← Chapters

ခက်ခဲလွန်းသည့်တိုက်ပွဲ

Vol. 11 Ch. 159

ခက်ခဲလွန်းသည့်တိုက်ပွဲ

Vol. 11 Ch. 159

“တစ်ချိန်က သွေးမျိုးနွယ်က အဆင့်နှစ်ကုန်းမြေက လာခဲ့ကြတာလို့ ကောလဟာလတွေ ရှိဖူးတယ်၊ နှစ်ပေါင်းများစွာကြာပြီ ဆိုပေမဲ့ သူတို့ရဲ့ အုတ်မြစ်က ကျီယွမ်မဟာမိတ်တောင် မယှဉ်နိုင်သေးဘူး၊ ဒါပေမဲ့ ကျီယွမ်ကုန်းမြေထဲမှာ ကျီယွမ်မဟာမိတ်အဖွဲ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီး သွေးမျိုးနွယ်က အခြားကျင့်ကြံသူတွေကို သတ်ခွင့်မရှိဘူးဆို တာကို သဘောတူညီခဲ့တယ်၊ ဒါကြောင့် ကျီယွမ်ကုန်းမြေနဲ့ ကျီယွမ်မဟာမိတ်လက်အောက်ကနယ်မြေတွေကလွဲပြီး အခြားနေရာတွေမှာ သတ်ဖြတ်ရင် ကျုပ်တို့က တားခွင့်မရှိဘူး”

ကျီချင်းချန်သည်သက်ပြင်းချကာပြောလိုက်၏။ ရှီချင်းယီသည် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒီကောင်က ဆိုးယုတ်လွန်းတယ်..”

ကျန်းလီချွမ်သည် သက်ပြင်းချကာ ဆိုလိုက်၏။ သွေးမျိုးနွယ်သည် ကျီယွမ်ကုန်းမြေကြီးတွင် ထိပ်တန်းမျိုးနွယ်ကြီးအဖြစ်ရပ်တည်နေသည်။ ထို့အတွက်ကြောင့် ရွှယ်ဝူယနှင့် ပဋိပက္ခ ဖြစ်လျှင် ကျီယွမ်မဟာမိတ်ကြား တင်းမာမှုများရှိလာနိုင်သည်။

“ရွှယ်ဝူယက သွေးစွမ်းအင်တွေစုပ်ယူရင် ပိုပြီးအားကောင်လာမှာလား..”

ရှီချင်းယီသည် မလိုလားသည့် အမူအယာနှင့်မေးလိုက်၏။

“သူတို့ရဲ့ နည်းစနစ်ကိုတော့ သေချာမသိပေမဲ့ ကျင့်ကြံခြင်း သဘောတရားအရကတော့ဟုတ်တယ်ပြောရမယ်၊ သွေးစွမ်းအင် စုပ်ယူတာများရင် သူရဲ့ နည်းစနစ်တွေကပိုပြီးအားကောင်းလိမ့်မယ်၊ ဒါပေမဲ့ သူရဲ့ ကျင့်ကြံမှုအဆင့်ကတော့ တက်နိုင်ဦးမှာမဟုတ်ဘူး..”

ကျီချင်းချန်သည် ရှင်းပြလိုက်၏။ ကျင့်ကြံသူမျူသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ အဆင့်တက်ကြရခြင်းဖြစ်သည်။ ရွှယ်ဝူယအနေနှင့်ဆိုလျှင် သူ၏ ဝိညာဉ်စွမ်းအင်များကို သွေးစွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုနိုင်သော်လည်း သွေးစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲ၍မရချေ။ သွေးစွမ်းအင်များသည် တိုက်ခိုက်မှုကို ပိုမိုသန်မာအားကောင်းစေသည်။

ထို့ကြောင့် အစွမ်းထက် ကျင့်ကြံသူများသည် လောကကြီးတွင် ဝိညာဉ်စွမ်းအင်အပြင် အခြားပေါများသည့် စွမ်းအင်များကို မှီခိုအသုံးပြုနိုင်သည့် နည်းစနစ်များ ဖန်တီးခဲ့ကြခြင်းဖြစ်၏။ ထို့အပြင် စွမ်းအင်များကို သွေးမျိုးဆက်အရ ဘဝအတိုင်းရရှိသော ကျင့်ကြံသူများလည်းရှိပေသည်။

သွေးမျိုးနွယ်၏ နည်းစနစ်အပါအဝင် အခြားစွမ်းအင်သုံးနည်းစနစ်များသည် ၎င်းတို့၏ မျိုးနွယ်ဝင်များမဟုတ်လျှင်တောင် ကျင့်ကြံနိုင်စွမ်းရှိသည်။ သို့သော် မော့ရွှယ်အာသည် နတ်ဆိုးမျိုးနွယ်၏ သဘာဝအရ ရရှိလာသည့် နတ်ဆိုးစွမ်းအင်သည် သူမတို့၏ မျိုးနွယ်ဝင်မဟုတ်ပဲ ကျင့်ကြံ၍ရမည်မဟုတ်ပေ။

ယွဲ့ဝူယောင်၏ နည်းစနစ်အရ လစွမ်းအင်များကို နေရာမရွေး အလွယ်တကူစုပ်ယူနိုင်ပြီး လုရှင်းယန်သည်လည်း သူမ ကဲ့သို့မလွယ်ကူသော်လည်း မီးစွမ်းအင် ပေါများရာနေရာတွင် စုပ်ယူနိုင်သည်။ သို့သော် လျှိုမင်ယွမ်နှင့် ပိုင်ကျန့်ယွီသည် ဝိညာဉ်စွမ်းအင်များကိုသာ အဓိကထား၍ စုပ်ယူကြရသည်။ လျှိုမင်ယွမ်သည် ဝိညာဉ်စွမ်းအင်မှ စိတ်စွမ်းအင်များအဖြစ် ပြောင်းလဲသိုလှောင်ထားပြီး စိတ်ဝိညာဉ်များကို ဝါးမြိုခြင်းမပြုလျှင် စိတ်စွမ်းအင်များ တိုက်ရိုက်ရရှိမည်မဟုတ်ပေ။ ထို့အပြင် ပိုင်ကျန့်ယွီသည် ရှားပါးလွန်းသည့် ဓားစွမ်းအင်များကို အသုံးပြုရသူဖြစ်သည်။ ယခုအချိန်ထိ ဓားစွမ်းအင်စုပ်ယူနိုင်သည့် နေရာကို ရှာမတွေ့သေးချေ။ ထို့ကြောင့်သာ ဝိညာဉ်စွမ်းအင်ကို အဓိကထား၍စုပ်ယူခဲ့ရ၏။ ကျင့်ကြံသူအများစုသည် ဓားကို အဓိကထား၍ အသုံးပြုကြသော်လည်း အခြားစွမ်းအင်များနှင့်သာ တွဲစပ်အသုံးပြုကြပြီး ပိုင်ကျန့်ယွီကဲ့သို့ ဓားစွမ်းအင်များ အသုံးပြုနိုင်ခြင်းမရှိချေ။

အခြားစွမ်းအင်များစုပ်ယူနိုင်မည့် နည်းစနစ်ကို အသုံးမပြုပဲ ဝိညာဉ်စွမ်းအင်များသာ မှီခိုကျင့်ကြံကြသူများလည်းရှိ၏။ သို့သော် ဝိညာဉ်စွမ်းအင် သပ်သပ်သာ အသုံးပြုသောကြောင့် အခြားစွမ်းအင်အသုံးပြုသူများထက် အားနည်းသည်ဟု ဆို၍မရချေ။

မိုးပြာရောင်ဝတ်စုံနှင့် ရွှီယင်းအာသည် ရွှယ်ဝူယအား စိုက်ကြည့်နေ၏။ သို့သော် ဝင်ရောက်စွက်ဖက်ခြင်းတော့မရှိသေးချေ။

လုရှင်းယန်၏ မျက်ခုံးနှစ်ခုသည်ထိစပ်လုမတက်ပင် တွန့်ကွေးနေ၏။ သူသည် ကျို့သဲ့ဖန်နှင့် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသော်လည်း ရွှယ်ဝူယသည် ကြက်ကလေး ငှက်ကလေးဖမ်းသလိုပင် ဖမ်းဆုပ်ကာ သတ်ဖြတ်နေသည်။ သူ၏ စိတ်လည်း တင်းကြပ်နေ၏။

“အားနည်းလိုက်တာ..မလုံလောက်ဘူး..”

ရွှယ်ဝူယသည် ကျို့သဲ့ဟန်နှင့်နောက်လိုက်များထံမှ သွေးစွမ်းအင်များ စုပ်ယူခဲ့သော်လည်း လုံလောက်ဟန်မရချေ။ တိတ်တဆိတ် စောင့်ကြည့်နေသည့် လုရှင်းယန်အား သူ၏ အကြည့်များ ကျရောက်လာ၏။ သူသည် ချီမင်ယောင်ကို ကြည့်ကာ ဆိုးယုတ်သည့် အပြုံးနှင့် ဆိုလိုက်၏။

“မင်းရဲ့ သွေးစွမ်းအင်တွေက အတော်အရသာရှိလိမ့်မယ်၊ နှမြောစရာကောင်းစွာနဲ့ အခုမှ တွေ့မိတာ”

ချီမင်ယောင်သည် မျက်မှောင်ကြုတ်သွား၏ သူမသည် တိုက်ခိုက်ရန် အဆင့်ပြင်ထားလိုက်သည်။ ထိုက်ဟုန်ကျွင်းနှင့် လုရှင်းယန်လည်း သူတို့၏ စွမ်းအင်များကို ထုတ်ဖော်လိုက်၏။

“အဆင့်တစ် နှစ်ယောက်က ငါ့ကို ဘာများလုပ်နိုင်မှာမို့လဲ..”

ရွှယ်ဝူယသည် လှောင်ပြုံးပြုံးလိုက်ပြီးနောက်ချက်ချင်းတိုက်ခိုက်လိုက်၏။

“သေလိုက်စမ်း..”

ထိုက်ဟုန်ကျွင်းအား သူ၏လက်ဝါးနှင့် ဦးစွာရိုက်နှက်လိုက်၏။ သူ၏ မြန်ဆန်လှသည့် အရှိန်ကြောင့် ထိုက်ဟုန်ကျွင်းသည် ချက်ချင်း လွင့်စင်သွား၏။ ထို့ကြောင့် ချီမင်ယောင်သည် တဟုန်ထိုးတိုက်ခိုက်လိုက်သည်။ လုရှင်းယန်လည်း မနှောင့်နှေးချေ။ သို့သော် ရွှယ်ဝူယနှင့် အဆင့်ကွာခြားချက်သည် ကြီးမားလွန်းသောကြောင့် ရွှယ်ဝူယ၏ ရိုက်ချက်တိုင်းတွင် ကြီးမားသည့် ဖိအားများ ခံစားလိုက်ရသည်။

“မင်းဘယ်ကုန်းမြေကလာခဲ့လည်း ပြောပြရင်၊ မင်းနဲ့ ကျန်တဲ့ သုံးယောက်လုံးကို လွှတ်ပေးမယ်”

ရွှယ်ဝူယသည် အေးအေးဆေးဆေး တိုက်ခိုက်နေရင်း ချီမင်ယောင်ကို အပြုံးနှင့် ပြောလိုက်၏။ ချီမင်ယောင်ထံမှ ထွက်ပေါ်လာသည့် သွေးစွမ်းအင်သည် သူ့အတွက် ထူးခြားသည်ဟု ခံစားမိသည်။ သို့သော် သူမတို့အား ဖမ်းခေါ်သွား၍မရချေ။ သူတို့သည် စစ်တလင်းသည် ဝင်ရောက်လာခဲ့သည့် မုခ်ဝမှ ပြန်လည် ထွက်ခွာရမည်ဖြစ်သည်။ သို့သော် သူမကို ဤနေရာတွင် သတ်ကာ သွေးစွမ်းအင်များ စုပ်ယူလိုက်လျင်လည်း နှမြောစရာကောင်းသည်ဟု ခံစားမိသောကြောင့် ညှိနှိုင်းနေခြင်းဖြစ်၏။

“အိမ်မက် မက်နေလိုက်..”

ထိုက်ဟုန်ကျွင်းသည် ဒေါသတကြီး တိုက်ခိုက်လိုက်၏။

“ဟမ့်..ဒီမိန်းကလေးကြောင့် မသတ်ချင်သေးလို့ ညှာတာပေးနေတာကို နားလည်ရကောင်းမှန်း မသိဘူးပဲ..”

ရွှယ်ဝူယ၏ မျက်နှာထားသည် တင်းမာသွားပြီး ထိုက်ဟုန်ကျွင်းအား ပြင်းပြင်ထန်ထန် ထိုးချလိုက်သည်။

“ဝုန်း..”

သူ၏ ထိုးနှက်မှုကြောင့် ထိုက်ဟုန်ကျွင်းသည် လွန်စွာနာကျင်သွားပြီး အဝေးသို့ လွင့်စင်သွား၏။ သို့သော် ရွှယ်ဝူယသည် ထိုနေရာတွင် ကြိုတင်စောင့်နေသည့်အလား ပေါ်ထွက်လာ၏။ ထို့နောက် သူ၏ လက်နှင့် ထိုက်ဟုန်ကျွင်း၏ နှလုံးသားအား ထိုးစိုက်လိုက်သည်။

“ဟုန်ကျွန်း..”

ချီမင်ယောင်သည် ထိုအဖြစ်အပျက်ကြောင့် တဟုန်ထိုး အရှိန်နှင့် ရွှယ်ဝူယကို တားဆီးလိုက်သည်။

“အာ့..”

ရွှယ်ဝူယ၏ လက်သည် ရပ်တန့်သွားသော်လည်း ရုတ်ချည်း ချီမင်ယောင်၏ လည်တိုင်အား ဖမ်းဆုပ်လိုက်၏။ ချီမင်ယောင်သည် အသက်ရှုကြပ်လာပြီးနောက် ရုန်းကန်နေရသည်။ ရွှယ်ဝူယ၏ လက်အတွင်းတွင် သူမ၏ စွမ်းအင်များ အသုံးမဝင်တော့သည့် အလားပင်။

“ဝုန်း..”

လုရှင်းယန်သည် သူ၏ လှံနှင့် ရွှယ်ဝူယ၏ လည်မျိုအား ထိုးစိုက်ရန်ကြံရွှယ်လိုက်သော်လည်း ရွှယ်ဝူယသည် အသာအယာပင် ဖမ်းဆုပ်လိုက်သည်။

“မင်းတို့ကုန်းမြေရဲ့ တည်နေရာကိုပြောရင် ဒီမှာ မသေစေရဘူးလို့ အာမခံတယ်”

ရွှယ်ဝူယသည် သက်တောင့်သက်သာ အပြုံးနှင့်ဆိုလိုက်၏။ ချီမင်ယောင်သည် ဆက်တိုက်ရုန်းကန်နေသော်လည်း မည်သို့မျှ မလွှတ်မြောက်ချေ။ လုရှင်းယန်သည် မီးတောက်များဖုံးလွှမ်းနေသည့်လှံနှင့် ထိုးစိုက်ထားသော်လည်း သူ၏ လှံသည် ပြုတ်တူနှင့် ညှပ်ခံထားရသည့်အလား တုပ်တုပ်မျှပင်မလှုပ်ချေ။ ထိုအချိန်တွင် ချီဟူသည် ဝိညာဉ်ပင်လည်အတွင်းမှ ထွက်ပေါ်လာကာ ချီမင်ယောင်အား ဖမ်းဆုပ်ထားသည့် ရွှယ်ဝူယ၏ လက်ကို ကိုက်ဖြတ်လိုက်၏။

“သောက်တိရိစ္ဆာန်ကောင်..”

ရွှယ်ဝူယသည် ဒေါသထွက်သွား၏။ အဆင့်တစ်သားရဲတစ်ကောင်၏ ကိုက်ဖြတ်မှုသည် သူ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် မရသော်လည်း ထိုသို့ ကိုက်ခံရခြင်းကြောင့် သူ၏ စိတ်ကို မထိန်းနိုင်တော့ချေ။

ထိုအချိန်တွင် လုရှင်းယန်အား သူ၏ ခြေထောက်နှင့်ကန်ကာ ဖယ်ထုတ်ရန်ကြိုးစားလိုက်၏။ သို့သော် သူ၏ခြေထောက်နှစ်ဖက်သည် ထိန်းသိမ်းထားခြင်းခံလိုက်ရ၏။ ထိုက်ဟုန်ကျွင်းသည် သူ၏ ခြေထောက်တစ်ဖက်အား တင်းတင်းကျပ်ကျပ် ခြုပ်ထားသည့် အခြားတစ်ဖက်တွင် ရှင်းဝမ်ကျဲရှိနေ၏။ ထိုပုံစံသည် အတော်ပင် ဖရိုဖရဲနိုင်လှသည်။

“ဟားဟား..၊ ကျီယွမ်ကုန်းမြေရဲ့ထိပ်တန်းသခင်လေးတစ်ဦးက ဒီလိုပုံစံဖြစ်နေတယ်ဆိုတာ ကျီယွမ်ကုန်းမြေက ကျင့်ကြံသူတွေသိရှိသွားလို့ကတော့ နာမည်ကြီးတော့မှာပဲ သခင်လေးရွှယ်..”

ကျန်းလီချွမ်သည် လှောင်ပြောင်ရယ်မောလိုက်၏။

All Chapters