လိမ္မာပါးနပ်တဲ့ အယ်ဂျာ
Vol. 18 Ch. 178
“ရဲကို အကြောင်းကြားမယ်” ဖာ့စ်ဝေါလ်ဟာ တအံ့တဩနဲ့ ထပ်ပြောမိလိုက်ပါတယ်။
သာလွန်သူတွေအတွက် ရဲကို အကြောင်းကြားတာက တခြားလောကမှာရှိတဲ့ အရာတစ်ခုလိုပါပဲ။
ဇီယိုဟာ သူမရဲ့ ရွှေရောင်ဆံပင်တွေကို သပ်တင်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ...။
“ဒါ့ဟုမ်း သေသွားတဲ့ မြင်ကွင်းက ချောက်ချားစရာ ကောင်းလွန်းတယ်... ရဲတွေသာ ဦးနှောက် ရှိသေးတယ်ဆိုရင် ဒီအမှုကို ဒဏ်ခတ်သမားတွေ၊ ညသိမ်းငှက်တွေ၊ မက္ကန်းနစ်ဟိုက်မိုင်းတွေနဲ့ စစ်တပ်က အထူးစစ်ဆင်ရေး ဌာနဆီ လွှဲမှာပဲ... အဲဒီအချိန်ကျရင် ငါတို့တွေ သတင်းတချို့ ပေါက်ကြားအောင် လုပ်ပြီး လူသတ်သမားက ခီးလုံဂို့စ်ဆိုတာ အသိပေးလို့ရတယ်... အဲဒါဆို တစ်မြို့လုံးက သူ့နောက် လိုက်လိမ့်မယ်”
“ငါတို့ရဲ့ ပန်းတိုင်က ခီးလုံဂို့စ်ကို ရှာဖို့ပဲ... ဖမ်းဖို့မှ မဟုတ်တာ... ဒီလောက် သာလွန်သူ အများကြီးရဲ့ အကူအညီနဲ့ဆိုရင် ဒီကိစ္စက ပိုလွယ်ပြီး ပိုဘေးကင်းသွားလိမ့်မယ်... ခီးလုံဂို့စ် အထိတ်တလန့် ဖြစ်ပြီး အမှားလုပ်တာနဲ့ ငါတို့တွေ ဆုကြေးငွေကို အပိုင်သိမ်းလို့ရပြီ... ဟီးဟီး... ငါက သူ ဘယ်မှာရှိနေလဲဆိုတာ ရှာတွေ့တာကို ပြောတာ”
ဇီယိုဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပြီး အကြောက်မပြေသေးတဲ့ ဖာ့စ်ကို ကြည့်လိုက်ပါတယ်။
“ငါက ပြဿနာကို ဖြေရှင်းဖို့ ထိပ်တိုက် ရင်ဆိုင်တာကလွဲပြီး တခြားနည်းလမ်း မသုံးတတ်ဘူးလို့ နင် ထင်နေတာလား... ငါတို့နဲ့ ခီးလုံဂို့စ်ကြားက ကွာခြားချက်က ဒေစီဆိပ်ကမ်းလို ကျယ်တယ်”
ဖာ့စ်ဟာ ခေါင်းအသာညိတ်လိုက်ပြီး...။
“နင်ကိုယ်နင် နားလည်ထားတာ လုံးဝ မှန်တယ်... နင်က အဲဒီလိုမျိုး ပြဿနာကို ထိပ်တိုက်တိုးတာ ဘယ်နှခါ ရှိပြီလဲ... အဲဒီလိုလုပ်လို့ ဆုံးရှုံးသွားတာတွေကိုသာ စုထားရင် နင် ဆုံမှတ် ၈ ကို တက်ဖို့ လုံလောက်တယ်”
“တော်သေးတယ်... ဒီကိစ္စမှာတော့ ခေါင်းကောင်းသေးလို့”
ဇီယိုဟာ ခေါင်းငုံံ့ပြီး သူမရဲ့ လှံစွပ်ကို ကြည့်လိုက်ပါတယ်။ သူမဟာ တစ်ခဏ တွေးတောပြီးမှ...။
“... ငါ အမှန်အတိုင်း ဝန်ခံရရင် ခုနတုန်းက သေခြင်းတရား ချဉ်းကပ်လာတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရတယ်... ခီးလုံဂို့စ် အနီးအနားမှာ ရှိနေတယ်ဆိုတာ သံသယရှိစရာ မလိုဘူး.. အဲဒါက ငါတို့ကို အချိန်မရွေး ဖျက်ဆီးနိုင်တဲ့ မကောင်းဆိုးဝါး ရောင်ဝါပဲ... အဲဒါက ငါ့ရဲ့ ဗီဇစရိုက်ကို ဆွဲနှိုးလိုက်တယ်”
ဖာ့စ်ဟာ ကျောက်တုံးနှစ်တုံးပဲ ကျန်တော့တဲ့ ငွေလက်ကောက်ကို လက်မှာ ပြန်ဝတ်ပြီး လေးလေးနက်နက် တွေးတောကာ ပြောပါတယ်။
“ငါ နင့်အကြံကို သဘောတူတယ်... မစ္စအော်ဒရီကို အရင်ဆုံး သတင်းပေးပြီး ရဲကို အကြောင်းကြားရအောင်”
“အင်း... ခီးလုံဂို့စ်ရဲ့ သဲလွန်စကို ရှာတွေ့သွားတာက ဒါ့ဟုမ်းပဲ ဖြစ်ဖြစ် သူ့ရဲ့ လက်အောက်ငယ်သားပဲ ဖြစ်ဖြစ် ငါတို့တွေ အဲဒီနည်းလမ်းကို သုံးပြီး ခီးလုံဂို့စ်ရဲ့ လှုပ်ရှားနယ်မြေနဲ့ သူနေတဲ့နေရာကို ဆက်ပြီးတော့ စုံစမ်းလို့ရတယ်”
ဇီယိုဟာ မျက်မှောင်ကြုတ်သွားပြီး...။
“ဒါပေမဲ့ ခီးလုံဂို့စ်က တစ်နေရာတည်းမှာ သေချာပေါက် ဆက်နေမှာ မဟုတ်ဘူး”
ပင်လယ်ဓားပြဗိုလ်ချုပ်ကြီး ခုနစ်ဦးထဲက တစ်ဦးဖြစ်ပြီး ဆန်းကြယ်ရတနာ ရှိနေရင်တောင် ခီးလုံဂို့စ်ဟာ ဘက်ကလင်မှာ တော်တော်လေးကိုမှ ဂရုစိုက်ရပါလိမ့်မယ်။ ပင်လယ်ငါးရပ်ဘုရင် နာ့စ်တောင် ဒီမှာ ဘေးတွေ့ပြီး အဖမ်းခံရလုနီး ဖြစ်ခဲ့ဖူးပါတယ်။
“မဟုတ်ဘူး... ငါ ဆိုလိုချင်တာက သဲလွန်စတွေကို အခြေခံပြီး ခီးလုံဂို့စ် ဘက်ကလင်ကို လာရတဲ့ ရည်ရွယ်ချက်ကို မှန်းဆကြည့်ဖို့ ပြောတာ... ငါတို့တွေ သူ ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ သိတာနဲ့ သူ ဘယ်လောက်ပဲ ရုပ်ဖျက်ရုပ်ဖျက် သူ ဘယ်လောက်ပဲ မာယာသုံးသုံး နောက်ဆုံးကျရင် ငါတို့တွေ သူ့ကို မိမှာပဲ... အဲဒါဆို ငါတို့ရဲ့ တာဝန်လည်း အောင်မြင်ပြီ”
ဖာ့စ်ဟာ အသေးစိတ် ရှင်းပြပါတယ်။
“စာရေးသက် ၂ နှစ်ရဲ့ အတွေ့အကြုံအရ ငါတို့တွေ ဒီကိစ္စရဲ့ အခရာကို ကိုင်နိုင်တာနဲ့ ကျန်တာတွေက လွယ်သွားလိမ့်မယ်”
ဇီယိုဟာ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို တအံ့တဩ ကြည့်လိုက်ပါတယ်။ သူမဟာ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းက ဒီလိုမျိုး ကျိုးကြောင်းကျကျ တွေးခေါ်နိုင်လိမ့်မယ်လို့ ထင်မထားပါဘူး။
“ငါက နင်နဲ့ မတူဘူး... ငါက တွေးဖို့ ပျင်းရုံပဲ... နင်က ကြွက်သားတွေပဲ အားကိုးတာ” ဖာ့စ်ဟာ နှုတ်ခမ်းကို စုဝိုင်းပြီး ခေါင်းကို ဘေးယိမ်းကာ ပြုံးလိုက်ပါတယ်။
“ငါ့ကို စတာက နင့်ကို ဉာဏ်ပိုကောင်းအောင် လုပ်မပေးနိုင်ဘူး...” ဇီယိုဟာ ထိုးထွက်နေတဲ့ ရွှေရောင်ဆံပင်စတွေကို သပ်ရပ်အောင် ပြုပြင်လိုက်ပါတယ် “တော်ပြီ... ငါတို့တွေ ဧကရီမြို့နယ်ကို သွားပြီး မစ္စအော်ဒရီကို ဒီအကြောင်း ပြောရအောင်...”
ဖာ့စ်ဟာ ခေါင်းအသာ ညိတ်လိုက်ပြီး...။
“ဒါနဲ့ ငါတို့တွေနဲ့ မစ္စအော်ဒရီရဲ့ အရေးပေါ် ဆက်သွယ်မှုက ဘာလဲ”
ဇီယိုဟာ တစ်ဒင်္ဂ ကြောင်သွားပြီး အဝေးက ကမ္ပည်းတိုင်ကို လှမ်းကြည့်ကာ...။
“ငါတို့တွေ စောစောက တွေ့ခဲ့တဲ့ သူ့ရဲ့ ရွှေရောင်ခွေးက တစ်နေ့ကို အနည်းဆုံး ငါးခါ လမ်းလျှောက်ထွက်တယ်လို့ ပြောတယ်... အင်း... နောက်ထပ် လမ်းလျှောက်ထွက်မဲ့အချိန်က နေ့လည်စာ စားပြီးတဲ့အချိန် ဖြစ်မယ်”
“အဲဒီတော့ ငါတို့တွေက ခရိုင်မြို့စားဟောလ်ရဲ့ ဇိမ်ခံစံအိမ် အပြင်ဘက်မှာ ယောင်ပေယောင်ပေ သွားလုပ်ရမှာပေါ့” ဖာ့စ်ရဲ့ နှုတ်ခမ်းထောင့်ဟာ တွန့်တက်သွားပါတယ်။
ဇီယိုဟာ ရုတ်တရက် ဘေးကို လှည့်ကြည့်ပြီး မျက်နှာလိုမျက်နှာရ အပြုံးနဲ့...။
“ဘာလဲ... နင်က စံအိမ်ထဲ ခိုးဝင်ချင်လို့လား... အဲဒါက နင့်အတွက် ခက်ခဲမယ် မထင်ဘူး... နင်က အဲဒါကို ကျွမ်းတယ်မလား”
“ရာစုနှစ်ကျော်အောင် ဆက်ခံလာတဲ့ ခရိုင်မြို့စား၊ အထက်လွှတ်တော်မှာ လွှမ်းမိုးမှုအရှိဆုံး ပါလီမန်အမတ်တွေထဲက တစ်ဦး၊ ဗာဗက်ဘဏ်ရဲ့ အကြီးဆုံး ရှယ်ယာရှင်၊ ဘက်ကလင်ဘဏ်ရဲ့ စတုတ္ထမြောက် အကြီးဆုံး ရှယ်ယာရှင်၊ တော်ဝင်လိုအင်ဘဏ်ရဲ့ အထူးအကြံပေး၊ အင်ထစ်သမ္မတနိုင်ငံက စုချစ်ဘဏ်ရဲ့ တတိယမြောက် အကြီးဆုံး ရှယ်ယာရှင်၊ ကွန်စတန့် ကျောက်မီးသွေးနဲ့ သံမဏိ လုပ်ငန်းစုရဲ့ ဒုတိယမြောက် အကြီးဆုံး ရှယ်ယာရှင်... ဒါတွေက မစ္စအော်ဒရီ အဖေရဲ့ ဘွဲ့ထူးတွေပဲ... ဇီယိုရယ်... ခေါင်းလေး သုံးစမ်းပါ... ဒီလိုမျိုး ဘွဲ့ထူးတွေရှိတဲ့လူက ဘယ်လိုလုပ်ပြီး သာလွန်သူတွေကို မခန့်ထားပဲနေမှာလဲ... သူ့ဆီမှာ သာလွန်သူတွေကို ဆုပေးစရာ ဘာမှမရှိဘူးလို့ ထင်နေတာလား... ဒါက အဲဒီ မြို့နယ်စားတွေ မြို့စားတွေနဲ့ မိုးနဲ့မြေလို ကွာတယ်”
ဖာ့စ်ဟာ ကျွဲမြီးတိုသံနဲ့ ပြောပါတယ်။
“ငါ အရှင်နဲ့ ကျိန်ပြီးတော့ ပြောရဲတယ်... ငါသာ အဲဒီစံအိမ်ထဲကို ခိုးဝင်ရင် ငါးမိနစ် မပြည့်ခင် အဖမ်းခံရလိမ့်မယ်”
ဇီယိုဟာ ခေါင်းညိတ် သဘောတူပြီး...။
“အဲဒါဆို ရွှေရောင်ခွေးကို စောင့်ကြတာပေါ့...”
စကားဆုံးတဲ့အခါမှာ ဇီယိုဟာ ရှေ့ကနေ လျှောက်သွားပါတယ်။ သူမဟာ ခြေလှမ်း လေးငါးလှမ်း လှမ်းပြီးနောက် နောက်လှည့်မကြည့်ဘဲ...။
“အင်း... ငါ နင့်ရဲ့ ဆုံးရှုံးမှုအတွက် နောက်ကျရင် ပြန်လျော်ပေးမယ်... ဟိုကျောက်တုံးကို ပြောတာ”
ဒီစကားကို ကြားလိုက်ရတဲ့ ဖာ့စ်ရဲ့ နှုတ်ခမ်းထောင့်ဟာ အပေါ်ကို တွ့န်တက်သွားပါတယ်။
“ငါက ငါ့ကိုယ်ငါ ကယ်တာပါ... ဇီယို... နင် လမ်းမှားနေပြီ”
“အို အရှင် ကယ်တော်မူပါ... နင်သာ ပညာသင် ဖြစ်လာပြီး ခရီးသွား ဖြစ်သွားလို့ကတော့ သေချာပေါက် ဘေးတွေ့မှာပဲ”
...
ခရိုင်မြို့စားဟောလ်ရဲ့ ဇိမ်ခံစံအိမ် အပြင်ဘက်။
ဇီယိုနဲ့ ဖာ့စ်ဟာ အင်ထစ် နေကာပင်အောက်မှာ ပုန်းပြီး သူတို့ရဲ့ ပစ်မှတ် အဆောက်အဦးကို တိတ်တဆိတ် ချောင်းကြည့်ကာ လူတွေ ဟိုဟိုဒီဒီ သွားလာနေတာ ကြည့်နေကြပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ နံရံအောက်က ခွေးတိုးပေါက်ကနေ ထွက်လာတဲ့ ရွှေရောင်ခွေးကို သူတို့နှစ်ယောက် တွေ့လိုက်ရပါတယ်။ ဒီခွေးဟာ နားရွက်ကို စွင့်ထားပြီး ဘယ်ပြန်ညာပြန် ကြည့်ကာ တော်တော်လေး သတိကြီးတဲ့ပုံ ပေါ်နေပါတယ်။
ဆူဇီဟာ ပျော်ပျော်ရွှင်ရွှင် လမ်းစလျှောက်တဲ့အချိန်မှာပဲ အနက်ရောင် ခွေးထီးတစ်ကောင်ဟာ ဘယ်ကနေမှန်းမသိ ပေါ်လာပါတယ်။ ဒီခွေးနက်ဟာ ဆူဇီကို ဖော်လန်ဖားလုပ်ပြီး စက်ဝိုင်းပုံ စပြေးပါတယ်။
“ဒါ ငါ ပထမဆုံးအကြိမ် ခွေးတစ်ကောင်ဆီမှာ လူလိုအမူအရာကို တွေ့ဖူးတာပဲ... သူက ဒီခွေးနက်ကို ဘယ်လောက်တောင် မုန်းလဲ မသိဘူး” ဇီယိုဟာ သက်ပြင်းချလိုက်ပါတယ်။
သူမဟာ ဆူဇီရဲ့ အကြည့်နဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ရွံ့ရှာမုန်းတီးတဲ့ အမူအရာ ဆိုတာကို အတပ်ပြောနိုင်ပါတယ်။
ဖာ့စ်ဟာ ပြုံးလိုက်ပါတယ်။
“ဟုတ်တယ်... နောက်ကနေ တကောက်ကောက် လိုက်နေတဲ့ ရွံ့ဖို့ကောင်းတဲ့ တဏှာရူးကောင်ကို တွေ့ရသလိုမျိုးပဲ”
ဆူဇီက ခွေးနက်ရဲ့ လက်ကနေ လွတ်မြောက်ဖို့ ခပ်မြန်မြန် လမ်းလျှောက်တာ တွေ့လိုက်ရတဲ့အတွက် ဇီယိုဟာ ရပ်ကြည့်မနေဘဲ ဝင်ပါလိုက်ပါတယ်။
“အမိန့်... သူ့ကို ထပ်ပြီးတော့ မနှောင့်ယှက်နဲ့” ဇီယီုဟာ လေးနက်တဲ့မျက်နှာနဲ့ အော်ပြောလိုက်ပါတယ်။
ခွေးနက်ဟာ တအံ့တဩ ဖြစ်သွားပြီးနောက် ချက်ချင်းဆိုသလို အမြီးနဲ့ ခြေထောက် တစ်သားတည်းကျအောင် ခုန်ပေါက် ထွက်ပြေးပါတယ်။
ဆူဇီဟာ သက်ပြင်းချပြီး လမ်းလျှောက်တာ နှေးလိုက်ပါတယ်။ အဲဒီနောက် တယဉ်တကျေး ဟောင်ပြီး အမြီးနန့်ပါတယ်။
‘တော်သေးတယ်... ငါ ကျေးဇူးတင်ပါတယ်လို့ ပြောမိတော့မလို့...’ ဆူဇီဟာ ဝမ်းပန်းတသာ တွေးလိုက်ပါတယ်။
‘အဲဒီလိုဆို တော်တော် ကသိကအောက် နိုင်သွားမှာ...’
...
အော်ဒရီဟာ ဇီယိုနဲ့ ဖာ့စ် ပေးပို့လိုက်တဲ့ နောက်ဆုံး သတင်းကို ကောက်ယူပြီး ဖတ်လိုက်တဲ့အခါ သာယာနာပျော်ဖွယ် ဂီတသံလည်း ရပ်သွားပါတယ်။ အော်ဒရီဟာ စာဖတ်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။
သူမဟာ စန္ဒရားအဖုံးကို ပြန်ပိတ်ပြီး ကြော့ကြော့မော့မော့ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် စန္ဒရားခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားပါတယ်။
‘ခီလုံဂို့စ်က တော်တော် အန္တရာယ်များတဲ့လူပဲ... ဇီယိုနဲ့ ဖာ့စ်သာ သူ့ကို ဆက်ပြီးတော့ စုံစမ်းရင် အန္တရာယ်တောထဲ ကျလောက်တယ်... ငါတောင် ပေါ်ကောင်း ပေါ်သွားနိုင်တယ်... အင်း... ငါ သူတို့ အကြံပေးတဲ့အတိုင်း လုပ်ရမယ်...ဟုတ်သားပဲ... မေ့နေလိုက်တာ... နောက်ထပ် ၂ နာရီဆိုရင် တဲရော့တွေ့ဆုံပွဲပဲ... မစ္စတာအရူးက ဘာပြောမလဲ မသိဘူး... ဒီကိစ္စကို သူ စိတ်မဝင်စားရင်လည်း ငါ လူဇောက်ထိုးနဲ့ သေချာလေး ဆွေးနွေးရမယ်...’ အော်ဒရီဟာ တဖြည်းဖြည်းနဲ့ ပြန်တည်ငြိမ်သွားပါတယ်။
သူမဟာ ဒီလိုမျိုး ဘေးဒုက္ခရောက်နိုင်တဲ့ အခြေအနေကို ပထဆုံးအကြိမ် ကြုံဖူးတာပါ။ လူတစ်ယောက်လည်း သေသွားပါပြီ။
နေ့လည်ခင်း သုံးနာရီ။
အော်ဒရီရဲ့ မြင်ကွင်းဟာ ကြက်သွေးရောင် လွှမ်းမိုးပြီး ဝေဝါးနေရာကနေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ အဲဒီနောက် သူမဟာ လက်တွေ့လောကမဟုတ်တဲ့ အပြောကျယ်လှတဲ့ မီးခိုးရောင် မြူခိုးတွေ၊ ဘီလူးတွေရဲ့ အိမ်လိုမျိုး ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီး၊ စွန်းထင်းနေတဲ့ ရှေးဟောင်း ကြေးစားပွဲရှည်နဲ့ ထူထဲတဲ့ မြူခိုးတွေ အမြဲတမ်း ဖုံးလွှမ်းနေတဲ့ အရူးကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူမဟာ လူဇောက်ထိုးနဲ့ နေမင်းကို မြင်လိုက်ရပါတယ်။
အဲဒီအချိန်မှာ အော်ဒရီရဲ့ တင်းကျပ်တဲ့ စိုးရိမ်သောကစိတ်တွေဟာ ပြေလျော့သလို ဖြစ်သွားပါတယ်။ သူမဟာ လုံခြုံမှုကို ခံစားလိုက်ရပြီး ငြိမ်သက်သွားပါတယ်။
‘ငါက ရုပ်လောက မဟုတ်တဲ့ တဲရော့ကလပ်ကို တက်နေတာပဲ... နောက်ပြီး ငါက နတ်ဘုရားနီးပါး စွမ်းအားကြီးတဲ့ မစ္စတာအရူးနဲ့ ထိတွေ့ ဆက်ဆံနေတာပဲ... ခီးလုံဂို့စ်နဲ့ ငါက အဆင့်မတူဘူး...’
အော်ဒရီဟာ မားမားမတ်မတ် ထိုင်လိုက်ပါတယ်။ သူမဟာ မေးကို အသာမော့ပြီး အပြုံးနဲ့ နှုတ်ဆက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာအရူး...”
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာ လူဇောက်ထိုး...”
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာနေမင်း...”
တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြပြီးနောက် မစ္စတရားမျှတမှုက စကားပြောချင်တာကို တွေ့လိုက်ရတဲ့အတွက် ကလိုင်းဟာ ခေါင်းအသာညိတ်ပြပြီး ခွင့်ပြုလိုက်ပါတယ်။
“ဂုဏ်သရေရှိ လူကြီးမင်း အရူး... လူကြီးမင်းကို ယုံကြည်လေးစားသူက ကျွန်မရဲ့ ပေါင် ၃၀၀ ကို လက်ခံရရှိလား မသိဘူး” အော်ဒရီဟာ ခီးလုံဂို့စ်အကြောင်း ပြောချင်နေတာကို အသာထိန်းပြီး သူမခေါင်းဆောင်ရဲ့ ငယ်သားကို ဂရုစိုက်ကြောင်း ပြပါတယ်။
ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
“ငါ ဒီကိစ္စကို စိတ်ထဲ ထည့်မထားဘူး... ဒါပေမဲ့ ငါ့ကို ယုံကြည်လေးစားသူက ဘာအကူအညီမှ ထပ်မတောင်းဘူးဆိုတော့ သူ ရသွားလောက်ပါပြီ”
‘ရတယ်... ငါ လေးငါးခြောက်ခါ စစ်ကြည့်ပြီးပြီ... ငါ့ရဲ့ အမည်မဲ့အကောင့်ထဲမှာ ပေါင် ၃၀၀ ရှိတယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ဝမ်းသာအားရ ဖြည့်ပြောလိုက်ပါတယ်။
“အဲဒီလိုဆို ကောင်းတာပေါ့”
အော်ဒရီဟာ စိတ်ပြေလက်ပျောက် ဖြစ်သွားပြီး မျက်နှာချင်းဆိုင်ကို ကြည့်ကာ...။
“မစ္စတာလူဇောက်ထိုး... ခီးလုံဂို့စ်နဲ့ ပတ်သက်ပြီး ထူးခြားမှု ရှိတယ်”
အယ်ဂျာဟာ ရုတ်တရက် မတ်မတ် ထိုင်လိုက်ပါတယ်။ သူဟာ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တဲ့ လေသံနဲ့ မေးပါတယ်။
“သူ ဘယ်မှာလဲ”
“ကံမကောင်းချင်တော့ ကျွန်မတို့ သူ့ကို ခြေရာခံမိတယ်ဆိုရင်ပဲ သူက ကျွန်မတို့ သူ့ကို စုံစမ်းနေတယ်ဆိုတာ သိသွားတယ်... စုံစမ်းတဲ့လူ တစ်ယောက်လည်း အသတ်ခံလိုက်ရတယ်” အော်ဒရီဟာ ဇီယိုနဲ့ ဖာ့စ်ပြောပြတာကို ထပ်ပြောပြပြီး သူတို့ရဲ့ နောက်ဆက်တွဲ အစီအစဉ်ကိုပါ အသေးစိတ် ရှင်းပြပါတယ်။
အယ်ဂျာဟာ ခေါင်းအသာညိတ်ပြီး...။
“ငါ ဒီကိစ္စကို ဂရုစိုက်လိမ့်မယ်”
အဲဒီနောက် သူဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ အရူးဘက် လှည့်လိုက်ပါတယ်။ ထိုင်နားထောင်ရုံကလွဲလို့ ဘာမှ နားမလည်တဲ့ နေမင်း ဒဲရစ်ရဲ့ အကြည့်အောက်မှာ သူဟာ...။
“ဂုဏ်သရေရှိ လူကြီးမင်း အရူး... ကျွန်တော် ခီးလုံဂို့စ်ရဲ့ ရည်ရွယ်ချက်အမှန်ကို ရှာတွေ့ရင်... သူက တော်တော်လေး အရေးကြီးတဲ့ မှော်ပစ္စည်းကို ရအောင်ယူဖို့ ကြံထားတယ်ဆိုရင်... ကျွန်တော် လူကြီးမင်းရဲ့ အမည်နာမကို ရွတ်ဆိုပြီး အစီအရင်ကနေတစ်ဆင့် တင်ပြခွင့်ပြုပါ”
သူဟာ အရူးကို ယုံကြည်လေးစားသူဆီကနေ အကူအညီရဖို့ ထပ်ပြီးတော့ မတောင်းဆိုပါဘူး။ သူ အရင်က တောင်းဆိုခဲ့တာကို အရူးက အဖြေပေးခဲ့ပြီးပြီမလို့ ဒီအကြောင်းကို ထပ်တလဲလဲ ပြောနေဖို့ မလိုအပ်ပါဘူး။ မဟုတ်ရင် အရူးကို အပြစ်ပြုကောင်း ပြုနိုင်ပါတယ်။
အဲဒါကြောင့် အယ်ဂျာဟာ သူ ရှာတွေ့တာတွေကိုပဲ တင်ပြမယ်လို့ ရှင်းရှင်းလင်းလင်း ပြောပါတယ်။ တကယ်လို့ ဒီကိစ္စက ဆွဲဆောင်မှု အားကောင်းတယ်ဆိုရင် မစ္စတာအရူးကို ယုံကြည်လေးစားသူက သေချာပေါက် ပေါ်လာမှာပါ။
‘ဒီလိုလည်း ရတာပဲလား...’ အော်ဒရီဟာ မျက်လုံးပြူးသွားပါတယ်။
‘ငါ တင်ပြခွင့်ကို အရင်ဆုံး တောင်းခံသင့်တာ... အဲဒီလိုဆို မစ္စတာအရူးရဲ့ လမ်းညွှန်မှုကို မကြာမကြာ ရကောင်း ရနိုင်တယ်...’ သူမဟာ နောင်တနဲ့ တွေးလိုက်ပါတယ်။
လူတိုင်းရဲ့ အကြည့်အောက်မှာ ကလိုင်းဟာ နောက်မှီထိုင်ပြီး ခေါင်းအသာညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။
“ရတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။