တိုက်ပွဲများ
Vol. 11 Ch. 151
“သက်တံရောင်ကြာပန်းဖူးပွင့်လာမဲ့နေရာက ဒီဂူထဲမှာပါ သခင်လေး”
ချန့်ယန်ရှု၏ နောက်လိုက်တစ်ဦးသည် ဂူတစ်ခုကို ညွှန်ပြကာပြောလိုက်၏။
“ဒီဂူထဲ ဝင်ကြမယ်၊ သတိထားကြ အခြားကျင့်ကြံသူတွေ အများကြီးရှိနေနိုင်တယ်”
ချန့်ယန်ရှုသည် ခေါင်းညိတ်ကာ အမိန့်ပေးလိုက်၏။ ထို့နောက် သူတို့သည် ဂူအတွင်းသို့ဝင်ရောက်သွားကြသည်။ ရတနာ ထွက်ပေါ်ရာ နေရာများတွင် ကျင့်ကြံသူများစွာ ရှိနေနိုင်ပြီး တိုက်ခိုက်လုယူကြမည်မှာ ကျိန်းသေပင်။ ထို့ကြောင့် သူတို့သည် မပေါ့ဆရဲပေ။
“ဒီဂူထဲမှာ ဘာလို့ အေးစက်စက် အငွေ့အသက်တွေရှိနေတာလဲ..”
ချန့်ယန်ရှုသည် ဂူအတွင်းဝင်ရောက်သွားပြီးနောက် မျက်မှောင်ကြုတ်သွား၏။
“သခင်လေး ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ထားတယ်”
နောက်လိုက်သည် စွမ်းအင်အငွေ့အသက်များကို ခံစားမိသောကြောင့် ပြောလိုက်၏။ သို့သော် ချန့်ယန်ရှုနှင့် နောက်လိုက်များသည် ဂူ အတွင်းသို့ရောက်လာလေ ပို၍မျက်မှောင်ကြုတ်လာလေ ဖြစ်သွားသည်။
သူတို့သည့် နတ်ဘုရင်များနှင့် အဆင့်တစ်နတ်အင်ပါယာများစွာ သေဆုံးနေကြသည်ကို တွေ့လိုက်ရ၏။
“သခင်လေး သတိထားပါ.. အားကောင်းတဲ့ ကျင့်ကြံသူတွေ ရောက်နေလောက်ပြီ”
ထိုကြောင့် ချန့်ယန်ရှုတို့သည် သတိကြီးကြီးနှင့် ချဉ်းကပ်သွားကြ၏။ ထိုအချိန်တွင် အေးစက်နေသည့် ခရမ်းရောင် ဆူးချွန်တစ်ခုသည် ချန့်ယန်ရှု၏ လည်ပင်းသို့ ဦးတည်၍ ပြေးဝင်လာခဲ့သည်။
“ရွှပ်..”
“ဝုန်း..”
ချန့်ယန်ရှုသည် အလျင်အမြန်တုန့်ပြန်ကာ ထိုဆူးချွန်ကိုကာကွယ်လိုက်ရ၏။
“ဘယ်သူလဲကွ..”
နောက်လိုက်သုံးဦးသည် ချန့်ယန်ရှု၏ ရှေ့တွင် ရောက်လာကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
သူတို့သည် တိုက်ခိုက်မှုပေါ်ထွက်လာရာသို့ကြည့်လိုက်ချိန်တွင် လူငယ်အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကိုတွေ့လိုက်ရ၏။
အမျိုးသမီးတစ်ဦးသည် ထူးခြားသည့် ခရမ်းရောင်ဆံနွယ်များနှင့် အေးစက်ဟန်ရှိနေပြီး နောက်တစ်ဦးသည် ကလေးဆန်စွာချစ်စဖွယ်ကောင်းနေ၏။ အမျိုးသားတစ်ဦးသည် ချန့်ယန်ရှုထက်ပင် ချောမောလွန်းပြီး အခြားတစ်ဦးသည်တော့ ဆန့်ကျင်ဘက်ပင်။ ချန့်ယန်ရှုသည် ထိုလေးဦးကိုကြည့်ကာ အံ့ဩသွားသည်။ သို့သော် ကြောက်ရွံ့စိတ်မဖြစ်ပေါ်ချေ။
“ဘယ်သူလဲ..”
“ထွက်သွား..၊ မသွားရင်သေရမယ်...”
ခရမ်းရောင်ဆံနွယ်များနှင့် ယွဲ့ဝူယောင်သည် အေးစက်စွာ ပြောလိုက်၏။ သူမတို့သည် ဟွမ်းမှာလိုက်သည့် ရတနာများကို ရှာရန် ထွက်လာချိန်တွက် လူစု ခွဲလိုက်ကြသည်။ သို့မှသာ အချိန်ကုန်သက်သာမည်ဖြစ်၏။ ထို့ကြောင့် သူမနှင့်အတူ ပိုင်ကျန့်ယွီ၊လျှိုမင်ယွမ်နှင့် လင်းယိုဟန်တို့အားခေါ်ဆောင်လာခဲ့သည်။
နှစ်လကြာ လှည့်ပတ်ရှာဖွေစုံစမ်းပြီးနောက် ဟွမ်းပြောသည့် ပွင့်ချပ်ခုနှစ်ခုနှင့်ကြာပန်းသည် သက်တံ့ရောင်ကြာပန်းကို ဆိုလိုသည်မှန်းသိခဲ့ရသည်။ ထို့ကြောင့် တည်နေရာရှာဖွေကာ ဤနေရာသို့ရောက်လာခဲ့၏။
သို့သော် ဤဂူအတွင်းတွင် ကျင့်ကြံသူများစွာကြိုတင်ရောက်နေခဲ့ပြီး အပြန်အလှန်ပင် တိုက်ခိုက်နေခဲ့ကြသည်။ သို့သော် ယွဲ့ဝူယောင်တို့ ရောက်လာပြီးနောက်တွင် ထိုတိုက်ပွဲများသည့် ရပ်တန်ကုန်၏။ အကြောင်းမှာ သူမတို့လည်း ထိုတိုက်ပွဲများ အတွင်းသို့ဝင်ရောက်ခဲ့သောကြောင့်ပင်။ အဆင့်တစ်နတ်အင်ပါယာများသာ ရောက်ရှိနေသေးသောကြောင့် သူတို့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ချေ။ အချို့သည်လည်း ထွက်ပြေးသွားသောကြောင့် လိုက်လံ မတိုက်ခိုက်ခဲ့ပေ။ သို့သော် ခေါင်းမာသည့် ကျင့်ကြံသူအချို့ကိုတော့ ဖြေရှင်းပေးလိုက်၏။
သက်တံ့ရောင်ကြာပန်း ထွက်ပေါ်လာရန် အချိန်သည် တစ်လဝန်းကျင်ခန့် လိုနေသေးသောကြောင့် သူမတို့သည် တိုက်ပွဲများစွာ ဆင်နွှဲရင်း စောင့်နေခဲ့ကြသည်။ ထိုကြာပန်း ထွက်ပေါ်ချိန်နီးလာလေ ကျင့်ကြံသူများစွာ ရောက်ရှိလာလေ ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူမတို့သည် ပျင်းရိစွာ စောင့်ဆိုင်းနေရန် မလိုခဲ့ချေ။ သို့သော် တိုက်ပွဲများ နည်းပါးသွားပြီဟု ထင်လိုက်ချိန်တွင် ချန်ယန်ရှုတို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရပြန်၏။
“မောက်မာလှချေလား..”
ချန်ယန်ရှု၏ နောက်လိုက်သည် ဒေါသတကြီးဟစ်အော်လိုက်သည်။
“အား..”
“ဝုန်း..”
ယွဲ့ဝူယောင်သည် သူမနေရမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး ထိုနောက်လိုက်အား ရိုက်နှက်လိုက်သည်။ သူမ၏ လက်ဝါးချက်ကြောင့် ထိုနောက်လိုက်သည် ဂူ၏အဝအနီးအထိပင် လွင့်စင်သွား၏။
“မင်း..”
အခြားနောက်လိုက်တစ်ဦးသည် ဒေါသတကြီး အော်ဟစ်ရန်ပြုတော့မည့်အချိန်တွင် ချန့်ယန်ရှုသည် တားလိုက်၏။
“သူမက အဆင့်နှစ်မှာလား..”
ချန့်ယန်ရှုသည် ယွဲ့ဝူယောင်၏ အင်အားကို တွေ့မြင်လိုက်ရ၏။ ထို့ကြောင့် နောက်လိုက်နှစ်ဦးအား သတိပေးလိုက်ပြီးနောက် ယွဲ့ဝူယောင်နှင့် ညှိနှိုင်းရန် ကြံရွယ်လိုက်သည်။
“မိန်းကလေး သက်တံ့ရောင်ကြာပန်းက ပွင့်ချပ်ခုနှစ်ခုပါတာမို့ ကျုပ်တို့ အညီအမျှခွဲယူရအောင်”
“ထွက်သွားစမ်း..”
ယွဲ့ဝူယောင်သည် အေးစက်စက်နှင့် ပြောလိုက်၏။
“မိန်းကလေး..၊ ဒီရတနာက မင်းပိုင်တာမဟုတ်ဘူး၊ ထွက်ပေါ်လာမဲ့ အချိန်ကနီးနေပြီ၊ ဒါ့ကြောင့် ပိုစွမ်းအားကောင်းတဲ့ သူတွေရောက်လာလိမ့်မယ်၊ မိန်းကလေးတို့အဖွဲ့နဲ့တင် ရင်ဆိုင်ဖို့ မလုံလောက်ဘူး၊ ဒါ့ကြောင့် ကျုပ်တို့ ပူးပေါင်းရအောင်”
ချန့်ယန်ရှုသည် အကျိုးအကြောင်းများကို တွက်ချက်ပြကာ ညှိနှိုင်းလိုက်၏။ သူသည် ယွဲ့ဝူယောင်ကို ကြောက်လန့်ခြင်းမရှိပေ။ အဆင့်တူများတွင်အားအကောင်းဆုံးသူ မဟုတ်သော်လည်း သာမန်အဆင့်နှစ်ကျင့်ကြံသူများထက်ပင် သာလွန်သည်။ သို့သော် ဤနေရာတွင် တိုက်ခိုက်လျှင်ပြီးဆုံးနိုင်မည်မဟုတ်ချေ။ ထို့အပြင် သူတို့တိုက်ခိုက်ပြီး အားအင်ယုတ်လျော့နေချိန်တွင် နောက်ထပ်ရောက်ရှိလာမည့် ကျင့်ကြံသူများသည် အခွင့်အရေးယူသွားနိုင်သည်။ ထို့ကြောင့် မတိုက်ခိုက်ချင်သေးပေ။
“သေလိုက်တော့..”
ယွဲ့ဝူယောင်သည် စတင်တိုက်ခိုက်လိုက်၏။ သူမအနေနှင့် မတိုက်ခိုက်၍မရပေ။ ချန့်ယန်ရှု ပြောသည့် အကြောင်းကို နားလည်သော်လည်း ဤရတနာအား ခွဲဝေမပေးနိုင်ချေ။ ထို့အပြင် ပူးပေါင်းဆောင်ရွက်ရမည်ဆိုလျှင်တောင် ရတနာထွက်ပေါ်လာပြီးအချိန်တွင် ကျိန်းသေတိုက်ခိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် ယခုကတည်းက စတင်တိုက်ခိုက်ကာ ဖြေရှင်းလိုက်၏။
ယွဲ့ဝူယောင်သည် စွမ်းအင်ဓား ပြုလုပ်ကာ စတင်တိုက်ခိုက်လိုက်၏။ ထိုဓားနှင့် ချန့်ယန်ရှုကို အလျှင်အမြန် ခုတ်ပိုင်းမှုပြုလိုက်သည်။ ချန့်ယန်ရှုသည် ချက်ချင်း တားဆီးလိုက်နိုင်သော်လည်း သူ၏လက်များ ထုံကျင်သွား၏။
“သေစမ်း..”
အနီးတွင်ရှိနေသည့် နောက်လိုက်နှစ်ဦးသည် ဒေါသထွက်သွားပြီးနောက် သူတို့၏ ဓားများနှင့် ယွဲ့ဝူယောင်ကို ခုတ်ပိုင်းလိုက်သည်။
“ထန်..”
သို့သော် အစောင့်တစ်ဦး၏ ဓားအား ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓားနှင့် တားဆီးလိုက်ပြီး လျှိုမင်ယွမ်သည် ကျန်တစ်ဦး၏ဓားကို စိတ်စွမ်းအင်ဖြင့် ထိန်းထားလိုက်၏။
ထို့နောက် ပိုင်ကျန့်ယွီသည် လျှင်မြန်သည့် နှုန်းနှင့် ထိုနောက်လိုက်အား တရစက်တိုက်ခိုက်လိုက်သည်။
‘ဘယ်လို မိန်းကလေးလဲဟ.. ညှိနှိုင်းလို့တောင်မရဘူးလား’
ချန့်ယန်ရှု သူ၏ လက်ကို ခါလိုက်ပြီးနောက် ကြေးနီရောင်ပေါက်နေသည့် ဓားတစ်စင်းကို ထုတ်ယူလိုက်သည်။ ထိုမိန်းကလေးသည် အလွန်ပင် ကြမ်းတမ်းလှ၏။ စတင်တိုက်ခိုက်ကတည်းက အနည်းငယ်မျှ မသက်ညှာခဲ့ပေ။
ချန့်ယန်ရှုသည် ယွဲ့ဝူယောင်၏ တိုက်ခိုက်မှုများကို အသည်းအသန် ကာကွယ်နေရ၏။ သူမ၏ စွမ်းအင်ဓားနှင့် တိုက်ခိုက်မှုတစ်ခုကို ကာကွယ်လိုက်တိုင်း ချန့်ယန်ရှု၏ လက်များ ထုံကျဉ်သွားရသည်။
‘ငါထင်ထားတာထက်အားကောင်းလွန်းနေတယ်’
သူသည် စွမ်းအင်များ ထိန်းသိမ်းထားချင်ခဲ့သော်လည်း ယွဲ့ဝူယောင်၏ ဖိအားပေးတိုက်ခိုက်မှုများအောက်တွင် ထိုသို့မဖြစ်နိုင်တော့ချေ။
“ဝုန်း..”
ချန့်ယန်ရှု၏ အရှိန်အဝါပေါက်ကွဲထွက်လာပြီးနောက် ယွဲ့ဝူယောင်သည် သူမ၏ အနီးကပ် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်၏။ ထိုအချိန်တွင် ချန့်ယန်ရှု ထံမှ ဓားအလင်းတန်းများစွာ သူမထံ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။
ယွဲ့ဝူယောင်သည် သူမ၏ ဝိညာဉ်စွမ်းအင်များစွာကို ထုတ်ဖော်လိုက်ပြီးနောက် အကာကွယ်တစ်ခု ဖန်တီးလိုက်၏။
“ဝုန်း..”
ဓားအလင်းတန်းများသည် သူမ၏ အကာအကွယ်ထံ အဆက်မပြတ် တိုးဝင်ဖျတ်စီးနေ၏။ သူမ၏ အကာကွယ်ပင် ပျက်စီးသွားခဲ့ပြီး ဓားအလင်းတန်းများကို ရှောင်တိမ်းလိုက်ရသည်။ ယွဲ့ဝူယောင် မျက်မှောင်ကြုတ်သွားသည်။ ထိုလူသည် မော့ရွှယ်အာနှင့် တိုက်ခိုက်ခဲ့သည် ချန်ယီဟယ် ထက်ပင် အားကောင်းနေသည်ကို တွေ့လိုက်ရ၏။
ထို့ကြောင့် သူမသည် အချိန်မဖြုန်းတော့ပဲ အအေးစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးခဲလာပြီးနောက် ချန့်ယန်ရှုထံ တဟုန်ထိုးပြေးဝင်သွား၏။
ချန့်ယန်ရှုလည်း တဟုန်ထိုး တိုးတက်လာသည့် ယွဲ့ဝူယောင်၏ အရှိန်အဝါကို အံ့ဩသွား၏။ သို့သော် သူသည်လည်း အားကောင်းသူ တစ်ယောက်ဖြစ်သည်မို့ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
“ဝုန်း..”
သို့သော် ယွဲ့ဝူယောင်၏ အရှိန်ဟုန်သည် ခန့်မှန်းမရအောင်ပင် မြန်ဆန်လွန်းသောကြောင့် ယွဲ့ဝူယောင်၏ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ချေ။
“ဘယ်လိုလုပ် ဒီလောက်အထိ အားကောင်းသွားရတာလဲ”