← Chapters

ကျီယွမ်ကုန်းမြေမှလူငယ်များ

Vol. 11 Ch. 158

ကျီယွမ်ကုန်းမြေမှလူငယ်များ

Vol. 11 Ch. 158

လုရှင်းယန်သည် ပေါက်ကွဲမှု ပြီးဆုံးသွားသည်နှင့် ချက်ချင်း ကျို့သဲ့ဖန်ကို သူ၏ လှံနှင့် ထိုးသွင်းလိုက်သည်။ သို့သော် ကျို့သဲ့ဖန်၏ တုန့်ပြန်မှုသည် မြန်ဆန်လွန်းသောကြောင့် သူ၏စွမ်းအင်များနှင့် လှံထိပ်ဖျားကို ထိန်းထားလိုက်၏။

သို့သော်လုရှင်းယန်သည် အလျော့မပေးပဲ ဆက်လက် ထိုးစိုက်နေသည်။ စွမ်းအင်နှစ်ခု ပေါက်ကွဲမှုကြောင့် လုရှင်းယန်သည် နှုတ်ခမ်းဖျားမှ သွေးများ စီးကျနေသော်လည်း ဂရုမစိုက်ပဲ တိုက်ခိုက်နေ၏။

“ခေါင်းမာတဲ့ကောင်..”

ကျို့သဲ့ဖန်သည် အလွန်ပင် ဒေါသထွက်လာပြီး ကျန်လက်တစ်ဖက်ဖြင့် စွမ်းအင်ထုတ်ဖော်ကာ လုရှင်းယန်ကို တိုက်ခိုက်ရန်ကြံရွယ်လိုက်သည်။

ထိုအချိန်တွင် ရွှေရောင်သစ်ပင်ငယ်သည်လှုပ်ရမ်းသွားပြီး မြေလွှာများပါ လှုပ်ခါလာခဲ့သည်။

ရွှေရောင်သစ်ပင်ငယ်သည် စတင်လှုပ်ယမ်းကာ အလင်းတန်းများပေါ်ထွက်လာခဲ့သည်။ ထိုအလင်းတန်းသည် မြင့်မားသည့် ကောင်းကင်ထက်ပင် ရောက်ရှိသွား၏။ ထိုအချိန်တွင် အစွမ်းထက် ပုံရိပ်ငါးခုသည် ထိုနေရာသို့ အလျှင်အမြန် ဦးတည်လာကြသည်။

“မကောင်းတော့ဘူး..”

ကျို့သဲ့ဖန်၏ စိတ်သည် တင်းကြပ်သွား၏။ လုရှင်းယန်လည်း မျက်မှောင်ကြုတ်သွားသောကြောင့် သူတို့၏ တိုက်လိုက်နေမှုများကို ရုတ်သိမ်းလိုက်ကြကာ အသီးသီး လူစုခွဲသွားကြသည်။

သစ်ပင်ငယ်လေးတွင် ပေါ်ထွက်နေသည့် ရွှေရောင်အလင်းတန်းများသည် ကျယ်ပြန့်လာခဲ့သည်။ ရွှေရောင်အတိ ဖုံးလွှမ်းသွားသောကြောင့် ထိုသစ်ပင်ငယ်လေးကိုပင် မမြင်ရတော့ချေ။

“ဒီလူငယ်ငါးယောက်က..”

ကျို့သဲ့ဖန်သည် ရွှေရောင်သစ်ပင်ငယ်ကိုပင် အာရုံမရတော့ချေ။ ရောက်ရှိလာသည့် ပုံရိပ်ငါးခုကို ကြည့်ကာ တုန်လှုပ်လာသည်။ ထိုလူငါးဦးအနက်မှ လေးဦးသည် အဆင့်သုံးနတ်အင်ပါယာများ ဖြစ်နေကြသည့်အပြင် အဆင့်သုံးကုန်းမြေဖြစ်သည့် ကျီယွမ်ကုန်းမြေ၏ ထိပ်သီးလူငယ်များဖြစ်နေကြ၏။ ကျန်တစ်ဦးကိုတော့ ကျန်းသဲ့ဖန်ပင် သေချာမသိရှိချေ။ သို့သော် အဆင့်သုံးတစ်ယောက်၏ စွမ်းအင်များကို ခံစားမိနေသည်။

ရွှေရောင်သစ်ပင်ငယ်အား ဖုံးအုပ်ထားသည့် အလင်းများသည် တဖြေးဖြေးနှင့် ပြန့်ကျဲသွားပြီးနောက်တွင် ၎င်း၏ ဘေးတွင် ခေါင်းတလားတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။ ထိုခေါင်းတလားမှ လုရှင်းယန်တို့ မကြုံဖူးသည့် အငွေ့အသက်များ ပေါ်ထွက်နေ၏။ ၎င်း၏ ပုံစံသည် ရိုးရှင်းပြီး စိမ်းဝါရောင်ဖျော့ဖျော့သန်းနေသည့် သလင်းကျောက်တစ်မျိုးနှင့် ပြုလုပ်ထားပြီး ရွှေရောင်အနားကွတ်များပါရှိသည်။

သို့သော် ခေါင်းတလားတစ်ခုလုံးအား သူတို့အားလုံး မမြင်ဖူးသည့် စာလုံးများနှင့် အစီအရင်မျဉ်းကြောင်းများရေးဆွဲထား၏။ ရွှေရောင်သစ်ပင်ငယ်လေးမှ အလင်းတန်းများ ပျောက်သွားပြီး ထိုခေါင်းတလားသည်လည်း ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။

“ဒီခေါင်းတလားက ခေတ်အဆက်ဆက်က ပါရမီရှင်တွေ ယူဆောင်နိုင်ခဲ့ခြင်းမရှိဘူးတဲ့၊ ဒါ့ကြောင့် ဒီနေ့မှာ ငါရအောင်ယူမယ်”

ပုံရိပ်ငါးခုမှ အနီရောင်ဝတ်ရုံရှည်နှင့် လူငယ်သည် ကြွေးကြော်လိုက်၏။ သူသည် ရွှယ်ဝူယ ဖြစ်ပြီး သွေးမျိုးနွယ်၏ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

“မင်းတို့သွေးမျိုးနွယ်ရဲ့ ကြီးကျယ်တဲ့ စကားလုံးတွေကို ဒီနေ့မှာ ဒီသခင်လေးက သင်ယူခွင့်ရရှိခဲ့ပြီ..”

ရွှယ်ဝူယကို အဝါနှင့်အဖြူစပ်ထားသည့် ဝတ်စုံဝတ်လူငယ်တစ်ဦးသည် ခနဲ့လိုက်၏။ ထိုလူငယ်သည် ကျန်းအိမ်တော်၏ လူငယ်ခေါင်းဆောင် ကျန်းလီချွမ်ဖြစ်သည်။

“မင်း..”

ရွှယ်ဝူယသည် ဒေါသထွက်သွားပြီး ပြန်ပြောမည့်အပြုတွင် အဖြုရောင်ဝတ်စုံတွင် အစိမ်းရင့်ရင့်အစင်းလှိုင်းများရောယှက်ထားသည့် လူငယ်တစ်ဦးသည် ဝင်တားလိုက်၏။

“မင်းတို့နှစ်ယောက်လုံး ရန်မဖြစ်နဲ့တော့၊ ဒီခေါင်းတလားကို သိမ်းသွင်းဖို့ ပြင်ဆင်ကြတော့..”

ထိုလူငယ်သည် ကျီအိမ်တော်၏ လူငယ်ခေါင်းဆောင် ကျီချင်းချန်ဖြစ်ပြီး ရွှယ်ဝူယနှင့် ကျန်းလီချွမ်ထက်ပင် အားကောင်းသူဖြစ်သည်။ အဆင့်သုံးကုန်းမြေ၏ ထိပ်သီးပါရမီရှင်အဖြစ် ရပ်တည်နေသူဖြစ်သည်။ ထို့အပြင် ကျီအိမ်တော်သည် ကျီယွမ်မဟာမိတ်အဖွဲ့အား ဦးဆောင်ဖွဲ့စည်းထားသည့် အိမ်တော်ဖြစ်၏။

“ညီမ ချင်းယီ..၊ မင်းအရင်စမလား..”

ကျီချင်းချန်သည် ကျန်ရှိနေသည့် မိန်းကလေးနှစ်ဦးအနက်မှ အဖြုရောင်ဂါဝန်အရှည်ဝတ်စုံနှင့် မိန်းကလေးကို မေးလိုက်ခြင်းဖြစ်၏။ ထိုမိန်းကလေးသည် ရှီချင်းယီ ဖြစ်ပြီး ရှီအိမ်တော်၏ သခင်မလေးဖြစ်သည်။

“အစ်ကိုကျီ..၊ အလျင်မလိုနဲ့ဦး ခေါင်းတလားကို ရယူဖို့လွယ်ရင် ဒီလောက်အချိန်အကြာကြီးအထိ တည်ရှိနေဦးမှာမဟုတ်ဘူး.. ပြီးတော့ အစ်မယင်းအာ ပြောပုံအရ ကျွန်မတို့က ရွေးချယ်လို့ရတာမဟုတ်ပဲ ခေါင်းတလားက ရွေးချယ်တာတဲ့”

ရှီချင်းယီသည် သူမဘေးတွင်ရှိနေ့သည် မိုးပြာရောင်ဝတ်စုံလေးနှင့် မိန်းကလေးကို ညွှန်ပြရင်းပြောလိုက်၏။ ကျီချင်းချန်သည် ထိုမိန်းကလေးပြောပုံကြောင့် မေးခွန်းထုတ်လိုသည့် အကြည့်နှင့် ကြည့်လိုက်သည်။

ထိုမိန်းကလေးအကြောင်းကို ရွီယင်းအာ ဆိုသည့်နာမည်မှ လွဲ၍တစ်ခြားအကြောင်းတိတိကျကျမသိရှိကြပေ။ ရှီချင်းယီနှင့် ရင်းနှီးသော်လည်း ရွှီယင်းအာ အကြောင်းထုတ်ဖော်ပြောကြားခြင်းမရှိချေ။ ရွှီယင်းအာသည် ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်၏။

ကျီချင်းချန်သည် ယုံရခက် တွေဝေနေသော်လည်း ယုံကြည်ရန်သာရွေးချယ်လိုက်သည်။ ထိုကြောင့် ခေါင်းတလား လှုပ်ရှားလာမည်ကို စောင့်ကြည့်လိုက်သည်။

လုရှင်းယန်သည် ထိုငါးဦးတည်ရှိရာသို့ ကြည့်ရင်း မျက်လုံးများ မှေးကျဉ်းသွား၏။ အဆင့်သုံး ငါးဦးဖြစ်နေသည်။ နယ်မြေတစ်ခုအတွက် လိုအပ်သည့် အရင်းအမြစ်အပြင် သူတို့၏ဆရာ ပြောသည့် ခေါင်းတလားသည်လည်း ဤနေရာတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ ထိုငါးဦးနှင့် ရင်ဆိုင်ပြီး တိုက်ခိုက်ရန် မလွယ်လှချေ။

“ရှင်းယန် ဘာဆက်လုပ်ကြမလဲ..”

ထိုက်ဟုန်ကျွင်းသည် လုရှင်းယန်ကို အသံပို့လွှတ်ကာ မေးလိုက်၏။

“အစ်ကိုထိုက်.. ကျုပ်တို့ စောင့်ကြည့်တာပေါ့”

ဤအခြေအနေသည် ကျပ်တည်းလာသောကြောင့် တိတ်တဆိတ်စောင့်ကြည့်ရန်ရွေးချယ်လိုက်၏။

ကျို့သဲ့ဖန်သည် တဖြေးဖြေးနှင့် ဤနေရာမှ ဆုတ်ခွာကာ ထွက်ပြေးရန် ကြံရွှယ်နေသည်။

ထိုအချိန်တွင် ရွှယ်ဝူယသည် ကျို့သဲ့ဖန်နှင့် လုရှင်းယန်တို၏ တည်ရှိမှုကို သတိထားမိပြီး နှုတ်ခမ်းထောင့်သည် အနည်းငယ်တွန့်ကွေးသွား၏။ ထို့အပြင် ချီမင်ယောင်ကို ကြည့်ရင်း လျှာသပ်လိုက်သည်။

“မင်းဘာမဟုတ်တာတွေ လုပ်ဦးမလို့လဲ..”

ကျန်းလီချွမ်သည် ရွှယ်ဝူယ၏ အမူအယာကို သတိထားမိပြီး မေးလိုက်၏။ သို့သော် ရွှယ်ဝူယ၏ ရည်ရွယ်ချက်ကို နားလည်နေသောကြောင့် နှာခေါင်းရှုံကာ ရွံရှာသည့် အမူအယာပြုလုပ်လိုက်သည်။

“မင်းတို့သွေးမျိုးနွယ်က ဆိုးယုတ်လွန်းတယ်..”

“ဟမ့် အဲ့ဒါကြောင့် မင်းက အားနည်းနေတာ..”

ရွှယ်ဝူယသည် ကျန်းလီချွမ်ကို ခနဲ့ကာ ကျို့သဲ့ဖန် ရှိရာသို့ ဦးတည်လာလိုက်သည်။

ရွှယ်ဝူယလာနေသည်ကို သတိထားမိပြီး ကျို့သဲ့ဖန်သည် ပေါ်ပေါ်ထင်ထင်နှင့် ပြေးထွက်လိုက်၏။ သူ၏ နောက်လိုက်များသည်လည်း ချက်ချင်းပြေးသွားလိုက်ကြသည်။

“ဘယ်ပြေးချင်တာလဲ..”

ရွှယ်ဝူယသည် ကြီးမားသည့် အနီရောင်စွမ်းအင်လက်များစွာ ထုတ်ဖော်ကာ ထွက်ပြေးသွားသည့် ကျို့သဲ့ဖန်တို့အား အလျှင်အမြန်ဆုပ်ဖမ်းလိုက်၏။

“သခင်လေးရွှယ် ကျုပ်အသက်ကို ချမ်းသာပေးပါ..၊ ကျုပ်အခုပဲ ထွက်သွားမှာပါ..”

ကျို့သဲ့ဖန်သည် အလျှင်အမြန် တောင်းဆိုလိုက်သည်။ သူသည် တစ်ခြားလူငယ်များဆိုလျှင် သူ၏ အသက်သည် လွှတ်မြောက်နိုင်ချေ ရှိသော်လည်း သွေးမျိုးနွယ်၏ သခင်လေး၏ လက်အောက်သို့ ကျရောက်သွားပါက လွှတ်မြောက်နိုင်ချေ မရှိတော့ပေ။ သို့သော်လည်း အသည်းအသန် တောင်းဆိုကာ လွတ်မြှောက်ချင်နေ၏။

“ခွေးကောင်မင်းကြောင့်..”

သူသည် လုရှင်းယန်တို့ကို ကြည့်ကာ ဆဲဆိုကြိမ်းမောင်းလိုက်၏။ လုရှင်းယန်တို့ကြောင့်ပင် သူ၏ အချိန်များနှောင့်နှေးသွားခဲ့ရသည်။ ထို့ကြောင့် ယခုလို အသက်အန္တရာယ်ရှိသည့် အခက်ခဲမျိုးကြုံတွေ့နေရခြင်းဖြစ်လေ၏။

ရွှယ်ဝူယသည် ဆိုးယုတ်စွာပြုံးပြလိုက်ကာ လက်သဏ္ဌာန် တစ်ခုလုပ်လိုက်၏။ ကျို့သဲဖန်တို့သည် ဖမ်းစုပ်ခံထားရသည့် စွမ်းအင်လက်ထံမှ သူတို့၏ သွေးစွမ်းအင်များ စုပ်ယူနေခြင်း ခံလိုက်ရသည်။ သူသည် လုရှင်းယန်နှင့် အပြင်းအထန် တိုက်ခိုက်ထားရသောကြောင့် အားနည်းနေပြီဖြစ်သောကြောင့် အဆင့်သုံးတစ်ယောက်၏ တိုက်ခိုက်မှုကို မည်သို့မျှ မတားစီးနိုင်တော့ချေ။

“သခင်လေးကျန်း၊ သခင်လေးကျီ ကျုပ်ကို ကယ်ဖို့ကူညီပါဦး..”

ကျို့သဲ့ဖန်သည် အားနည်းစွာ အော်ဟစ် အကူအညီတောင်းလိုက်၏။

“အစ်ကိုကျီ..၊ ရွှယ်မျိုးရိုးနဲ့ကောင်ကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား..”

ရှီချင်းယီသည် ရွှယ်ဝူယ၏ လုပ်ရပ်ကို ရွံ့ရှာနေသောကြောင့် ကျီချင်းချန်ကို မေးခွန်းထုတ်လိုက်၏။ ရတနာလုယက်၍ အပြန်အလှန်တိုက်ခိုက်ကြသည့် ကိစ္စမျိုးဆိုလျှင် သူမသည် မျက်နှာလွဲ၍ နေနိုင်သည်။ ထိုအပြင် သူမကိုယ်တိုင်လည်း ထိုသို့ကိစ္စမျိုးကြုံနိုင်ပေမည်။ သို့သော် တစ်ဖက်သတ် အနိုင်ကျင့်ကာ သတ်ဖြတ်နေသည့် ရွှယ်ဝူယ၏ လုပ်ရပ်သည် စက်ဆုပ်စရာကောင်းနေသည်။

All Chapters