မစ္စတာအရူးကို ချီးကျူးကြလော့
Vol. 18 Ch. 179
အယ်ဂျာဟာ အရူးဆီက အဖြေရလိုက်တဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အဲဒီနောက် သူဟာ ခေါင်းနှိမ့်ပြီး ရိုရိုကျိုးကျိုး ပြောပါတယ်။
“ဒီကိစ္စအတွက် ကျွန်တော် ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်”
‘ငါ မင်းကို ဘာလို့ ခွင့်ပြုတာလဲဆိုတော့ ခီးလုံဂို့စ် ရှာနေတဲ့ပစ္စည်းကို ငါလည်း စိတ်ဝင်စားလို့ပဲ... ဆုံမှတ် ၇ လေဆုမွန်ကို ဆုံမှတ် ၄ စွမ်းအား ရှိစေနိုင်တဲ့ ပစ္စည်းအကြောင်းကို ငါလည်း သိချင်တယ်... ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီးက ဘက်ကလင်မှာ ဘာလုပ်ချင်တာလဲ ဆိုတာကိုလည်း သိချင်တယ်...’ ကလိုင်းဟာ ဟန်မပျက်ထိုင်ရင်း ပြုံးလိုက်ပါတယ်။
‘ငါက ဆုတောင်းသံကို ကြားတာနဲ့ ကူညီမယ်လို့ ကတိပေးလိုက်တာမှ မဟုတ်တာ’ သူဟာ စိတ်ထဲမှာ အလေးတထား ပြောလိုက်ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ သူဟာ အရင်ကထက် ယုံကြည်ချက် ပိုရှိနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် မဟာမိတ် ရှိနေလို့ပါပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာအက်ဇစ်က လောလောဆယ် ဘက်ကလင်မှာ ရှိနေတယ် မဟုတ်ပါလား။
တကယ်လို့ လုံးဝ လိုအပ်လာမယ်ဆိုရင် ကလိုင်းဟာ ကြေးခရာသုံးပြီး အက်ဇစ်ဆီကနေ အကူအညီ တောင်းခံမှာပါ။ ဒီလိုဆိုပေမဲ့ သူဟာ တဲရော့ကလပ်အကြောင်းကိုတော့ ထည့်ပြောမှာ မဟုတ်ပါဘူး။ အဆက်အသွယ် တချို့ကနေ သတင်းရထားတယ်လို့ပဲ ပြောမှာပါ။
ဒီကိစ္စမှာ ပြဿနာ နှစ်ခု ရှိနေပါသေးတယ်။ ပထမပြဿနာက သူနဲ့ အက်ဇစ် ပူးပေါင်းဆောင်ရွက်တာ အတိုင်းအတာ တစ်ခုပဲ ရှိသေးတဲ့အတွက် အက်ဇစ် ကူညီ မကူညီက ပြောရခက်ပါတယ်။ သူက ခီးလုံဂို့စ်နဲ့ ခီးလုံဂို့စ် လိုက်နေတဲ့ ဆန်းကြယ်ရတနာကို စိတ်ဝင်စားရင်တော့ တစ်မျိုးပေါ့။
ဒုတိယ ပြဿနာက အက်ဇစ် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ သူ မသိပါဘူး။ အက်ဇစ်ကို အဆင့်မြင့် ဆုံမှတ် သာလွန်သူလို့ ယူဆရင်တောင် မှတ်ဉာဏ်ဆုံးရှုံးထားတဲ့အတွက် သူ့စွမ်းအား လျော့နည်းနေတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ အသိပညာက စွမ်းအားနဲ့ ညီမျှတဲ့အတွက် အသိပညာတွေ မေ့လျော့နေတာက အက်ဇစ်ရဲ့ စွမ်းအားကို သေချာပေါက် ကျဆင်းစေမှာပါ။
အဲဒါကြောင့် ကလိုင်းဟာ အက်ဇစ်က ငဆာမွတ် ကိုင်ဆောင်ထားတဲ့ ခီးလုံဂို့စ်ကို ရင်ဆိုင်နိုင်မလားဆိုတာ အာမ မခံရဲပါဘူး။ သူဟာ အက်ဇစ်ကို အန္တရာယ်ကြားထဲ မရောက်စေချင်တဲ့အတွက် လုံးဝ မလိုအပ်ဘူးဆိုရင် အက်ဇစ်ကို အကူအညီ မတောင်းချင်ပါဘူး။
‘အင်း... တွေးကြည့်ရင် ကြေးခရာနဲ့ ဆင့်ခေါ်လို့ရတဲ့ မစ္စတာအက်ဇစ်ရဲ့ ကြောက်စရာ တမန်က... မဟုတ်ဘူး... အဲဒါက စာပို့တမန်နဲ့ကို မတူဘူး... မကောင်းဆိုးဝါး အကြီးအကဲနဲ့ ပိုတူတယ်... အဲဒီတော့ မစ္စတာအက်ဇစ်က ငဆာမွတ်နဲ့ ခီးလုံဂို့စ်ကို မနိုင်ရင်တောင် သူ့ကိုယ်သူ ကာကွယ်ပြီး လူဇောက်ထိုး၊ မစ္စတရားမျှတမှုနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကယ်နိုင်လောက်တယ်...’
ကလိုင်းဟာ တွေးတောရင်းနဲ့ ဘယ်ခြေထောက်ပေါ် ညာခြေထောက်တင်ပြီး ကိုယ်ဟန် ပြင်လိုက်ပါတယ်။ သို့ပေမဲ့ သူဟာ ကုလားထိုင်ကို မှီထိုင်နေတုန်းပါ။
လူဇောက်ထိုး အယ်ဂျာဟာ အရူးကို ကြည့်ပြီး ထပ်ပြောပါတယ်။
“ကျွန်တော် ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီစာရွက်တချို့ကို ရတော့မယ်... နောက်တစ်ကြိမ် တွေ့ဆုံပွဲ ဒါမှမဟုတ် နောက်တစ်ကြိမ်ကျော် တွေ့ဆုံပွဲကျရင် ကျွန်တော် လူကြီးမင်းကို ပေးနိုင်မှာပါ”
မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ စီမံမှုအရ ပရစ်ဆိပ်ကမ်းဟာ ဘက်ကလင် ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့ နယ်ပယ်အတွင်းမှာ ရှိပါတယ်။ အဲဒါကြောင့် အယ်ဂျာဟာ ပြီးခဲ့တဲ့ ခရီးစဉ်အကြောင်း အစီရင်ခံတာကို အကြောင်းပြ မြို့တော်ထဲဝင်ပြီး ခီးလုံဂို့စ် ပေါ်လာတာကို စောင့်လို့ရပါတယ်။
ဘက်ကလင်က ပြီးခဲ့တဲ့ယုဂ် မကုန်ဆုံးခင်အထိ မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ ရုံးချုပ် ဖြစ်ခဲ့တာပါ။ လိုအင်နိုင်ငံ တည်ထောင်ပြီးမှပဲ သူတို့ရဲ့ သန့်စင်မွန်မြတ် ယဇ်ပလ္လင်ကို ဖာစူးကျွန်းဆီ ရွှေ့ခဲ့တာပါ။ အဲဒါကြောင့် ဘက်ကလင်မှာရှိတဲ့ မုန်တိုင်းအရှင် ဘုရားကျောင်းဟာ ဘုရားကျောင်းကြီး ၇ ကျောင်းရဲ့ ရုံးချုပ်တွေပြီးရင် ပထမအဆင့်အတန်းမှာ ရှိပါတယ်။ အဲဒါကြောင့် ဒီမုန်တိုင်းအရှင် ဘုရားကျောင်း ပိုင်ဆိုင်ထားတဲ့ သတင်းအချက်အလက်တွေကို တွေးကြည့်လို့ရပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ အယ်ဂျာဟာ သုတေသန အကြောင်းပြပြီး ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်တွေကို စုဆောင်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။ အခုအချိန်အထိ အဲဒီစာရွက်တွေကို ဘယ်သူမှ ဝှက်စာ မဖော်နိုင်သေးဘူး မဟုတ်ပါလား။
ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး ပျော်ရွှင်တဲ့ လေသံနဲ့..။
“ကောင်းတယ်”
ကလိုင်းဟာ အခုအချိန်မှာ ပျော်ရွှင်တာရော စိုးရိမ်တာရော နှစ်ခုလုံး ရောထွေး ခံစားနေရပါတယ်။ ပျော်ရွှင်တာကတော့ မကြာခင်မှာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်တွေကို ရတော့မှာမလို့ပါ။ ဒီဒိုင်ယာရီ စာရွက်တွေထဲမှာ အသုံးဝင်တဲ့ သတင်းအချက်အလက် တော်တော်များများ ပါကောင်း ပါနိုင်ပါတယ်။ စိုးရိမ်စိတ် ဝင်တာကတော့ လူဇောက်ထိုးကို ဘာပြန်ပေးရမလဲ မသိလို့ပါ။
လူဇောက်ထိုးက ဒိုင်ယာရီစာရွက်ထဲမှာပါတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားလား။ ဒါမှမဟုတ် ဒီဒိုင်ယာရီ စာရွက်တွေထဲမှာပါတဲ့ အကြောင်းအရာတွေက တန်ဖိုး လုံလုံလောက်လောက် ရှိရဲ့လားဆိုတာ သူ မသိပါဘူး။
‘အမြင်ဆရာတောင် ဒါကို ကြိုမသိနိုင်ဘူး... ယုံကြည်လေးစားသူနဲ့ သူ့ကို တကယ်ကြီး ကူညီရမှာလား...’ ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ်။
အော်ဒရီဟာ လူဇောက်ထိုးနဲ့ အရူး စကားပြောတာ ပြီးသွားတာ တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဝင်ပြောပါတယ်။
“ဂုဏ်သရေရှိ လူကြီးမင်း အရူး... ကျွန်မ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရရင် အချိန်မရွေး လူကြီးမင်းရဲ့ အမည်နာမကို ရွတ်ဆိုပြီး အစီအရင်နဲ့ သတင်းပေးလို့ရမလား”
‘အချိန်မရွေး... ကြည့်... မစ္စတရားမျှတမှုက စကားလုံးရွေးတာ သိပ်တော်တယ်... သူနဲ့ယှဉ်ရင် မင်းက စကား မပြောတတ်သေးဘူး... လူဇောက်ထိုး...’
ကလိုင်းဟာ ခေါင်းမသိမသာ ညိတ်ပြီး..။
“ရတယ်”
‘ဒါပဲ...’ အော်ဒရီဟာ တိတ်တဆိတ် လက်သီး ဆုပ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ သူတို့ စကားပြောတာကို တိတ်တိတ်လေး နားထောင်နေတဲ့ နေမင်း ဒဲရစ်ဘာ့ဂ်ကို လှည့်ကြည့်ပြီး အေးချမ်းတဲ့ လေသံနဲ့...။
“မင်းလည်း အတူတူပဲ”
“ဟုတ်ကဲ့ပါ မစ္စတာအရူး” ဒဲရစ်ဟာ ခေါင်းငုံ့လိုက်ပါတယ်။
ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်သွားပြီးနောက် အော်ဒရီက စကား စပြောပါတယ်။
“ကျွန်မ သက်တန့်ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်း လိုတယ်”
‘မနောဆက်သမား ဆေးရည်ရဲ့ အဓိကပါဝင်ပစ္စည်းလား...’ လူဇောက်ထိုး အယ်ဂျာဟာ ချင့်ချိန်စဉ်းစားသလိုမျိုး ခေါင်းအသာညိတ်လိုက်ပါတယ်။
“ကျွန်တော့်မှာ မရှိဘူး... အမှန်အတိုင်း ပြောရရင် ကျွန်တော် အဲဒါကို ပြဋ္ဌာန်း စာအုပ်ထဲမှာပဲ မြင်ဖူးတာ” နေမင်းဒဲရစ်ဟာ အလိုအလျောက် ဘာသာပြန်ပေးတဲ့ ငရဲတစ္ဆေဒရိတ် ဆိုတာကို ကြားလိုက်တာကြောင့် ဝင်ပြောပါတယ်။
‘ဘယ်လို ပြဋ္ဌာန်းစာအုပ်မျိုးက ဒီလိုမျိုး သဘာဝလွန် သတ္တဝါတွေအကြောင်း ထည့်ရေးထားတာလဲ... မနာလိုဖို့ ကောင်းလိုက်တာ... ငါဆို ဒီလိုမျိုး သတင်းအချက်အလက်တွေကို သာလွန်သူတွေ တွေ့ဆုံပွဲကနေ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဒါမှမဟုတ်ရင်လည်း ပုံပန်းပျက်နေတဲ့ စာရွက်တွေဆီကပဲ ရနိုင်တာ... သတင်းအချက်အလက်တွေက စနစ်တကျ မရှိဘူး... ငါ အသိပညာ ရှာဖွေတာမှာ အစီအစဉ် လိုတယ်... ငါ နောက်ကျရင် နေမင်းရဲ့ ပြဋ္ဌာန်းစာအုပ်ကို အလဲအလှယ်လုပ်ဖို့ နည်းလမ်း ရှာရမယ်... အို ဟုတ်သားပဲ... သူက ကဗျာစာဆို ဖော်မြူလာကို စိတ်ဝင်စားတာပဲ...’ အော်ဒရီဟာ နေမင်းကို နည်းနည်း မနာလို ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ အယ်ဂျာဟာ အရူးကို ကြည့်နေရာကနေ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အော်ဒရီကို ကြည့်ကာ တွေးတွေးဆဆ ပြောပါတယ်။
“ကျွန်တော် သက်တန့် ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်းကို ရကောင်း ရနိုင်တယ်”
အဲဒီနောက် အော်ဒရီဆီက စကားကို မစောင့်ဘဲ ထပ်ဖြည့်ပြောပါတယ်။
“ဒါပေမဲ့ အရင်ဆုံး ခီးလုံဂို့စ်ကို ရှာတွေ့ဖို့ လိုတယ်... အဲဒီအချိန်ကျရင် သက်တန့်ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်းက ကျွန်တော် ခင်ဗျားကို ပေးရမဲ့ အပိုဆုပဲ... မစ္စတရားမျှတမှု... ခင်ဗျား မသိလောက်ဘူး... ဒီသတ္တဝါတွေက မျိုးတုံးလုနီး ဖြစ်သွားပြီ... သူတို့တွေကို မြူခိုးပင်လယ်၊ ဘဆာ့ခ်ပင်လယ်နဲ့ ဆိုနီယာပင်လယ်က ရှေးဦးကျွန်းတွေမှာပဲ တစ်စွန်းတစ်စ တွေ့ရတော့တာ... ဒီရှေးဦးကျွန်းတွေရဲ့ တည်နေရာကို လူတော်တော်များများ သိကြတာ မဟုတ်ဘူး... ဟီးဟီး... ခင်ဗျား စိတ်ဝင်စားရင် ကျွန်တော်တို့တွေ အပေးအယူ လုပ်လို့ရတယ်... ကျွန်တော်က အဲဒီရှေးဦးကျွန်းတွေကို ဘယ်လိုသွားရမလဲဆိုတာ သိတဲ့လူတွေထဲမှာ ပါတယ်”
‘ငါလည်း အဲဒီ ရှေးဦးကျွန်းတွေကို စိတ်ဝင်စားတယ်...’ ကလိုင်းဟာ ဘာမှ ဝင်မပြောဘဲ ထိုင်နားထောင်ပါတယ်။
သက်တန့် ကင်းလိပ်ချောတွေ မျိုးတုံးသွားတာကို တွေးရင်း သူဟာ လူအိုကြီးနီးလ်နဲ့ နောက်ခဲ့တဲ့ နဂါးနဲ့ဘီးလူး ကာကွယ်ရေးအဖွဲ့အစည်း ဆိုတာကို ရုတ်တရက် တွေးမိလိုက်တာကြောင့် စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ်။
အော်ဒရီဟာ နားထောင်ရုံနဲ့တင် စိတ်လှုပ်ရှားသွားပါတယ်။ သူမဟာ ခံစားချက်တွေကို အမြန် ထိန်းသိမ်းပြီး...။
“ကျွန်မ အရင်တုန်းက ဒီရှေးဦးကျွန်းတွေကို ရှာဖွေပြီး မှတ်တမ်းတင်ဖို့ ခရီးထွက်မယ်လို့ အိပ်မက်မက်ဖူးတယ်”
‘အို အရှင်မ... တဲရော့ကလပ်က တော်တော် စွမ်းအားကြီးတာပဲ... အံ့ဩဖို့လည်းကောင်းတယ်... ရှေးဦးကျွန်းတွေရဲ့ တည်နေရာကို သိတဲ့လူကို ဆွဲသွင်းနိုင်တယ်... မစ္စတာအရူးကို ချီးကျူးကြလော့...’ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေကို မထိန်းသိမ်းနိုင်ဘဲ မျက်နှာမှာ အပြုံးပန်း ပွင့်သွားပါတယ်။
‘ရှေးဦးကျွန်းတွေ...’ ကလိုင်းဟာ တစ်ခဏ အေးခဲသွားပြီးနောက် ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီထဲက စာရွက်တစ်ရွက်ကို တွေးမိလိုက်ပါတယ်။ အဲဒီမှာ ဧကရာဇ်ရစ်ဆဲလ်က သူ့ကိုယ်သူ ပင်လယ်ဓားပြဘုရင်လိုမျိုး ရေးထားပါတယ်။
အဲဒီမှာ သူက သဘာဝလွန်သတ္တဝါတွေ အများကြီးရှိတဲ့ အမည်မဲ့ကျွန်းကို သူနဲ့ သူ့ရဲ့ မြင်းစီးစစ်သည်တော် လေးပါး မြူခိုးပင်လယ်ရဲ့ မလုံခြုံတဲ့ ရေလမ်းကြောင်းမှာ ခရီးနှင်ရင်း တွေ့ခဲ့တယ်လို့ ပြောထားပါတယ်။
‘အဲဒီကျွန်းက ရှေးဦးကျွန်းများလား... ကံမကောင်းချင်တော့ ဧကရာဇ်ရစ်ဆဲလ်က ကျွန်းတည်နေရာကို ဒိုင်ယာရီထဲမှာ ထည့်မရေးထားဘူး... နောက်စာရွက်တွေမှာ ပါတော့ ပါနိုင်တယ်... ဒါပေမဲ့ လောလောဆယ်မှာ ငါ ဒိုင်ယာရီစာရွက်တွေကို အစဉ်လိုက် တစ်ရွက်မှ မရသေးဘူး...’ ကလိုင်းဟာ စိတ်မချမ်းမသာ ဖြစ်သွားသလို မျှော်လည်း မျှော်လင့်မိလိုက်ပါတယ်။
နေမင်းဒဲရစ်ဟာ မြူခိုးပင်လယ်၊ ဘဆာ့ခ်ပင်လယ်၊ ဆိုနီယာပင်လယ်နဲ့ ရှေးဦးကျွန်းဆိုတဲ့ အသုံးအနှုန်းတွေကို ကြားပြီး ခေါင်းရှုပ်သွားပါတယ်။
သူဟာ မစ္စတရားမျှတမှုနဲ့ မစ္စတာလူဇောက်ထိုးက တခြားကမ္ဘာမှာ နေတာလို့ ပိုပိုပြီးတော့ ခံစားလာရပါတယ်။
အော်ဒရီဟာ သူမကိုယ်သူမ ပြန်ထိန်းသိမ်းပြီးနောက် စိတ်ဝင်တစား မေးပါတယ်။
“သက်တန့် ကင်းလိပ်ချောက မျိုးတုံးလုနီး ဖြစ်သွားပြီဆိုတော့ ပွဲကြည့်သမား လမ်းကြောင်းက မကြာခင် ပြတ်သွားတော့မှာလား”
“မပြတ်ပါဘူး... အစားထိုးလို့ရတဲ့ ပစ္စည်းတွေ သေချာပေါက် ရှိလိမ့်မယ်” အယ်ဂျာဟာ အခိုင်အမာ ဖြေပါတယ်။
“ဘယ်ပစ္စည်းတွေနဲ့ အစားထိုးတာလဲ” အော်ဒရီရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။
အယ်ဂျာဟာ ခေါင်းခါပြီး...။
“ကျွန်တော်လည်း မသိဘူး... စိတ်ပညာ အဂ္ဂိရတ်သမားတွေတော့ သိချင် သိလိမ့်မယ်”
“အဲဒါဆို ရှင်က အစားထိုးပစ္စည်းတွေ ရှိလိမ့်မယ်လို့ ဘာလို့ အတပ် ပြောနိုင်ရတာလဲ” အော်ဒရီဟာ ဒီအကြောင်းအရာကို နားမလည်နိုင်ပါဘူး။
အယ်ဂျာဟာ ရယ်လိုက်ပါတယ်။
“အချိန်တန်ရင် ခင်ဗျား နားလည်လာလိမ့်မယ်... ဒါမှမဟုတ် အဲဒီ သတင်းအချက်အလက်အတွက် အခု ခင်ဗျားမှာ လဲလှယ်စရာ ရှိလား”
“ကျွန်မ စောင့်လိုက်တာ ပိုကောင်းမယ် ထင်တယ်” အော်ဒရီဟာ နှုတ်ခမ်းစူပြီး သက်ပြင်းချလိုက်ပါတယ်။ မစ္စတာအရူးကို မေးချင်တဲ့ အကြံကိုလည်း ဖျက်လိုက်ပါတယ်။
‘ငါ ဒီဟာကို လောလောဆယ် သိရလည်း ဘာမှ အသုံးမဝင်ဘူး... လူဇောက်ထိုးက သေချာပေါက် နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်းနဲ့ ပတ်သက်တာ တစ်ခုခု တောင်းဆိုမှာပဲ... ငါ ဒီကိစ္စထဲမှာ အများကြီး ဝင်ပါလို့ မဖြစ်ဘူး...’ အော်ဒရီဟာ သူမရဲ့ ထက်မြက်မှုကို သူမကိုယ်သူမ ချီးကျူးလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ မစ္စတာအရူးက တော်တော်လေး စိတ်ပျက်သွားလိမ့်မယ်လို့ သူမ ဘယ်လိုမှ တွေးမိမှာ မဟုတ်ပါဘူး။
ကလိုင်းဟာ အယ်ဂျာ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ဒီလိုကိစ္စတွေမှာ အကူအညီအဖြစ်ဆုံး မစ္စတရားမျှတမှုက အလဲအလှယ် မလုပ်ဖို့ ရွေးချယ်လိုက်ပါတယ်။
တကယ်လို့ သူတို့တွေ အလဲအလှယ်လုပ်ရင် ဘယ်လိုနည်းလမ်းနဲ့ပဲလုပ်လုပ် ဒီအကြောင်းအရာကို သူ့ဆီကနေ ကွယ်ဝှက်ထားလို့ရမှာ မဟုတ်ပါဘူး။
‘အင်း... သက်တန့် ကင်းလိပ်ချောက မျိုးတုံးလုနီး ဖြစ်နေတာတောင် စိတ်ပညာ အဂ္ဂိရတ်သမားတွေက ဒီဖော်မြူလာကို ပေးတုန်းပဲ... အဲဒီတော့ စိတ်ပညာ အဂ္ဂိရတ်သမားတွေက ရှေးဦးကျွန်း တစ်ကျွန်းကျွန်းရဲ့ တည်နေရာကို သိနေတာလား... ဒါမှမဟုတ် ရှေးဦးကျွန်း တည်နေရာသိတဲ့ အဖွဲ့အစည်းတစ်ခုခုနဲ့ ပူးပေါင်းဆောင်ရွက်နေတာလား’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
အချင်းချင်း အလဲအလှယ်လုပ်လို့ ပြီးသွားတဲ့အခါ ကလိုင်းဟာ တစ်ချက် ဝေ့ကြည့်ပြီးနောက် နေမင်းကို ကြည့်ကာ ညင်သာတဲ့လေသံနဲ့ မေးပါတယ်။
“ငွေမြို့တော်မှာ ဘုရားသခင်ကို ကိုးကွယ်ကြသေးလား”
ကလိုင်းဟာ ပုံမှန် ညသိမ်းငှက် အဖွဲ့ဝင်သာသာ ဖြစ်တဲ့အတွက် နက်နဲတဲ့ ဂမ္ဘီရအသိပညာတွေကို လက်လှမ်းမမီပါဘူး။ ဥပမာပြောရရင် ယဇ်ပူဇော်တဲ့ အစီအရင်တွေပါ။ အဲဒါကြောင့် ယဇ်ပူဇော်တာကို ပိုပြီးတော့ နားလည်အောင် ပစ္စည်းတွေကို မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကထဲ ရွှေ့နိုင်အောင် ကလိုင်းဟာ ဒီအသိပညာကို တခြားရင်းမြစ်တွေကနေ တတ်နိုင်သလောက် မြန်မြန် လေ့လာဖို့ လိုအပ်နေပါတယ်။
သူဟာ သေချာ တွေးတောစဉ်းစားပြီးနောက် နည်းလမ်းသုံးခု ထွက်လာပါတယ်။ ပထမနည်းလမ်းကတော့ အစီအရင်မှော်ပညာမှာ ကျွမ်းကျင်ပြီး ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်တဲ့ ဝိညာဉ်လမ်းပြဒေလီကို မေးဖို့ပါ။ ဒါပေမဲ့ ဒီနည်းလမ်းက ဒေလီဆီကနေ သံသယဝင်တာ ခံရနိုင်ပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ သင့်တော်တဲ့ အခွင့်အရေးကိုပဲ စိတ်ရှည်လက်ရှည် စောင့်ရပါတယ်။
ဒုတိယနည်းလမ်းကတော့ မစ္စတာအက်ဇစ်ကို မေးဖို့ပါ။ ဒါပေမဲ့ မစ္စတာအက်ဇစ်က ဒီအသိပညာတွေကို ပြန်မှတ်မိမလားဆိုတာ မသေချာပါဘူး။
တတိယနည်းလမ်းကတော့ ငွေမြို့တော်မှာနေတဲ့ နေမင်းကို သွယ်ဝိုက်ပြီး မေးမြန်းဖို့ပါ။
ကလိုင်းဟာ သူ့ရဲ့ ပုံရိပ်ကို ထိန်းသိမ်းရင်း ဘယ်လို မေးမြန်းရမလဲဆိုတာ စဉ်းစားထားပြီးပါပြီ။ အဲဒါက သူ့မေးခွန်းကို နတ်ဘုရားတွေနဲ့ ချိတ်ဆက်လိုက်ဖို့ပါ။
ဒဲရစ်ဟာ တလေးတစား ပြန်ဖြေပါတယ်။
“ကျွန်တော်တို့တွေ အရာအားလုံးကို ဖန်တီးတဲ့ အတုမဲ့တဲ့ အနှိုင်းမဲ့တဲ့ ဘုရားသခင်ကို ကိုးကွယ်တုန်းပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။