← Chapters

ဉာဏ်ကောင်းတဲ့လူက အမြဲတမ်း အတွေးလွန်တယ်

Vol. 18 Ch. 180

ဉာဏ်ကောင်းတဲ့လူက အမြဲတမ်း အတွေးလွန်တယ်

Vol. 18 Ch. 180

အရူးရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ အော်ဒရီဟာ နားစွင့်ပြီး ပွဲကြည့်သမား အခြေအနေထဲ ဝင်ကာ နေမင်းရဲ့ အဖြေကို စောင့်စားပါတယ်။

သူမဟာ ငွေမြို့တော် ဘယ်မှာရှိနေလဲ ဘာတွေ ထူးခြားလဲဆိုတာကို အမြဲတမ်း သိချင်နေတာပါ။ ဒါပေမဲ့ ဒီဟာက‌ နေမင်းရဲ့ ကိုယ်ရေးကိုယ်တာဆိုတော့ မမေးဖြစ်ခဲ့ပါဘူး။

အဲဒီအချိန်မှာ မစ္စတာအရူးက ကိုယ်တိုင် မေးလိုက်တော့ သူမ တော်တော်ကြာအောင် စွဲဖတ်နေတဲ့ စုံထောက်ဝတ္ထု ပထမပိုင်း ပြီးသွားလို့ နောက်တစ်ပိုင်း ဝယ်ဖတ်ဖို့ အခွင့်အရေး ရသွားသလိုပါပဲ။

နေမင်းရဲ့ အဖြေက သူမကို စိတ်မပျက်စေပါဘူး။ သူတို့တွေက လမ်းမှန် နတ်ဘုရား ၇ ပါးကို မကိုးကွယ်ကြသလို တောင်ပိုင်းတိုက်သားတွေလိုမျိုး သေခြင်းကိုလည်း မကိုးကွယ်ကြပါဘူး။ သူတို့တွေက လျှို့ဝှက်တည်ရှိမှုတွေ၊ မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေဖြစ်တဲ့ လောကဦးနတ်ဆိုးမ၊ ကွယ်ဝှက်ပညာရှိ၊ စကြဝဠာအမှောင်ခြမ်း၊ နှောင်ဖွဲ့ခံနတ်ဘုရား၊ ဖန်တီးရှင်စတာတွေကိုလည်း မကိုးကွယ်ကြပါဘူး။

‘ငွေမြို့တော်က တကယ်ကို ထူးခြားတာပဲ... သူတို့တွေက ဖန်တီးရှင်ကိုယ်တိုင်ကို ကိုးကွယ်ကြတာ... ဒါက လူဇောက်ထိုး ငါ့ကိုပြောပြထားတဲ့ ရှေးဟောင်းကိုးကွယ်မှုပဲ... အင်း... အနှိုင်းမဲ့တယ်လို့ ပြောတာကတော့ နည်းနည်း ထူးဆန်းတယ်...’ အော်ဒရီဟာ လူဇောက်ထိုးကို တစ်ချက် ကြည့်လိုက်တဲ့အခါ လူဇောက်ထိုးက မသိမသာ ခေါင်းညိတ်တာ တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ ဒီအဖြေကို ကြားရလို့ မအံ့ဩပါဘူး။ သူဟာ တစ်ချက်ရယ်ပြီး ထပ်မေးပါတယ်။

“သူက မင်းတို့ကို စွန့်ပစ်သွားတာတောင် ကိုးကွယ်နေတုန်းပဲလား...”

‘စွန့်ပစ်သွားတယ်... ဖန်တီးရှင်က ငွေမြို့တော်ကို စွန့်ပစ်သွားတယ်...’ အယ်ဂျာဟာ တအံ့တဩ ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို အသုံးအနှုန်းတစ်ခုနဲ့ ချိတ်ဆက် တွေးမိလိုက်ပါတယ်။

‘နတ်ဘုရား စွန့်ပစ်နယ်မြေ’

မုန်တိုင်းအရှင် ဘုရားကျောင်းမှာ အယ်ဂျာရဲ့ ကပ္ပတိန် လုံခြုံရေး အခွင့်အာဏာက ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့ လုံခြုံရေး အခွင့်အာဏာနဲ့ ညီမျှပါတယ်။ သူရဲ့ လုံခြုံ‌ရေး အခွင့်အာဏာနဲ့ လက်လှမ်းမီသလောက် မုန်တိုင်းအရှင် ဘုရားကျောင်းက လျှို့ဝှက် သတင်းအချက်အလက်တွေထဲမှာ နတ်ဘုရားစွန့်ပစ်နယ်မြေဆိုတာက နာမည်ပဲပါပြီး ဘယ်လိုပုံစံမျိုးရှိတယ် ဆိုတာ မဖော်ပြထားပါဘူး။

သို့ပေမဲ့ ဆိုနီယာပင်လယ်ရဲ့ အဆုံးသတ်မှာ တည်ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ညွှန်ပြထားပါတယ်။ သူ သိသလောက် ဘုရားကျောင်းက ရေဖျန်း ဘုန်းတော်ကြီးတွေတောင် နတ်ဘုရား စွန့်ပစ်နယ်မြေက ဘာကို ရည်ညွှန်းမှန်း မသိကြပါဘူး။ ပုပ်ရဟန်းမင်းကြီးနဲ့ မုန်တိုင်းအရှင်ရဲ့ ကိုယ်စားလှယ်ပဲ တစ်ခုခုကို သိထားပြီး နတ်ဘုရားစွန့်ပစ်နယ်မြေကို ရှာဖွေဖို့ ကြိုးစားကြပါတယ်။

အယ်ဂျာဟာ အော်ရိုရာဂိုဏ်း ပြောနေတဲ့ ဖန်တီးရှင်ရဲ့ သန့်စင်မွန်မြတ် ဗိမာန်တော်နဲ့ နတ်ဘုရားစွန့်ပစ်နယ်မြေက အတူတူပဲလို့ မှန်းဆဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မစ္စတာအရူးက အတည်ပြု မပေးတဲ့အတွက် သူ့ခန်းမှန်းချက် မှန်မမှန်ဆိုတာ မသိရပါဘူး။

အခုအချိန်မှာတော့ သူဟာ တဲရော့ကလပ်အဖွဲ့ဝင် နေမင်းက နတ်ဘုရားစွန့်ပစ်နယ်မြေက ဖြစ်ဖို့များတယ်ဆိုတာ သိလိုက်ရတဲ့အတွက် အံ့ဩတုန်လှုပ် သွားပါတယ်။

‘မစ္စတာအရူးက နတ်ဘုရား စွန့်ပစ်နယ်မြေ ဘယ်မှာရှိလဲဆိုတာ သိနေခဲ့တာပဲ... သူက နတ်ဘုရား စွန့်ပစ်နယ်မြေမှာရှိတဲ့ လူကို တွေ့ဆုံပွဲထဲ ဆွဲသွင်းနိုင်တယ်... ဒီနေရာက မုန်တိုင်းအရှင် ဘုရားကျောင်း အသည်းအသန် ကြိုးစားရှာဖွေပေမဲ့ သဲလွန်စတောင် ရှာမတွေ့တဲ့ လျှို့ဝှက်နေရာပဲ’

အယ်ဂျာဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ အရူးကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်တဲ့အခါ ထူထဲတဲ့ မြူခိုးတွေ လွှမ်းမိုးနေတဲ့ အရူးက ကုလားထိုင်မှာ တိတ်တဆိတ် နောက်မှီထိုင်နေတာ တွေ့လိုက်ရပါတယ်။

အော်ဒရီကတော့ သိပ်ပြီးတော့ စိတ်မလှုပ်ရှားပါဘူး။ သူမဟာ နတ်ဘုရား စွန့်ပစ်နယ်မြေဆိုတဲ့ အသုံးအနှုန်းကို မစ္စတာလူဇောက်ထိုးရဲ့ မေးခွန်းကနေပဲ ကြားဖူးတဲ့အတွက် မစ္စတာအရူးရဲ့ စကားကို နတ်ဘုရား စွန့်ပစ်နယ်မြေနဲ့ ဆက်စပ် မတွေးမိပါဘူး။

‘ငွေမြို့တော်မှာ ဖန်တီးရှင် စွန့်ပစ်တာခံရတဲ့ ဒဏ္ဍာရီ ရှိတာလား... ဟမ်... မစ္စတာ လူဇောက်ထိုးက ဘာဖြစ်တာလဲ... ဘာကို အံ့အားသင့်ပြီး ဘာကို ကြောက်သွားတာလဲ’ အော်ဒရီဟာ အသေးစိတ် အချင်းအရာတွေကို တွေးတောရင်း ဝေခွဲမရ ခေါင်းညိတ်လိုက်ပါတယ်။

“ဟုတ်ပါတယ်... ကျွန်တော်တို့တွေ နောက်ဆုံးကျရင် ဖန်တီးရှင်ရဲ့ မျက်နှာသာပေးမှုကို ပြန်ရမယ်လို့ ယုံကြည်ကြတယ်... အဲဒီနေ့က နေမင်း နောက်ထပ် ထွက်ပေါ်လာတဲ့အချိန် ဖြစ်နိုင်တယ်” ဒဲရစ်ဘာ့ဂ်ဟာ မရေရာတဲ့ လေသံနဲ့ အဖြေပေးပါတယ်။

“တစ်ခါတုန်းက ကျွန်တော်တို့ကို တော်ဝင်ဘီလူးမိသားစုက အုပ်ချုပ်ခဲ့တယ်... အဲဒါကြောင့် ကျွန်တော်တို့တွေ ဘီလူးဘုရင် အော်မီယာကို ကိုးကွယ်ခဲ့ကြတယ်... နောက်ပိုင်း အရှင်က ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တယ်... အဲဒါကြောင့် ကျွန်တော်တို့တွေ အရှင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

‘တော်ဝင်ဘီလူး မိသားစုက အုပ်ချုပ်ခဲ့တယ်... တကယ့်ကို ရှေးကျတာပဲ... ဒါပေမဲ့ လွဲနေသလိုပဲ...’ တစ်စုံတစ်ခုကို ခန့်မှန်းမိပုံရှိတဲ့ အယ်ဂျာဟာ မုန်တိုင်းစာအုပ်ရဲ့ လျှို့ဝှက်အခန်းထဲမှာ ဒုတိယယုဂ်အကြောင်း ရေးထားတာကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

ဒုတိယယုဂ်က လူသားတွေရဲ့ အမှောင်ယုဂ်လို့လည်း သိကြပါတယ်။ အဲဒီအချိန်တုန်းက မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကို နဂါးတွေ၊ ဘီလူးတွေ၊ နတ်သူငယ်တွေ၊ မျိုးပြောင်းတွေ၊ နတ်ဆိုးတွေ၊ ဖီးနစ်တွေ၊ နတ်ဆိုးဝံပုလွေတွေနဲ့ ဝိညာဉ်သေတွေက စိုးမိုးထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ မုန်တိုင်းအရှင်၊ အနှိုင်းမဲ့တောက်ပတဲ့ နေမင်းနဲ့ အသိဉာဏ်ပညာ နတ်ဘုရားတို့က လူသားမျိုးနွယ်စုကို ဦးဆောင်ပြီး ဒီသဘာဝလွန် သတ္တဝါတွေကို တိုက်ခိုက် အနိုင်ယူကာ ဂုဏ်ကျက်သရေခေတ် နောက်ပိုင်းမှာ ကပ်ဘေးယုဂ်လို့ ကျော်ကြားတဲ့ တတိယယုဂ်ကို ထူထောင်ခဲ့ပါတယ်။

‘ဘီလူးဘုရင် အော်မီယာ...’ ကလိုင်းဟာ ဒီနာမည်ကို စိတ်ထဲမှာ ရေရွတ်မိလိုက်ပါတယ်။

ရိုးရာပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေထဲမှာ ဘီလူးဘုရင် အော်မီယာက နတ်ဘုရားတွေနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခုပါ။ အခုအချိန်အထိအောင် တချို့နေရာတွေမှာ သူ့ကို ကိုးကွယ် ယုံကြည်နေကြတုန်းပါ။ အင်ထစ်သမ္မတနိုင်ငံရဲ့ နာမည် အကြီးဆုံးနဲ့ ဈေးအကြီးဆုံး စပျစ်ဝိုင်က သူ့ကို ဂုဏ်ပြုပြီး ပေးထားတာပါ။ သူက သွေးနဲ့တူတဲ့ စပျစ်ဝိုင်ကို တော်တော်လေး ကြိုက်တယ်လို့ ပြောကြပါတယ်။

‘တိုက်ခိုက်ရေး နတ်ဘုရား ဘုရားကျောင်းက ဘီလူးတွေ ပိုင်ဆိုင်ခဲ့တဲ့ စစ်သည်တော် လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ထားတာဆိုတော့ အော်မီယာက တိုက်ခိုက်ရေး နတ်ဘုရားများလား...’ ကလိုင်းဟာ ခန့်မှန်းချက် ထုတ်လိုက်ပါတယ်။

သူဟာ တမင် ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းကို ဆက်မမေးတော့ဘဲ သူ တကယ် သိချင်တဲ့ဟာကို မေးမြန်းပါတယ်။

“မင်းတို့တွေ အဲဒီ အနှိုင်းမဲ့တဲ့ နတ်ဘုရားကို ယဇ်ပူဇော်ကြသေးလား”

“ပူဇော်ကြပါတယ်... ဒါပေမဲ့ ကျွန်တော်တို့တွေ စွန့်ပစ်ခံရတဲ့နေ့ကစပြီး ဘာတုံ့ပြန်မှုမှ မရတော့ဘူး” ဒဲရစ်ရဲ့ အသံဟာ ကွယ်ဝှက်မထားတဲ့ နာကျင်မှု တစ်စွန်းတစ်စ ပါဝင်နေပါတယ်။

ကလိုင်းဟာ ကုလားထိုင်မှာ အေးအေးလူလူ နောက်မှီထိုင်ပြီး မျက်လုံးကို တစ်ဝက်မှိတ်ကာ...။

“မင်းတို့တွေ ပူဇော်တဲ့ အစီအရင်ကို အသေးစိတ် ပြောပြ...”

‘မစ္စတာအရူးက ငွေမြို့တော် စွန့်ပစ်ခံရတဲ့ နောက်ကွယ်က အမှန်တရားကို သိချင်လို့လား... ဒါမှမဟုတ် ဖန်တီးရှင် ရှိသေးလားဆိုတာ အတည်ပြုချင်လို့လား...’ အယ်ဂျာဟာ ရုတ်တရက်ဆိုသလို တဆတ်ဆတ် တုန်ပြီး လန့်သွားပါတယ်။

သူဟာ လန့်လည်း လန့်သလို စိတ်လှုပ်ရှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုရားတွေကြားက လျှို့ဝှက်ချက်တွေကို တစ်စွန်းတစ်စ သိခွင့်ရလာလို့ပါ။ ဒါက သူ့ကို နောက်တစ်ဆင့် ရောက်သွားစေတယ်လို့ ခံစားရစေပါတယ်။

‘ငါ့ဘဝတစ်လျှောက်လုံး အာဏာနဲ့ စွမ်းအားနောက်ကို လိုက်ခဲ့တာ... ဒီလိုမျိုး ခံစားရဖို့ မဟုတ်ဘူးလား...’

အယ်ဂျာဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး မေးမော့ကာ အတွေးရေယာဉ်ကြောထဲ မျောသွားပါတယ်။

‘မစ္စတာ လူဇောက်ထိုးရဲ့ စိတ်အခြေအနေက သာမန်မဟုတ်ဘူး...’ အော်ဒရီဟာ နှမြောတသဖြစ်တဲ့ မျက်လုံးနဲ့ အယ်ဂျာကို ကြည့်လိုက်ပါတယ်။

နောက်ဆုံးမှာ သူမဟာ မစ္စတာအရူးနဲ့ နေမင်းတို့ ပြောနေတဲ့ စကားတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တစ်ခုခုကြောင့် လူဇောက်ထိုး စိတ်မတည်ငြိမ်တာကို နားလည်သွားပါတယ်။

‘ခီးလုံဂို့စ်ကိစ္စ ပြီးသွားရင် ဒီနေ့ မစ္စတာ လူဇောက်ထိုး သိသွားတာကို သိရဖို့ ငါ အလဲအလှယ် လုပ်ရမယ်... သူက အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိပါ့မလား မသိဘူး...’ အော်ဒရီဟာ မျှော်လင့်ချက်နဲ့ တွေးရင်း နည်းနည်း စိုးရိမ်သွားပါတယ်။

ဒဲရစ်ဟာ သူ ပြောနေတဲ့ စကားတွေရဲ့ နောက်ကွယ်က အလေးချိန်ကို မသိဘဲ ရိုးရိုးသားသား ဖြေပါတယ်။

“ကျွန်တော်တို့တွေ အရှင်ရဲ့ သင်္ကေတတွေ ပြည့်နေတဲ့ ခမ်းနားထည်ဝါတဲ့ ယဇ်ပလ္လင်ကို တည်ဆောက်တယ်... ကျွန်တော်တို့တွေ မျက်နှာမည်းမြက် များများစားစားရတိုင်း ယဇ်ပူဇော်ပွဲ လုပ်တယ်”

“နက်ရှိုင်းတဲ့ အမှောင်ထုထဲက ကျွန်တော်တို့တွေ ဖမ်းမိတဲ့ မွန်းစတားတွေကို ယဇ်ပူဇော်ပစ္စည်းအဖြစ် သုံးတယ်... ကျွန်တော်တို့တွေ ဘုရားသခင်ရဲ့ နာမတော်နဲ့ လိုအပ်တဲ့ ဆုတောင်းစကားကို ရွတ်ဆိုပြီးရင် သူ့အတွက် ကပြ ဖျော်ဖြေတယ်... ပြီးရင် မွန်းစတားတွေကို သတ်ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်နဲ့သွေးကို ယဇ်ပလ္လင်မှာ စွန်းထင်းစေတယ်... တကယ်လို့ ကျွန်တော်တို့တွေ မွန်းစတား တစ်ကောင်မှ ဖမ်းမမိဘူးဆိုရင် ငွေမြို့တော် အကျဉ်း‌ထောင်ရဲ့ အနိမ့်ဆုံးအထပ်က အပြစ်သားကို သုံးတယ်”

“အဲဒါတွေ ပြီးသွားရင် ကျွန်တော်တို့ ခူးဆွတ်ထားတဲ့ မျက်နှာမည်းမြက်တွေရဲ့ ပထမဦးဆုံးအသုတ်ကို အစားအစာလုပ်ပြီး အရှင်ရဲ့ ရှေ့တော်မှောက်မှာ ပူဇော်တယ်”

“နောက်ဆုံးကျရင် ကျွန်တော်တို့တွေ ချီးကျူးစကားကို သံပြိုင် သီဆိုပြီး အစီအရင်ကို အဆုံးသတ်တယ်”

‘ငါက ငါ့ကိုယ်ငါ ယဇ်ပူဇော်မှာဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ရတယ်... ယဇ်ပလ္လင်ကလည်း ရိုးရှင်းလေ ကောင်းလေပဲ... အရေးအကြီးဆုံးက မွန်းစတားရဲ့ စိတ်ဝိညာဉ်စွမ်းအား ဒါမှမဟုတ် သာလွန်စွမ်းအား ရှိတဲ့ သွေးရဲ့ အကူအညီနဲ့ လမ်းကြောင်းဖွင့်ပြီး ယဇ်ပူဇော်တာ အောင်မြင်ဖို့ပဲ... ဒီလိုဆိုပေမဲ့ ဒါက တုံ့ပြန်မှုရမှ လုပ်လို့ရမှာ... တော်တော် ကရိကထများမှာပဲ...’

ကလိုင်းဟာ သူ့ရဲ့ ဂမ္ဘီရ အသိပညာနဲ့ ငွေမြို့တော်ရဲ့ ယဇ်အစီအရင်ကို တစ်ဆင့်ချင်း စိစစ်သုံးသပ်ပြီး နောက်ဆုံးမှာ ထပ်မေးပါတယ်။

“ဆုတောင်းစကားက ဘာလဲ... ဘယ်ဘာသာစကားနဲ့ ရွတ်ဆိုတာလဲ”

ဒဲရစ်ကလည်း ဒါကို စောင့်နေတာပါ။ သူဟာ မစ္စတာအရူးဆီကနေ ကျိန်စာကို ဘယ်လို ဖယ်ရှားရမလဲဆိုတာ အရိပ်အမြွက် သိချင်နေပါတယ်။ အဲဒါကြောင့် သေချာ စဉ်းစားပြီး အဖြေပေးပါတယ်။

“ကျွန်တော်တို့တွေ ကျွန်တော်တို့ သုံးနေကျ ဂျိုဒင်ကိုပဲ သုံးတယ်”

“ဆုတောင်းစကားက...”

“အရှင်ရဲ့ သစ္စာရှိ ကိုးကွယ်သူတွေကို အရှင် ကြည့်ရှုစောင်မပါစေ”

“သူတို့ရဲ့ ပူဇော်မှုတွေကို အရှင်လက်ခံပါစေ”

“အရှင်နိုင့်ငံတော်ရဲ့ ဂိတ်တံခါးကို ဖွင့်လှစ်ပေးတော်မူပါ”

...

ကလိုင်းဟာ တိတ်တဆိတ် နားထောင်ရင်း သူ့ကို ဖုံးအုပ်ထားတဲ့ မြူခိုးတွေကို သူ့ဘေးပတ်လည်မှာ ဖြည်းဖြည်းချင်း လည်သွားအောင် တမင် လုပ်လိုက်ပါတယ်။ သူဟာ သေသေချာချာ တွေးတော စဉ်းစားနေသလိုမျိုး ‌ခေါင်းညိတ်ပြီး တိတ်တဆိတ်ပဲ ဆက်နေပါတယ်။

ဒီအကြောင်းအရာကနေ သူ ဘာကို သိလိုက်ရလဲ ဆိုတာကတော့ သူ ထုတ်ပြောမှာ မဟုတ်ပါဘူး။

အယ်ဂျာဟာ ဒါက သာမန်ပဲလို့ ခံစားရပါတယ်။ နတ်ဘုရားတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို သေမျိုးဆီ တိုက်ရိုက်ဖွင့်ချလို့ ဘယ်ဖြစ်မလဲ။

ဒဲရစ်ဟာလည်း စွမ်းအားမြန်မြန်ကြီးလာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါမှ မစ္စတာအရူး စိတ်ဝင်စားတဲ့ အရာတစ်ခုခုကို ရယူနိုင်စွမ်း ရှိလာပြီး မစ္စတာအရူးဆီက လမ်းညွှန်မှုကို ရယူနိုင်မယ် မဟုတ်ပါလား။

နောက်ထပ် စကား နည်းနည်းပါးပါး ပြောဆိုပြီးနောက် ကလိုင်းဟာ တွေ့ဆုံပွဲကို အဆုံးသတ်လိုက်ပါတယ်။ သူဟာ တရားမျှတမှု၊ လူဇောက်ထိုးနဲ့ နေမင်းတို့ သူ့ရှေ့ကနေ ပျောက်ကွယ်သွားတာကို ထိုင်ကြည့်နေပါတယ်။

သူဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါ အပြောကျယ်လှတဲ့ မီးခိုးရောင် မြူခိုးတွေနဲ့ ထာဝရ ပြောင်းလဲပုံမရတဲ့ ကြက်သွေးရောင်ကြယ်တွေကို တွေ့လိုက်ရပါတယ်။ သို့ပေမဲ့ သူ ဆုံမှတ် ၈ ကို တက်ပြီးနောက်ပိုင်း ကြက်သွေးရောင် ကြယ်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက်လို့ ရလာပါတယ်။ တခြားစကားနဲ့ ပြောရရင် သူ နောက်ထပ် အဖွဲ့ဝင်တွေကို ဆွဲသွင်းလို့ ရလာပါတယ်။

‘အနည်းဆုံး နှစ်ယောက်ပဲ...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။

သူဟာ အဖွဲ့ဝင်အသစ် ထပ်ထည့်ဖို့ အလျင်မလိုပါဘူး။ အရင်တုန်းကအတိုင်း ဆက်လုပ်ဖို့ စီစဉ်ထားပါတယ်။ သူဟာ ပထမဆုံး စောင့်ကြည့် စစ်ဆေးမှာပါ။ တရားမျှတမှုနဲ့ လူဇောက်ထိုးက ထောက်ခံတဲ့ လူတွေရှိရင်တော့ သူတို့ကို အရင်ဆုံး အကဲခတ်မှာပါ။

‘ငါ နေမင်း ဆုတောင်းတာကို မြင်ခဲ့တဲ့ အရင်အခေါက်တွေတုန်းက သူ့ရှေ့မှာ သလင်းလုံးတစ်လုံး ရှိတယ်... ဒါပေမဲ့ ငါ သူ့ကို မီးခိုးရောင်မြူခိုးထက်က လောကထဲ ဆွဲသွင်းပြီးနောက်ပိုင်း အဲဒီသလင်းလုံးက ထပ်ပေါ်မလာတော့ဘူး... လူတွေကို ကြက်သွေးရောင်ကြယ်ကနေ ဆွဲသွင်းဖို့က သူတို့ဘေးမှာ ထူးခြားပစ္စည်းတစ်ခုခု ရှိဖို့ လိုအပ်တာလား... ဒါမှမဟုတ် ကြက်သွေးရောင်ကြယ်တိုင်းက လက်တွေ့လောကမှာရှိတဲ့ ပစ္စည်းတစ်ခုဆီကို ကိုယ်စားပြုပြီး ဆက်သွယ်မှု အောင်မြင်ရင် အဲဒီပစ္စည်းက မီးခိုးရောင်မြူခိုးထက်ကို ပြန်ရောက်လာတာလား...’

‘မစ္စတရားမျှတမှုနဲ့ မစ္စတာလူဇောက်ထိုးလည်း အဲဒီအတိုင်းပဲလား မသိဘူး... အင်း... အဲဒီအတိုင်းပဲလို့ တွေးကြည့်မယ်... အဲဒီလိုဆိုရင် ဒီထူးခြားပစ္စည်းမရှိတဲ့လူတွေက... ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး၊ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ၊ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်လို့ ရွတ်ဆိုလို့ သူတို့ရဲ့ ဆုတောင်းစကားတွေကို ငါ ကြားရရင် ငါ သူတို့ကို ဒီထဲ ဆွဲသွင်းလို့ရမှာလား’

‘နောက်ကျရင် ငါ စမ်းကြည့်ရမယ်’

ကလိုင်းဟာ ကြာကြာ ဆက်မနေပါဘူး။ သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းခြုံပြီး အောက်ဆင်းတဲ့ ခံစားချက်ကို လှုံ့ဆော်ကာ ရှေးဟောင်း ကြေးစားပွဲရှည်၊ နောက်မြင့်ကုလားထိုင် ၂၂ လုံးနဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီး တည်ရှိတဲ့ မီးခိုးရောင် မြူခိုးထက်ကနေ ထွက်ခွာပါတယ်။

သူဟာ လူရွှင်ဆေးရည်ရဲ့ လျှံထွက်လာတဲ့ စွမ်းအားကို ပိုင်နိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေကို ရှင်းလင်းပြီးပြီမလို့ သူ့ကိုယ်သူ ဆင့်ခေါ်တဲ့ အစီအရင်ကို စမ်းသပ်ချင်နေပါတယ်။

‘ဒီတစ်ခါ ဘယ်လိုရလဒ် ရမလဲ မသိဘူး...’ ကလိုင်းဟာ စိတ်လှုပ်ရှားနေသလို ရူးစရာကောင်းတဲ့ ရေရွတ်သံတွေကို နားထောင်ရသလိုမျိုး နည်းနည်းလည်း ကြောက်လန့်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters