ရုတ်တရက် အပြောင်းအလဲ
Vol. 18 Ch. 177
အော်ဒရီဟာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတချို့နဲ့ အထက်တန်းလွှာတွေ ကြားထဲက အတင်းအဖျင်းကို ပြောပြီးနောက် စာရေးတာရပ်လိုက်ပါတယ်။ အဲဒီနောက် သူမဟာ လေးနက်တဲ့ အမူအရာနဲ့ တစ်စုံတစ်ခုကို စဉ်းစားပါတယ်။
သူမဟာ ပွဲကြည့်သမား တစ်ယောက်ရဲ့ ထူးခြားတဲ့ မှတ်ဉာဏ်ကို သုံးပြီး သူမအဖေရဲ့ သင်ကြားပြသပေးမှုတွေကနေ ရထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကပွဲတွေ အလှပြင်ဆိုင်တွေမှာ ကြားခဲ့ရတဲ့ သတင်းတွေကို ခေါင်းထဲမှာ စာစီလိုက်ပါတယ်။
အဲဒီနောက် စာရွက်ပေါ်မှာ စပြီးတော့ ချရေးပါတယ်။
“အစ်ကိုမေးတဲ့ ဘက်ကလင်ရဲ့ နိုင်ငံရေး အခြေအနေကိုတော့ ညီမ စိတ်မဝင်စားလို့ သိပ်မသိဘူး... အဲဒီတော့ ညီမ သိထားသလောက်ပဲ ပြောပြမယ်”
“လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကတော့ အဖေ ညီမလေးကို ပြောတယ်... ဂျုံစပါး အက်ဥပဒေကို ဖျက်သိမ်ပြီးနောက်ပိုင်း သီးနှံဈေးနှုန်းက ထိုးကျသွားတယ်တဲ့... အဲဒါကြောင့် လယ်ယာမြေနဲ့ စားကျက်မြေတွေရဲ့ ငှားရမ်းခကလည်း တော်တော်လေး ကျသွားတယ်... ဘယ်လောက် ပမာဏထိ ကျသွားလဲတော့ ညီမလေး အတိအကျ မသိဘူး... ဥပမာတစ်ခု ပြောပြမယ်”
“အစ်ကို သိတဲ့အတိုင်းပဲ... နယ်စားကြီးနီဂန်က တော်ဝင်မိသားစုကလွဲရင် မြေအများဆုံးပိုင်တဲ့ အထက်တန်းလွှာလေ... သူက ပေါင် ၁၂,၀၀၀,၀၀၀ တန်တဲ့ လယ်ယာမြေတွေ စားကျက်မြေတွေနဲ့ သစ်တောတွေ ပိုင်တယ်လို့ ပြောကြတယ်... ပြီးခဲ့တဲ့နှစ်မှာ သူ့မြေငှားရမ်းခက ပေါင် ၁,၃၀၀,၀၀၀ ရတယ်... ဒါပေမဲ့ ဒီနှစ်မှာ ၈၅၀,၀၀၀ ပဲ ရလိမ့်မယ်လို့ ခန့်မှန်းကြတယ်... ပေါင် ၄၅၀,၀၀၀ တောင် ကျသွားတယ်... ဒါက ညီမရဲ့ နာမည်အောက်မှာရှိတဲ့ ပိုင်ဆိုင်မှုထက် ပိုများတယ်”
“ညီမလေး မပြောပြလည်း ဒီရှေးရိုးစွဲ အထက်တန်းလွှာတွေက ဘယ်လိုလူစားတွေလဲဆိုတာ အစ်ကို သိမှာပဲ... သူတို့က မြေရှင် ဖြစ်ရတာကို တော်တော် ဂုဏ်ယူကြတယ်... အဲဒီတော့ သူတို့ရဲ့ ဝင်ငွေ အများစုက မြေငှားရမ်းခကနေ လာတာ... နောက်ပြီး သူတို့တွေက အကြွေးတင်နေရင်တောင် သူတို့ရဲ့ အပြင်အဆင်နဲ့ သူတို့ရဲ့ လူနေမှုပုံစံကို လျှော့သုံးကြတာ မဟုတ်ဘူး... သူတို့တွေက ပေါင်သောင်းချီ သုံးပြီး ရဲတိုက်တွေကို နှစ်တိုင်း ထိန်းသိမ်း ပြင်ဆင်တယ်... အဝတ်အစားတွေနဲ့ ကျောက်မျက်ရတနာတွေ အတွက်လည်း ပေါင်ထောင်ချီ သုံးစွဲကြတယ်... နောက်ပြီး သူတို့ရဲ့ အမဲလိုက်ပွဲတွေ၊ လူမှုရေးပွဲလမ်းတွေ၊ ခမ်းနားထည်ဝါလွန်းတဲ့ လက်ထပ်ပွဲတွေနဲ့ နာရေးအခမ်းအနားတွေ... အဲဒီလို နေရာတွေမှာလည်း ငွေကို ရေလို သုံးကြတယ်”
“မြေငှားရမ်းခ ကျသွားတော့ ညီမ သိတဲ့ အထက်တန်းလွှာတွေ တော်တော်များများ ငွေရေးကြေးရေး ကျပ်တည်းကုန်တယ်... ခရိုင်မြို့စားဝုဖ်ဆို ကျေးလက်ဒေသက မြေဧရိယာ ၈၄,၀၀၀ ကို ပေါင် ၂၉,၀၀၀ နဲ့ ရောင်းလိုက်တယ်... မြို့နယ်စား ခွန်းရက်ကလည်း သူ့ရဲ့ အနုပညာ စုဆောင်းမှုကို ပေါင် ၅၅,၀၀၀ နဲ့ နိုင်ငံတော် အနုပညာ ပြခန်းဆီ ရောင်းလိုက်တယ်”
“အစောကြီးကတည်းက သံမဏိ၊ ကျောက်မီးသွေး၊ မီးရထားလမ်း၊ ဘဏ်နဲ့ ရာဘာလုပ်ငန်းဆီ ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းထားတဲ့ အမြော်အမြင်ရှိ အထက်တန်းလွှာတချို့ကလွဲရင် ကျန်တဲ့ အထက်တန်းလွှာတွေ အကုန်လုံး ဂျုံစပါး အက်ဥပဒေကြောင့် တော်တော်လေး ထိခိုက်ကုန်တယ်... ဒါတွေကို ကြိုမြင်ထားတဲ့ ညီမလေးတို့ရဲ့ ခရိုင်နယ်စား ဟောလ်ကို ကျေဇူးတင်ရမယ်... မဟုတ်ရင် ညီမလေးတို့လည်း မလွယ်ဘူး”
“အဖေပြောတာတော့ ဒီငွေရေးကြေးရေး အကျပ်အတည်းကြောင့် အထက်တန်းလွှာတွေက နိုင်ငံရေးကို လွှမ်းမိုးနိုင်စွမ်း လျော့နည်းသွားလိမ့်မယ်တဲ့... အစ်ကို စဉ်းစားကြည့်ပေါ့... နောက်နှစ်ကစပြီး သွေးပြာရှိတဲ့ ဝန်ကြီးတွေ လျော့နည်းသွားမှာကို”
“ငွေကြေး လုံလုံလောက်လောက် ရအောင် ကွန်ဆာဗေးတစ်ပါတီနဲ့ ပါတီသစ်က လုံလောက်တဲ့ ပိုက်ဆံပမာဏတစ်ခု လှူဒါန်းပြီး ရာဇဝတ်မှတ်တမ်း မရှိဘူးဆိုရင် ဘယ်သူ့ကိုမဆို အထက်တန်းလွှဲဘွဲ့ ချီးမြှင့်မယ်လို့ ကတိပေးထားတယ်... ဒီလိုဆိုပေမဲ့ အဲဒီပိုက်ဆံလှူဒါန်းတဲ့လူက အထက်တန်းလွှာ တစ်ယောက်နဲ့ ကိုက်ညီတဲ့ မြေပိုင်ဆိုင်မှု ရှိဖို့တော့ လိုတယ်”
“ဥပမာပြောရရင် မစ္စတာ ဆင်းဒရက်ပဲ... သူက မြို့စားတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ညီမျှတဲ့ မြေဧရိယာ ၆၀,၀၀၀ ကို ဝယ်ပြီး ခါးလ်တင် ကလပ်ကို ပေါင် ၁၀၀,၀၀၀၊ ကွန်ဆာဗေးတစ်ပါတီကို ပေါင် ၄၀၀,၀၀၀နဲ့ ပရဟိတ အဖွဲ့အစည်းတွေကို ပေါင် ၃၀၀,၀၀၀ လှူတယ်... နောက်ဆုံး သူ အရှင်မင်းကြီးဆီကနေ ဘွဲ့ချီးမြှင့်ခြင်းခံရပြီး ရေပန်းစားတဲ့ မြို့စားတစ်ယောက် ဖြစ်သွားတယ်... ညီမ ကြားထားတာတော့ သာမန်မြို့စားဘွဲ့က ပေါင် ၃၀၀,၀၀၀၊ အမွေဆက်ခံနိုင်တဲ့ မြို့စားဘွဲ့က ပေါင် ၇၀၀,၀၀၀ ကနေ ပေါင် ၁,၀၀၀,၀၀၀ ထိ ရှိတယ်တဲ့... မြို့နယ်စားဘွဲ့နဲ့ ခရိုင်မြို့စားဘွဲ့ကတော့ ဘယ်ဈေးရှိလဲတော့ မသိဘူး... ဒါပေမဲ့ သေချာပေါက် ခေါင်ခိုက်နေမှာတော့ ညီမ အတပ်ပြောရဲတယ်”
...
“ဒီနှစ်မှာ ငွေရေးကြေးရေး ကျပ်တည်းနေတဲ့ အထက်တန်းလွှာ တော်တော်များများက ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တွေနဲ့ လက်ထပ်ဖို့ လေးလေးနက်နက် စဉ်းစားလာကြတယ်... ပြီးခဲ့တဲ့ နှစ်လမှာပဲ အဲဒီလိုလက်ထပ်ပွဲမျိုး သုံးခု ရှိသွားပြီ... အထက်တန်းလွှာ သတို့သမီး ရတဲ့ တင်တောင်းငွေက မနာလိုရအောင်ကို များတယ်”
“ဂျုံစပါး အက်ဥပဒေကို ဆန္ဒပြကြတဲ့ အလုပ်သမားတွေက စားဝတ်နေရေးစရိတ် လျော့ကျသွားတယ် ဆိုပေမဲ့ သူတို့ရဲ့ လူမှု့ဘဝက တိုးတက်မလာဘူး... လူမွဲဖြစ်သွားတဲ့ လယ်သမားတွေက မြို့ပေါ်တက်လာပြီး လုပ်ခနည်းနည်းနဲ့ သူတို့ရဲ့ အလုပ်တွေကို ဝင်လုပ်ကြလို့ အလုပ်သမားခက ထိုးကျသွားပြီး သူတို့ရဲ့ ဘဝတွေ ပိုခက်ခဲသွားတယ်”
“ညီမလေး မှတ်မိနေသေးတယ်... ဒီဂျုံစပါး အက်ဥပဒေမှာ အမြတ်ထွက်သွားတဲ့လူက ဘယ်သူလဲလို့ အဖေ မေးတာကို...”
“ဒီအဖြေကို အစ်ကို သိမှာပါ... အစ်ကိုရဲ့ အစွမ်းအစနဲ့ အမွေဆက်ခံနိုင်တဲ့ မြို့စားဘွဲ့ကို သေချာပေါက် ရယူနိုင်မှာပဲ”
...
ဇီယိုဒါရက်ချာနဲ့ ဖာ့စ်ဝေါလ်ဟာ အော်ဒရီဆီက စကားပြန်ကို ရပြီးနောက် ဘက်ကလင်တံတား မြို့နယ်ဆီ ပြန်ပါတယ်။
ရွှေရောင်ဆံပင်တွေ ရှုပ်ပွနေတဲ့ ဇီယိုဟာ မီးလျှံလို တောက်ပတဲ့ မျက်လုံးတွေနဲ့ အပြင်ဘက်ကို မြင်းလှည်း ပြတင်းပေါက်ကနေ ကြည့်နေပါတယ်။
သူမဟာ ပေါင် ၄၅၀ ဆိုတဲ့ စကားလုံးကို မန္တန်တစ်ပုဒ်လိုမျိုး ထပ်ခါထပ်ခါ မတိုးမကျယ် ရွတ်ဆိုနေပါတယ်။ ဒီမန္တန်ကို တစ်ကြိမ် ရွတ်ဆိုတိုင်းမှာ သတ္တိတွေ တဖွားဖွား တိုးလာတဲ့အတိုင်းပါပဲ။
“ဒီနေ့ ဒါ့ဟုမ်းဆီကနေ ဘာသတင်းမှ မလာသေးဘူး... သူ့အိမ်ကို သွားကြရအောင်” ဇီယိုဟာ ဖာ့စ်ဝေါလ်ကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောပါတယ်။
ဒါ့ဟုမ်းဟာ ဘက်ကလင် အရှေ့ပိုင်း မြို့နယ်က ဒုစရိုက် ခေါင်းဆောင်ပါ။ သူ့လက်အောက်မှာ သူတောင်းစားတွေနဲ့ သူခိုးတွေ အများကြီး ရှိပါတယ်။
သူက ဝဝတုတ်တုတ်နဲ့ ရင်းနှီးဖော်ရွှေပြီး နွေးထွေး ချိုသာတဲ့ အပြုံးရှိတယ်လို့ ထင်ရပေမဲ့ သူက ဘယ်လောက်ထိ အကြင်နာတရား ကင်းမဲ့လဲဆိုတာ ဇီယို ကောင်းကောင်းကြီး သိပါတယ်။ တစ်ခါတုန်းက ၁၃ နှစ်သားအရွယ် သူခိုးလေးတစ်ယောက် သူ့ကို ပေးစရာရှိတာ အပြည့်အဝ မပေးဘဲ ထိမ်ချန်ထားတဲ့အတွက် အဲဒီကောင်လေးရဲ့ လက်ကို ချိုးပစ်ခဲ့ဖူးပါတယ်။
အဲဒါကြောင့် ဇီယိုဟာ မလိုအပ်ဘူးဆိုရင် ဒါ့ဟုမ်းနဲ့ မတွေ့ချင်ပါဘူး။ ဒါပေမဲ့ ဒါ့ဟုမ်းက မြို့ထဲမှာရှိတဲ့ အိမ်ခြေမဲ့တွေနဲ့ အရင်းနှီးဆုံး လက်တစ်ဆုပ်စာ လူတွေထဲက တစ်ယောက်ဆိုရင် မမှားပါဘူး။
ဖာ့စ်ဟာ ဆံပင်ကို နားရွက်နောက် အသာ သပ်တင်လိုက်ပြီး...။
“နေ့လည်စာ စားချိန် မှီရင်ပြီးရော”
“ရတယ်... ကိစ္စမရှိဘူး... ဒီတစ်ပတ်ထဲမှာ ငါ နင့်ကို အင်ထစ် စားသောက်ပွဲတောင် ကျွေးနိုင်လောက်တယ်” ဇီယိုဟာ အားရကျေနပ်တဲ့ မျက်နှာနဲ့ ကတိပေးပါတယ်။
“အဲဒီတော့ ငါက အရှင့်ကို ကျေးဇူးတင်ရမှာလား” ဖာ့စ်ဟာ ရယ်ရင်း မေးပါတယ်။
ဖာ့စ်ဟာ ဇီယိုနဲ့ မတူဘဲ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရားကို အတော်အသင့် ကိုးကွယ် ယုံကြည်သူပါ။
စကားစမြည် ပြောဆိုရင်းနဲ့ သူတို့နှစ်ယောက်ဟာ မြင်းလှည်း ပြောင်းစီးပြီး ဘက်ကလင် အရှေ့ပိုင်း မြို့နယ်က ဒါ့ဟုမ်းရဲ့ အိမ်ကို ရောက်သွားပါတယ်။ ဒါ့ဟုမ်းရဲ့အိမ်က လမ်းကျဉ်းလေးထဲမှာ တည်ရှိတဲ့ ခေါင်းမိုးဆက်အိမ်ပါ။ အိမ်နံရံမှာ အစိမ်းရောင်ပင်တွေ ချိတ်ဆွဲထားပြီး အိမ်အပြင်ပိုင်းက ကပိုကရို နိုင်လှပါတယ်။
ဇီယိုဟာ တံခါးဆီ လျှောက်သွားပြီး ညာလက်ကို မြှောက်ကာ စည်းချက်ကျကျ တံခါးခေါက်လိုက်ပါတယ်။
လော့မချထားတဲ့ တံခါးဟာ ကျွီခနဲမြည်ပြီး ပွင့်သွားပါတယ်။
ဇီယိုဟာ ဝေခွဲမရဖြစ်သွားပြီးနောက် ရုတ်ခြည်းဆိုသလို သတိကြီးတဲ့ ခြင်္သေ့တစ်ကောင်လို လေးနက် တည်ကြည်သွားပါတယ်။
သူမဟာ အသင့်ဆောင်ထားတဲ့ လှံစွပ်ကို ထုတ်ပြီး တံခါးကို တွန်းဖွင့်ကာ အိမ်ထဲကို တစ်လှမ်းချင်း ဝင်လိုက်ပါတယ်။
အမှုမထားသလိုရှိတဲ့ ဖာ့စ်ရဲ့ မျက်နှာဟာလည်း တည်သွားပြီး အမျိုးအမည်မသိတဲ့ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ မနှစ်မြို့စရာကောင်းတဲ့ အနံ့အသက်တွေ တစ်ခုမှ မရပေမဲ့ တစ်ခုခု မှားနေတယ် ဆိုတာကို ရင့်ကျက်တဲ့ အတွေ့အကြုံအရ သိလိုက်ပါတယ်။
ခြေတစ်လှမ်း။
ခြေနှစ်လှမ်း။
ခြေသုံးလှမ်း။
ဇီယိုနဲ့ ဖာ့စ်ဟာ ဒါ့ဟုမ်းရဲ့အိမ်ထဲ ရောက်သွားပါတယ်။
အဲဒီအခါ ဓာတ်ငွေ့မီးအိမ်ပေါ်က ဖျော့တော့နေတဲ့ ခြေလက်တွေ၊ ကော်ဖီစားပွဲပေါ်က အတွင်းကလီစာတွေ၊ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အသားစတွေနဲ့ အဝတ်စင်မှာ ချိတ်ထားတဲ့ အသားစိုင်တွေကို တွေ့လိုက်ရပါတယ်။
အရိုးစတွေကိုလည်း အသားတွေ ပြောင်နေအောင် ခွာပြီး တံခါးနားမှာ ပုံထားပါတယ်။
အရိုးတွေကြားထဲမှာတော့ ငေးနေတဲ့မျက်လုံးနဲ့ ဦးခေါင်းတစ်လုံး ရှိနေပါတယ်။ ဒါ့ဟုမ်းကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
သူ့မျက်နှာဟာ ဘာမှမဖြစ်သလိုမျိုး ဖော်ရွှေတဲ့အပြုံး ရှိနေပါသေးတယ်။ နောက်ပြီး အိမ်ထဲမှာ သွေးနံ့ တစ်စက်ကလေးတောင် မရှိပါဘူး။
ရောင်းအား အကောင်းဆုံး စာရေးဆရာနဲ့ ဆုံမှတ် ၉ သာလွန်သူ ဖြစ်မလာခင် ဆရာဝန် လုပ်ခဲ့ဖူးတာမလို့ ဖာ့စ်ဟာ ဒီထက်ဆိုးရွားတဲ့ လူသေအလောင်းတွေကို မြင်ဖူးပါတယ်။ သူမဟာ ပျို့တက်ပြီး အန်လုနီး ဖြစ်နေတဲ့ ဇီယိုရဲ့ ကျောပြင်ကို အသာပုတ်ပေးရင် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်။
“ခီးလုံဂို့စ်... နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ပဲ”
“သူက ဒါ့ဟုမ်း အိမ်ခြေမဲ့တွေ စုံစမ်းနေတာကို သိသွားလို့ သူ့အိမ်ထိ ခြေရာခံ လိုက်လာတာလား”
“ဒါမှမဟုတ် ဒါ့ဟုမ်းက သူ့ကို ခြေရာခံရင်း မိသွားတာလား”
ဇီယိုဟာ အော်ဂလီဆန်တာကို မျိုသိပ်ပြီး လေးလေးနက်နက် ပြောပါတယ်။
“သူက တကယ်ကို ရက်စက်ပြီး ကောက်ကျစ်တဲ့ ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီးပဲ... ဒီအနေအထားက သူ့ရတနာကို ဖော်ပြထားတာနဲ့ ကွက်တိပဲ”
“ကောက်ကျစ်တယ်” ဖာ့စ်ဟာ ရုတ်တရက်ဆိုသလို နိုးနိုးကြားကြားဖြစ်ပြီး လွှတ်ခနဲ ပြောမိလိုက်ပါတယ် “သူက ဒီစုံစမ်းမှုရဲ့ နောက်ကွယ်က လူကို အလစ်တိုက်ခိုက်ဖို့ ဒီအနားအနားမှာ စောင့်နေမလား မသိဘူး”
ဇီယိုဟာ တစ်ခဏ အေးခဲသွားပြီး ပျားယီပျာယာ ဖြေပါတယ် “အဲဒါ ဖြစ်နိုင်တယ်”
သူက ဆုံမှတ် ၆ လေဆုမွန်ပါ။ ဆန်းကြယ် ရတနာကို ကိုင်ဆောင်ထားတဲ့ စွမ်းအားကြီး ပင်လယ်ဓားပြပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ ဆုံမှတ် ၉ သာလွန်သူလေးတွေပါ။
သူတို့တွေ ယှဉ်တိုက်ရင် ဘယ်သူနိုင်မလဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။
...
ဒါ့ဟုမ်းရဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ စိမ်းနက်ရောင် မျက်လုံးတွေနဲ့ အသက်သုံးဆယ်အရွယ် မေးရိုးကျယ်ကျယ်နဲ့ အမျိုးသားတစ်ယောက်ဟာ ပြတင်းပေါက်ဘေးမှာ ရပ်နေပါတယ်။ သူဟာ ဇီယိုနဲ့ ဖာ့စ် တံခါးဖွင့်ပြီး အိမ်ထဲ တစ်လှမ်းချင်း ဝင်သွားတာကို ရေခဲလို အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။
သူက နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ကလွဲရင် ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။
သူ့ဘယ်လက်က အနက်ရောင် လက်အိတ်ဟာ အသက်ရှိသလိုမျိုး ဆန့်ငင်ဆန့်ငင် ဖြစ်သွားပြီး မျက်နှာပြင်ပေါ်မှာ အရောင်ဖျော့တဲ့ ရွှေရောင်ကြေးခွံတွေ ထွက်ပေါ်လာပါတယ်။
ခီးလုံဂို့စ်ဟာ ရက်စက် ပျော်ရွှင်တဲ့ အမူအရာ ဖြစ်သွားပြီး သူ့ရဲ့ စိမ်းနက်ရောင် မျက်လုံးတွေဟာ ရွှေရောင်ဖျော့ဖျော့ ပြောင်းသွားပါတယ်။
...
ဖာ့စ်ဟာ ခီးလုံဂို့စ် အနီးအနားမှာ ရှိနေနိုင်တာကို တွေးမိလိုက်တာနဲ့ ဇီယိုကို ဘေးဆွဲခေါ်ပြီး တံခါးမနဲ့ မျက်နှာချင်းဆိုင် နေရာကို ရှောင်လိုက်ပါတယ်။
အဲဒီနောက် သူမဟာ ပုလဲလုံးလို ဖြူဖွေးတဲ့ သွားတွေကို ကြိတ်ပြီး အင်္ကျီလက်စနဲ့ အုပ်ထားတဲ့ လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်ပါတယ်။
ဒီငွေလက်ကောက်မှာ မီးလောင်ရာလိုတဲ့ အရာတွေရှိတဲ့ စိမ်းနက်ရောင် ကျောက်ကြမ်း သုံးလုံး ရှိပါတယ်။ ဖာ့စ်ဟာ ကျောက်ကြမ်းတစ်လုံးကို ဆွဲထုတ်ပြီး ရှေးဟောင်းဟာမီးနဲ့ ခပ်အုပ်အုပ် မာန်ပါပါ ရွတ်ဆိုလိုက်ပါတယ်။
“တံခါး”
ကျောက်ကြမ်းတုံးကနေ အပြာရောင်ဖျော့ဖျော့ တောက်လာတဲ့အခါ ဖာ့စ်ဟာ ဇီယိုကို မလွတ်တမ်း ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ ရုပ်သွင်တွေဟာ မထင်မရှားဖြစ်ပြီး ကိုယ်ပျောက်လုနီး ဖြစ်သွားပါတယ်။
သူတို့နှစ်ယောက်ဟာ ဖော်ပြဖို့ ခက်တဲ့ ပုံစံမျိုးစုံကို တွေ့မြင်လိုက်ရပါတယ်။ အဲဒီထဲမှာ တကယ် မတည်ရှိဘူးလို့ ထင်ရတဲ့ အကြည်သား အရာဝတ္ထုတွေလည်း ပါပါတယ်။ သူတို့နှစ်ယောက်ဟာ ရွှန်းရွှန်းစိုတဲ့ အရောင်မျိုးစုံနဲ့ အတိုင်းအဆမဲ့ အသိပညာတွေ ပါဝင်နေတယ်လို့ ထင်ရတဲ့ တောက်ပထည်ဝါမှုတွေကိုလည်း တွေ့မြင်လိုက်ရပါတယ်။
သူတို့နှစ်ယောက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်လောကထဲ ရောက်သွားတာပါ။
လက်တွေ့လောက,ကနေ ဝေးကွာလွန်းတဲ့ ဒီထူးဆန်းတဲ့ လောကမှာ ဖာ့စ်ဟာ ဇီယိုကို ဆွဲပြီး ဦးတည်ရာတစ်ခုဆီ တစိုက်မတ်မတ် လျှောက်သွားပါတယ်။
လေးငါးဆယ်စက္ကန့် အကြာမှာတော့ သူတို့ဟာ ဒီမထင်မရှား အခြေအနေကနေ ထွက်ပြီး လက်တွေ့လောက ဘက်ကလင်ကို ပြန်ရောက်သွားပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ဒါ့ဟုမ်းရဲ့ အိမ်မှာ ရှိမနေတော့ဘဲ လူသူကင်းမဲ့တဲ့ သုသာန် သင်္ချိုင်းတစ်ခုကို ရောက်သွားပါတယ်။
...
ကြေးခွံလက်အိတ် ဝတ်ထားတဲ့ ခီးလုံဂို့စ်ဟာ ဒါ့ဟုမ်းအိမ်ရဲ့ တံခါးဝမှာ ပေါ်လာပြီး အိမ်ထဲကို အေးစက်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ပါတယ်။
သူဟာ တစ်ခဏ အေးခဲသွားပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ခရီသွားလား”
...
သင်္ချိုင်း။
“ငါတို့တွေ ဘာဆက်လုပ်ကြမလဲ” ဖာ့စ်ဟာ အသက်ဝအောင် ရှူရင်း အကြောက်မပြေသေးတဲ့ အသံနဲ့ မေးပါတယ်။
ဒီငွေလက်ကောက်က သူမ ကံကောင်းထောက်မစွာ ရရှိခဲ့တဲ့ ဆန်းကြယ်ရတနာတစ်ခုပါ။ အဲဒီတုန်းက ပညာသင်ဖော်မြူလာနဲ့ ပညာသင်ဆေးရည် ဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုပါ တစ်ပါတည်း ရရှိခဲ့ပါတယ်။ ဒီဆန်းကြယ်ရတနာက လပြည့်ညတိုင်းမှာ သူမကို ထူးဆန်းတဲ့ ရေရွတ်သံတွေ ကြားရစေတာကလွဲရင် ဘာဒုက္ခမှ မပေးပါဘူး။
အစတုန်းကတော့ ငွေလက်ကောက်မှာ ကျောက်တုံးငါးတုံး ရှိပါတယ်။ ကျောက်တုံးတိုင်းက သူမကို စိတ်ဝိညာဉ်လောကဆီ ဖြတ်သွားစေနိုင်တဲ့အတွက် နေရာရွှေ့ပြောင်း သွားလာစေနိုင်တယ်လို့ ပြောလို့ရပါတယ်။ အခုတော့ ကျောက်တုံးငါးတုံးက နှစ်တုံးပဲ ကျန်ပါတော့တယ်။
ဇီယိုဟာ စိတ်ငြိမ်အောင် ထိန်းပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်ပါတယ်။
“ပထမဆုံး မစ္စအော်ဒရီကို သတင်းပေးရမယ်... ပြီးရင် ရဲကို အကြောင်းကြားမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။