးနဲ့ ရှို့လိုက်ပါတယ်။ စာရွက်ဟာ ပြာဖြစ်သွားပြီး မြေကြီးပေါ် ပြန့်ကျဲကျသွားပါတယ်။
“အသစ်တစ်ခုမှ မပါဘူး” ဇီယိုဟာ နှုတ်ခမ်းစူမိလိုက်ပါတယ်။
အဲဒီနောက် သူမဟာ သေချာခေါက်ထားတဲ့ စာရွက်တွေကို စစ်သူရဲ လေ့ကျင့်ရေးဝတ်စုံ အိတ်ကပ်ထဲကနေ ထုတ်လိုက်ပြီး ဆူဇီကို ဩဇာအပြည့်နဲ့ ကြည့်ကာ အလေးအနက် ပြောပါတယ်။
“ဒါက ပြီးခဲ့တဲ့ ရက်တွေမှာ စုံစမ်းထားတဲ့ အစီရင်ခံစာပဲ... မစ္စအော်ဒရီဟောလ် လက်ထဲကို သေချာ ရောက်အောင် ပို့ပေးပါ”
ဆူဇီဟာ ဆတ်ခနဲ တုန်သွားပြီး မတ်မတ် ထိုင်ကာ အမြီးကို အားပါပါ လှုပ်ယမ်းလိုက်ပါတယ်။
ဇီယိုဟာ ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး စာရွက်တစ်ထပ်ကို သားရေအိတ်ထဲ ထိုးထည့်ကာ ဆူဇီရဲ့ ခန္ဓာကိုယ်မှာ ပြန်ချည်ပေးလိုက်ပါတယ်။
ဆူဇီဟာ ဝုတ်ခနဲ ဟောင်ပြီး အလျင်အမြန် ပြေးထွက်သွားပါတယ်။
...
ဟောလ်မိသားစုရဲ့ ဇိမ်ခံ စံအိမ်တော်။
အော်ဒရီဟာ သူ့အခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေပါတယ်။ သူမဟာ စာဖောက်ကိရိယာ ကိုင်ထားပြီး သူမရှေ့ကို စာကို ဖွင့်ဖတ်ဖို့ ကြိုးစားနေပါတယ်။
ဒီစာက တောင်ပိုင်းတိုက် ဘာလမ် အင်ပါယာက သူ့အစ်ကိုတစ်ယောက် ပေးပို့လိုက်တဲ့ စာလွှာပါ။ စာနဲ့အတူ ပါဆယ်တစ်ထုပ်လည်း ပါပါတယ်။
အဲဒီအချိန်မှာ သူမဟာ ဆူဇီက တစ်ဝက်ဖွင့်တံခါးကို တွန်းဖွင့်ပြီး သူမဆီ ပြေးလာတာ တွေ့လိုက်ရပါတယ်။
ဆူဇီဟာ အော်ဒရီရှေ့က ကြမ်းခင်းပေါ်မှာ ထိုင်ပြီး သားရေအိတ်ကို ခြေဖဝါးနဲ့ ပုတ်လိုက်ပါတယ်။
“နင်က အရမ်းတော်တဲ့ စာပို့တမန်ပဲ” အော်ဒရီဟာ ရက်ရက်ရောရော ချီးကျူးစကား ဆိုပါတယ်။
ဆူဇီဟာ တံခါးကို ပြန်ကြည့််ပြီးနောက် လေထုကို တုန်ခါစေကာ ညင်ညင်သာသာ ပြောပါတယ်။
“နင့်သူငယ်ချင်းက တော်တော် လေးနက်တယ်... ငါ သူ့ကို မြင်တော့ ငါတို့ကို လေ့ကျင့်ပေးဖို့ ရောက်လာတဲ့ မုဆိုးကို သွားသတိရမိတယ်”
ဆူဇီဟာ ခရိုင်မြို့စားဟောလ် အမဲလိုက်ခွေးတွေ ဝယ်တော့ အဆစ်ရခဲ့တာပါ။
‘ဆူဇီ... နင့်ရဲ့ လိုအင် လေယူလေသိမ်းက ပိုချောလာပြီ... စကားပြောတဲ့နေရာမှာ သုံးတဲ့ နင့်ရဲ့ ကျိုးကြောင်းကျကျ စဉ်းစားနိုင်စွမ်းပဲ ပြဿနာ နည်းနည်း ရှိတော့တယ်...’
အော်ဒရီဟာ သူမရဲ့ ရွှေရောင်အမွေးတွေနဲ့ခွေး ဆူဇီက သားရေအိတ်ကို သူမဘာသာချွတ်ပြီး ဇစ်ကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲဖွင့်တာ ကြည့်နေပါတယ်။
သူမဟာ ဆူဇီကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဆူဇီဟာ ဘာကိုဆိုလိုမှန်း သိတာကြောင့် ချက်ချင်း တံခါးဆီ ပြေးသွားပြီး လော့ချလိုက်ပါတယ်။
“... လောလောဆယ်တော့ ဘာမှ မထူးခြားသေးဘူး... ဒါပေမဲ့ ဘက်ကလင်တံတား မြို့နယ်တစ်ဝိုက်က အိမ်ခြေမဲ့တချို့ ပျောက်သွားတာတော့ ရှိတယ်... ခီးလုံဂို့စ်ကြောင့်လား ဆိုတာတော့ သေချာ မသိရသေးဘူး... အိမ်ခြေမဲ့တွေက ရုတ်တရက် နေရာပြောင်းသွားတာလည်း ဖြစ်နိုင်တယ်...”
အော်ဒရီဟာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို လှန်ဖတ်ပြီး ဇီယိုနဲ့ ဖာ့စ်ကို ဘာပြန်ပြောရမလဲဆိုတာ သေချာ စဉ်းစားပါတယ်။
‘အင်း... ငါ ဇီယိုကို နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ကို ခြေရာခံနိုင်တာနဲ့ ကိုယ်စားပြု အရာရှိ ဆေးရည် ဖော်မြူလာ ဝယ်ပေးမယ်လို့ ပြောရမယ်... မဟုတ်သေးဘူး... ဒါက ရင်းရင်းနှီးနှီး မရှိဘူး... သူ့ကို နိမ့်ကျတယ်လို့ ခံစားရစေနိုင်တယ်... ဟုတ်ပြီ... ငါ ဒီလို ပြောရမယ်... ဇီယို... ငါ နင်ရမဲ့ ဆုကို ပြင်ဆင်ထားပြီးပြီ... နင် တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်တာနဲ့ ပေါင် ၄၅၀ က နင့်အပိုင်ပဲ...’
‘ဟင်း... ငါ အခုထိ မနောဆက်သမား ဖော်မြူလာရဲ့ အဓိက ပါဝင်ပစ္စည်းတွေထဲက ဖာ့စ်မန်းယုန်ရဲ့ ကျောရိုးရည်ပဲ ရထားသေးတယ်... သက်တန့် ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်း လိုသေးတယ်... ဂလင့်၊ ဇီယိုနဲ့ ဖာ့စ်က အဲဒါက အခုထိ ရှာမတွေ့သေးဘူး...’
‘အော်ဒရီ... စိတ်မပျက်စမ်းနဲ့... အနည်းဆုံး နင်က ပွဲကြည့်သမား ဆေးရည်ကို ကုန်စင်အောင် ချေဖျက်ပြီးပြီ’
‘ပါဝင်ပစ္စည်းတွေ ရတာနဲ့ နင် ဆုံမှတ် ၈ သာလွန်သူ ဖြစ်ပြီ’
...
အော်ဒရီဟာ အတွေးတွေကို ဇက်ကြိုးသတ်ပြီး ဖော့ပင်နဲ့ စာရွက်ကို ကောက်ယူကာ ပြန်စာတစ်စောင် အမြန် ချရေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သားရေအိတ်ထဲ ထည့်ပြီး ဆူဇီကို အပ်ကာ နောက်တစ်ခေါက် သွားခိုင်းပါတယ်။
ဆူဇီ ထွက်သွားတာကို ကြည့်ပြီးနောက် သူမဟာ သူမအစ်ကို ပေးပို့လိုက်တဲ့ စာကို ဖွင့်ပြီး အပြုံးနဲ့ ဖတ်ပါတယ်။
“ချစ်လှစွာသော ညီမလေး...”
“ညီမလေး တောင်ပိုင်းတိုက်ကို လာသင့်တယ်... ကိုလိုနီပြုထားတဲ့ ဘာလမ်အင်ပါယာက နယ်မြေတွေကို လာခဲ့စမ်းပါ... ဒီနေရာမှာ နေရောင်ခြည်နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေတွေ ပေါကြွယ်ဝတယ်... ပတ်ဝန်းကျင်ကလည်း သန့်ရှင်းတယ်... လတ်လတ်ဆတ်ဆတ် ပင်လယ်စာလည်း ရတယ်... ယဉ်ကျေးမှု အမျိုးမျိုးလည်း ရှိတယ်... တတ်သိကျိုးနွံတဲ့ ဘာလမ်သားတွေရောပဲ... နောက်ပြီး လွတ်လပ်မှုရဲ့ အငွေ့အသက်ရောပဲ”
“ဒီမှာနဲ့ယှဉ်ရင် ဘက်ကလင်က အေးမြစိုထိုင်းတယ်... လေထုကလည်း မကောင်းဘူး... အမြဲတမ်း ဖုန်မှုန့်တွေနဲ့ မှောင်မည်းနေတယ်... နောက်ပြီး လူဦးရေ ထူထပ်တော့ ပြဿနာမျိုးစုံနဲ့... အင်း... ပြီးတော့ မပြီးဆုံးနိုင်တဲ့ ကပွဲတွေ စားသောက်ပွဲတွေ အနုပညာဝိုင်းတွေနဲ့ ဘယ်လောက်တောင် ပျင်းစရာကောင်းပြီး စိတ်ဝင်စားဖို့ မကောင်းလိုက်လဲ... အစ်ကို အဲဒီမှာ တစ်မိနစ်တောင် မနေချင်ဘူး... ချစ်ညီမလေး... ညီမလေးလည်း အစ်ကိုလိုမျိုး ခံစားရလိမ့်မယ်လို့ အစ်ကို ယုံတယ်”
“အစ်ကိုက အိမ်ကနေ ထွက်ပြေးတာ မဟုတ်ဘူး... အစ်ကိုရဲ့ သီးသန့် ကိုယ်ပိုင်နေရာကို ရှာဖွေတာ... ဒါပေမဲ့ အစ်ကိုတို့ရဲ့ အစ်ကိုကတော့ အဲဒီလို မတွေးဘူး... သူက အမြဲတမ်း အတ္တကြီးတယ်... ဒီလိုဆိုပေမဲ့ သူက ညီမလေးကိုတော့ ကပ်စေးနှဲမှာ မဟုတ်ဘူး... ဘာဖြစ်လို့လဲဆိုတော့ ညီမလေးက မိသားစု ချမ်းသာကြွယ်ဝမှုရဲ့ အပိုင်းသေးသေးလေးကိုပဲ ရနိုင်လို့လေ... အစ်ကိုကျတော့ အထက်တန်းလွှာဘွဲ့ကို ဆက်ခံဖို့ သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်နေတယ်... အစ်ကိုတို့ရဲ့ အဖေက အမြော်အမြင်ရှိတဲ့လူဆိုတော့ အကြီးဆုံးသား အရိုက်အရာ ဆက်ခံရမယ်ဆိုတဲ့ စည်းမျဉ်းကို သေချာပေါက် ဂရုစိုက်မှာ မဟုတ်ဘူး”
“အဖေက လိုအပ်တယ်ထင်ရင် အကုန်လုံး လုပ်နိုင်တယ်... ဆန့်ကျင်မှုတွေ ရှိနေတာတောင် ဘဏ်လောကထဲဝင်ဖို့ လယ်ယာမြေနဲ့ စားကျက်မြေ တစ်ဝက်ကို ရောင်းလိုက်သလိုပေါ့...
“အစ်ကို ဘက်ကလင်ကို တစ်ခါတစ်လေတော့ သတိရတယ်... အဖေရယ် အမေရယ် ညီမလေးရယ်ကိုပေါ့... ညီမလေးရဲ့ အပြုံးက အခုထိ အစ်ကိုရဲ့ နှလုံးသားထဲမှာ စွဲနေတုန်းပဲ... ညီမလေးက အခုဆို ဘက်ကလင်ရဲ့ အတောက်ပဆုံး ရတနာလေး ဖြစ်လာလောက်ပြီ... ဒါပေမဲ့ ကံမကောင်းချင်တော့ အစ်ကိုက နောက် ၂ နှစ်လောက်နေမှ ပြန်လာနိုင်လိမ့်မယ်... အလုပ်က ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ... လိုအင်နိုင်ငံက ထူးချွန်ထက်မြက်တဲ့ လူငယ်တွေက လောကကြီးကို သူတို့ရဲ့ စင်မြင့်လို့ သဘောထားသလိုပေါ့”
...
“အဒေါ်ကို ဘာလမ် အင်ပါယာရဲ့ ကမ်းခြေဒေသတွေက အလည်အပတ်ထွက်ဖို့ တော်တော်လေး အဆင်ပြေတယ်လို့ ပြောပေးစမ်းပါ... အထူးသဖြင့် ဆောင်းရာသီဖို့ အဆစ်အမြစ်အတွက် ကိုက်ခဲတတ်တဲ့ သူ့အတွက်ပေါ့... အစ်ကို အဒေါ်ကို လာလည်စေချင်တယ်... ညီမလေးလည်း အဒေါ်နဲ့အတူ လိုက်လာနိုင်ရင် ပိုကောင်းတာပေါ့”
...
“အစ်ကို ညီမလေးကို လက်ဆောင်တွေ အများကြီး မပေးတော့ဘူး... အဝါရောင်ပိုးထည်လိုမျိုး ဘာလမ်ရဲ့ ရိုးရာပစ္စည်းတွေနဲ့ သေခြင်းကို ပူဇော်တာနဲ့ သက်ဆိုင်တဲ့ အဆင်တန်ဆာတွေပဲ ထည့်ပေးလိုက်တယ်”
“ညီမလေးက ဂမ္ဘီရဆန်တဲ့ ပစ္စည်းတွေကို နှစ်သက်တယ်မလား... အဲဒါကြောင့် အစ်ကို လိုက်ရှာထားတာ... ဒီနေရာရဲ့ ယဉ်ကျေးမှုက လျှို့ဝှက်ဆန်းကြယ်မှု အပြည့်ပဲ”
စာကို ဖတ်ပြီးနောက် အော်ဒရီဟာ ဖော့ပင်၊ စာရွက်နဲ့ စာရေးဘုတ်ပြားကို ကောက်ယူလိုက်ပါတယ်။ အဲဒီနောက် ဆိုဖာကိုမှီပြီး နှုတ်ခမ်းကို စုဝိုင်းကာ လေးလေးနက်နက် စာစရေးပါတယ်။
“ချစ်ရပါတဲ့ အစ်ကို အယ်ဖရက်...”
“တစ်နှစ်တောင် မပြည့်သေးဘူးဆိုပေမဲ့ အစ်ကိုရဲ့ ညီမလေးက ကြီးပြင်းလာပြီ... ညီမ ဂမ္ဘီရဆန်တာကို မကြိုက်တော့ဘူး... အဲဒါကြောင့် အစ်ကို အဲဒီပစ္စည်းတွေကို ထပ်ပြီး လက်ဆောင်ပေးစရာ မလိုတော့ဘူး”
‘ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက အရမ်း အန္တရာယ်များလို့ပဲ...’ အော်ဒရီဟာ ပါးကို ဖောင်းပြီး စိတ်ထဲမှာ ပြောလိုက်ပါတယ်။
သူမဟာ သာလွန်သူ တွေ့ဆုံပွဲတွေနဲ့ ဇီယိုနဲ့ ဖာ့စ် ပြန်ပြောတာကနေ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေ အများကြီးကို ကြားသိထားပါတယ်။
သူမဟာ သေချာစဉ်းစားပြီး စိတ်လှုပ်တရှားနဲ့ ချရေးပါတယ်။
“ညီမ အခု ဇီဝဗေဒကို စိတ်ဝင်စားနေတယ်... ဒီရက်ထဲမှာ ညီမ သက်တန့် ကင်းလိပ်ချောကို ရှာနေတာ... အဲဒီလိုမျိုး သတ္တဝါကို ဘယ်မှာ ရှာလို့ရလဲဆိုတာ အစ်ကို စုံစမ်းပေးပါလား... အဲဒီလိုမှ မဟုတ်လည်း သေသေချာချာ ထိန်းသိမ်းထားတဲ့ မပျက်စီးသေးတဲ့ အလောင်းဆိုလည်း ရတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။