← Chapters

ခေါင်းတလား၏ရည်ရွယ်ချက်

Vol. 11 Ch. 161

ခေါင်းတလား၏ရည်ရွယ်ချက်

Vol. 11 Ch. 161

“ထွက်သွားစမ်း..”

အမျိုးသမီးဝိညာဉ်သည် ရွှယ်ဝူယ၏ တိုက်ခိုက်မှုကို အရေးထားဟန်မရပဲ လေသံအမြင့်နှင့် ဆိုလိုက်သည်။

ထိုအချိန်တွင် ရွှယ်ဝူယ၏ ဘေးရှိလေဟာနယ်သည် အက်ကွဲသွားပြီး ထိုအက်ကွဲကြောင်းမှ သူအား စုပ်ယူသွားသည့်အလား ဖြစ်နေသည်။ ရွှယ်ဝူယသည် အသည်းအသန်ရုန်းကန်နေသော်လည်း သူခွန်အားနှင့် လေဟာနယ်အက်ကွဲကြောင်း၏ စုပ်ယူမှုကို မတွန်းလှန်နိုင်ခဲ့ပေ။ သူသည် ထိုအက်ကွဲကြောင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။

ထို့နောက် အမျိုးသမီးဝိညာဉ်၏ အကြည့်သည် ကျီချန်းချန်၏ အပေါ်တွင်ကျရောက်လာ၏။ ကျီချင်းချန်သည် ပြာယာခပ်သွားသည်။ ထိုအမျိုးသမီးဝိညာဉ်သည် သူရင်ဆိုင်နိုင်သည့် တည်ရှိမှုမျိုး မဟုတ်ချေ။ ထို့နောက် သူတို့အား ဦးတည်ကာ ဖိအားများ ထုတ်လွှတ်ထားသောကြောင့် လှုပ်ရှားခြင်းမပြုနိုင်ပေ။

သို့သော် တစ်ဖက်တွင် ယွဲ့ဝူယောင်ထံမှ အငွေ့အသက်တစ်ခုကို ခံစားမိသွားသည်။ ထို့အပြင် သူမနောက်တွင် ရှိနေသည့် လုရှင်းယန်တို့သုံးဦးနှင့် ထိုက်ဟုန်ကျွင်းတို့ထံမှ တူညီသည့် အငွေ့အသက်တစ်ခုထွက်ပေါ်နေသည်ကို ခံစားမိလိုက်သည်။

“မင်းတို့က ထူး‌ဆန်းနေတယ်...”

ထို့ကြောင့် အမျိုးသမီးဝိညာဉ်သည် ဦးတည်ရာပြောင်းလဲသွားပြီး ယွဲ့ဝူယောင်တို့ထံ ရောက်ရှိလာ၏။ ယွဲ့ဝူယောင်နှင့် ကျန်သူအားလုံးသည် ဝိညာဉ်စွမ်းအင်များ ထုတ်သုံးရန် ကြံရွယ်လိုက်သော်လည်း ထိုအမျိုးသမီးဝိညာဥ်၏ ဖိအားအောက်တွင် မလှုပ်နိုင်ကြတော့ပေ။

“မင်းတို့က သူမဟုတ်ဘူး..”

အမျိုးသမီးဝိညာဉ်သည် ယွဲ့ဝူယောင်တို့ကို ကြည့်ရင်း ရေရွတ်လိုက်၏။

“ဘယ်သူလဲ..”

ယွဲ့ဝူယောင်သည် ခက်ခက်ခဲခဲနှင့် မေးခွန်းထုတ်လိုက်သည်။ ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း ဖိအားသည် အသက်ရှုရန်ပင် ခက်ခဲလှ၏။ ထို့အပြင် ဝိညာဉ်သဏ္ဌာန်ရှိသော်လည်း သူမသည် အသက်နှစ်ဆယ်ခန့်ဟု‌သာ ထင်ရ၏။ ထို့အပြင် သူမ၏ လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သည့် အမူအယာများ ပေါ်လွင်နေသည်။

“မင်းရဲ့ မှတ်ဉာဏ်တွေကို ရှာကြည့်ရင် သိရမှာပဲ”

အမျိုးသမီးဝိညာဉ်သည် ရွှယ်ဝူယအား ပြုလုပ်ခဲ့သည့် ပုံစံအတိုင်း ယွဲ့ဝူယောင်၏ ဦးခေါင်းပေါ် လက်တင်လိုက်သည်။ ယွဲ့ဝူယောင်သည် သူမ၏ စိတ်ဝိညာဉ်တွင် ထိုအမျိုးသမီးသည် အတင်းအကျပ် ဝင်ရောက်လာမှုကို ခံစားလိုက်ရ၏။ သူမသည် တွန်းလှန်ရန် ကြိုးစားလိုက်သော်လည်း မစွမ်းသာပေ။

အမျိုးသမီးဝိညာဉ်သည် ယွဲ့ဝူယောင်၏ မှတ်ဉာဏ်များကို ဖက်ရှုနေရင်း အတင်းကြပ်ပိတ်ဆို့ထားသည့် မှတ်ဉာဏ်များလည်း ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမသည် ပိတ်ဆို့မှုကို ဖယ်ရှားနိုင်သော်လည်း ယွဲ့ဝူယောင်၏ စိတ်ဝိညာဉ်ပျက်စီးသွားမည်စိုးသောကြောင့် မလုပ်ခဲ့ပေ။ ထို့နောက် မသဲမကွဲနှင့် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရ၏။ ရှည်လျားသည့်အနက်ရောင် ဆံနွယ်များနှင့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရချိန်တွင် အမျိုးသမီးဝိညာဉ်သည် တုန်ယီသွားပြီး ထိုပုံရိပ်ကို အသေချာ တွေ့မြင်နိုင်ရန်ကြိုးစားလိုက်သည်။

“ထွက်သွားစမ်း..”

“ဝုန်း..”

ထိုအသံကြောင့်ပင် အမျိုးသမီး၏ ယွဲ့ဝူယောင်၏ စိတ်ဝိညာဉ်အတွင်းမှ လွင့်စင်သွားပြီး တည်နေရာတစ်ခုလုံးတုန်ယင်သွား၏။

“သူ..သူ..”

အမျိုးသမီးဝိညာဉ်သည် ဒဏ်ရာပင်ရသွားဟန်ရှိသော်လည်း သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေမှုများသည် အတိုင်းသားပေါ်ထွက်နေ၏။ သူမ၏ခန္ဓာကိုယ်သည် ပို၍ ကြည်လင်လာပြီး တုန်တုန်ရီရီနှင့် ယွဲ့ဝူယောင်ထံ ချဉ်းကပ်လာသည်။ ထို့နောက် လေသံပင် တုန်ယင်နေပြီး ယွဲ့ဝူယောင်ကို မေးမြန်းလိုက်သည်။

“သူက.. မင်းတို့နဲ့ ဘယ်လိုပတ်သတ်လဲ..”

“ကျွန်မတို့ရဲ့ ဆရာ..”

ယွဲ့ဝူယောင်သည် ချက်ချင်းပင် ဖြေလိုက်၏။ အကြောင်းအရာကို တိတိကျကျမသိသော်လည်း သူမ၏ မှတ်ဉာဏ်အတွင်းရှိနေသည့် ဟွမ်း၏ ပုံရိပ်ကို စုံစမ်းသည့် လူတိုင်း မောင်းထုတ်ခြင်းခံရသည်ကို သိရှိခဲ့သည်။ ထို့ကြောင့် ကွယ်ဝှက်စရာအကြောင်းမရှိပေ။

“သေချာလား..”

အမျိုးသမီးဝိညာဉ်သည် အတည်ပြုလိုသည့်အလား မေးမြန်းလိုက်၏။ ယွဲ့ဝူယောင်သည် ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် သူမတို့အပေါ် သက်ရောက်နေသည့် အမျိုးသမီးဝိညာဉ်၏ဖိအားများသည် ချက်ချင်း ပျောက်ကွယ်သွား၏။

ထို့နောက် ကျီချင်းချန်တို့ကို ကြည့်ကာ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့၏ ဘေးတွင် ရွှယ်ဝူယ နည်းတူ လေဟာနယ်အက်ကွဲကြောင်းများပေါ်ထွက်လာ၏။ သူတို့ငါးဦးသည် လန့်ဖြန့်သွားကြသော်လည်း ရုန်းကန်နိုင်ခြင်းမရှိပဲ ထိုအက်ကွဲကြောင်းအတွင်း ကျရောက်သွားတော့သည်။

“အကြီးအကဲ သူတို့ကို ဘယ်ပို့လိုက်တာလဲ..”

ယွဲ့ဝူယောင်သည် စိုးရွံ့စွာမေးလိုက်၏။ သူမတို့အား ထိုသို့လုပ်မည်ကို စိုးရိမ်နေသည်။

“လေဟာနယ်စစ်တလင်းက ထွက်ခွါဖို့အချိန်နီးပြီလေ၊ သူတို့ရဲ့ လာရာလမ်းကြောင်းကို ပြန်ပို့လိုက်ရုံသက်သက်ပဲ”

အမျိုးသမီးဝိညာဉ်သည် အသာအယာပြောလိုက်၏။ သူမ၏လေသံသည် အစောပိုင်းကဲ့သို့ မာထန်မနေတော့ပေ။ ယွဲ့ဝူယောင်သည် စိတ်အေးသွားပြီးနောက် ဆက်မေးလိုက်၏။

“အကြီးအကဲက ဘယ်သူလဲ..”

“ငါ့နာမည်က...ထားလိုက်ပါ မင်းတို့သိလို့ ကောင်းတဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူး၊ လင်းရှု့ လို့ခေါ်လို့ရတယ်၊ ငါ့ကို အဲ့ဒီလူနဲ့ ဘယ်လိုစတင်တွေ့ဆုံခဲ့ရာကနေ စပြီး အကြောင်းစုံပြောပြ”

အမျိုးသမီးဝိညာဉ်သည် လင်းရှု့ဟုခေါ်စေပြီး ဟွမ်း၏ အကြောင်းအရာများကို မေးလိုက်၏။ သူမ၏ အစစ်မှန်နာမည်ကို ထုတ်ဖော်မပြောချင်၍လား ထုတ်ဖော်လို့မရ၍လားတော့ မပြောတက်ပေ။

ယွဲ့ဝူယောင်သည် ဖုံးကွယ်ခြင်းမရှိပဲ ပြောပြလိုက်သည်။ လင်းရှု့သည် ယွဲ့ဝူယောင်၏ မှတ်ဉာဏ်ကို ပြီးဆုံးအောင် မဖက်နိုင်ခဲ့သောကြောင့် ထုတ်မေးလိုက်ရသည်။ ယွဲ့ဝူယောင်သည် အကြောင်းအရာများကို ရှင်းပြနေသော်လည်း လင်းရှု့သည် အသေးစိတ်မေးမြန်းနေသောကြောင့် ထပ်မံရှင်းပြရပြန်သည်။ ထိုအကြောင်းအရာများတွင် ဟွမ်း၏ အသေးစိတ်ပုံပန်းသွင်ပြင်နှင့် စွမ်းအားများ၏ အခြေအနေများပင် ပါဝင်၏။ ယွဲ့ဝူ‌ယောင်သည် ဖြေရခက်သွားသော်လည်း လင်းရှု့ထံတွင် မကောင်းသည့်ရည်ရွယ်ချက်မရှိဟု ခံစားမိသောကြောင့် အသေးစိတ်ဖြေလိုက်သည်။

“ဟွမ်း..လား”

လင်းရှု့သည် ယွဲ့ဝူယောင်ပြောပြနေသည်များကို နားထောင်ရင်း အတွေးနက်နေဟန်ပေါက်သည်။

‘သူကပြန်လည်နိုးထလာပေမဲ့ သူ့ရဲ့ ဝိညာဉ်က မပြည့်စုံသေးဘူး၊ ဒါ့ကြောင့် ဒီမိန်းကလေးရဲ့ မှတ်ဉာဏ်ထဲမှာတွေ့ခဲ့ရတဲ့ သူ့ရဲ့ပုံရိပ်က ကွဲပြားခြားနားနေတာပဲ’

ယွဲ့ဝူယောင်တို့သည် လင်းရှု့ အတွေးနက်နေသောကြောင့် တိတ်တဆိတ်နေလိုက်ကြသည်။ ထို့နောက် လင်းရှု့သည် အတွေးများမှ ရုန်းထွက်ကာ ယွဲ့ဝူယောင်တို့ကို ခေါင်းစဉ်ပြောင်းမေးလိုက်သည်။

“မင်းတို့က ဒီခေါင်းတလားကို လိုချင်တာလား..”

“မဟုတ်ပါဘူး..ဒီသစ်ပင်ငယ်ကို လိုချင်တာပါ..”

လုရှင်းယန်သည် ဝင်ရောက်ဖြေဆိုလိုက်၏။ ခေါင်းတလားသည် သူတို့ရယူနိုင်သည့် အခြေအနေတွင် မရှိကြောင်းခံစားမိသည်။ ထို့ကြောင့် လိုအပ်သည့် ရွှေရောင်သစ်ပင်ငယ်လေးကိုသာ ညွှန်ပြလိုက်၏။

“စွမ်းအင်ကုန်ခမ်းနေတဲ့ နယ်မြေတစ်ခုရှိနေတာလား”

“ဟုတ်ပါတယ်၊ ဆရာ့က အဲ့လိုနယ်မြေတစ်ခုကို ပြန်လည်အသက်သွင်းဖို့ပါ..”

“ကောင်းပြီ၊ မင်္ဂလာကောင်းချီးသစ်ပင်ကိုပေးလိုက်နိုင်တယ်၊ ဒါပေမဲ့ နောက်တစ်ကြိမ် လေဟာနယ်စစ်တလင်းပွင့်ဟလာရင် မင်းတို့ဆရာကို ဒီထဲဝင်ခဲ့ဖို့ပြောပေးပါ”

လင်းရှု့သည် တောင်းဆိုချက်တစ်ခုနှင့် အလဲအလှယ်လုပ်လိုက်၏။ ယွဲ့ဝူယောင်သည် အလေးနက်စဉ်းစားပြီးနောက် မေးမြန်းလိုက်၏။

“အကြီးအကဲလင်းရှု့က ပြင်ပလောကကို လိုက်လာလို့မရဘူးလား..”

“ဒီစစ်တလင်းထဲမှာ ရှိသမျှ ဝိညာဉ်တွေအားလုံးက ဒီနေရာကနေမထွက်နိုင်ကြဘူး..”

ယွဲ့ဝူယောင်တို့သည် အံ့ဩသွားကြသည်။ ဤနေရာတွင် အခြားဝိညာဉ်များ ရှိနေသေးသည်ကို ယခုမှပင် သိလိုက်ရ၏။

“ငါက လူတစ်ယောက်ကို စောင့်နေခဲ့တာ..”

လင်းရှု့သည် အကြောင်းအရာအချို့ကို ရှင်းပြလိုက်၏။ သို့သော် ထုတ်ဖော်မရသည့် အကြောင်းအရာများကို ချန်လှပ်ထားခဲ့သည်။ စစ်တလင်းအတွင်းရှိ ဝိညာဉ်များသည် ဤနေရာတွင် ပိတ်လှောင်ခံထားရသည့်ပုံပေါက်သော်လည်း သူတို့၏ ဝိညာဉ်များ ဆက်လက်တည်ရှိရန် နေထိုင်ကြခြင်းဖြစ်သည်။ သူမ ရှာနေသည့် လူအား တွေ့ဆုံနိုင်ရန် ပြင်ပလောကသို့ မထွက်နိုင်ချေ။ ထို့ကြောင့် ဤခေါင်းတလားကိုကျင့်ကြံသူများ အာရုံစိုက်စေခြင်းဖြင့် ဆွဲဆောင်ခဲ့သည်။

ထို့ကြောင့် လေဟာနယ်စစ်တလင်းအတွင်းရှိ ခေါင်းတလားသည် ပြင်ပကျင့်ကြံသူများအတွက် ပန်းတိုင်တစ်ခုဖြစ်လာခဲ့သည်။ သူမသည် ခေတ်အဆက်ဆက်၏ မျိုးဆက်သစ် ကျင့်ကြံသူများ၏ ဝိညာဉ်များကို ရှာဖွေဖက်ရှုခဲ့သော်လည်း သူမရှာဖွေနေသည့်သူကို မတွေ့ရှိခဲ့ချေ။ မှတ်ဉာဏ် ရှာဖွေခံရသူများ၏ မှတ်ဉာဏ်အချို့ကိုလည်း ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ပြင်ပကုန်းမြေမှ လူများအတွက် ဆန်းကြယ်သည့် ရတနာတစ်ခုသဖွယ်ဖြစ်လာခဲ့၏။

“အကြီးအကဲလင်းရှု့ ရှာနေတဲ့သူက ကျွန်မတို့ရဲ့ ဆရာလား”

ယွဲ့ဝူယောင်သည် နားလည်သွားသည့်အသွင့်နှင့်မေးလိုက်၏။

All Chapters