အမျိုးသမီးဝိညာဉ်
Vol. 11 Ch. 160
“တိတ်စမ်း..”
ရွှယ်ဝူယသည် လှောင်ပြောင်နေသည့် ကျန်းလီချွမ်ကို ဒေါသတကြီး အော်ဟစ်လိုက်၏။ ထိုအနေအထားသည့် သူ့အား အလွန်မင်း ဒေါသထွက်လာစေသည်။ ထို့ကြောင့် သူ၏ အရှိန်အဝါကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်ကာ ထိုအနေအထားမှ ရုန်းထွက်လိုက်၏။ သူ၏ အရှိန်အဝါထုတ်လွှတ်မှုကြောင့် သူ့အားတုပ်နှောင်ထားသည့် လူများသည် အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်ကုန်သည်။
“သေလိုက်စမ်း..”
လွင့်စင်သွားသည့် လုရှင်းယန်နောက်သို့ အလျှင်အမြန် လိုက်သွားကာ သူ၏ အနီရောင်ဓားကို ထုတ်ဖော်၍ ထိုးစိုက်ရန် ကြံရွှယ်လိုက်သည်။
“ဟူး..”
ကျီချင်းချန်သည် သက်ပြင်းသာချလိုက်တော့၏။ ထိုလူငယ်လေးသည် စွမ်းအားကောင်းဟန်ရှိသော်လည်း သေဆုံးရတော့မည်ဖြစ်သည်။ သူ့အနေဖြင့် သွေးမျိုးနွယ်နှင့် ပဋိပက္ခများ မဖြစ်ပေါ်ချင်သောကြောင့် ဝင်ရောက်တားဆီးခြင်းမရှိပေ။ ထို့အပြင် ထိုကျင့်ကြံသူများ၏ ရှင်သန်ခြင်း သေဆုံးခြင်းသည် သူနှင့် မသက်ဆိုင်ပေ။ သို့သော် သူသည် မျက်မှောင်ကြတ်သွား၏။ အေးစက်မှုများပြင်းထန်လွန်းသည့် အရှိန်အဝါတစ်ခုသည် ဤနေရာသို့ တဟုန်ထိုးလာရောက်နေသည်ကို ခံစားမိလိုက်သည်။
ရွှယ်ဝူယ၏ ဓားသည် လုရှင်းယန်ကို ထိုးစိုက်လုဆဲဆဲတွင် သူ၏ဓားတွင် ရေခဲပွင့်ချပ်များပေါ်ထွက်လာပြီး တဖြည်းဖြည်းနှင့် အေးခဲလာသည်။ ရွှယ်ဝူယသည် သူ၏ ဓားရပ်တန်သွားသောကြောင့် မျက်မှောင်ကြုတ်လိုက်ချိန်တွင် ဓားပါးလေးတစ်စင်းသည် လေထုကို ထိုးခွင်းကာ သူ့ထံ ဦးတည်လာနေသည်ကို တွေ့လိုက်၏။
“ရွီး..”
ထို့ကြောင့် ချက်ချင်းခုန်ထွက်သွားကာ ထိုဓားအား ရိုက်ထုတ်လိုက်၏။
“ဘယ်ကောင်လဲကွ..”
ရွှယ်ဝူယသည် ဒေါသတကြီး အော်ဟစ်လိုက်ချိန်တွင် ပုံရိပ်လေးခုသည် သူ၏ အမြင်အာရုံထဲ ရောက်ရှိလာ၏။
“အစ်မကြီး..”
လုရှင်းယန်သည် ယခုမှပင် သက်ပြင်းချနိုင်သွားခဲ့၏။
“အဆင့်သုံးလား..”
ရွှယ်ဝူယ၏ မျက်လုံးများကျဉ်းမြှောင်းသွား၏။ သို့သော် ရုတ်တရက်ဆိုသလို သူ၏ ဓားအား ဝှေ့ယမ်းလိုက်ရသည်။
“ခလွမ်း..”
ခရမ်းရောင်ဆူးချွန်တစ်ခုသည် သူ့ထံ ဦးတည်လာနေသောကြောင့် တားဆီးလိုက်ရ၏။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ယွဲ့ဝူယောင်သည် သူ၏ ရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာပြီး ရိုက်နှက်လိုက်၏။ ရွှယ်ဝူယ၏ ဒေါသများ ထိန်းမရတော့ချေ။ ရုတ်တရက်ပေါ်ပေါက်လာသည့် ခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးသည် သူ့အား ရုတ်ချည်း တိုက်ခိုက်နေသည်။ ထို့အပြင် သူမ၏ တိုက်ခိုက်မှုများတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝပါဝင်နေ၏။ ထို့အပြင် ယွဲ့ဝူယောင်သည် ကြီးမားသည့် ဖိအားများပေးကာ တိုက်ခိုက်နေသည်။
“ဒုတိယအစ်ကို..”
ပိုင်ကျန့်ယွီသည် လုရှင်းယန်ကို တွဲထူလိုက်၏။
“အစ်မကြီးက အဆင့်သုံးရောက်သွားပြီလား..”
လုရှင်းယန်သည် သက်ပြင်းချကာ မေးလိုက်၏။
“ကျုပ်လည်း အဆင့်နှစ်ရောက်သွားပြီ..”
ပိုင်ကျန့်ယွီသည် ရှင်းပြလိုက်၏။ သူတို့သည် သက်တံ့ရောင်ကြာပန်းရရှိပြီးချိန်တွင် ခေါင်းတလားထွက်ပေါ်ရန် အချိန် လိုသေးသောကြောင့် ပွင့်ချပ်များကို စုပ်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် ချန့်ယန်ရှုသည် ခေါင်းတလားထွက်ပေါ်လာမည် တည်နေရာမြေပုံကို သူတို့အားပေးအပ်ခဲ့ကာ ထွက်ခွာသွားခဲ့သည်။ သူသည် ဤနေရာသို့ မလိုက်လိုပေ။ ထို့ကြောင့် သူ၏နောက်လိုက်များနှင့် ထွက်ခွာသွားခဲ့သည်။ သူတို့သည် စုပ်ယူသည့်အချိန် အတော်ကြာသွားသောကြောင့် ဤသို့နောက်ကျနေရခြင်းဖြစ်ကြောင်းရှင်းပြလိုက်၏။
လုရှင်းယန်သည် နားလည်သည့်အလား ခေါင်းညိတ်လိုက်ကာ ချီဟူကို ပြန်လည်သိမ်းဆည်းလိုက်၏။ ထိုအကောင်လေးသည် အားနည်းသော်လည်း သူ့အတွက် မိတ်ဆွေကောင်းတစ်ဦးပင်။
“ဒီမိန်းကလေးက အသက်ငယ်လွန်းတယ်..”
ကျန်းလီချွမ်သည် ယွဲ့ဝူယောင်၏ အဆင့်နှင့် စွမ်းအားကို ကြည့်ကာ မှင်သက်နေ၏။
“သူတို့က တစ်ဖွဲ့တည်းတွေထင်တယ်”
မိုးပြာရောင်ဝတ်စုံနှင့် ရွှီယင်းအာသည် သူမကိုယ်သူမကြားနိုင်သည့် အသံနှင့်သာရေရွတ်လိုက်၏။
“ကျန်းလီချွမ်..ကျီချင်းချန်..ငါ့ကို မကူညီသေးဘူးလား..”
ရွှယ်ဝူယသည် လုံးဝပင် အောက်စည်းသို့ရောက်ရှိနေသည်။ ယွဲ့ဝူယောင်သည် မည်သို့မျှ အသက်ရှုခွင့်မပေးပဲ တရစပ်တိုက်ခိုက်နေခြင်းကြောင့်ဖြစ်သည်။
“ငါတို့ဝင်ပါမှာ မဟုတ်ဘူး..”
ကျီချင်းချန်သည် ခေါင်းယမ်းကာ ပြောလိုက်၏။ ရွှယ်ဝူယသည် အနိုင်ကျင့်ကာ တိုက်ခိုက်စဉ်က ပျော်ရွှင်ပြုံးဖြီးနေခဲ့ပြီး အကြပ်တအတည်းကျမှ အကူအညီပင် တောင်းခံနေရ၏။ အလွန်အရှက်မဲ့လှသည်။ သူသည် ရွှယ်ဝူယ တိုက်ခိုက်သတ်ဖြတ်ခြင်းလုပ်စဉ်က ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့သလို ယခုအချိန်တွင်လည်း ကူညီမည်မဟုတ်ပေ။ ထို့အပြင် ရွှယ်ဝူယကဲ့သို့ လူတစ်ယောက်အား ရုတ်တရက်ရောက်ရှိလာသည့် မိန်းကလေးသည် ဖိအားပေးတိုက်ခိုက်နိုင်ခြင်းက တော်ရုံအစွမ်းထက်သည်ထက်သာလွန်နေသည်မှာ ကျိန်းသေပင်။
“မင်း..”
“ဝုန်း..”
ရွှယ်ဝူယသည် မည်သို့မျှပင် ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူသည် သွေးစွမ်းအင်များကို ကြမ်းကြမ်းတမ်းတမ်း လှည့်ပတ်စေပြီးနောက် သူ၏နောက်တွင် သွေးနီရောင်ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။ ထိုပုံရိပ်ကြောင့် လေထုပင် ညစ်ညမ်းလာပြီး သွေးနံ့များ ‘တလှိုင်လှိုင်’ ထွက်ပေါ်လာ၏။ လေထုသည် တင်းကြပ်လာပြီး တည်နေရာတစ်ခုလုံး အနီရောင်ပုံရိပ်သည် ဖုံးလွှမ်းလာသည်။
‘ဒီကောင်က ဒီလိုနည်းစနစ်တောင်သုံးနိုင်နေပြီလား..ဒီကောင့်အစွမ်းတွေ ဖုံးကွယ်ထားပုံရတယ်’
ကျီချင်းချန်းသည် မျက်မှောင်ကြုတ်ကာ အတွေးနက်သွား၏။ ရွှယ်ဝူယဖော်ထုတ်ထားသည့် ပုံရိပ်သည် အဆင့်လေးများနှင့် အထက်သာ အသုံးပြုနိုင်သည့်အရာဖြစ်သည်။ သို့သော် ရွှယ်ဝူယသည် အဆင့်သုံး နှင့်ပင် အသုံးပြုနိုင်နေပြီဖြစ်သည်။
ထိုအရှိန်အဝါကြောင့် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်ပင် မသက်မသာခံစားလိုက်ရသည်။ သူတို့သည် အဆင့်နှစ်ရောက်နေသော်လည်း ထိုပုံရိပ်မှ ဖိအားကို အပြင်းအထန် တွန်းလှန်နေရ၏။
“သေစမ်း..”
ရွှယ်ဝူယ၏ နောက်ရှိပုံရိပ်သည် ယွဲ့ဝူယောင်ကို ထိုးနှက်ရန် အမိန့်ပေးလိုက်၏။ ချက်ချင်းပင် ပုံရိပ်သည် လှုပ်ရှားလာပြီး ယွဲ့ဝူယောင်အား တိုက်ခိုက်ရန်ပြင်လိုက်သည်။ ထိုအနီရောင် ပုံရိပ် လှုပ်ရှားလာသည့်အချိန်တွင် တင်းမာနေဟန်ရှိသည့် အသံတစ်ခုထွက်ပေါ်လာ၏။
“ညစ်ညမ်းတဲ့ အမှိုက်တွေ ထွက်သွားစမ်း..”
ထိုအသံကြောင့် ဤတောင်တန်းတွင်ရှိနေသည့် လူအားလုံး၏ စိတ်ဝိညာဉ်သည် တုန်ခါသွားသည် တည်ငြိမ်မှုများ ပျက်ပြားသွားရ၏။
ရွှယ်ဝူယသည် ဟန်ချက်မထိန်းနိုင်ဖြစ်သွားပြီး သူ၏ နောက်ရှိ ပုံရိပ်ကြီးသည် ပျောက်ကွယ်သွားရသည်။
“ဘယ်လိုစွမ်းအားမျိုးလဲ..”
ကျီချင်းချန်သည် အသံတစ်ခုနှင့်ပင် အဆင့်သုံးရှိနေသည့် သူအားလုံးကို ဖိနှိပ်နိုင်သည့် စွမ်းအားမျိုး မမြင်တွေ့ဖူးသေးချေ။ အားလုံးသည် ထိတ်လန့် လှုပ်နေကြ၏။
ယွဲ့ဝူယောင်လည်း သူမ၏ စိတ်ဝိညာဉ်တုန်ခါသွားသောကြောင့် တည်ငြိမ်အောင် မနည်းပင် ထိန်းလိုက်ရ၏။ ထို့နောက် အားလုံး၏ အကြည့်သည် အသံထွက်ပေါ်လာရာနေရာသို့ ဦးတည်ကာ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ခေါင်းတလားတွင် ဖုံးအုပ်ထားသည့် အဖုံးသည် ပွင့်ဟသွားပြီး ရွှေရောင်အလင်းတန်းများနှင့်အတူ တင့်တယ်လှပသည့် ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။ ထိုပုံရိပ်သည် အမျိုးသမီးဝိညာဉ်အသွင်ရှိနေသော်လည်း အစွမ်းထက်အရှိန်အဝါများပေါ်ထွက်နေသည်။
“ဒါက ခေါင်းတလားထဲကရတနာလား..”
ကျီချင်းချန်သည် ထိုဝိညာဉ်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
“ဒီတစ်ကြိမ် လေဟာနယ်စစ်တလင်းထဲ ဝင်ရောက်လာတဲ့ အစွမ်းထက်ဆုံးလူငယ်တွေလား..နိမ့်ကျလွန်းတယ်”
အမျိုးသမီးဝိညာဉ်သည် လူငယ်အားလုံးကို ခြံကြည့်ကာ ခေါင်းယမ်းလိုက်၏။
“မင်းက ဘယ်သူလဲ..”
ရွှယ်ဝူယသည် သူ၏ စိတ်ကို ထိန်းချုပ်ကာ မေးမြန်းလိုက်သည်။
“သေချာအောင်စစ်ဆေးကြည့်တာကောင်းပါတယ်လေ”
အမျိုးသမီးဝိညာဉ်သည် တိုးလျစွာရေရွတ်ရင်း ရုတ်တရက် ရွှယ်ဝူယ၏ အနားတွင်ပေါ်ထွက်လာ၏။
“ဘာလုပ်တာလဲ..”
ရွှယ်ဝူယသည် ထိန်လန့်တကြား အော်ဟစ်လိုက်၏။ သို့သော် အမျိုးသမီးဝိညာဉ်၏ အရှိန်အဝါနှင့်ပင် တုပ်တုပ်မျှမလုပ်နိုင်တော့ချေ။ ကျီချင်းချန်တို့သည် ရုတ်တရက် သတိကပ်သွားသည့် အနေအထားသို့ရောက်ရှိသွားပြီး ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ လည်ပတ်စေလိုက်သည်။
အမျိုးသမီးဝိညာဉ်သည် ရွှယ်ဝူယ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားပြီး တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် သက်တောင့်သက်သာအမူအယာနှင့်ပင်။ သို့သော် ရွှယ်ဝူယသည် သေလုမြောပါး နာကျင်သည့်ဒဏ်ကို ခံစားနေရသည်။ တစ်ခဏအကြာတွင် အမျိုးသမီးဝိညာဉ်သည် ခေါင်းယမ်းကာ ရွှယ်ဝူယ၏ ဦးခေါင်းကို လွှတ်ပေးလိုက်၏။ ထို့နောက်ရွံ့ရှာသည့်အကြည့်နှင့်ကြည့်ကာ ရေရွတ်လိုက်သည်။
“တစ်ဘဝလုံး မကောင်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ အမှိုက်ပဲ”
“အား..ငါ မင်းကိုသတ်မယ်..”
အမျိုးသမီးဝိညာဉ်သည် ရွှယ်ဝူယ၏မှတ်ဉာဏ် များကို ဖက်ရှုသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒေါသတကြီးရေရွတ်လိုက်၏။ သူသည် မြန်ဆန်သည့် အလျှင်နှင့် အမျိုးသမီးဝိညာဉ်ကို တိုက်ခိုက်ရန်ကြိုးစားလိုက်သည်။
“ထွက်သွားစမ်း..”