သစ္စာဖောက်လား
Vol. 11 Ch. 152
ယွဲ့ဝူယောင်သည် ချန့်ယန်ရှုကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။ သူမ၏ မြန်ဆန်မှုကြောင့် ချန်ယန်ရှုသည် တုန့်ပြန်ချိန်မရလိုက်ချေ။ ထို့ကြောင့် အတော်ဝေးဝေးထိ လွင့်စင်သွားသည်။
“မိန်းကလေး..ရပ်ဦး..ရပ်ဦး၊ ကျုပ်မတိုက်တော့ဘူး..”
ချန့်ယန်ရှုသည် ယွဲ့ဝူယောင် ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် တားဆီးလိုက်၏။ သူသည် ထပ်မံ၍ မတိုက်ခိုက်ချင်တော့ပေ။ ယွဲ့ဝူယောင်သည် လက်ရှိတွင် သူထက် ခွန်အားသာလွန်နေသော်လည်း သူ၏ စွမ်းအားအကုန်ထုတ်သုံးကာ တိုက်ခိုက်လျှင် ရှုံးနှိမ့်မည်မဟုတ်ပေ။ သို့သော် ထိုမိန်းကလေးသည် ကြမ်းကြမ်းတမ်းတမ်း တိုက်လိုက်နေသော်လည်း သူ့အားသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိသည်ဟု ခံစားမိသည်။ ထို့အပြင် သူ၏ စွမ်းအင်များကို ထိုသို့ မဖြုန်းတီးချင်ပေ။
“ဒီက မိန်းကလေး၊ သက်တံ့ရောင်ကြာပန်းက ဖွင့်ဖူးလာချိန်မှာ အနည်းဆုံး နှစ်ခုကနေ သုံးခုအထိ ဖွင့်ဖူးလေ့ရှိတယ်၊ ကျုပ်က ပွင့်ချပ်တစ်ချက်ဆိုလုံလောက်ပါပြီ၊ နောက်ထပ်ရောက်လာမဲ့ ကျင့်ကြံသူတွေကို မိန်းကလေးနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ပေးမယ်”
ချန့်ယန်ရှုသည် အဆုံးစွန်အထိနှိမ့်ချကာ ညှိနှိုင်းလိုက်သည်။ ထိုအချိန်တွင် ယွဲ့ဝူယောင်သည် စဉ်းစားဟန်ရသွား၏။
“ဟားဟား..၊ ချန့်အိမ်တော်ရဲ့ မျိုးဆက်က ဒီလောက် နိမ့်ကျနေမယ်လို့ မထင်ထားဘူး..”
ထိုအချိန်တွင် လူငယ်နှစ်ဦးသည် သူတို့ တိုက်ပွဲဖြစ်ရာအနီးသို့ ချဉ်းကပ်လာခဲ့သည်။
“ရှဲ့လင်းချင်း၊ လန်ယွင်ဟော့..”
ချန်ယန်ရှုသည် မျက်မှောင်ကြုတ်သွားပြီး ထိုနှစ်ဦး၏ နာမည်ကို ရေရွတ်လိုက်၏။ ထိုလူငယ်နှစ်ဦးသည် သူနှင့် တူညီသည့် ကုန်းမြေမှ လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ့နှင့် စွမ်းအားချင်းတူညီသူများဖြစ်နေ၏။
“သက်တံ့ရောင်ကြာပန်းက ဖူးပွင့်တော့မယ်၊ ဂူအပေါက်မှာ ရှိနေတဲ့ အမှိုက်တွေကို ရှင်းခဲ့ပြီးပြီ၊ ငါတို့ သုံးယောက် ပူးပေါင်းပြီး ဒီမိန်းကလေး ရှင်းလိုက်ရအောင်၊ ပြီးရင် ရတနာကို ငါတို့ခွဲယူကြတော့ပေါ့”
ရှဲ့လင်းချင်းသည် ပူးပေါင်းရန်ပြောဆိုလိုက်၏။ သို့သော် ချန့်ယန်ရှုသည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
“မင်းတို့နဲ့ မပူးပေါင်းဘူး..”
“မင်း ဒီမိန်းကလေးနဲ့ ပူးပေါင်းမလို့လား၊ ငါတို့ကတစ်မြေထဲသားတွေနော်၊ သူစိမ်းမိန်းကလေးအတွက် တိုက်ခိုက်ပေးပြီး သူရဲကောင်းလုပ်ချင်နေတာလား”
လန်ယွင်ဟော့သည် လှောင်ပြောင်သည့်လေသံနှင့် ပြောလိုက်၏။
“ငါတို့က တစ်မြေထဲသားချင်မို့ မင်းတို့အကြောင်းကို ပိုသိတယ်ကွ”
ချန့်ယန်ရှုသည် ဒေါသတကြီးပြောလိုက်၏။ ထိုနှစ်ဦးနှင့် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသော်လည်း ထိုနှစ်ဦးသည် သူ့အား အမြဲဖိနှိပ်လေ့ရှိ၏။ သို့သော် ယခုတွင် အားကောင်းသည့် ပြိုင်ဘက်တစ်ဦးရှိနေသည်မို့ အချိုသပ်ကာ ပူးပေါင်းစေချင်မှန်း နားလည်သည်။
“မိန်းမတစ်ယောက်အတွက်နဲ့ မင်းမျက်လုံးစံလုံးကန်သွားပြီပဲ၊ ငါတို့ကုန်းမြေအတွက်အရှက်ရ အောင်မလုပ်နဲ့ မြန်မြန်လာပြီး ပူးပေါင်းစမ်း၊ မပူးပေါင်းချင် ဒီနေရာက ထွက်သွား”
ရှဲ့လင်းချင်းသည် ချန့်ယန်ရှုကို မောင်းထုတ်လိုက်၏။
“ရွှီး..”
ထိုအချိန်တွင် ဂူ၏ အဆုံးတွင်ရှိနေသည့် တည်နေရာတွင် သက်တံ့ရောင် အလင်းများထွက်ပေါ်လာပြီး ဂူကြီးသည်လည်း တုန်ခါလာသည်။
ထို့နောက်အလင်းတန်းများထွက်ပေါ်လာရာ မြေသားသည် အက်ကွဲသွားပြီး ကြာပန်းသဏ္ဌာန်ရှိသည့် ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် သက်တံ့ရောင်ကြာပန်းပင်။ ထိုကြာပန်းတစ်ခုချင်းစီတွင် ပွင့်ချပ်ခုနှစ်ခုပါရှိပြီး ပွင့်ချပ်တစ်ခုချင်းစီတွင်လည်း မတူညီသည့် အရောင်တစ်ရောင်စီရှိနေ၏။ သို့သော် ယခုမှ စတင်ထွက်ပေါ်လာခြင်းကြောင့် အပြည့်မဝပေါ်ထွက်လာခြင်းမရှိသေးချေ။
“ငါတို့ယူမယ်..”
ရှဲ့လင်းချင်းနှင့် လန်ယွင်ဟော့သည် ချက်ချင်းလှုပ်ရှားလိုက်ပြီး သက်တံ့ရောင်ကြာပန်းကို ရယူလိုက်၏။
“ရွှီး..”
“ဝုန်း..”
ထိုအချိန်တွင် ယွဲ့ဝူယောင်သည် ရေခဲဆူးချွန်များနှင့် ထိုနှစ်ဦးကို ပစ်လွှတ်လိုက်၏။ သူတို့ နှစ်ဦးသည် အရှိန်ဟုန်ပြင်းထန်သည့် ရေခဲဆူးချွန်များကို ချက်ချင်းကာကွယ်လိုက်ရပြီး သူတို့ဦးတည်ရာလည်း ရပ်တန့်သွားရသည်။
“အလုပ်ရှုပ်တာပဲ..၊ ဒီမိန်းကလေးကို ငါရှင်းလိုက်မယ်၊ မင်းရတနာကို အရင်ယူလိုက်..”
လန်ယွင်ဟော့သည် ထိုသို့ပြောလိုက်ပြီးနောက် သူ၏ ဓားမြောင်နှစ်စင်းကို ထုတ်ကာ ယွဲ့ဝူယောင်ကို တိုက်ခိုက်ရန် တစ်ဟုန်ထိုး ဦးတည်လိုက်၏။
“ချွမ်း..”
သို့သော် ပါးလှသည့် ဓားတစ်စင်းသည် သူ့ထံ ဝင်ရောက်လာသောကြောင့် သူ၏ ဓားမြောင်နှစ်လက်နဲ့ ခုခံလိုက်ရ၏။
“ဟမ့်..အဆင့်တစ်ကများ ငါ့ကိုတားဆီးနိုင်မယ်ထင်နေတာလား ဖယ်စမ်း”
လန်ယွင်ဟော့သည် သူအား ဓားနှင့် ပစ်ပေါက်လိုက်သည့် ပိုင်ကျန့်ယွီကို ကြည့်ကာ ဒေါသထွက်သွား၏။
“ရွှစ်..”
“အဆင်တစ်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံကြည့်လိုက်..”
လျှိုမင်ယွမ်သည် ခုန်ဝင်လာကာ စိတ်စွမ်းအင် ဓားများနှင့် ပစ်လွှတ်လိုက်သည်။
“သေစမ်း..”
လန်ယွင်ဟော့သည် သူ့အားတားဆီးနေသည့် အဆင့်တစ် နှစ်ဦးကို ဒေါသတကြီး တိုက်ခိုက်လိုက်၏။
သို့သော် မြန်ဆန်လှသည့် ပိုင်ကျန့်ယွီ၏ ဓားချက်များနှင့် အဝေးကထိန်းချုပ်ထားသည့် လျှိုမင်ယွမ်၏ စိတ်စွမ်းအင်များကြောင့် သူသည် ဖိအားပေးတိုက်ခိုက်ရန်ခက်ခဲနေ၏။
ပိုင်ကျန့်ယွီသည် သာမန်ဓားသမားတစ်ဦးမဟုတ်ပေ။ ဓားသန္ဓေနှင့်မွေးဖွားသူ၊ ဝိညာဉ်ဖြစ်တည်နေသည် ဓားအားကိုင်ဆောင်ထားသူအပြင် အစွမ်းထက်ဓားသမားတစ်ဦး၏ နည်းစနစ်များကို ရရှိထားသူဖြစ်သည်။
လျှိုမင်ယွမ်သည် အမှောင်ဝိညာဉ်နှင့် မွေးဖွားလာသူဖြစ်သော်လည်း မနိုးထသေးပေ။ သို့သော် သူ၏ စိတ်စွမ်းအင်များသည် လျှော့တွက်၍ မရေချေ။ အဆင့်နှစ်တစ်ဦးကိုပင် သူ၏စိတ်စွမ်းအင်များနှင့် တိုက်ခိုက်မှုများကို ထိန်းချုပ်ထားသည်။ ထိုသို့အဆင့်တစ် နှစ်ဦးပေါင်းစပ်တိုက်ခိုက်မှုသည် အဆင့်နှစ်တစ်ဦးကိုပင် ထိထိရောက်ရောက်တားစီးနိုင်စွမ်းရှိနေ၏။
ချန့်ယန်ရှုသည် ထိုနှစ်ဦး၏ တိုက်ခိုက်မှုများကို အံ့ဩသွားသည်။ အဆင့်တစ်များ မည်မျှပင် အစွမ်းထက်ပါစေ အဆင့်နှစ်တစ်ဦးကို တွန်းလှန်ရန် မလွယ်ကူပေ။ သို့သော် ထိုနှစ်ဦးပေါင်းတိုက်ခိုက်မှုသည် လန်ယွင်ဟော့ကိုပင် ဖိအားသက်ရောက်စေသည်။ သူကိုယ်တိုင်ပင် ပိုင်ကျန့်ယွီတို့ နှစ်ဦးကို လျှော့တွက်ခဲ့ကြောင်း သိရှိသွား၏။
“ချန့်ယန်ရှု မင်းကူပြီး မတိုက်သေးဘူးလား..”
ရှဲ့လင်းချင်းသည် ချန့်ယန်ရှုကို အမိန့်ပေးသည့်အလား အော်ဟစ်လိုက်၏။
“မတိုက်ဘူး..”
ချန့်ယန်ရှုသည် ပြတ်ပြတ်သားသားပင် ထပ်မံငြင်းဆိုလိုက်၏။ ရှဲ့လင်းချင်းသည် ဒေါသထွက်သွားရသည်။
ယွဲ့ဝူယောင်သည် တိုက်ခိုက်မှုများ မပြုလုပ်သေးချေ။ လက်ရှိအခြေအနေအရ သုံးပွင့်ဆိုင် အနေအထားဖြစ်နေ၏။ ထို့ကြောင့် နှစ်ဦးသာ စတင်တိုက်ခိုက်ပါက တတိယလူသည် အခွင့်အရေး ယူနိုင်ချေများသွားမည်ဖြစ်သည်။
သူမသည် ချန့်ယန်ရှုကို မယုံကြည်သော်လည်း လက်ရှိတွင် ရှဲ့လင်းချင်းသည် ပိုဆိုးဟန်ရှိနေသည်ကို တွေ့လိုက်ရ၏။ သို့သော် သူမသည် နှစ်ဦးလုံးအား ရင်ဆိုင်နိုင်သည် ဆိုသည့်ယုံကြည်ချက်ရှိနေသည်။
“မင်း..ကူပြီး မတိုက်ပေးရင်၊ ငါတို့သခင်လေးရောက်လာတဲ့အချိန်ကျ မင်းကိုလဲ အလွတ်မပေးဘူး”
ရှဲ့လင်းချင်းသည် ချိန်းခြောက်လိုက်၏။ ချန့်ယန်ရှုသည် အနည်းငယ်တော့ တုန်လှုပ်သွားသည်။ ထိုသခင်လေးဆိုသူသည် ကျီယွမ်မဟာမိတ်အဖွဲ့ရှိ အကြီးအကဲတစ်ဦး၏ သားကျင်းချီ ဆိုသူဖြစ်၏။ သူတို့နှစ်ဦးသည် ကျင်းချီ၏ နောက်လိုက်များဖြစ်နေသောကြောင့် ချန့်ယန်ရှုသည် အခက်တွေ့သွားသည်။ သူ၏ အိမ်မက်သည် ကျီယွမ် မဟာမိတ်အဖွဲ့တွင် နေရာတစ်ခုရရန်ဖြစ်သည်။ သို့သော် ရှဲ့လင်းချင်းနှင့် လန်ယွင်ဟော့ကဲ့သို့ နောက်လိုက်များအဖြစ်မလုပ်ချင်ပေ။ သို့သော် သူတို့အား မကူညီလိုက်ပါက သူသည် ကျီယွမ် မဟာမိတ်အဖွဲ့ကို မည်သို့မျှ ဝင်ရောက်နိုင်ခြင်းရှိတော့မည်မဟုတ်ပေ။ သူသည် အနည်းငယ်တွေဝေသွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။
“ငါ မင်းတို့ကို မကူညီဘူး..”
ယွဲ့ဝူယောင်ပင် ထိုအဖြေကြောင့် အံ့ဩသွား၏။ သူမသည် အခြေအနေကို တိတိကျကျ သိရှိခြင်းမရှိသော်လည်း ချန့်ယန်ရှု၏ ဆုံးဖြတ်ချက်ကို နားမလည်ပေ။
“မင်းသေချာလား..”
ထိုစကားကြောင့် ချန့်ယန်ရှုသည် တုန်လှုပ်သွား၏။ အကြောင်းမှာ ထိုစကားပြောသူသည် ရှဲ့လင်းချင်းမဟုတ်ပဲ ကျင်းချီ ဖြစ်သောကြောင့်ပင်။ သူသည် ပြဇာတ်တစ်ခုကြည့်နေသည့်အလား အေးအေးဆေးဆေးနှင့်ပင် ရပ်ကြည့်နေခဲ့သည်။ သူ၏ အရှိန်အဝါသည် အပြည့်အဝ ဖော်ထုတ်မထားသော်လည်း ရှဲ့လင်းချင်းနှင့် လန်ယွင်ဟော့ ထက်ပင် သန်မာပုံရနေသည်။
ယွဲ့ဝူယောင်သည် နောက်ထပ် အဆင့်နှစ်တစ်ဦး ထွက်ပေါ်လာမှုကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသည် ချန့်ယန်ရှုနှင့် ရှဲ့လင်းချင်းအား တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း အဆင့်နှစ် သုံးယောက်သည် အတော်ပင် ဒုက္ခများစေ၏။ ပိုင်ကျန့်ယွီတို့နှစ်ဦးသည် လန်ယွင်ဟော့နှင့် တိုက်ခိုက်နေသောကြောင့် သူမဘက်တွင် နတ်ဘုရင်အဆင့် လင်းယိုဟန် တစ်ဦးသာ ရှိနေသည်။